Post earthquake health problems (ငလျင်အပြီး အဖြစ်များသော ကျန်းမာရေးပြဿနာများ)

CLL Health Emergency

ပြင်းထန်သည့်ငလျင်များ လှုပ်ခြင်းကြောင့် အဆောက်အဦးများ ပြိုကျခြင်း၊ ပိခြင်း၊ ပျက်စီးနေသည့် မျက်နှာကြက်၊ ထုတ်တန်းများ ပြိုကျခြင်း၊ မှန်ကွဲ၊ သံချွန်များထိုးမိခြင်း စသည်တို့ကြောင့် အသက်သေဆုံးခြင်း၊ ပြင်းထန်ဒဏ်ရာရခြင်းများ ဖြစ်နိုင်သည်။ အဆိုပါထိခိုက်ဒဏ်ရာများ ရရှိနိုင်သည့်အပြင် အင်အားပြင်းငလျင် လှုပ်ခတ်ပြီးနောက် လူအများစုဝေး၍ နားခိုရာနေရာများတွင် နေထိုင်ကြရသဖြင့် သန့်ရှင်းသော သောက်သုံးရေ၊ လုံခြုံစိတ်ချရသော အညစ်အကြေးစွန့်စနစ်များ မရရှိမှု၊ လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုများ လက်လှမ်းမမီမှုတို့ကြောင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။ ထို့ကြောင့် အဆိုပါပြဿနာများ မဖြစ်ပွါးစေရန် ကြိုတင်ကာကွယ်ခြင်းများ၊ အချိန်မီထိန်းချုပ်စီမံခြင်းများ ပြုလုပ်ထားရန် လိုအပ်သည်။

ဖြစ်ပေါ်နိုင်သော ကျန်းမာရေးပြဿနာများ

ပြင်းထန်သော ငလျင်လှုပ်ပြီးနောက် အောက်ပါ ကျန်းမာရေးဆိုင်ရာ ပြဿနာများ ဖြစ်ပွါးနိုင်သည်။

  1. ရေဓာတ်ခန်းခြောက်ခြင်း (Dehydration)
    သောက်သုံးရန် သန့်စင်သော ရေသန့် ရှားပါးမှု၊ ဝမ်းလျှောခြင်း သို့မဟုတ် အန်ခြင်းတို့ကြောင့် ဖြစ်ပွါးနိုင်သည်။
  2. အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ (Respiratory infections)
    ဖုန်မှုန့်၊ မီးခိုးနှင့် အဆောက်အဦး အပျက်အစီးများမှ ထွက်လာသော အမှုန်များ၊ အနံ့များကြောင့် ချောင်းဆိုးခြင်း၊ အအေးမိခြင်း (Command cold)၊ အဆုတ်ရောင်ခြင်း (Pneumonia)၊ ကိုဗစ်-၁၉ ရောဂါ (COVID-19)၊ တီဘီရောဂါ (Tuberculosis) နှင့် ဝက်သက်ရောဂါ (Measles) ခံစားရနိုင်သည်။
  3. ရေနှင့်ဆိုင်သော ကူးစက်ရောဂါများ (Waterborne diseases)
    မသန့်ရှင်းသော ‌ရေ၊ အစားအစာများ စားသုံးမိခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းခြင်း၊ အညစ်အကြေးစွန့်ပစ်မှု စနစ်တကျမရှိနိုင်ခြင်း စသည်တို့ကြောင့် ကာလဝမ်းရောဂါ (Cholera)၊ အသည်းရောင်အသားဝါရောဂါ (Hepatitis A and Hepatitis E)၊ အူရောင်ငန်းဖျားရောဂါ (Typhoid) နှင့် အခြားကပ်ပါးကောင်များကြောင့်ဖြစ်သော ဝမ်းပျက်ဝမ်းလျှောရောဂါတို့ ဖြစ်ပွါးတတ်သည်။
  4. ရောဂါမျိုးသယ်ဆောင်သော ပိုးမွှားကောင်များမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ (Vector-borne diseases)
    ကြွက်၊ ခြင်၊ ယင်စသည့် တိရစ္ဆာန်များမှတစ်ဆင့် ကူးစက်သည့် သွေးလွန်တုပ်ကွေးရောဂါ (Dengue)၊ ငှက်ဖျားရောဂါ (Malaria)၊ ဂျပန်ဦးနှောက်ရောင်ရောဂါ (Japanese encephalitis) နှင့် လက်ပ်တိုစပိုင်ရိုးစစ်ရောဂါ (Leptospirosis) စသည့်ရောဂါများလည်း ဖြစ်ပွါးနိုင်သည်။
  5. အာဟာရချို့တဲ့ခြင်း (Malnutrition)
    အာဟာရဓာတ်ကြွယ်ဝသော အစားအစာများ မလုံလောက်မှု၊ လုံလောက်အောင် မစားသုံးနိုင်မှုများကြောင့် အာဟာရချို့တဲ့နိုင်သည်။ အာဟာရချို့တဲ့သည့် လက္ခဏာများအပြင် ရောဂါပိုးများ အလွယ်တကူ ကူးစက်ခံရနိုင်သည်။
  6. အရေပြားရောဂါများ (Skin infections)
    ညစ်ညမ်းသောရေ၊ ဖုန်၊ အမှုန်များနှင့် ထိတွေ့မှု၊ တစ်ကိုယ်ရေသန့်ရှင်း‌ရေး ထိန်းသိမ်းခြင်း အားနည်းမှုများကြောင့် ဝဲ၊ ယားနာရောဂါများ (Scabies)၊ မေးခိုင်ရောဂါ (Tetanus) ၊ မှိုရောဂါများ (Fungal infections)၊ ဘက်တီးရီးယားပိုးများကြောင့်ဖြစ်သော အရေပြားရောင်ရမ်းနာများ (Bacterial skin infections) လွယ်ကူစွာ ဖြစ်နိုင်သည်။
  7. ဒဏ်ရာများနှင့် ကူးစက်ရောဂါများ (Wounds & Infections)
    ထိခိုက်ဒဏ်ရာများကို အချိန်မီ စနစ်တကျ မကုသနိုင်လျှင် ‌ရောဂါပိုးဝင်ခြင်း၊ ပိုးဆိပ်ပျံ့ခြင်းများ ဖြစ်ပွါးနိုင်သည်။ လူဦးရေထူထပ်စွာ နေထိုင်ရခြင်း၊ ရေ၊ အိမ်သာများ မလုံလောက်ခြင်းတို့ကြောင့် ကူးစက်‌ရောဂါများ လျင်မြန်စွာ ပြန့်ပွါးနိုင်သည်။
  8. လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ
    ကျန်းမာရေးစောင့်ရှောက်မှုများ (လုံလောက်အောင်) မရှိခြင်း၊ အင်အားသုံး၍ အနိုင်ကျင့်နှိပ်စက်ခြင်းများ စသည်တို့ကြောင့် လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများလည်း ပိုမိုများပြားလာနိုင်သည်။
  9. နဂိုရောဂါအခံများ ပိုမိုဆိုးဝါးလာနိုင်ခြင်း [Exacerbation of respiratory diseases (asthma,COPD), cardiovascular problems, hypertension and diabetes mellitus]
    ပန်းနာရင်ကျပ်၊ နှလုံးရောဂါ၊ သွေးတိုးဆီးချိုကဲ့သို့ နဂိုရောဂါအခံများ ပြန်လည်ထကြွလာခြင်း၊ လက္ခဏာများ ပိုဆိုးလာခြင်းများ ဖြစ်နိုင်သည်။
  10. ဆေးဝါးနှင့် ကျန်းမာရေးပစ္စည်းများ ပြတ်လပ်ခြင်း
    အထက်ပါ နာတာရှည်ရောဂါသည်များ (ဥပမာ _ ဆီးချို၊ သွေးတိုး) အတွက် ဆေးဝါးများ၊ အရေးပေါ်ဆေးဘက်ဆိုင်ရာပစ္စည်း (ဥပမာ _ ပလတ်စတာ၊ ပိုးသတ်ဆေး၊ အနာသန့်စင်ဆေးရည်) များ ပြတ်လပ်နိုင်သည်။
  11. စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ (Mental health issues)
    ကြောက်ရွံ့ခြင်း၊ အိပ်မပျော်ခြင်း၊ စိတ်ဖိစီးမှုများ၊ ပြင်းထန် စိတ်ဖိစီးမှုဒဏ်သင့်ဝေဒနာ (PTSD)၊ ကာလရှည် ဝမ်းနည်းပူဆွေးရခြင်းများ၊ စိုးရိမ်စိတ်လွန်ကဲခြင်း၊ စိတ်ကျခြင်း (Depression)၊ suicide risk များ ဖြစ်နိုင်သည်။
နောက်ဆက်တွဲပြဿနာများ လျှော့ချကာကွယ်ရန် အကြံပြုချက်များ

အထက်ပါ နောက်ဆက်တွဲပြဿနာများကို လျှော့ချကာကွယ်ရန် အရေးပေါ်တုံ့ပြန်မှု၊ သန့်ရှင်းရေးနှင့် ရေရှည်ပြန်လည်ထူထောင်ရေးနည်းလမ်းများ လိုအပ်သည်။

  1. ထိခိုက်ဒဏ်ရာများ အရေးပေါ်ကုသမှု
    • ဘေးကင်းစွာ ရွှေ့ပြောင်းနိုင်ရန် ကူညီခြင်း
    • အရေးပေါ်ပြုစုစောင့်ရှောက်မှု _ အရိုးကျိုးခြင်းနှင့် အခြားပြင်းထန်ဒဏ်ရာများအား ချက်ချင်းကုသခြင်း
    • မေးခိုင်ရောဂါ (Tetanus) ကာကွယ်ဆေး _ ဒဏ်ရာရသူများအား ကာကွယ်ဆေးထိုးခြင်း
  2. ကူးစက်ရောဂါများ ထိန်းချုပ်ခြင်း
    • ရေနှင့်အစားအသောက် သန့်ရှင်းရေး
      • သန့်စင်သောရေ (ကျိုချက်ခြင်း၊ ကလိုရင်းထည့်ခြင်း သို့မဟုတ် ရေသန့်ဘူး) သောက်သုံးခြင်း
      • စားသောက်ကုန်ပစ္စည်းများနှင့် ရေကို စနစ်တကျ သန့်ရှင်းစွာ သိုမှီးစားသုံးခြင်း
      • လုံလောက်သော အာဟာရဓာတ်ရရှိမည့် အစားအစာများ စီစဥ်ပံ့ပိုးခြင်း
      • ယာယီယင်လုံအိမ်သာများ ပြုလုပ်သုံးစွဲခြင်း
      • လက်ကို ရေ၊ ဆပ်ပြာ သို့မဟုတ် လက်သန့်စင်ဆေးရည်ဖြင့် ဆေးကြောခြင်း (အနည်းဆုံး အစားအစာများ မကိုင်တွယ်မီနှင့် အညစ်အကြေးစွန့်ပြီးအချိန်တွင် မဖြစ်မနေ သန့်စင်ဆေးကြောသင့်သည်)
      • တစ်ကိုယ်‌ရေသန့်ရှင်းရေး အလေ့အထများ လိုက်နာကျင့်သုံးနိုင်ရန် အသိပညာပေးခြင်း၊ ပံ့ပိုးကူညီခြင်း
    • အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ကာကွယ်ခြင်း
      • လူထူထပ်သော ခိုလှုံရာနေရာများတွင် နမိုးနီးယား၊ တီဘီနှင့် COVID-19 ကူးစက်နိုင်ခြေ မြင့်မားသည်၊ ထို့ကြောင့် ထိုနေရာများတွင် လေဝင်လေထွက်ကောင်းစေရန် စီစဥ်ခြင်း၊ နှာခေါင်းစည်းများ ဝေငှခြင်း
    • ခြင်နှင့်အခြားအင်းဆက်ပိုးများမှ ရောဂါများ ကာကွယ်ခြင်း
      • ခြင်ပေါက်ပွါးနိုင်သော ရေအိုင်များ၊ ရေခိုအောင်းနိုင်သော အရာများကို ဖယ်ရှားခြင်း
      • ခြင်ထောင်နှင့် ခြင်မကိုက်ဆေး အသုံးပြုခြင်း
  3. စိတ်ကျန်းမာရေးနှင့် လူမှုရေးအထောက်အပံ့
    • စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုအတွက် နှစ်သိမ့်ဆွေးနွေးခြင်းများဖြင့် အားပေးခြင်း
    • မိသားစု၊ မိတ်ဆွေများနှင့် စကားပြောခြင်း
    • ကိုယ်ရောစိတ်ပါ အနားယူခြင်း
    • ကလေးများအတွက် လုံခြုံသောနေရာများ ဖန်တီးပေးခြင်း
    • စိုးရိမ်စိတ်လွန်ကဲသည့် ရောဂါများ (Anxiety disorders) နှင့် စိတ်ကျရောဂါလက္ခဏာများကို စောင့်ကြည့်ခြင်း
  4. ခိုလှုံရာနေရာနှင့် ပတ်ဝန်းကျင် ဘေးကင်းရေး
    • မိုးဒဏ်၊ နေပူဒဏ်မှ ကာကွယ်ရန် ခိုင်ခံ့သော ခိုလှုံရာများ ပြုလုပ်ခြင်း
    • မီးဖိုများတွင် လေဝင်လေထွက်ကောင်းစေရန် ဂရုပြုခြင်း
    • ပြိုကျနိုင်သော အဆောက်အအုံများကို ရှင်းလင်းခြင်း
  5. နာတာရှည်ရောဂါများအတွက် ဆက်လက်ကုသမှု
    • ဆီးချို၊ သွေးတိုး၊ ပန်းနာရင်ကျပ်နှင့် အခြားနာတာရှည်အတွက် ဆေးဝါးများ မပြတ်စေရန် စီစဉ်ခြင်း
    • ယာယီကျန်းမာရေးဆေးခန်းများ ဖွင့်လှစ်ကာ လိုအပ်သူများကို စောင့်ကြည့်ကုသခြင်း
  6. ကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်း
    • ဝမ်းပျက်ဝမ်းလျှော၊ ဝက်သက်နှင့် အသက်ရှူလမ်းကြောင်းရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်း
    • ရောဂါဖြစ်ပွါးမှုများကို အမြန်သတင်းပို့ခြင်း
    • ကာကွယ်ဆေးထိုးခြင်းများ (ဝက်သက်ရောဂါ၊ ကာလဝမ်းရောဂါ) လိုအပ်သလို ဆောင်ရွက်ခြင်း
  7. အရေးပေါ်အခြေအနေအတွက် ဆေးဘက်ဆိုင်ရာအကူအညီ (Hotline) နံပါတ်များကို ကြိုတင်မှတ်သားထားခြင်း
အရေးပေါ်လိုအပ်နိုင်သော ဆေးဝါး၊ အစားအစာနှင့် အသုံးအဆောင်များ

ငလျင်ဒဏ်ခံစားရသူများ၊ အလှူရှင်များနှင့် ကယ်ဆယ်ရေးအဖွဲ့အစည်းများ စုဆောင်းထားသင့်သော ဆေးဝါးနှင့် အစားအစာများမှာ အောက်ပါအတိုင်းဖြစ်သည်။

အရေးပေါ်လိုအပ်နိုင်သော ဆေးဝါးများ
  1. အကိုက်အခဲပျောက်ဆေး၊ အဖျားကျဆေးများ (Paracetamol, Ibuprofen စသည်)
  2. ပဋိဇီဝပိုးသတ်ဆေး သောက်ဆေးများ (ထိခိုက်ဒဏ်ရာများနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါများအတွက်)
  3. နာတာရှည်ရောဂါများအတွက် ဆေးဝါးများ (သွေးတိုး၊ ဆီးချို၊ ပန်းနာရင်ကျပ်၊ အတက်ရောဂါ စသည်တို့အတွက် ဆေးဝါးများ)
  4. ထိခိုက်ဒဏ်ရာများအတွက် အနာသန့်စင်ဆေးရည်များ၊ ပိုးသတ်ဆေးရည်များ၊ ပိုးသတ်ထားသော ပတ်တီးလိပ်များ၊ ဂွမ်းများနှင့် ခွဲစိတ်ခန်းသုံးကိရိယာများ
  5. လက်အိတ်များ၊ နှာခေါင်းစည်းများ၊ ဦးထုပ်များ၊ မျက်လုံးအကာများ စသည့် ကာကွယ်ရေးပစ္စည်းများ (PPE)
  6. အခြားအခြေခံဆေးဝါးများ _ ဓာတ်ဆားထုပ်များ၊ အစာအိမ်ဆေးများ၊ နှာစေးချောင်းဆိုးသက်သာဆေးများ၊ ဟစ်စ်တမင်းဆန့်ကျင်ဆေးများ၊ အရေပြားလိမ်းဆေးများ၊ ဗီတာမင်အားဆေးများ၊ သွေးကြောထဲသွင်း ဆေးရည်များ၊ ဆေးထိုးအပ်များ၊ ဆေးသွင်းပိုက်များ၊ အောက်ဆီဂျင်ရှူရန် နှာခေါင်းပိုက်များ၊ မေးခိုင်ကာကွယ်ဆေးထိုးဆေးများနှင့် ဓာတ်မတည့်ခြင်းအတွက် အရေးပေါ်ထိုးဆေးများ
  7. ခြင်ကိုက်ကာကွယ်သော ဖျန်းဆေး၊ ခြင်ကိုက်ကာကွယ်သော Lotion လိမ်းဆေးများ၊ အခြားအရေပြားလိမ်းဆေးအမျိုးမျိုး၊ ပဋိဇီဝပိုးသတ်ဆေးပါသော မျက်စဥ်းဆေးရည်၊ နားဆေးရည်များ
  8. ကလေးများအတွက် Zinc oxide လိမ်းဆေးများ၊ ကလေး နှာပွင့်ဆေးရည်၊ Physiodose ဆေးရည်၊ ကလေး ယားနာလိမ်းဆေး Calamine lotion၊ ကလေး ခြင်မကိုက် လိမ်းဆေး ၊ ကပ်ခွါ၊ ခြင်ဖျန်းဆေးရည်များ
  9. အောက်ဆီဂျင်အိုးများ
  10. မြွေဆိပ်ဖြေဆေး (ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဥ် မြွေနှင့် အခြားအဆိပ်ရှိသတ္တဝါများ အကိုက်ခံရနိုင်ခြေရှိခြင်းကြောင့်)
အရေးပေါ်လိုအပ်နိုင်သော အစားအစာများ
  1. သောက်ရေသန့်များ
  2. မပျက်စီးနိုင်သော တာရှည်ခံအစားအစာများ
    • ဆန်၊ ဆီ၊ ဆား၊ ပဲမျိုးစုံ၊ ကြာဆံထုပ်၊ ခေါက်ဆွဲ‌ခြောက်ထုပ်၊ အာလူး၊ ကန်စွန်းဥ၊ ငါးခြောက်
  3. မရှိမဖြစ်လိုအပ်သော ဗီတာမင်၊ သတ္တုဓာတ်၊ အသားဓာတ်၊ ကစီဓာတ်တို့ ပါဝင်သော အစားအစာများ
    • ဆန်၊ ကောက်ညှင်းတို့ဖြင့် ပြုလုပ်ထားသော အစားအစာများ၊ မရွေး၊ ဆန်ပြုတ်ထုပ်များ၊ ထမင်းခြောက်ကြော်၊ ကောက်ညှင်းခွက်ကြော်
    • ပဲပုပ်ခြောက်ကြော်၊ ပဲပုပ်ခြောက်ဖုတ်၊ ပဲပုပ်စေ့လှော်၊ ကုလားပဲအလုံးကြီး/အလုံးသေးလှော်၊ ပဲကြီးလှော်၊ ပဲလိပ်ပြာကြော်၊ ပဲနီပြားကြီး/ပဲကတ္တီပါ‌‌ကြော်၊ နတ်တော်ပဲကြော်၊ ဗိုလ်ကိတ်ပဲကြော်၊ မြေပဲလှော်/ကြော်၊ လက်ဖက်ပဲကြော်မျိုးစုံ
    • ငါးခြောက်ဖုတ်/ကြော်၊ ပုစွန်ခြောက်ငံပြာရည်ကြော်၊ ငါးသေတ္တာဘူး၊ အခြားအသားငါး အသီးအရွက် စည်သွတ်ဘူးများ
    • ကြက်ဥ၊ ဘဲဥ၊ ငုံးဥပြုတ်များ၊ ကြက်သွန်နီကြော်၊ ကြက်သွန်ဖြူကြော်၊ ဂျူးမြစ်ကြော်
    • ပြောင်း၊ ဂျုံတို့ဖြင့် ပြုလုပ်ထားသော ဘီစကွတ်များ
    • မြေပဲ၊ နှမ်း၊ နေကြာစေ့တို့ဖြင့် ပြုလုပ်ထားသော မြေပဲယို/ မြေပဲကပ်/မြေပဲပျစ် ၊ နှမ်းယို/ နှမ်းကပ်/ နှမ်းပျစ်
    • နေကြာစေ့လှော်၊ ဖရုံစေ့လှော်၊ မြေပဲလှော်၊ ဗာဒံစေ့၊ သစ်ကြားစေ့၊ သီဟိုဠ်စေ့၊ ဆီးသီးခြောက်၊ ဆီးယို၊ ဆီး‌ဖျော်ရည်ပုလင်းများ၊ အသီးအစစ် စည်သွတ်ဖျော်ရည်များ၊ အသီးခြောက်မျိုးစုံ၊ ငှက်ပျောသီးအခြောက်၊ ငှက်ပျောသီးကြော် (Banana chips)၊ ပရိုတင်းဘား (Protein bars)၊ စွမ်းအားဖြည့်အာဟာရဘား (Energy bars)
  4. ပေါ့ပါးကျစ်လစ်ပြီး ကိုယ်နှင့်အတူ သယ်သွားနိုင်သော အစားအစာများ
    • ပရိုတင်းဘား၊ စွမ်းအားဖြည့်အာဟာရဘား၊ အသီးခြောက်မျိုးစုံ၊ အစေ့အဆန်မျိုးစုံ၊ ဓာတ်ဆားရည်ထုပ် (Protein bars, Energy bars, Fruit bars, Multigrain crackers, mixed nuts and seeds, Electrolyte drink mix packs, Liquid IV hydration packs)
  5. ပြင်ဆင်မှုအနည်းဆုံး လိုအပ်သော အစားအစာများ
    • အသင့်စား အစားအသောက်များ၊ ချက်ပြုတ်စရာမလို ရေဖျော်စားနိုင်သော အစားအစာများ၊ အသားငါး အသီးအရွက် စည်သွတ်ဘူးများ၊ ငါးခြောက်ဖုတ်/ကြော်၊ ပဲမျိုးစုံလှော်/ကြော်၊ မြေပဲလှော်/ကြော်၊ ကြက်ဥ ဘဲဥ ငုံးဥပြုတ်များ၊ ထမင်းခြောက်လှော်/ကြော်၊ ကောက်ညှင်းခွက်ကြော်၊ အသီးခြောက်မျိုးစုံ
  6. ဓာတ်ဆားထုပ်များ၊ သကြားနှင့် ဆားထုပ်များ (ဓာတ်ဆားရည်အရေးပေါ်ဖျော်ရန်) နှင့်
  7. ကလေးငယ်များအတွက် အာဟာရပြည့်ဝပြီး အလွယ်တကူဖျော်စပ်နိုင်သော cereal နှင့် ဆန်ပြုတ်ထုပ်များ၊ တစ်ခါစားအထုပ်သေးများနှင့် ထုတ်ထားသော အစာခံဘီစကွတ်မုန့်များ
  8. မိခင်နို့မရရှိနိုင်သော နို့စို့အရွယ် ကလေးများအတွက် အသက်အရွယ်အလိုက် နို့မှုန့်ဘူးများ၊ နို့ခဲများ၊ အာဟာရမှုန့်ထုပ်များ စသည်တို့ဖြစ်သည်။

ငလျင်ဒဏ်ခံစားရသော‌ ဒေသများတွင် အထွေထွေအခြေခံလိုအပ်ချက်များ အများအပြား ရှိသည့်အနက် မွေးကင်းစကလေးများ၊ လသားအရွယ်ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် မီးဖွားပြီးစမိခင်များတွင် သီးခြားလိုအပ်သည့် အခြေခံပစ္စည်းများ အများအပြားရှိသည်။

မွေးကင်းစကလေး၊ လသားကလေးများအတွက် အခြေခံလိုအပ်သောပစ္စည်းများ
  • ကလေး diapers အရွယ်စုံ
  • ကလေး အနှီးများ
  • ကလေး အဝတ်အထည်များ
  • ကလေး ဦးထုပ်နှင့် ခြေအိတ်များ
  • ကလေး သေးခင်းများ
  • ကလေး ခေါက်ခြင်ထောင်များ
  • ကလေး စောင်နှင့်အခင်းများ
ကိုယ်ဝန်ဆောင်မိခင်၊ မီးဖွားပြီးခါစ ကလေးမိခင်များအတွက် အခြေခံလိုအပ်သောပစ္စည်းများ
  • မီးနေသည် diapers
  • မီးနေသည် အခင်း
  • နို့တိုက် Bra
  • ဗိုက်စည်း
  • လက်ညှစ် နို့ညှစ်ကိရိယာ
  • နို့ခံ pad
  • အမျိုးသမီး လစဉ်သုံးဂွမ်းထုပ်
  • နို့တိုက်မိခင် အားဆေး

ဆက်လက်ဖတ်ရှုရန်

References:

  1. Baran, A., & Özer, A. (2023). Prevention of infectious diseases after an earthquake. Cam & Sakura Medical Journal, 3, Article 9. https://doi.org/10.4274/csmedj.galenos.2023.2023-9-3
  2. Centers for Disease Control and Prevention. (n.d.). Earthquakes. Retrieved April 26, 2026, from https://www.cdc.gov/earthquakes/about/index.html
  3. Direct Relief. (2023). Essential medications prepped for earthquake-ravaged areas of Syria and Turkey. Retrieved April 26, 2026, from https://www.directrelief.org/2023/02/essential-medications-prepped-for-earthquake-ravaged-areas-of-syria-turkey/
  4. Gavi, the Vaccine Alliance. (n.d.). 5 ways in which earthquakes can threaten our health. Retrieved April 26, 2026, from https://www.gavi.org/vaccineswork/5-ways-which-earthquakes-can-threaten-our-health
  5. Jafari, N., Shahsanai, A., Memarzadeh, M., & Loghmani, A. (2011). Prevention of communicable diseases after disaster: A review. Journal of Research in Medical Sciences, 16(7), 956–962.
  6. Pan American Health Organization. (2017). Management of dead bodies after disasters: A field manual for first responders. Retrieved April 26, 2026, from https://iris.paho.org/bitstream/handle/10665.2/28453/9789275116852_eng.pdf
  7. World Health Organization. (2006). Management of dead bodies after disasters: A field manual for first responders.
  8. World Health Organization. (2020). Infection prevention and control for the safe management of a dead body in the context of COVID-19.
  9. World Health Organization. (n.d.). Earthquakes. Retrieved April 26, 2026, from https://www.who.int/health-topics/earthquakes

Published: 1 April 2025

Last updated: 5 May 2026

Share

26 April 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.