Scabies (ဝဲယားနာ)

Scabies (ဝဲယားနာ)

ဝဲယားနာသည် ကူးစက်တတ်သည့် အရေပြားရောဂါတစ်မျိုးဖြစ်ပြီး ပိုးဝင်သော အရေပြားနေရာများတွင် အပြင်းအထန် ယားယံခြင်းကို ဖြစ်စေနိုင်သည်။ ညဖက်တွင် ပို၍ယားယံတတ်သည်။ လူတစ်ဦးမှ တစ်ဦးဆီသို့ ကူးစက်နိုင်သော အရေပြားရောဂါဖြစ်သောကြောင့် မိသားစုထဲတွင် တစ်စုံတစ်ယောက် ဝဲယားနာဖြစ်ပါက မိသားစုလိုက် ကုသမှုခံယူရန် လိုအပ်သည်။ ဝဲယားနာသည် အလွယ်တကူ ကုသပျောက်ကင်းနိုင်သော ရောဂါလည်းဖြစ်သည်။ ကုသပျောက်ကင်းပြီးသော်လည်း ရက်သတ္တပတ် အတော်အတန်ကြာ အရေပြားယားယံခြင်း လက္ခဏာကျန်ရစ်ခဲ့နိုင်သည်။

Scabies img1
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ဝဲပိုး (Sarcoptes scabiei) ကြောင့်ဖြစ်သည်။ ဝဲယားနာရှိသူနှင့် ထိတွေ့ခြင်း၊ နီးနီးကပ်ကပ် နေထိုင်ခြင်းမှတဆင့် ကူးစက်သည်။ ထို့အပြင် ဝဲယားနာရှိသူနှင့် အဝတ်အစားများ၊ အိပ်ရာများ အတူတကွ အသုံးပြုခြင်းတို့မှလည်း ကူးစက်သည်။
ပထမဦးစွာ မျက်စိဖြင့်ကြည့်၍ မမြင်နိုင်အောင် အလွန်သေးငယ်သော ဝဲပိုးအမသည် အရေပြားပေါ် တွင် ရောက်ရှိလာပြီးနောက် အပေါ်ယံအရေပြားအလွှာကို တွင်းဖြစ်အောင်တူးဆွပြီး မျိုးဥများ ဥချသည်။ ထိုဥများသည် ဝဲပိုးကောင်သားလောင်း (larva) များဖြစ်လာသည်။ သားလောင်းဘဝမှ တဆင့် ဝဲပိုး အဖြစ်ကြီးထွားလာပြီး အထီးနှင့် အမမိတ်လိုက်ကြကာ နောက်ထပ် ဝဲပိုးများကို ပွားများပေးသည်။ ဝဲပိုးကောင်၏ ကိုယ်ပေါ်မှ ပရိုတင်းဓာတ်နှင့် မစင်များကို လူ၏ခန္ဓာကိုယ်မှ ဓာတ်မတည့်ခြင်းကြောင့် ယားယံခြင်းကို ဖြစ်စေသည်။

ဝဲယားနာပိုးသည် တိရစ္ဆာန်မှတစ်ဆင့် မကူးစက်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် တိရစ္ဆာန်ပေါ်မှ ဝဲပိုးကောင်သည် လူ့ခန္ဓာကိုယ်ပေါ်တွင် မျိုးပွားရှင်သန်နိုင်စွမ်း မရှိသောကြောင့်ဖြစ်သည်။ သို့သော် တိရစ္ဆာန်ပေါ်မှ ဝဲပိုးကောင်လေးများသည် လူ့အရေပြားနှင့် ထိတွေ့သည့်ချိန်တွင် ယားယံခြင်းကို ဖြစ်ပေါ်စေနိုင်သည်။ ထို့နောက် ရက်ပိုင်းအတွင်း ဝဲပိုးများ သေဆုံးသွားနိုင်သည်။ ထိုကြောင့် ကုသမှုခံယူရန် မလိုအပ်ပါ။

ရောဂါလက္ခဏာများ

ဝဲယားနာသည် ပိုးစတင်ကူးစက်ပြီး (၄) ပတ်နှင့် (၆) ပတ်ကြာမှ လက္ခဏာစတင်ဖြစ်ပေါ်သည်။ အဓိက လက္ခဏာမှာ ယားယံခြင်းဖြစ်သည်။ များသောအားဖြင့် ညအချိန်တွင်ပို၍ ယားယံတတ်သည်။ ယားယံခြင်းသည် တစ်ဦးနှင့် တစ်ဦးမတူပါ။
သေးငယ်သော အရည်ကြည်ဖုများ၊ သေးသွယ်ကွေ့ကောက်သော အမဲရောင် အစင်းကြောင်းများ (ဝဲပိုးများတူးထားသည့်တွင်းငယ်များ) အရေပြားပေါ်တွင်မြင်ရသည်။ တစ်ခါတစ်ရံတွင် ပြည်ဖုလေးများပါ တွေ့ရသည်။ ယားယံသည့်နေရာကို ကုတ်ခြင်းကြောင့် ဘက်တီးရီးယားပိုးဝင်ပြီး ပြည်တည်ခြင်းဖြစ်နိုင်သည်။

ဝဲယားနာအရေပြားလက္ခဏာများသည် အထူးသဖြင့်

  • လက်ချောင်း၊ ခြေချောင်းကြားများ
  • တံတောင်ဆစ် အတွင်းဖက်ကြား
  • ချိုင်း အတွင်းဖက်ကြား
  • ရင်ဘတ်၊ ရင်သား တစ်ဝိုက်
  • ချက် တစ်ဝိုက်
  • ပေါင်အတွင်းသားကြားများ
  • လိင်အင်္ဂါနားတစ်ဝိုက်
  • တင်ပါး၊ ဒူး၊ ခြေထောက်၊ ခြေဖမိုးများတွင် ဖြစ်လေ့ရှိသည်။

ကလေးငယ်များတွင် အနီစက်များ အဖုအပိန့်များပေါ်ခြင်းကို ပိုတွေ့ရသည်။ တစ်ခါတစ်ရံတွင် လူ့အရေပြားမှ ကိုယ်ခံအားတုံ့ပြန်မှုများသဖြင့် အလွန်ယားသော အဖုကြီး (scabetic nodule) များပါ ပေါ်လာတတ်သည်။
ကိုယ်ခံအားကျဆင်းနေသည့်သူများ (ဥပမာ – အေအိုင်ဒီအက်စ်ရောဂါရှိသူ၊ သက်ကြီးရွယ်အိုများ) တွင် ဝဲပိုးများ အလွန်အမင်းပွါးများရာမှ အရေပြားပေါ်တွင် ရောင်ရမ်းကာ သားငံရည်ကြည်များ ထွက်လာသည်။ ထိုသားငံရည်များခဲကာ အရေပြားဆဲလ်များထူထပ်လာပြီး အရေပြားတစ်ပြင်လုံး ကြပ်ခဲ (crusted) ဖြစ်လာသည်။ ထူးခြားသည်မှာ ထိုအခြေအနေတွင် လူနာသည် လုံးဝ မယားတော့ပေ။ သို့သော် အခြားသူများကို အလွန်ကူးစက်လွယ်သည်။

scabies img2
This image contains sensitive medical content. Click ‘Show Image’ to view.
show image
sensitive image
နောက်ဆက်တွဲပြဿနာများ
  • ယားယံ၍ အရေပြားကို ကုတ်ခြင်းမှတစ်ဆင့် ပိုးဝင်၍ အရေပြားရောင်ခြင်း၊ ပြည်တည်ခြင်း
  • အလွန်ယားယံသော အဖုကြီးများ ဖြစ်လာခြင်း
  • ည အိပ်မပျော်ခြင်း
  • လူမှုဘဝ ထိခိုက်ခြင်း
  • ကိုယ်ခံအားမကောင်းသောသူများတွင် ပိုမိုဆိုးရွားသော အရေပြားတစ်ပြင်လုံး ကြပ်ခဲ (crusted) နေသည့် ဝဲအဖြစ်ပြောင်းလဲသွားခြင်းတို့ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့်စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်းဖြင့် ရောဂါရှာ‌ဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အရေပြားအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

ဝဲယားနာကို ရှာဖွေရန် လူနာ၏ရောဂါရာဇဝင်ကို သေချာမေးမြန်းခြင်း၊ လူနာ၏ ယားယံသော နေရာများကို စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်နိုင်သည်။ ခက်ခဲသော အချို့အခြေအနေများတွင် ယားယံခြင်းဖြစ်နေသောနေရာမှ အရေပြားအသားစကိုခြစ်ယူပြီး အဏုကြည့်မှန်ပြောင်းဖြင့် ဝဲပိုးကောင်၊ မျိုးဥများကို ရှာဖွေခြင်းဖြင့် ဝဲယားနာရှိကြောင်း အတည်ပြုနိုင်သည်။

ကုသခြင်း

ဝဲယားနာကို လိမ်းဆေး (သို့မဟုတ်) သောက်ဆေးဖြင့် ကုသနိုင်ပါသည်။ အများအားဖြင့် လိမ်းဆေးဖြင့် မပျောက်ကင်း၊ မသက်သာသော အခြေအနေများတွင်သာ သောက်ဆေးကို အသုံးပြုသည်။ ထိုဆေးများကို ဆရာဝန်၏ လမ်းညွှန်ချက်အတိုင်း တိတိကျကျ အသုံးပြုရန် လိုအပ်သည်။ ၎င်းဆေးဝါးများသည် ဝဲပိုးကောင်များကို လျင်မြန်စွာသေစေနိုင်သော်လည်း ယားယံခြင်းသည် ရက်သတ္တပတ်အတော်အတန် ကျန်နေနိုင်သည်။ ဆရာဝန်မှ ယားယံခြင်း သက်သာစေရန် ဆေးများ ပေးမည်ဖြစ်သည်။ ဘက်တီးရီးယားပိုးထပ်လောင်း ကူးစက်နေသည်ဟု ယူဆပါက ပဋိဇီဝပိုးသတ်ဆေးကို ပေးမည်ဖြစ်သည်။ ဝဲယားနာသည် ကူးစက်လွယ်သောရောဂါ ဖြစ်သောကြောင့် ရောဂါခံစားရနေသူနှင့် အတူတူနေသော မိသားစု၊ မိတ်ဆွေများကိုပါ တစ်ပြိုင်တည်း ကုသမှုခံယူရန် အကြံပြုသည်။

ကာကွယ်ခြင်း
  1. ဝဲပိုးများကို အပူဖြင့်သေစေခြင်း
    • ကုသမှုမခံယူခင် ရောဂါခံစားရသူ အသုံးပြုသော အဝတ်အစားများ၊ အိပ်ယာခင်း၊ စောင်များ၊ တစ်ကိုယ်ရေသုံးပစ္စည်းများကို ဆပ်ပြာပါသော ရေနွေးပူပူဖြင့် ဆေးကြောခြင်း
    • နေပူပူတွင် အခြောက်ခံခြင်း
  2. ဝဲပိုးများ နေအိမ်ထဲတွင် မကျန်ရှိအောင် နေအိမ်တစ်ခုလုံး သန့်ရှင်းရေးပြုလုပ်ခြင်း
  3. ရေနွေးဖြင့်ဆေးကြော၍ မရနိုင်သောအသုံးအဆောင်များကို လေလုံသော ပလတ်စတစ်ဘူး (သို့မဟုတ်) အိတ်ထဲတွင် တစ်ပတ်ခန့်ထားပြီး ဝဲပိုးများကို သေစေခြင်း

Share

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.