အူရောင်ငန်းဖျား (သို့မဟုတ်) တိုက်ဖွိုက်ရောဂါ (Enteric fever)သည် ဆယ်လ်မွန်နဲလားတိုင်ဖီ (Salmonella typhi)နှင့် ဆယ်လ်မွန်နဲလား ပါရာတိုင်ဖီ (Salmonella paratyphi) ဘက်တီးရီးယားပိုးများကြောင့် ဖြစ်ပွားသည့် ရောဂါဖြစ်သည်။ အူရောင်ရမ်းခြင်းနှင့် ကိုယ်ပူချိန် (၁၀၃ – ၁၀၄) ဒီဂရီ ဖာရင်ဟိုက်အထိ အဖျားကြီးတတ်သောကြောင့် အူရောင်ငန်းဖျားဟု အမည်တပ်ခေါ်ဆိုခြင်းဖြစ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ရောဂါပိုးရှိသောသူမှ စွန့်ထုတ်လိုက်သော မစင်နှင့် ဆီးတို့တွင်ပါလာသည့် ဘက်တီးရီးယားပိုးများနှင့် ထိတွေ့ထားသော မသန့်ရှင်းသည့် အစားအသောက်နှင့် ရေတို့ကို စားသောက်မိခြင်းမှတစ်ဆင့် ကူးစက်နိုင်သည်။
- ထိုမစင်အညစ်အကြေးများနှင့် ထိတွေ့ထားသော ယင်ကောင်၊ ပိုးဟပ် အစရှိသောအင်းဆက်များ နားထားသည့် အစားအသောက်များကို စားမိခြင်း
- ကျက်အောင် ကောင်းမွန်စွာမချက်ထားသော အစားအစာများနှင့် သစ်သီးများကို အခွံမခွာ၊ ရေမဆေးဘဲ စားခြင်း
- ရေနှင့် နွားနို့တို့ကို မကျိုချက်ဘဲ သောက်ခြင်း
- အိမ်သာတက်ပြီး လက်ကို စင်ကြယ်စွာမဆေးခြင်းတို့ကြောင့် ကူးစက်နိုင်သည်။
အဆိုပါ မသန့်ရှင်းသော အစားအသောက်များမှတစ်ဆင့် ဘက်တီးရိးယားပိုးများသည် ခန္ဓာကိုယ်သွေးကြောများတွင် ပွါးများလာပြီး အူလမ်းကြောင်းအတွင်းရောက်ရှိကာ ရောဂါလက္ခဏာများ ဖြစ်ပေါ် လာသည်။ အူရောင်ငန်းဖျားရောဂါမှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်သူများနှင့် ထိုနိုင်ငံများသို့သွားရောက် လည်ပတ်သူများတွင် အဖြစ်များသည်။
အူရောင်ငန်းဖျားရောဂါသည် ပဋိဇီဝပိုးသတ်ဆေးများဖြင့် ကောင်းစွာကုသမှုခံယူပြီး ရောဂါလက္ခဏာများ သက်သာပျောက်ကင်းသွားသော်လည်း ဘက်တီးရီးယားပိုးများ ခန္ဓာကိုယ်အတွင်းတွင် ဆက်လက်ကျန်ရှိနေနိုင်သည်။ ထိုသို့ ဆက်လက်ကျန်ရှိနေသူများကို ရောဂါပိုးသယ်ဆောင်သူ (chronic carrier) ဟုခေါ်သည်။ ထိုသူများ၏ မစင်များမှတစ်ဆင့်လည်း အခြားသူများကို ကူးစက်နိုင်သည်။
ရောဂါလက္ခဏာများ
ရောဂါပိုးကူးစက်ပြီး (၆)ရက် မှ ရက်ပေါင်း (၃၀)အတွင်း အောက်ပါလက္ခဏာများကို စတင်တွေ့ရှိနိုင်သည်။
- ဖျားခြင်း (အစပိုင်းတွင် အဖျားငွေ့ငွေ့ မှ တဖြည်းဖြည်း အဖျားကြီးလာခြင်း)
- ချမ်းစိမ့်စိမ့်ဖြစ်ခြင်း
- ခေါင်းကိုက်ခြင်း
- အစားအသောက်ပျက်ခြင်း
- နုံးခြင်း
- ချောင်းဆိုးခြင်း
- ကြွက်သားများနာကျင်ခြင်း
- ဝမ်းချုပ်ခြင်း (သို့မဟုတ်) ၀မ်းလျှောခြင်း
- ရင်ဘတ်နှင့်၀မ်းဗိုက်တွင် အနီစက်များထွက်ခြင်း
ထိုလက္ခဏာများ စတင်ဖြစ်ပေါ်၍ တစ်ပတ်ကြာပြီးနောက်တွင်
- ဗိုက်တစ်ပြင်လုံးနာခြင်း
- ပျို့အန်ခြင်း
- မျက်လုံးဝါ၊ အသားဝါခြင်းတို့ကို ဆက်လက်ခံစားရနိုင်သည်။
နောက်ဆက်တွဲပြဿနာများ
- အူပေါက်ခြင်းနှင့် ထိုမှတစ်ဆင့် တစ်ကိုယ်လုံးသို့ ရောဂါပိုးများပျံ့နှံ့၍ သွေးဆိပ်တက်ခြင်း
- နှလုံးအတွင်းလွှာနှင့် နှလုံးကြွက်သားရောင်ရမ်းခြင်း၊ နှလုံးအဆို့ရှင်များ ရောင်ရမ်းခြင်း
- အဆုတ်အတွင်းပိုးဝင်၍ နမိုးနီးယားအဆုတ်ရောင်ခြင်း
- ဦးနှောက်ရောင်ခြင်း
- ကယောင်ကတမ်းဖြစ်ခြင်းတို့ကို ဖြစ်ပေါ် စေနိုင်ပြီး အသက်အန္တရာယ်ရှိသည်အထိ ဆိုးရွားနိုင်သည်။
ဆေးရုံ၊ ဆေးခန်း ပြသရန်
အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ မိသားစုဆရာဝန်မှ သင့်တော်သော ပဋိဇီဝပိုးသတ်ဆေးများပေး၍ ကုသပေးနိုင်ပြီး လိုအပ်ပါက သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
လူနာ၏ ရောဂါရာဇဝင်ကို သေချာစွာမေးမြန်းပြီး လူနာအား စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်ရသည်။ ဆယ်လ်မွန်နဲလား ဘက်တီးရီးယားပိုး၀င်ကြောင်း သိရှိနိုင်ရန် လိုအပ်သော သွေး၊ ဝမ်း စစ်ဆေးခြင်း၊ ပိုးမွေးခြင်းတို့ ပြုလုပ်နိုင်သည်။ လိုအပ်ပါက အခြားသောသွေးစစ်ချက်များ ထပ်မံစစ်ဆေးခြင်း၊ ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း၊ ၀မ်းဗိုက်ကို ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်းတို့ကို ဆက်လက်ပြုလုပ်ရသည်။
ကုသခြင်း
- အရည်များများသောက်ပါ။
- အူများရောင်ရမ်းနေသည်ဖြစ်၍ ပျော့ပြောင်းသော အစာစားသုံးခြင်းက ပို၍သင့်လျော်သည်။
- ပဋိဇီဝပိုးသတ်ဆေးများကို ဆရာ၀န်ညွှန်ကြားသည့်အတိုင်း ဆေးပတ်လည်အောင် သောက်ရန် အရေးကြီးသည်။ ဆေးသောက်ပြီးနောက် ရက်အနည်းငယ်အကြာတွင် စတင်သက်သာလာပြီး တစ်ပတ်မှ ဆယ်ရက်အကြာတွင် လက္ခဏာအများစု သက်သာလာနိုင်သည်။
- ရောဂါလက္ခဏာ ပြင်းထန်ပြီး နောက်ဆက်တွဲ ပြဿနာများရှိပါက ဆေးရုံတက်၍ ပဋိဇီဝပိုးသတ်ဆေး ထိုးဆေးများဖြင့် ကုသရန် လိုအပ်နိုင်သည်။
ကာကွယ်ခြင်း
- ကာကွယ်ဆေးထိုးခြင်း
- အူရောင်ငန်းဖျားရောဂါ ကာကွယ်ဆေးကို အသက် (၆) လနှင့်အထက်တွင် စတင်ထိုးပေးနိုင်ပြီး တစ်ကြိမ်သာထိုးရန် လိုအပ်သည်။ ကာကွယ်ဆေးများသည် ရောဂါကို (၁၀၀) ရာခိုင်နှုန်း မကာကွယ်နိုင်ပါ။
- လက်ဆေးခြင်း
- အစာမစားမီနှင့် အိမ်သာအသုံးပြုပြီးလျှင် လက်ကို ဆပ်ပြာဖြင့် စနစ်တကျ စင်ကြယ်စွာ ဆေးကြောပါ။
- အစားအစာချက်ပြုတ်သူများအနေဖြင့် အစားအစာများမကိုင်ခင် လက်ကို ဆပ်ပြာဖြင့် စနစ်တကျ သေချာစွာ ဆေးကြောပါ
- ဆပ်ပြာနှင့်ရေ အလွယ်တကူမရနိုင်သောနေရာများတွင် အရက်ပြန်ပါသော လက်သန့်ဆေးရည်ဖြင့် ဆေးနိုင်သည်။
- အစားအသောက်
- သန့်ရှင်းသော အစားအစာနှင့် သောက်ရေသန့်ကိုသာ သောက်သုံးပါ။
- အစားအစာများကို လတ်လတ်ဆတ်ဆတ် ပူပူနွေးနွေး စားသုံးခြင်းဖြင့် ရောဂါပိုး၀င်ခြင်းမှ ကာကွယ်နိုင်သည်။
References:
- Typhoid fever – Symptoms & causes – Mayo Clinic. (2023). Mayo Clinic. Retrieved May 20, 2024, from https://www.mayoclinic.org/diseases-conditions/typhoid-fever/symptoms-causes/syc-20378661
- Typhoid fever – Diagnosis & treatment – Mayo Clinic. (2023). Mayo Clinic. Retrieved May 20, 2024, from https://www.mayoclinic.org/diseases-conditions/typhoid-fever/diagnosis-treatment/drc-20378665
- Typhoid Fever. (2024). Cleveland Clinic. Retrieved May 20, 2024, from https://my.clevelandclinic.org/health/diseases/17730-typhoid-fever
Published: 30 August 2024
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.