Common cold (အအေးမိခြင်း)

Common cold (အအေးမိခြင်း)

အအေးမိခြင်းဆိုသည်မှာ အသက်ရှူလမ်းကြောင်း အထက်ပိုင်းတွင်ရှိသော နှာခေါင်းနှင့် လည်ချောင်းတို့ကို ဗိုင်းရပ်စ်ပိုး ဝင်ရောက်ခြင်းကြောင့် နှာစေးခြင်း၊ ချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ ဖျားနာခြင်းတို့ ခံစားရခြင်းကို ဆိုလိုပါသည်။ အအေးမိခြင်းသည် ပုံမှန်အားဖြင့် လူကြီးများတွင် တစ်နှစ် (၂) ကြိမ် မှ (၃) ကြိမ်ခန့် ဖြစ်ပွားပြီး၊ ကလေးငယ်များတွင် အနည်းဆုံး တစ်နှစ်လျှင် (၆) ကြိမ်ခန့် ဖြစ်ပွါးတတ်သည်။ အအေးမိခြင်းသည် လူအများစုတွင် တစ်ပတ်အတွင်း အလိုအလျောက် ပြန်လည်ကောင်းမွန်နိုင်သည်။ ဆေးလိပ်သောက်သုံးသူများတွင်မူ ရောဂါပြန်လည်ကောင်းမွန်ရန် ပိုမိုကြာရှည်နိုင်သည်။ အအေးမိခြင်းသည် မိုးရာသီနှင့် ဆောင်းရာသီတို့တွင် အဓိကဖြစ်ပွားလေ့ရှိသည်။

Common Cold IMG
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ဗိုင်းရပ်စ်ပိုးအများစုသည် အအေးမိခြင်းကို ဖြစ်စေသည်။ ‌ဗိုင်းရပ်စ်ပိုးများသည် ခန္ဓာကိုယ်၏ ပါးစပ်၊ မျက်လုံးနှင့် နှာခေါင်းတို့မှတစ်ဆင့် ကူးစက်ဝင်ရောက်ခြင်းဖြစ်သည်။ ကူးစက်နိုင်သည့် နည်းလမ်းများမှာ

  • အအေးမိလူနာတစ်‌ဦး၏ နှာချေ ချောင်းဆိုးခြင်းမှ လေထဲသို့ အမှုန်များပျံနှံ့ပြီး ထိုအမှုန်များကို ရှူရိုက်မိခြင်း
  • အအေးမိ‌သောလူနာတစ်ဦးနှင့် ထိတွေ့ခြင်း
  • ဗိုင်းရပ်စ်ပိုးရှိနေသော အရာဝတ္ထုများကို ကိုင်တွယ်သုံးစွဲခြင်း (ဥပမာ တံခါးလက်ကိုင်၊ ပန်းကန်၊ မျက်နှာသုပ်ပဝါ၊ အရုပ်၊ ဖုန်း)
  • ဗိုင်းရပ်စ်ပိုး ထိတွေ့ထားသောလက်နှင့် မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့ကို ထိတွေ့ကိုင်တွယ်ခြင်း တို့ဖြစ်သည်။
ရောဂါလက္ခဏာများ

အအေးမိရောဂါကူးစက်ခံပြီး (၁) ရက်မှ (၃) ရက်အတွင်း ရောဂါလက္ခဏာပြနိုင်သည်။ လူတစ်ယောက်နှင့် တစ်ယောက် ရောဂါလက္ခဏာ ကွဲပြားနိုင်သည်။ ရောဂါလက္ခဏာများမှာ

  • နှာရည်ယိုခြင်း၊ နှာပိတ်ခြင်း
  • လည်ချောင်းယားခြင်း၊ နာခြင်း
  • ချောင်းဆိုးခြင်း
  • နှာ‌ချေခြင်း
  • ကိုယ်လက်မအီမသာဖြစ်ခြင်း
  • ခန္ဓာကိုယ်ကိုက်ခဲခြင်း
  • ကိုယ်ပူခြင်း စသည်တို့ ဖြစ်ပါသည်။
နောက်ဆက်တွဲပြဿနာများ

ဘက်တီးရီးယားပိုးများ ထပ်မံဝင်ရောက်လာခြင်းမှတစ်ဆင့် နားကိုက်ခြင်း၊ နားပြည်ယိုခြင်း၊ ထိပ်ကပ်နာရောဂါဖြစ်ခြင်း၊ လေပြွန်ရောင်ခြင်းနှင့် အဆုတ်ရောင်ခြင်းတို့ ဆက်လက်ဖြစ်ပေါ်လာခြင်း၊ ရင်ကျပ်ပန်းနာ ရောဂါအခံရှိသူများတွင် ချောင်းဆိုးရင်ကျပ် လက္ခဏာများ ပြန်ပေါ်လာတတ်ခြင်း စသည့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်စေနိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အများအားဖြင့် ‌အ‌‌အေးမိခြင်းသည် အနားယူရုံနှင့် ပျောက်ကင်းနိုင်သည်။
သို့သော် အောက်ပါအခြေအနေများတွင် မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ပါ။

  • ရောဂါလက္ခဏာများ မသက်သာဘဲ တစ်ရက်ထက်တစ်ရက် ပိုဆိုးလာခြင်း
  • (၃)ရက်ဆက်တိုက်ခန့် ကိုယ်အပူချိန် အလွန်တက်နေခြင်း
  • အဖျားပျောက်ပြီးမှ သိသိသာသာပြန်ဖျားခြင်း
  • အသက်ရှူမဝခြင်း၊ မောခြင်း
  • ဦးခေါင်း၊ မျက်နှာ၊ လည်ချောင်းတို့ ပြင်းထန်စွာ နာခြင်း၊ ကိုက်ခဲခြင်း

မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်းစသည်တို့ဖြင့် ရောဂါရှာ‌ဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

သာမာန်အအေးမိလူနာတစ်ဦးအတွက် သွေးစစ်ခြင်း၊ ဓာတ်မှန်ရိုက်စစ်ဆေးခြင်းများ မလိုအပ်ပါ။ လူနာ၏ ရောဂါရာဇဝင်မေးမြန်းခြင်းနှင့် လူနာစမ်းသပ်ခြင်းများဖြင့် လုံလောက်သည်။ လိုအပ်ပါက နှာခေါင်းတို့ဖတ် (nasal swab) ရယူပြီး ဖြစ်ပေါ်စေသော ဗိုင်းရပ်စ်ပိုးကို ရှာဖွေနိုင်သည်။

ကုသခြင်း

ပုံမှန်အားဖြင့် အအေးမိခြင်းသည် တစ်ပတ် အတွင်း အလိုအလျောက် ပြန်လည်ကောင်းမွန်နိုင်သည်။
အဓိကအားဖြင့် ခန္ဓာကိုယ် ခုခံအားစနစ်ကောင်းအောင် နေထိုင်ရန်အရေးကြီးသည်။
ထို့ကြောင့် အအေးမိရောဂါဖြစ်လျှင်

  1. ကောင်းမွန်စွာအနားယူခြင်း
  2. အိပ်ရေးဝဝအိပ်ခြင်း
  3. ရေများများသောက်ခြင်း
  4. အာဟာရပြည့်ဝသော အစားအသောက် များစားသုံးခြင်း
  5. ကိုယ်လက်ကိုက်ခဲပါက ပါရာစီတမော (Paracetamol)၊ အကိုက်အခဲပျောက်ဆေး သောက်ခြင်း
  6. နှာရည်အလွန်ကျပါက ဘာမီတွန် (burmeton)၊ စီထရင်း (cetirizine) စသည့် ဆေးများ သောက်ခြင်း
  7. ချောင်းဆိုးပါက ချောင်းဆိုးပျောက်ဆေးများ သောက်ခြင်း
  8. နှာ‌ခေါင်းပိတ်ပါက ရေနွေးငွေ့ရှူခြင်း၊ နှာခေါင်းအစက်ချဆေးရည် ထည့်ခြင်း
  9. လည်ချောင်းနာပါက ဆားရည်နှင့် ပလုတ်ကျင်းခြင်း စသည့်တို့ကို လုပ်ဆောင်ပေးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်ပါသည်။

အအေးမိခြင်းသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သည့်အတွက် ပဋိဇီဝပိုးသတ်ဆေးများ မလိုအပ်ပါ။ မိသားစုဆရာဝန်မှ စမ်းသပ်စစ်ဆေးပြီး ဘက်တီးရီးယားပိုးကြောင့်ဖြစ်သည့် လက္ခဏာများ ပါဝင်သည်ဟု သုံးသပ်မိပါက လိုအပ်သည့် ဆေးများ ညွှန်ကြားမည် ဖြစ်သည်။

ကာကွယ်ခြင်း

အအေးမိခြင်းအတွက် ကာကွယ်ဆေးမရှိပါ။ သို့သော် အောက်ပါနည်းလမ်းများကို လုပ်ဆောင်ခြင်းအားဖြင့် ကာကွယ်နိုင်သည်။

  • အအေးမိသောလူနာနှင့် ဝေးဝေးတွင်နေပါ။
  • လက်ကို ဆပ်ပြာနှင့် အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် မကြာခဏ ဆေးပါ။
  • မကြာခဏ ကိုင်တွယ်ရသည့် ပစ္စည်းများကို ပိုးသတ်ဆေးရည်နှင့် သန့်ရှင်းရေးလုပ်ပါ။
  • ချောင်းဆိုးလျှင် တစ်ရှူး (သို့မဟုတ်) လက်ကိုင်ပုဝါ တစ်ခုခုနှင့် အုပ်ပြီးမှ ချောင်းဆိုးပါ။
  • တစ်ကိုယ်ရည်သုံး ပစ္စည်းများကို တစ်ခြားသူများနှင့် မျှဝေမသုံးစွဲသင့်ပါ။
  • လူစုလူဝေးထဲသွားလျှင် နှာခေါင်းစည်း (mask) တပ်ပါ။
  • ကိုယ်ခံအားကောင်းမွန်အောင် အိပ်ရေးဝဝအိပ်ပါ၊
  • ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများ ပြုလုပ်ပါ။

References:

  1. Common cold – Symptoms and causes. (n.d.). Mayo Clinic. Retrieved June 3, 2024, from https://www.mayoclinic.org/diseases-conditions/common-cold/symptoms-causes/syc-20351605
  2. Common cold – Diagnosis and treatment – Mayo Clinic. (n.d.). Retrieved June 3, 2024, from https://www.mayoclinic.org/diseases-conditions/common-cold/diagnosis-treatment/drc-20351611
  3. Common Cold. (2023, February 7). Cleveland Clinic. Retrieved June 3, 2024, from https://my.clevelandclinic.org/health/diseases/12342-common-cold

Published: 30 August 2024

Share

30 August 2024
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.