Post-Traumatic Stress Disorder (PTSD) (ပြင်းထန်စိတ်ဖိစီးမှုဒဏ်သင့်ဝေဒနာ)

Post-Traumatic Stress Disorder (PTSD) (ပြင်းထန်စိတ်ဖိစီးမှုဒဏ်သင့်ဝေဒနာ)

ပြင်းထန်စိတ်ဖိစီးမှုဒဏ်သင့်ဝေဒနာ [Post-Traumatic Stress Disorder (PTSD)] ဆိုသည်မှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်စေသည့် အဖြစ်အပျက်တစ်ခုခုကို ကိုယ်တိုင်ကြုံတွေ့ ခံစားရသည့်အခါ သို့မဟုတ် မြင်တွေ့လိုက်ရသည့်အခါများတွင် ဖြစ်ပေါ်လာတတ်သော စိတ်ကျန်းမာရေး အခြေအနေတစ်ခုဖြစ်သည်။ အဆိုပါအဖြစ်အပျက်သည် အသက်အန္တရာယ် ထိခိုက်နိုင်ခြေရှိသကဲ့သို့၊ ကာယကံရှင်၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားချက်ဆိုင်ရာ၊ ယုံကြည်သက်ဝင်မှုဆိုင်ရာ သုခချမ်းသာမှုများကိုလည်း ကြီးမားသောခြိမ်းခြောက်မှုများ ဖြစ်စေနိုင်သည်။

ပြင်းထန်စိတ်ဖိစီးမှုဒဏ်သင့်ဝေဒနာသည် အသက်အရွယ်၊ ကျား မ မရွေး လူတိုင်းကို ထိခိုက်စေနိုင်သည်။ ကြုံတွေ့ မြင်သိလိုက်ရသည့် အဖြစ်အပျက်နှင့် ဆက်နွှယ်သောအတွေးများသည် ဆိုးဝါးပြင်းထန်ပြီး စိတ်အစဥ်အတွင်းသို့ တွန်းထိုးဝင်ရောက်လာတတ်သည်။ အဆိုပါအတွေးများသည် အဖြစ်အပျက်များဖြစ်ပွါးပြီးနောက် ကာလကြာမြင့်စွာ ဆက်လက်ဖြစ်ပေါ်နေတတ်သည်။

ပြင်းထန်စိတ်ဖိစီးမှုဒဏ်သင့်ဝေဒနာတွင်_

  • စိုးရိမ်စိတ်လွန်ကဲခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ကိုယ့်ကိုယ်ကို အပြစ်ရှိသကဲ့သို့ခံစားရခြင်း၊ ရှက်ရွံ့ခြင်း
  • ကြုံတွေ့ မြင်သိလိုက်ရသည့်အဖြစ်အပျက်များကို ပြန်လည်မြင်ယောင်ခံစားရခြင်း၊ အိပ်မက်ဆိုးများ မက်ခြင်း
  • စိတ်ဒဏ်ရာသင့်စေခဲ့သည့် အဖြစ်အပျက်များနှင့် ဆက်နွှယ်သည့် အခြေအနေ၊ နေရာဒေသ၊ လုပ်ဆောင်ချက်များကို ရှောင်ကြဉ်တတ်ခြင်း စသည့် စိတ်ဖိစီးမှုကိုတုံ့ပြန်သည့်လက္ခဏာများ တွေ့ရတတ်သည်။

အဆိုပါလက္ခဏာများကြောင့် ဖိစီးမှုများဖြစ်စေနိုင်သကဲ့သို့ နိစ္စဓူဝလုပ်ဆောင်မှုများကိုလည်း ထိခိုက်စေနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်း

စိတ်ဒဏ်ရာသင့်စေသည့်အဖြစ်အပျက် [Traumatic event] ဆိုသည်မှာ လူတစ်ယောက်၏ ရှင်သန်ရပ်တည်မှု သို့မဟုတ် လုံခြုံမှုကို ဆိုးဝါးစွာခြိမ်းခြောက်သည့် အခြေအနေများကို ဆိုလိုသည်။ အဆိုပါအခြေအနေသည် တစ်ကြိမ်တစ်ခါတည်း ဖြစ်ပေါ်သည့်အခြေအနေ ဖြစ်နိုင်သကဲ့သို့ စစ်မက်၊ ဘေးအန္တရာယ်၊ အမြဲလိုလို ညှဉ်းပန်းနှိပ်စက်ခံရမှု စသည့်အခြေအနေများ ကာလတာရှည် ကြုံတွေ့ရသည့် အခြေအနေမျိုးများလည်း ဖြစ်နိုင်သည်။

စိတ်ဒဏ်ရာသင့်စေသည့် အချို့သောအဖြစ်အပျက်များမှာ_

  • ယာဉ်တိုက်မှုကဲ့သို့ ဆိုးဝါးသော မတော်တဆထိခိုက်မှုများဖြစ်ခြင်း
  • ဆိုးဝါးပြင်းထန်သော ထိခိုက်ဒဏ်ရာရရှိမှု၊ ရောဂါခံစားရမှုတစ်ခုခု ခံစားရခြင်း
  • စစ်မက်ဖြစ်ပွားခြင်း
  • မုန်တိုင်းတိုက်ခတ်ခြင်း၊ မြေငလျင်လှုပ်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ကျရောက်ခြင်း
  • ကိုယ်ထိလက်ရောက် ညှဉ်းပန်းနှိပ်စက်ခံရခြင်း
  • လိင်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခံရခြင်း
  • နိုင်လိုမင်းထက်ပြုမူခံရခြင်း
  • ချစ်ခင်တွယ်တာရသူတစ်ဦးဦး ရုတ်တရက် ကွယ်လွန်ခြင်း စသည်တို့ဖြစ်သည်။ အခြားသော အခြေအနေများလည်း ရှိနိုင်သည်။

ကာယကံရှင်အနေနှင့် အဆိုပါအဖြစ်အပျက်တစ်ခုခုကို တိုက်ရိုက်ကြုံတွေ့ရခြင်း၊ မြင်တွေ့ရခြင်း၊ မိမိချစ်ခင်တွယ်တာရသူတစ်ဦးဦး ကြုံတွေ့ရသည်ကို သိရှိရခြင်း စသည့်အခြေအနေများတွင် ပြင်းထန်စိတ်ဖိစီးမှုဒဏ်သင့်ဝေဒနာ ခံစားလာရနိုင်ခြေရှိသည်။

အဆိုပါဝေဒနာခံစားရသူများတွင်

  • Gama-Amino Butyric Acid (GABA)၊ Glutamate၊ Serotonin စသည့် ဦးနှောက်အတွင်းရှိ ဓာတုပစ္စည်းများ လုပ်ဆောင်မှုပြောင်းလဲခြင်း
  • Cortisol ဟော်မုန်း၊ Corticotropin-releasing Factor ပမာဏများ အပြောင်းအလဲဖြစ်ခြင်း
  • ဦးနှောက်အတွင်း အချို့သောနေရာများနှင့် လုပ်ဆောင်ချက်များ အပြောင်းအလဲဖြစ်ခြင်း စသည့်အခြေအနေများ တွေ့ရတတ်သည်။

စိတ်ဒဏ်ရာသင့်စေသည့် အဖြစ်အပျက်များ ကြုံတွေ့ရသော်လည်း လူအများစုမှာ ပြင်းထန်စိတ်ဖိစီးမှုဒဏ်သင့်ဝေဒနာ မဖြစ်ပေါ်ကြပါ။ မည်သူတို့တွင် ပြင်းထန်စိတ်ဖိစီးမှုဒဏ်သင့်ဝေဒနာ ဖြစ်ပေါ်လာမည်ဆိုသည်ကို ကြိုတင်ခန့်မှန်းနိုင်သည့် နည်းလမ်းမရှိပါ။ သို့သော်လည်း_

  • စိတ်ဒဏ်ရာသင့်စေသည့် အချို့သောအဖြစ်အပျက်များ (ဥပမာ _ စစ်မက်ဖြစ်ပွါးခြင်း၊ လိင်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခံရခြင်း)
  • ဖြစ်စဉ်များ တာရှည်ခံစားရခြင်း၊ ထပ်တလဲလဲခံစားရခြင်း
  • ကလေးဘဝအတွင်း စိတ်ဒဏ်ရာရခြင်း
  • စိတ်ဒဏ်ရာသင့်စေသည့် အဖြစ်အပျက် ကြုံတွေ့ရသည့်အခါတွင် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာများပါ ရရှိခြင်း
  • ဖြစ်စဉ်ဖြစ်ပွါးသည့်အခါက အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့သွားခြင်း၊ ကူရာကယ်ရာမဲ့သကဲ့သို့ ခံစားရခြင်း
  • ဖြစ်စဉ်များဖြစ်ပွါးပြီးနောက် လူမှုကူညီထောက်ပံ့ပေးမှုများ မရှိခြင်း
  • စိတ်ဒဏ်ရာသင့်စေသည့် အဖြစ်အပျက်များနှင့် ကြုံတွေ့ရနိုင်ခြေများသည့် အလုပ်အကိုင်များ (ဥပမာ _ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ) လုပ်ကိုင်ရခြင်း
  • စိတ်ကျန်းမာရေးအခြေအနေ၊ အရက်၊ မူးယစ်ဆေးနှင့် စိတ်ကို ပြောင်းလဲစေနိုင်သည့်ဆေးများ သုံးစွဲသည့် အခြေအနေတစ်ခုခုရှိခြင်း စသောအနေအထားမျိုးများတွင် ၄င်းဝေဒနာ ဖြစ်လာနိုင်ခြေအန္တရာယ် မြင့်မားတတ်သည်။
ရောဂါလက္ခဏာများ

ကာယကံရှင်အနေနှင့် ရောဂါလက္ခဏာများ တစ်လထက် ကျော်လွန်ခံစားနေရခြင်း၊ နိစ္စဓူဝလုပ်ငန်းများ လုပ်ဆောင်ရာတွင် သိသိသာသာ ဖိစီးမှု၊ ထိခိုက်မှုများရှိခြင်း စသည့်အခြေအနေများရှိမှသာ ပြင်းထန်စိတ်ဖိစီးမှုဒဏ်သင့်ဝေဒနာဟု ရောဂါအမည် သတ်မှတ်သည်။

ပြင်းထန်စိတ်ဖိစီးမှုဒဏ်သင့်ဝေဒနာ၏ ရောဂါလက္ခဏာများတွင်_

  • အတွေးများ တွန်းထိုးဝင်ရောက်လာခြင်း (Intrusion)
  • ရှောင်ဖယ်တတ်ခြင်း (Avoidance)
  • အတွေးအခေါ် နှင့် စိတ်ခံစားမှု ပြောင်းလဲလာခြင်း (Changes in thinking and mood)
  • နိုးကြားမှု၊ တုံ့ပြန်မှုအခြေအနေများ ပြောင်းလဲလာခြင်း (Changes in arousal and reactivity) စသည့်လက္ခဏာစု (၄) ခုရှိသည်။

အတွေးများ တွန်းထိုးဝင်ရောက်လာခြင်း လက္ခဏာစုတွင်_

  • မတွေးလိုသော၊ မလိုလားအပ်သော အတွေးများ၊ အမှတ်ရစရာများ ထပ်တလဲလဲ ဝင်ရောက်လာခြင်း
  • အိပ်မက်ဆိုးများမက်ခြင်း
  • စိတ်ဒဏ်ရာသင့်စေသည့် အဖြစ်အပျက်ကို အမှန်တကယ် ပြန်လည်တွေ့ကြုံရသကဲ့သို့ ထင်ထင်ရှားရှား ပြန်လည်မြင်‌ယောင်ခံစားရခြင်း စသည့်လက္ခဏာများ ပါဝင်သည်။

ရှောင်ဖယ်တတ်ခြင်းလက္ခဏာစုတွင်_

  • စိတ်ဒဏ်ရာသင့်စေသည့် အဖြစ်အပျက်ကို ပြန်လည်သတိရစေသည့် အခြေအနေများ (ဥပမာ _ နေရာများ၊ လူများ၊ လုပ်ဆောင်မှုများ၊ ပစ္စည်းများ) ကို ရှောင်ဖယ်တတ်ခြင်း
  • စိတ်ဒဏ်ရာသင့်စေသည့် အဖြစ်အပျက်ကို ပြန်လည်မစဉ်းစားမိစေရန်၊ ပြန်လည်သတိမရမိစေရန် ရှောင်ဖယ်ခြင်း
  • စိတ်ဒဏ်ရာသင့်စေသည့်အဖြစ်အပျက်များ မည်သို့ဖြစ်ပျက်ခဲ့သည်၊ မည်သို့ခံစားခဲ့ရသည်တို့ကို မပြောဆိုလိုဘဲ ရှောင်ဖယ်ခြင်း စသည့်လက္ခဏာများ ပါဝင်သည်။

အတွေးအခေါ် နှင့် စိတ်ခံစားမှု ပြောင်းလဲလာခြင်း လက္ခဏာစုတွင်_

  • ကြောက်ရွံ့ခြင်း၊ ထိတ်လန့်ခြင်း၊ ဒေါသထွက်ခြင်း၊ ကိုယ့်ကိုယ်ကို အပြစ်ရှိသလို ခံစားရခြင်း၊ ရှက်ရွံ့ခြင်းစသည်တို့ ဆက်လက်ခံစားနေရတတ်ခြင်း
  • ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်နှင့် သက်ဆိုင်သည့် အရေးပါသော အစိတ်အပိုင်းများကို မေ့လျော့သလို ဖြစ်ခြင်း
  • ကိုယ့်ကိုယ်ကို သို့မဟုတ် အခြားသူများအပေါ်တွင် အဆိုးမြင်သော၊ လွဲမှားသောအတွေးများ၊ ခံစားချက်များ ဆက်လက်ခံစားနေရတတ်ခြင်း
  • ကြုံတွေ့ခဲ့ရသည့်အဖြစ်အပျက်၏ အကြောင်းရင်း၊ အကျိုးဆက်များနှင့် စပ်လျဉ်းပြီး လွဲမှားသည့် အတွေးများကြောင့် ကိုယ့်ကိုယ်ကို သို့မဟုတ် အခြားသူများအပေါ်တွင် မတရား အပြစ်တင်တတ်ခြင်း
  • အခြားသောသူများနှင့် အဆက်ပြတ်ကင်းကွာသလို ခံစားရခြင်း
  • ယခင်ကပျော်ရွှင်ဖွယ်ဖြစ်ခဲ့သည့် လုပ်ဆောင်မှုများနှင့် စပ်လျဉ်းပြီး ပျော်ရွှင်မှု နောက်ထပ်မရတော့ခြင်း
  • အပြုသဘောဆောင်သော၊ ကောင်းမွန်သော ခံစားချက်များ မခံစားရနိုင်တော့ခြင်း စသည့်လက္ခဏာများ ပါဝင်သည်။

နိုးကြားမှု၊ တုံ့ပြန်မှုအခြေအနေများ ပြောင်းလဲလာခြင်း လက္ခဏာစုတွင်_

  • စိတ်တိုစိတ်ဆတ်လွယ်ခြင်း၊ ဒေါသပေါက်ကွဲခြင်း
  • မဆင်မခြင်ရမ်းကားသော၊ ကိုယ့်ကိုယ်ကို ဖျက်ဆီးလိုသော အပြုအမူများ ပြုလုပ်လာခြင်း
  • ပတ်ဝန်းကျင်အခြေအနေကို အလွန်အမင်း သတိကြီးစွာစောင့်ကြည့်နေတတ်ခြင်း
  • အလွယ်တကူ ထိတ်လန့်တတ်ခြင်း
  • အာရုံစူးစိုက်ရန်၊ အိပ်စက်ရန် အခက်အခဲရှိခြင်း၊ စသည့် လက္ခဏာများ ပါဝင်သည်။

စိတ်ဒဏ်ရာသင့်စေသည့် အဖြစ်အပျက်များ ကာလတာရှည် ရင်ဆိုင်ကြုံတွေ့နေရခြင်း၊ ပြင်းထန်စိတ်ဖိစီးမှုဒဏ်သင့်ဝေဒနာ လက္ခဏာများ ကာလတာရှည်ခံစားရခြင်း စသည်တို့ရှိပါက အဆိုပါအနေအထားကို အခြေအနေရှုပ်ထွေးသော ပြင်းထန်စိတ်ဖိစီးမှုဒဏ်သင့်ဝေဒနာ [Complex PTSD (CPTSD)] ဟူ၍လည်း ခေါ်ဆိုကြသည်။

ကလေးသူငယ်များတွင် ပြင်းထန်စိတ်ဖိစီးမှုဒဏ်သင့်ဝေဒနာ ခံစားရပါက ခံစားချက်များ၊ ကြုံတွေ့ခဲ့ရသော စိတ်ဒဏ်ရာများအကြောင်းကို ထုတ်ဖော်ပြောဆိုရာတွင် အခက်အခဲများ ရှိနေတတ်သည်။ အဆိုပါ ကလေးသူငယ်များတွင် ဂနာမငြိမ်ခြင်း၊ လှုပ်လှုပ်ရွရွဖြစ်ခြင်း၊ အာရုံစူးစိုက်ရန် အခက်အခဲရှိခြင်း၊ စနစ်တကျ နေထိုင်ရန် အခက်အခဲရှိခြင်း စသည့်လက္ခဏာများ တွေ့ရတတ်သည်။

အဆိုပါလက္ခဏာများသည် [Attention Deficit/ Hyperactivity Disorder (ADHD)] လက္ခဏာများနှင့် ရောထွေးလွဲမှားနိုင်သည်ကို အထူးသတိပြုရန် လိုအပ်သည်။

နောက်ဆက်တွဲပြဿနာများ

ပြင်းထန်စိတ်ဖိစီးမှုဒဏ်သင့်ဝေဒနာ ခံစားရသူများတွင်_

  • စိတ်ခံစားချက်ဆိုင်ရာရောဂါများ
  • စိုးရိမ်စိတ်လွန်ကဲသည့်ရောဂါများ
  • အသိမှတ်ဉာဏ်ထိခိုက်ချို့ယွင်းလာသောရောဂါ အပါအဝင် ဦးနှောက်အာရုံကြောဆိုင်ရာရောဂါများ
  • အရက်၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော အခြားဆေးများ သုံးစွဲခြင်းဆိုင်ရာရောဂါ စသည်တို့ ဖြစ်ပေါ်လာတတ်လေ့ရှိသည်။

ထို့အပြင် အချို့သော ရုပ်ပိုင်းဆိုင်ရာရောဂါများ ခံစားလာရခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်း၊ လူနေမှုဘဝထိခိုက်ခြင်း စသည်တို့လည်း ကြုံတွေ့ရတတ်သည်။ အဆိုပါအခြေအနေများသည် ပြင်းထန်စိတ်ဖိစီးမှုဒဏ်သင့် ဝေဒနာလက္ခဏာများကို ပိုမိုဆိုးဝါးလာစေတတ်သည်။

ပြင်းထန်စိတ်ဖိစီးမှုဒဏ်သင့်ဝေဒနာ ခံစားရသူများတွင် ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုသည့် အတွေးများ၊ အားထုတ်မှုများ ဖြစ်လာနိုင်သည့် အန္တရာယ်မြင့်မားတတ်သည်ကိုလည်း သတိပြုရန်လိုအပ်သည်။

Post Traumatic Stress disorder image
ဆေးရုံ၊ ဆေးခန်းပြသရန်

စိတ်ဒဏ်ရာသင့်စေသည့် အဖြစ်အပျက်တစ်ခုခု ခံစားခဲ့ရပြီး စိတ်ခံစားချက်၊ အတွေးများထိခိုက်လာခြင်းတို့ကို သိသိသာသာ ခံစားနေရသည်ဆိုပါက အထွေထွေရောဂါကုဆရာဝန်၊ မိသားစုဆရာဝန်၊ စိတ်ကျန်းမာရေး အထူးကုဆရာဝန် စသည့် တတ်ကျွမ်းနားလည်သူများနှင့် တိုင်ပင်ပြသရန် လိုအပ်သည်။ ကာယကံရှင်အနေနှင့် မိမိ၏လူနေမှုဘဝကို ပြန်လည်ထိန်းသိမ်းနိုင်ရန် အခက်အခဲများရှိနေပါကလည်း ပြသတိုင်ပင်သင့်သည်။ ဆောလျင်စွာ ကုသမှုခံယူခြင်းဖြင့် ရောဂါလက္ခဏာများ ပိုမိုဆိုးဝါးမလာစေရန် ကာကွယ်ပေးနိုင်သည်။

ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုသည့် အတွေးများ၊ အားထုတ်မှုများ ရှိနေပါက အထူးသတိပြုရန်၊ ကုသမှုခံယူရန် လိုအပ်သည်။

ရောဂါရှာဖွေခြင်း

ရောဂါရာဇဝင် သေချာစွာ စစ်ဆေးမေးမြန်းခြင်း၊ ကာယကံရှင်အကြောင်း ပြောပြနိုင်သည့် မိသားစုဝင်၊ မိတ်ဆွေများထံမှ သိလိုချက်များ မေးမြန်းခြင်းတို့ဖြင့် ပြင်းထန်စိတ်ဖိစီးမှုဒဏ်သင့်ဝေဒနာကို ရောဂါဖော်ထုတ်သတ်မှတ်နိုင်သည်။ (တစ်ခါတစ်ရံတွင် ကာယကံရှင်အနေနှင့် စိတ်ဒဏ်ရာသင့်စေသည့် အဖြစ်အပျက်များအကြောင်း ပြောဆိုရန် အခက်အခဲများရှိတတ်သည်။) ခန္ဓာကိုယ်တွင် ထိခိုက်ဒဏ်ရာရရှိထားခြင်း ရှိမရှိ၊ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအခြေအနေ စသည်တို့ကိုလည်း သတိပြုပြီး လိုအပ်သည့် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်သည်။

ကုသခြင်း
စိတ်ပိုင်းဆိုင်ရာကုသလုပ်ဆောင်ပေးချက်များ (Psychological interventions)

တတ်ကျွမ်းနားလည်သူများ၏ စိတ်ပိုင်းဆိုင်ရာ ကုသလုပ်ဆောင်ပေးချက်များသည် အဓိကကျသောကုထုံးများဖြစ်သည်။ ပြင်းထန်စိတ်ဖိစီးမှုဒဏ်သင့်ဝေဒနာနှင့် သက်ဆိုင်သော စိတ်ပိုင်းဆိုင်ရာကုထုံးများတွင်_

  • စိတ်ဒဏ်ရာသင့်စေသည့် အဖြစ်အပျက်များနှင့် ဆက်နွှယ်သည့် အတွေးများ၊ ခံစားချက်များ၊ ယုံကြည်မှတ်ယူထားမှုများကို အသိအမှတ်ပြုပြီး ပြန်လည်ပြုပြင်ပေးသည့်ကုထုံး (Cognitive Processing Therapy)
  • စိတ်ဒဏ်ရာသင့်စေသည့် အဖြစ်အပျက်များနှင့် ဆက်နွှယ်ပြီး ကာယကံရှင်က ရှောင်ဖယ်နေသည့် အမှတ်ရစရာများ၊ ခံစားချက်များ၊ အခြေအနေများနှင့် စပ်လျဉ်း၍ ဖြည်းဖြည်းချင်း ပြန်လည်ချဉ်းကပ်ပြီး ပြုပြင်လာနိုင်စေကာ ခံစားနေရသည့်ရောဂါလက္ခဏာများ လျော့ပါးလာစေသည့်ကုထုံး (Prolonged Exposure Therapy)
  • စိတ်ဒဏ်ရာသင့်စေသည့်အဖြစ်အပျက်နှင့်ဆက်နွှယ်ပြီး အသိအမြင် _ အပြုအမူ ပြောင်းလဲပေးသည့် စိတ်ကုထုံး [Trauma-Focused Cognitive Behavioural Therapy (TF-CBT)]
  • မျက်လုံးလှုပ်ရှားခြင်းနှင့် အာရုံခံစားမှုလျှော့ချခြင်းနှင့် ပြန်လည်ပြုပြင်ပေးခြင်းကုထုံး [Eye Movement Desensitization and Reprocessing (EMDR) Therapy]
  • အစုအဖွဲ့ကုထုံး (Group Therapy) စသည်တို့ ပါဝင်သည်။
ဆေးဝါးများဖြင့် ကုသခြင်း (Pharmacotherapy)

ဝေဒနာပြင်းထန်မှုအခြေအနေ၊ ခံစားနေရသော ရောဂါလက္ခဏာများ စသည့်အချက်များအပေါ် မူတည်ပြီး စိတ်ကျရောဂါကုသဆေးဝါးများ (Antidepressants)၊ စိတ်ငြိမ်ဆေးများ (Anxiolytics) ကို လိုအပ်သလို ပေးရသည်။

ကာကွယ်ခြင်း

စိတ်ဒဏ်ရာသင့်စေသည့် အဖြစ်အပျက်များ ဖြစ်မလာစေရေး ကာကွယ်တားဆီးရန် မလွယ်ကူပါ။ သို့သော်လည်း အဆိုပါအဖြစ်အပျက်တစ်ခုခု ကြုံတွေ့လာရပါက နောက်ဆက်တွဲ ပြင်းထန်စိတ်ဖိစီးမှုဒဏ်သင့်ဝေဒနာ ဖြစ်မလာစေရန် ကာကွယ်ပေးနိုင်သည့် အချို့သော လုပ်ဆောင်ချက်အဆင့်များ (အကာအကွယ်ပေးသည့်အရာများ) ရှိသည်။ အဆိုပါလုပ်ဆောင်ချက်များတွင်_

  • စိတ်ဒဏ်ရာသင့်စေသည့် အဖြစ်အပျက် ကြုံတွေ့ရပြီးနောက် မိတ်ဆွေ၊ သူငယ်ချင်း၊ မိသားစုဝင်များထံမှ ကူညီပံ့ပိုးမှု ရယူခြင်း (ထိုသို့လုပ်ဆောင်ခြင်းဖြင့် လုံခြုံမှုခံစားချက် ရရှိလာစေနိုင်သည်)
  • စိတ်ဒဏ်ရာသင့်စေသည့် အဖြစ်အပျက်ကြုံတွေ့ရပြီးနောက် ကူညီပံ့ပိုးမှုပေးသည့် အဖွဲ့အစည်းတစ်ခုခုတွင် ပါဝင်လိုက်ခြင်း
  • အန္တရာယ်ကြုံတွေ့ရသည့်အခါ လုပ်ဆောင်သည့် အပြုအမူများနှင့် စပ်လျဉ်းပြီး အပြုသဘောဆောင်သည့် ကောင်းမွန်သောခံစားမှုမျိုး ရရှိစေရန် လေ့လာသင်ယူခြင်း
  • စိတ်ဒဏ်ရာသင့်စေသည့် အဖြစ်အပျက်ကြုံတွေ့ရပြီးနောက် ဆီလျော်ကောင်းမွန်သည့် ရင်ဆိုင်ဖြေရှင်းနည်း တစ်ခုခုရှိခြင်း
  • ကြောက်ရွံ့မှုများ ခံစားနေရသည့်တိုင် ထိရောက်စွာ လုပ်ဆောင်တုံ့ပြန်နိုင်ခြင်း
  • အခြားသူများကို ကူညီပေးခြင်း (အထူးသဖြင့် သဘာဝဘေးအန္တရာယ်ကဲ့သို့ လူအများအပြားကို ထိခိုက်စေသော စိတ်ဒဏ်ရာသင့်စေသည့် အဖြစ်အပျက်မျိုးကြုံတွေ့ရသည့်အခါ အခြားသူများကို ကူညီပေးခြင်း) စသည်တို့ ပါဝင်သည်
  • နိစ္စဓူဝလုပ်ဆောင်ဖွယ်ရာများကို တတ်နိုင်သမျှ ဆက်လက်လုပ်ဆောင်ခြင်း
  • အရက်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ သုံးစွဲမှုကို လျှော့ချ ရှောင်ကြဉ်ခြင်း
  • စိတ်ဖိစီးမှုများကို ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းများကို လေ့လာ၍ လေ့ကျင့်လုပ်ဆောင်ခြင်း စသည်တို့ ပါဝင်သည်။

References:

  1. Centers for Disease Control and Prevention. (n.d.). Post-traumatic stress disorder (PTSD). Retrieved April 26, 2026, from https://www.who.int/news-room/fact-sheets/detail/post-traumatic-stress-disorder
  2. Cleveland Clinic. (2026). Post-traumatic stress disorder (PTSD). Retrieved April 26, 2026, from https://my.clevelandclinic.org/health/diseases/9545-post-traumatic-stress-disorder-ptsd
  3. Mayo Clinic. (2024). Post-traumatic stress disorder (PTSD): Symptoms and causes. Retrieved April 26, 2026, from https://www.mayoclinic.org/diseases-conditions/post-traumatic-stress-disorder/symptoms-causes/syc-20355967
  4. WebMD. (2024). Post-traumatic stress disorder (PTSD). Retrieved April 26, 2026, from https://www.webmd.com/mental-health/post-traumatic-stress-disorder

Published: 28 April 2025

Last updated: 8 May 2026

Share

26 April 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.