Anti-histamines (ဟစ်စ်တမင်းဆန့်ကျင်ဆေးများ)

Anti-histamines (ဟစ်စ်တမင်းဆန့်ကျင်ဆေးများ)

ဟစ်စ်တမင်း (Histamine) သည် ‌ခန္ဓာကိုယ်ရှိကိုယ်ခံအားစနစ်တွင် ပါဝင်သော ဓာတုပစ္စည်းတစ်မျိုး ဖြစ်သည်။ ခန္ဓာကိုယ်တွင် အန္တရာယ်ရှိသည်ဟု ယူဆသောအရာများ ဝင်ရောက်လာပါက ကာကွယ်ရန်အတွက် ဟစ်စ်တမင်းများ ထွက်လာပြီး လက်ခံဓာတ်ပြုရာနေရာ (Receptor) များသို့ ရောက်ရှိသည်။ H1 နှင့် H2 Receptors ဟူ၍ လက်ခံဓာတ်ပြုရာနေရာ နှစ်မျိုးရှိပြီး ထိုနေရာပေါ်မူတည်၍ ဖြစ်ပေါ်လာသောလက္ခဏာများ ကွဲပြားသည်။

ဓာတ်မတည့်မှုရှိသူများတွင် ကိုယ်ခံအားစနစ်သည် အန္တရာယ်မရှိသော အရာများ (ဥပမာ – ဝတ်မှုန်၊ အစားအစာ၊ ဖုန်မှုန့်) ကို အန္တရာယ်ရှိသည်ဟု အထင်မှားကာ ဟစ်စ်တမင်းများ ထွက်လာပြီး အလွန်အမင်း တုံ့ပြန်လေ့ရှိသည်။

ဟစ်စ်တမင်းဆန့်ကျင်ဆေးများ (Anti-histamines) သည် ခန္ဓာကိုယ်အတွင်းရှိ ဟစ်စ်တမင်းကြောင့် ဖြစ်ပေါ်သော အာနိသင်များကို ပိတ်ဆို့ရန် လုပ်ဆောင်သော ဆေးဝါးအုပ်စုတစ်စုဖြစ်သည်။ ထိုဆေးဝါးများသည် H1 သို့မဟုတ် H2 ဟစ်စ်တမင်း လက်ခံဓာတ်ပြုရာနေရာ (Histamine receptors) များကို ပိတ်ဆို့သည်။ H1 ဟစ်စ်တမင်း လက်ခံဓာတ်ပြုရာနေရာကို ပိတ်ဆို့သည့် H1 ဟစ်စ်တမင်းဆန့်ကျင်ဆေးများကို ဓာတ်မတည့်တုံ့ပြန်မှုကြောင့် ဖြစ်ပေါ်လာသော လက္ခဏာများကို သက်သာစေရန် အသုံးများသည်။ H2 ဟစ်စ်တမင်းဆန့်ကျင်ဆေးများကို အစာအိမ်ရောဂါများတွင် အသုံးပြုသည်။

ဟစ်စ်တမင်းဆန့်ကျင်ဆေး အများစုကို ဆေးဆိုင်များတွင် ဆရာဝန်ဆေးစာမလိုအပ်ဘဲ အလွယ်တကူ ရရှိနိုင်ပြီး အချို့ကိုမူ ဆရာဝန်၏ဆေးစာဖြင့်သာ ဝယ်ယူရရှိနိုင်သည်။ ဟစ်စ်တမင်းဆန့်ကျင်ဆေးများကို အချို့သော အအေးမိတုပ်ကွေးပျောက်ဆေးများ၊ ချောင်းဆိုးပျောက်ဆေးများ၊ အကိုက်အခဲပျောက်ဆေးများနှင့် ပေါင်းစပ်၍ ထုတ်လုပ်ထားသည်ကိုလည်း စျေးကွက်ထဲတွင်တွေ့ရသည်။ သို့သော် ဆေးများကို မှန်ကန်စွာ ရွေးချယ်သောက်သုံးရန် အရေးကြီးသဖြင့် တတ်ကျွမ်းနားလည်သော ကျန်းမာရေးစောင့်ရှောက်သူများနှင့် ကြိုတင်တိုင်ပင်ရန် လိုအပ်သည်။

သုံးစွဲရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
H1 ဟစ်စ်တမင်းဆန့်ကျင်ဆေးများ အသုံးပြုရန်လိုအပ်သော အခြေအနေများ

H1 လက်ခံဓာတ်ပြုနေရာသည် ခန္ဓာကိုယ်နေရာ အနှံ့အပြား (ဦးနှောက်ဆဲလ်များ၊ အသက်ရှူလမ်းကြောင်း ကြွက်သားများနှင့် သွေးကြောများ) တွင်ရှိသည်။ ထို့ကြောင့် ဓာတ်မတည့်မှု ဖြစ်ပေါ်ချိန်တွင် ခန္ဓာကိုယ်ရှိ အမျိုးမျိုးသောဆဲလ်များမှ ဟစ်စ်တမင်း ထွက်လာပြီး၊ သက်ဆိုင်ရာ H1 လက်ခံဓာတ်ပြုနေရာများသို့ ရောက်ရှိကာ သွေးကြောများ ကျယ်ခြင်း၊ သွေးကြောနံရံဘေးရှိ တစ်ရှူးများတွင် အရည်စုပုံခြင်း၊ တစ်ရှူးများ ရောင်ရမ်းခြင်း၊ အသက်ရှူလမ်းကြောင်း ကြွက်သားများ ကျဥ်းခြင်းစသည့် ခန္ဓာကိုယ်ပြောင်းလဲမှုများကို ဖြစ်ပေါ်စေသည်။

အထက်ပါ ခန္ဓာကိုယ်ပြောင်းလဲမှုများကြောင့် နှာချေခြင်း၊ နှာမွန်ခြင်း၊ နှာရည်ယိုခြင်း၊ မျက်လုံးယားခြင်း၊ မျက်ရည်ကျခြင်း၊ အရေပြားတွင် အင်ပျဥ်နှင့် အဖုအပိမ့်များထွက်ခြင်း၊ အရေပြားရောင်ရမ်းခြင်းစသည့် မပြင်းထန်သော ဓာတ်မတည့်တုံ့ပြန်မှု လက္ခဏာများကို ဖြစ်ပေါ်စေသည်။ ထို့အပြင် တစ်ခါတစ်ရံ ဆက်တိုက်ချောင်းဆိုးခြင်း၊ ရင်ကျပ်ခြင်း၊ အသက်ရှူရခက်ခြင်း၊ ခြေလက်များ အေးစက်ခြင်း၊ ဖြူဖျော့သွားခြင်း၊ သွေးပေါင်ကျခြင်းနှင့် သတိလစ်ခြင်းစသည့် ပြင်းထန်ဓာတ်မတည့်တုံ့ပြန်မှု လက္ခဏာများလည်း ဖြစ်ပေါ်တတ်သည်။

ထို့ကြောင့် H1 ဟစ်စ်တမင်းဆန့်ကျင်ဆေးများကို အထက်ပါလက္ခဏာများကို ကုသရာတွင် အသုံးပြုသည်။ သုံးစွဲရန်လိုအပ်သော ရောဂါအခြေအနေများမှာ_

  • နှာခေါင်းပန်းနာရောဂါ (Allergic rhinitis)
  • ထိပ်ကပ်နာ (Sinusitis)
  • အအေးမိတုပ်ကွေး ရောဂါ (Common cold)
  • အင်ပျဥ်ထခြင်း၊ အရေပြား အဖုအပိမ့်ထွက်ခြင်း၊ ယားယံခြင်း
  • အရေပြားရောင်ရမ်းခြင်း၊ ယားယံခြင်း
  • ဆေးနှင့် ဓာတ်မတည့်ခြင်း
  • အင်းဆက်ပိုးမွှားကိုက်ခြင်း
  • အစားအစာနှင့် ဓာတ်မတည့်ခြင်း
  • နှာစေး၊ နှာမွှန်ခြင်း၊ နှာရည်ယိုခြင်း
  • မျက်လုံးယား မျက်ရည်ကျခြင်း
  • ပြင်းထန်ဓာတ်မတည့်ခြင်း (adrenaline ဆေးနှင့် ပေါင်းစပ်၍) စသည်တို့ဖြစ်သည်။

H1 ဟစ်စ်တမင်းဆန့်ကျင်ဆေးများကို ဓာတ်မတည့်တုံ့ပြန်မှုအခြေအနေများ ကုသခြင်းအပြင် အောက်ပါရောဂါများ ကုသရာတွင် အသုံးပြုသည်။

  • လှုပ်ရှားစဥ် ခေါင်းမူးခြင်း (ကားမူးခြင်း၊ လေယာဥ်မူးခြင်း၊ သင်္ဘောမူးခြင်း)
  • အိပ်မပျော်‌ခြင်း

H1 ဟစ်စ်တမင်းဆန့်ကျင်ဆေးများတွင် မျိုးဆက် (၂) ခုပါဝင်သည်။

  1. ပထမမျိုးဆက် H1 ဟစ်စ်တမင်းဆန့်ကျင်ဆေးများ (First generation antihistamine)
    ဥပမာ
    • Chlorpheniramine (ဥပမာ ဘာမီတွန်)
    • Dimenhydrinate
    • Diaphenhydramine
    • Cinnarizine
  2. ဒုတိယမျိုးဆက် H1 ဟစ်စ်တမင်းဆန့်ကျင်ဆေးများ (Second generation antihistamine)
    ဥပမာ
    • Cetirizine
    • Levocetirine
    • Loratidine
    • Fexofenadine
    • Desloratidine

ပထမမျိုးဆက် H1 ဟစ်စ်တမင်းဆန့်ကျင်ဆေးများသည် သွေးဦးနှောက်ခြားအလွှာပါး (blood brain barrier) ကို ဖြတ်သန်းရောက်ရှိနိုင်သောကြောင့် ဒုတိယမျိုးဆက်ထက် နောက်ဆက်တွဲဆိုးကျိုးများကို အနည်းငယ်ပို၍ တွေ့ရှိရတတ်သည်။ ထို့ကြောင့် ဆေးသောက်ပြီးပါက မှိန်းခြင်း၊ အိပ်ငိုက်ခြင်းကို ပို၍ဖြစ်စေသည်။ ဒုတိယမျိုးဆက် H1 ဟစ်စ်တမင်းဆန့်ကျင်ဆေးများတွင်မူ အဆိုပါ နောက်ဆက်တွဲဆိုးကျိုးဖြစ်ပေါ်မှု နည်းပါးသည်။ သို့ဖြစ်၍ လက်ရှိတွင် ဒုတိယမျိုးဆက်ဆေးများကို အဓိကအသုံးပြုကြသည်။

H2 ဟစ်စ်တမင်းဆန့်ကျင်ဆေးများ အသုံးပြုရန်လိုအပ်သော အခြေအနေများ

H2 လက်ခံဓာတ်ပြုနေရာသည် အစာအိမ်ဆဲလ်များတွင် အဓိကတည်ရှိပြီး အက်ဆစ်ထွက်ခြင်းကို အားပေးသည်။ ထိုကြောင့် H2 ဟစ်စ်တမင်းဆန့်ကျင်ဆေးများကို အစာအိမ်အက်ဆစ်ထွက်မှု လျော့နည်းစေရန် အသုံးပြုနိုင်သည်။ လက်ရှိတွင် အစာအိမ်အက်ဆစ် နည်းအောင် အဓိကအားဖြင့် Proton pump inhibitors (PPIs) များကို အသုံးပြုနေကြပြီ ဖြစ်သော်လည်း PPIs သုံးစွဲရန်မသင့်သော အခြေအနေများတွင် H2 ဆန့်ကျင်ဆေးများကို သုံးနိုင်သည်။ အသုံးပြုနိုင်သော ရောဂါခြေနေများမှာ_

  • အစာအိမ်နှင့် အူသိမ်ဦးပိုင်းအနာများ
  • အစာအိမ်ရောင်ခြင်း
  • စားချဥ်ပြန်ရောဂါ စသည်တို့ဖြစ်သည်။

အများဆုံး အသုံးပြုသော H2 ဟစ်စ်တမင်းဆန့်ကျင်ဆေးများ
ဥပမာ

  • Famotidine
  • Cimetidine
  • Nizatidine တို့ဖြစ်သည်။
သုံးစွဲရန်မသင့်သော အခြေအနေများ

ဟစ်စ်တမင်းဆန့်ကျင်ဆေးများသည် အချို့သော ရောဂါအခြေအနေများတွင် သောက်သုံးပါက ရှိရင်းစွဲရောဂါကို ပို၍ဆိုးစေသည်။ ထို့ကြောင့် အောက်ပါအခြေအနေများရှိပါက တတ်ကျွမ်းနားလည်သူများနှင့် တိုင်ပင်၍ သောက်သုံးရန်လိုသည်။

  1. ဆီးချိုရောဂါ (Diabetes)
    • အချို့သော Antihistamines များသည် သွေးတွင်းသကြားဓာတ်ကို မတည်မငြိမ်ဖြစ်စေနိုင်သည်
  2. ဆီးကျိတ်ကြီးခြင်း (Benign Prostatic Hyperplasia – BPH)
    • Antihistamines များသည် ဆီးအိမ်လှုပ်ရှားမှုကို ဟန့်တားနိုင်သဖြင့် ဆီးသွားရခက်ခြင်းကို ပိုဆိုးစေနိုင်သည်
  3. အတက်ရောဂါ (Epilepsy)
    • အချို့ဆေးများသည် အတက်ရောဂါ (တက်ခြင်း) ကို လှုံ့ဆော်နိုင်သည်
  4. မျက်စိရေတိမ် (Glaucoma)
    • Antihistamines များသည် မျက်စိအတွင်းဖိအားကို တိုးစေနိုင်သည်

သုံးစွဲနေသော အခြားဆေးဝါးများ (ဥပမာ – စိတ်ငြိမ်ဆေး၊ အိပ်ဆေး) နှင့်လည်း ဓာတ်ပြုခြင်း ဖြစ်ပွါးနိုင်သဖြင့် သတိပြုသုံးစွဲရမည်။

သုံးစွဲပုံနည်းလမ်းများ

ဟစ်စ်တမင်းဆန့်ကျင်ဆေးများ အသုံးပြုနိုင်သော ပုံစံများမှာ_

  • မျိုချနိုင်သော ဆေးလုံး၊ ဆေးတောင့် (Tablet and capsule)
  • ဝါးစားနိုင်သော ဆေးလုံး (Chewable tablet)
  • ဆေးအရည် (Syrup)
  • နှာခေါင်းတွင်း ဖျန်းဆေး (Nasal spray)
  • လိမ်းဆေး ခရင်မ်များ (Lotions, creams and gel)
  • မျက်စဥ်းဆေး (Eye drops)
  • ထိုးဆေး (Injection) တို့ဖြစ်သည်။ ထိုးဆေးကို ဆေးရုံများတွင် အဓိကအသုံးပြုသည်။
နောက်ဆက်တွဲပြဿနာများ

ပထမမျိုးဆက် H1 ဟစ်စ်တမင်းဆန့်ကျင်ဆေးများ၏ နောက်ဆက်တွဲပြဿနာများမှာ_

  • အမြင်ဝါးခြင်း သို့မဟုတ် နှစ်ထပ်မြင်ခြင်း
  • ဝမ်းချုပ်ခြင်း
  • မျက်လုံးခြောက်ခြင်း
  • အာ‌ခေါင်ခြောက်ခြင်း
  • မှိန်းခြင်း သို့မဟုတ် အိပ်ငိုက်ခြင်း
  • ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း
  • သွေးပေါင်ကျခြင်း
  • နှလုံးခုန်မြန်ခြင်း
  • အသက်ရှူလမ်းကြောင်းရှိ အရည်များ ပျစ်သွားခြင်း စသည်တို့ဖြစ်သည်။

ဒုတိယမျိုးဆက် H1 ဟစ်စ်တမင်းဆန့်ကျင်ဆေးများ၏ နောက်ဆက်တွဲပြဿနာများမှာ_

  • ခေါင်းကိုက်ခြင်း
  • ချောင်းဆိုးခြင်း
  • ဗိုက်အောင့်ခြင်း၊ ဗိုက်မအီမသာဖြစ်ခြင်း
  • ပျို့အန်ခြင်း စသည်တို့ဖြစ်သည်။

H2 ဟစ်စ်တမင်းဆန့်ကျင်ဆေးများ၏ နောက်ဆက်တွဲပြဿနာများသည် အဖြစ်နည်းသည်။ တစ်ခါတစ်ရံ

  • ဝမ်းပျက်ခြင်း သို့မဟုတ် ဝမ်းချုပ်ခြင်း
  • ကြွက်သားများ နာကျင်ခြင်း
  • ခေါင်းကိုက်ခြင်း
  • ခေါင်းမူးခြင်းတို့ကို တွေ့ရနိုင်သည်။

ဟစ်စ်တမင်းဆန့်ကျင်ဆေးများသည် ဆေးဆိုင်များတွင် အလွယ်တကူရရှိနိုင်သောကြောင့် မှန်ကန်စွာ အသုံးပြုခြင်းမရှိဘဲ ဆေးအလွန်အကျွံ သောက်သုံးမိခြင်း သို့မဟုတ် အခြားသောဆေးများ (အထူးသဖြင့် အိပ်ဆေးများ၊ စိတ်ငြိမ်ဆေးများ) နှင့်အတူသောက်သုံးမိပါက အဆိပ်သင့်ခြင်းကိုဖြစ်စေနိုင်သည်။ ကလေးငယ်များနှင့် အသက် (၆၅) နှစ်အထက်လူကြီးများတွင် ပို၍ဖြစ်နိုင်သည်။ ဟစ်စ်တမင်းဆန့်ကျင်ဆေး အဆိပ်သင့်ခြင်း၏ ရောဂါလက္ခဏာများမှာ_

  • အလွန်အမင်း မှိန်းခြင်း၊ အိပ်ငိုက်ခြင်း
  • နှစ်ထပ်မြင်ခြင်း၊ အမြင်ဝါးခြင်း
  • တက်ခြင်း
  • နှလုံးခုန်နှုန်းမြန်ခြင်း
  • လှုံ့ဆော်မှုမဲ့ အာရုံမှားများ ခံစားရခြင်း
  • စိတ်တိုခြင်း (ကလေးများတွင် ပိုဖြစ်သည်) တို့ဖြစ်သည်။

ထို့ကြောင့် ဟစ်စ်တမင်းဆန့်ကျင်ဆေး အဆိပ်သင့်ခြင်း၏ ရောဂါလက္ခဏာများ ဖြစ်ပေါ်ပါက အရေးပေါ်အခြေအနေဖြစ်သဖြင့် ဆေးရုံအရေးပေါ်ဌာနများသို့ အမြန်ဆုံးသွားရောက်သင့်သည်။

သတိပြုသင့်သည့်အချက်များ

ဟစ်စ်တမင်းဆန့်ကျင်ဆေးများကို တတ်ကျွမ်းနားလည်သူများနှင့် ကြိုတင်တိုင်ပင်မှု ပြုလုပ်၍ သောက်သုံးရန်နှင့် သတိပြုရမည့်အချက်များကိုလည်း သိရှိရန်လိုသည်။

  • ဆေးပမာဏကို တိုးသောက်ခြင်း သို့မဟုတ် နှစ်ဆတိုးသောက်ခြင်းများ မပြုလုပ်ရ
  • ဆေးညွှန်းပါ အချိန်သတ်မှတ်ချက်ထက် တိုး၍သောက်ခြင်း မပြုလုပ်ရ
  • ဟစ်စ်တမင်းဆန့်ကျင်ဆေး အမျိုးအစားနှစ်မျိုးကို တစ်ကြိမ်တည်း အတူတကွမသောက်ရ (ဆရာဝန်ညွှန်ကြားသည်မှ လွဲ၍)
  • ဆေးစာမပါဘဲ ဝယ်၍ရသော အအေးမိတုပ်ကွေးပျောက်ဆေးများကို အသက် (၄) နှစ်အောက် ကလေးများကို တိုက်ကျွေးခြင်းမပြုရ
  • ဟစ်စ်တမင်းဆန့်ကျင်ဆေး သောက်ထားပါက ယာဥ်မောင်းခြင်း သို့မဟုတ် စက်ယန္တရားများကို မောင်းနှင်ခြင်း မပြုရ (အိပ်ငိုက်တတ်သောကြောင့် အန္တရာယ်ဖြစ်စေနိုင်သည်)
  • ကလေးများနှင့် အသက် (၆၅) နှစ်အထက်လူကြီးများတွင် ဆေးအာနိသင်တုံ့ပြန်မှု လွန်ကဲနိုင်သောကြောင့် ဆရာဝန်နှင့် တိုင်ပင်ပြီးမှ သောက်ရန်လိုသည်
  • ဆေးပုလင်းများကို ကလေးငယ်များ လက်လှမ်းမမီသောနေရာတွင် ထားရန်နှင့် ဆေးပုလင်းကို ဆေးအမျိုးအစားရေးထားရန် အရေးကြီးသည်

References:

  1. Cleveland Clinic. (n.d.). Antihistamines. Retrieved April 4, 2026, from https://my.clevelandclinic.org/health/treatments/antihistamines
  2. Drugs.com. (n.d.). Antihistamines: Drug class information. Retrieved April 4, 2026, from https://www.drugs.com/drug-class/antihistamines.html
  3. National Health Service. (n.d.). Antihistamines. Retrieved April 4, 2026, from https://www.nhs.uk/conditions/antihistamines/
  4. Patient.info. (2022). Antihistamines. Retrieved April 4, 2026, from https://patient.info/allergies-blood-immune/allergies/antihistamines
  5. WebMD. (n.d.). Antihistamines (oral). Retrieved April 4, 2026, from https://www.webmd.com/drugs/2/drug-5113-9012/antihistamine-oral/antihistamines-decongestants-oral/details

Published: 28 April 2025

Last updated: 2 May 2026

Share

26 April 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.