ဝဲယားနာသည် ကလေးများတွင် အဖြစ်များပြီး အလွန်အမင်းယားယံစေသော အရေပြားရောဂါ တစ်မျိုးဖြစ်သည်။ ရောဂါပိုးရှိသူနှင့် အချိန်ကြာမြင့်စွာ အရေပြားချင်းထိတွေ့ မှုကြောင့်လည်းကောင်း၊ ကပ်ပါးပိုးရှိသူ၏ အဝတ်အထည်၊ အိပ်ရာခင်း၊ စောင် အစရှိသော အသုံးအဆောင်များ မျှဝေသုံးစွဲမှုကြောင့် လည်းကောင်း ကူးစက်နိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်း
Sarcoptes scabeii ဟုခေါ်သော အလွန်သေးငယ်သည့် ကပ်ပါးပိုးမွှားများ လူ့အရေပြားထဲသို့ ထိုးဖောက်ဝင်ရောက် နေထိုင်မှုကြောင့် ဖြစ်ပွါးရခြင်းဖြစ်သည်။ အဆိုပါ ကပ်ပါးပိုးအမကောင်သည် အရေပြားကို ထွင်းဖောက်ကာ တွင်းခေါင်းများတူးပြီး ဥများ ဥချသည်။ ထိုဥများမှ သားလောင်းများပေါက်ကာ အရေပြားပေါ်တွင် ကြီးထွားလာသည်။ အရွယ်ရောက်လာသော ကပ်ပါးကောင်တို့သည် အရေပြားကို ထွင်းဖောက်ခြင်း၊ ဥ ဥခြင်းများ ပြုကြသည်။ ဝဲယားနာ၏ အဓိကလက္ခဏာဖြစ်သော ယားယံခြင်းသည် ဤကပ်ပါးကောင်များ၊ ဥများ၊ ၎င်းတို့၏ အညစ်အကြေးများကို ခန္ဓာကိုယ်မှ ဓာတ်မတည့်၊ တုံ့ပြန်မှုကြောင့် ဖြစ်ပေါ်လာရသည်။
ရောဂါလက္ခဏာများ
အဓိကရောဂါလက္ခဏာ (၂) ခုမှာ
- အလွန်ယားယံခြင်း နှင့်
- အရေပြား အဖု၊အပိန့်ထခြင်း တို့ဖြစ်သည်။
ယခင်ရောဂါဖြစ်ဖူးသူတွင် ကပ်ပါးကောင်ကူးစက်ခံရပြီး (၁-၄)ရက်အကြာတွင် လက္ခဏာစပေါ် ပြီး ပထမအကြိမ် ကူးစက်ခံရသူတွင် (၄-၈)ပတ်ကြာမှ ရောဂါလက္ခဏာများ စတင်ခံစားရတတ်သည်။
အလွန်ယားယံခြင်း
- ညဖက်အချိန်တွင် ယားယံမှု အဆိုးဆုံးဖြစ်သည်၊ အိပ်မရနိုင်အောင် ပြင်းထန်နိုင်သည်
- အရေပြားဓာတ်မတည့်ခြင်းကြောင့် ဖြစ်သဖြင့် တစ်ခါတစ်ရံ ကပ်ပါးပိုးနှိမ်နင်းပြီး ကာလအတန်ကြာသည်အထိ ဆက်လက်ယားယံနေတတ်သည်
အရေပြားအဖု၊ အပိန့်ထခြင်း
အနီရောင်၊ ပန်းရောင် အကွက်၊ အဖု၊ အရည်ကြည်ဖု အသေးလေးများကို ခန္ဓာကိုယ်တစ်ခုလုံးတွင် တွေ့နိုင်သည်။ အဖြစ်များသော နေရာများမှာ_
- လက်ချောင်းနှင့် လက်ချောင်းကြားများ
- လက်ကောက်ဝတ်၊ တံတောင်ဆစ်
- ချိုင်းကြား၊ ညှပ်ရိုးကြား
- လိင်အင်္ဂါအနီး
- ခါးနှင့် ချက်တစ်ဝိုက်နေရာများ
- ကလေးငယ်များ (အထူးသဖြင့် တစ်နှစ်အောက်ကလေးများ)တွင် မျက်နှာ၊ လည်ပင်း၊ ဦးရေပြား၊ ခြေဖဝါး၊ လက်ဖဝါးများတွင်ပါ တွေ့နိုင်သည်။
တွင်းခေါင်းများ (burrows)
ကပ်ပါးပိုးအမကောင်တူး၍ ဖြစ်လာသောတွင်းခေါင်းများသည် ဝဲရောဂါ၏ ထင်ရှားသော လက္ခဏာတစ်ခုဖြစ်သည်။ အရေပြားတွင် (၁)စင်တီမီတာမျှရှိသော သေးငယ်တွန့်ခေါက်နေသည့် အစင်းကြောင်းလေးများအဖြစ် တွေ့ရသည်။ အဖြူရောင်၊ ငွေရောင် သို့မဟုတ် အနီးပတ်ဝန်းကျင်ရှိ အသားအရောင်အတိုင်းရှိသော ဖောင်းကြွနေသည့် တွင်းခေါင်းငယ်များကို_
- လက်ချောင်းအကြား နေရာများ
- လက်ကောက်ဝတ်၊ တံကောက်ကွေး၊ ဒူးနောက်ရှိ အရေပြားတွန့်များ
- လိင်အင်္ဂါ၊ ရင်သားအကြား နေရာများ
- နောက်ကျောညှပ်ရိုးကြားနေရာများတွင် တွေ့နိုင်သည်။
နောက်ဆက်တွဲပြဿနာများ
- ဘက်တီးရီးယားထပ်မံကူးစက်၍ အနာဖြစ်ခြင်း၊ ပိုးဆိပ်ပျံ့ခြင်း
- ခုခံအားပုံမမှန်မှုမှတစ်ဆင့် ကျောက်ကပ်ရောင်ခြင်း
- ကုတ်ခြစ်မိခြင်းကြောင့် အရေပြားမာလာခြင်း၊ ဂျွတ်တက်ခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်
ကလေးတွင်
- ဝဲရောဂါဟု သံသယရှိလျှင် (အထူးသဖြင့် အသက်တစ်နှစ်အောက် ကလေးများတွင်)
- ဆေးလိမ်း၍ မပျောက်လျှင်၊ မကြာခဏပြန်ဖြစ်လျှင်
- ကြီးမားပြင်းထန်သော ဝဲအနာများဖြစ်လျှင် မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုသည်၊ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
ရောဂါဖြစ်စဉ်နှင့် အရေပြားလက္ခဏာများကို စစ်ဆေးကာ ဝဲရောဂါမှန်း လွယ်ကူစွာသိရှိနိုင်သည်
လိုအပ်လျှင် အနာမှ အရေပြားနမူနာ (skin scrapings)ယူကာ ဓာတ်ခွဲစစ်ဆေးနိုင်သည်
ကုသခြင်း
အရေပြားလိမ်းဆေးများ (Permethrin cream, buscabies lotion, sulfur ointment)များကို ဆေးဘူးပါ ညွှန်ကြားချက်၊ အချိန်အတိုင်းလိမ်းရမည်။
ကပ်ပါးကောင်များ အမြစ်ဖြတ်နိုင်ရန်
- အိမ်ရှိအတူနေမိသားစု
- တစ်လအတွင်း အချိန်ကြာထိတွေ့မိသူအားလုံး တစ်ပြိုင်နက် ကုသမှုခံယူရမည်။
သို့သော် - ဆေးလိမ်းပြီးနောက် (၄)ပတ်ကျော်ကြာသည်အထိ ယားယံနေလျှင်
အရေပြားအကွက်အသစ်များထပ်ထွက်လျှင် ဆရာဝန်နှင့် ပြန်လည်ပြသသင့်သည်။
ယားယံမှုသက်သာစေရန် ဘာမီတွန်ကဲ့သို့သော ဟစ်စ်တမင်းဆန့်ကျင်ဆေးများ သတ်မှတ်ထားသော ပမာဏအလိုက် သောက်သုံးနိုင်သည်။
ကာကွယ်ခြင်း
ဤကပ်ပါးပိုးသည် လူ၏ခန္ဓာကိုယ်ပြင်ပတွင် (၇၂)နာရီထက်ပို၍ မရှင်သန်နိုင်ပေ။ ပွက်ပွက်ဆူသောရေနွေးတွင် (၁၀)မိနစ်ကြာပြုတ်လျှင် ကပ်ပါးပိုးသေသည်။ တစ်ဦးမှတစ်ဦးသို့ ကူးစက်ခြင်းမှကာကွယ်ရန်_
- ရောဂါပိုးရှိသူနှင့် ထိတွေ့မှု ရှောင်ကြဉ်ခြင်း
- လိမ်းဆေးကုသမှုမခံယူမီ ကပ်ပါးပိုးရှိနိုင်မည့် အဝတ်အထည်၊ မျက်နှာသုတ်ပုဝါ၊ စောင်၊ အိပ်ရာခင်းများကို ဆပ်ပြာ၊ ရေနွေးပူပူဖြင့် ပြုတ်လျှော်ခြင်း
- လျှော်ဖွပ်ရန်ခက်သော အသုံးအဆောင်များကို ကပ်ပါးပိုးသေစေရန် လေလုံပလတ်စတစ်အိတ်များတွင် ထည့်၍ အနည်းဆုံး (၄-၅) ရက် အလုံပိတ်ထားခြင်း
- ကပ်ပါးပိုးကောင်များ ပျံ့နှံ့နိုင်သော အခန်း၊ နေရာများကို သေချာစွာသန့်ရှင်းခြင်း စသည်တို့ ပြုလုပ်နိုင်သည်။
References:
- Treatment of Scabies. (2024). Parasites – Scabies. Retrieved June 26, 2024, from https://www.cdc.gov/scabies/treatment/index.html
- Website, N. (2024). Scabies. nhs.uk. Retrieved June 26, 2024, from https://www.nhs.uk/conditions/scabies/
- Scabies – Symptoms and causes. (n.d.). Mayo Clinic. Retrieved June 26, 2024, from https://www.mayoclinic.org/diseases-conditions/scabies/symptoms-causes/syc-20377378
- NICE. (2022). Scabies. Retrieved June 26, 2024, from https://cks.nice.org.uk/topics/scabies/how-up-to-date-is-this-topic/update/
- Malaysian Paediatric Association. (2019). Pediatric protocols for Malaysian hospitals (4th ed., 2nd print).
Published: 30 August 2024
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.