Melioidosis (မယ်လီယွိုက်ဒိုးဆစ် ပြင်းထန်ကူးစက်ရောဂါ)

Melioidosis (မယ်လီယွိုက်ဒိုးဆစ် ပြင်းထန်ကူးစက်ရောဂါ)

Melioidosis ဆိုသည်မှာ အပူပိုင်းဒေသများတွင် အဖြစ်များပြီး အသက်အန္တရာယ်ရှိနိုင်သည့် ပြင်းထန် ဘက်တီးရီးယား (Bacteria) ကူးစက်ရောဂါတစ်ခုဖြစ်သည်။ ထိုရောဂါသည် Burkholderia pseudomallei ဟုခေါ်သော ဘက်တီးရီးယားကြောင့် ဖြစ်ပွါးရခြင်းဖြစ်ပြီး အဆိုပါပိုးမွှားများသည် ညစ်ညမ်းသော မြေဆီလွှာနှင့် ရေထဲတွင် အဓိကရှင်သန်နေထိုင်ကြသည်။ လူနှင့် တိရစ္ဆာန်တို့သည် ဘက်တီးရီးယားပိုး ရှိနေသော မြေဆီလွှာ၊ ညစ်ညမ်းသောရေနှင့် လေတို့ကို ထိတွေ့မိခြင်းဖြင့် ရောဂါကူးစက်ခံရသည်။

၁၉၁၁ ခုနှစ်တွင် မြန်မာနိုင်ငံ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဤရောဂါပိုးကို ပထမဆုံး စတင်တွေ့ရှိခဲ့သူ ဒေါက်တာ အဲလ်ဖရက်ဝှစ်မိုး (Dr. Alfred Whitmore) ကို အစွဲပြု၍ Whitmore’s Disease (ဝှစ်မိုးရောဂါ) ဟုလည်း ခေါ်ဆိုကြသည်။

ဤရောဂါသည် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများနှင့် မြောက်ပိုင်းသြစတြေးလျတို့တွင် နှစ်စဉ် လူပေါင်းများစွာကို ရောဂါဖြစ်ပွါးစေလျက်ရှိသည်။ ကပ်ရောဂါအသွင် ဖြစ်ပွါးခြင်းမရှိသော်လည်း လက်ရှိအချိန်၌ ထိုင်း၊ စင်ကာပူ၊ မလေးရှားနှင့် သြစတြေးလျမြောက်ပိုင်း‌‌ဒေသများတွင် အများဆုံးဖြစ်ပွါးလျက်ရှိသည်ကို တွေ့ရသည်။ လက်ရှိ (၂၀၂၆) ခုနှစ်တွင် ဇန်နဝါရီလမှ ဧပြီလအထိ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းဒေသများ၌ ရောဂါဖြစ်ပွါးသူလူနာ (၇၀၀) ကျော်နှင့် သေဆုံးသူ (၂၃) ယောက်အထိ ရှိလာသဖြင့် ထိုင်းနိုင်ငံအစိုးရမှ သတိပြုရမည့်ရောဂါအနေဖြင့် ကြေငြာထားသည်။ ရောဂါလက္ခဏာများသည် တီဘီရောဂါ သို့မဟုတ် အဆုတ်ရောင်ရောဂါ (Pneumonia) တို့နှင့် ဆင်တူတတ်သောကြောင့် ရောဂါရှာဖွေရန် ခက်ခဲတတ်သည်။ သို့ဖြစ်၍ Melioidosis ကို ဆေးပညာအရ “The Great Mimicker” (ပုံမှားရိုက်တတ်သော ရောဂါ) ဟု တင်စားခေါ်ဝေါ်ကြသည်။

Melioidosis ရောဂါသည် စောစီးစွာသိရှိပြီး ထိ‌ရောက်သော စနစ်တကျ ကုသမှုများ မခံယူပါက အသက်သေဆုံးသည်အထိ ပြင်းထန်နိုင်သဖြင့်၊ စိုက်ပျိုးရေးလုပ်ကိုင်သူများ၊ ဆီးချိုရောဂါကဲ့သို့ ရောဂါအခံရှိသူများနှင့် ရွှံ့နွံ၊ မြေဆီလွှာတို့ကို ကိုင်တွယ်လုပ်ကိုင်သူများအနေဖြင့် ထိုရောဂါအကြောင်းကို သေချာစွာ သိရှိနားလည်ထားရန် အလွန်အရေးကြီးသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

Melioidosis ရောဂါကို ဖြစ်စေသော Burkholderia pseudomallei ဘက်တီးရီးယားသည် သဘာဝပတ်ဝန်းကျင်အတွင်းရှိ မြေဆီလွှာ (အထူးသဖြင့် လယ်ယာမြေများ) နှင့် ရေမျက်နှာပြင် (ချောင်း၊ မြောင်း၊ ကန်) တို့တွင် များသောအားဖြင့် သဘာဝအလျောက် ရှင်သန်နေထိုင်သည်။ ထို့ပြင် အာဟာရဓာတ်နည်းပါးသော ပတ်ဝန်းကျင်၊ အက်စစ်ဓာတ်များသော မြေဆီလွှာနှင့် ရေဓာတ်ခန်းခြောက်သော အခြေအနေများတွင်ပင် ကြာရှည်စွာ အသက်ရှင်နိုင်စွမ်းရှိသည်။ မိုးသည်းထန်စွာ ရွာသွန်းချိန်၊ မုန်တိုင်းတိုက်ချိန် သို့မဟုတ် ရေကြီးရေလျှံချိန်များတွင် ဘက်တီးရီးယားပိုးများသည် မြေအောက်လွှာမှ မြေပြင်ပေါ်သို့ ရောက်ရှိလာတတ်သဖြင့် ကူးစက်မှုနှုန်း ပိုမိုမြင့်မားလာလေ့ရှိသည်။

ရောဂါကူးစက်ပုံ

အဓိကအားဖြင့် ပတ်ဝန်းကျင်ရှိ ဘက်တီးရီးယားပါဝင်သော မြေ၊ ရေ၊ လေတို့နှင့် ထိတွေ့ရာမှ ရောဂါကူးစက်ပြီး လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ခြင်းမှာမူ အလွန်ရှားပါးသည်။ ရောဂါကူးစက်ပုံနည်းလမ်း (၃) ခုရှိသည်။

  • အရေပြားမှတစ်ဆင့် ကူးစက်ခြင်း (Inoculation)
    • အများဆုံးကူးစက်စေသော နည်းလမ်းဖြစ်သည်
    • အရေပြားတွင် ရှိနေသော ပွန်းပဲ့နာ၊ ရှနာ သို့မဟုတ် အနာအဆာများအတွင်းသို့ ပိုးရှိသော မြေကြီး သို့မဟုတ် ရေ ဝင်ရောက်ရာမှ ကူးစက်ခြင်းဖြစ်သည်
  • အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်ခြင်း (Inhalation)
    • မုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်ခြင်း သို့မဟုတ် မိုးပြင်းထန်စွာရွာသွန်း၍ လေပြင်းကြမ်းများ တိုက်ခတ်ခြင်းကြောင့် ပိုးပါသော ဖုန်မှုန့်များနှင့် ရေစက်၊ ရေမှုန်များကို ရှူမိရာမှ ကူးစက်ခြင်းဖြစ်သည်
    • ဤနည်းလမ်းဖြင့် ကူးစက်ပါက သာမန်ထက် ပိုမိုပြင်းထန်သော အဆုတ်ရောင်ရောဂါကို ဖြစ်စေနိုင်သည်
  • အစားအစာမှတစ်ဆင့် ကူးစက်ခြင်း (Ingestion)
    • ရောဂါပိုးပါနေသောရေကို မကျိုချက်ဘဲ သောက်သုံးခြင်း သို့မဟုတ် ပိုးရှိသောမြေကြီးဖြင့် ထိတွေ့ထားသည့် မသန့်ရှင်းသော အစားအစာများကို စားသုံးမိခြင်းကြောင့်ဖြစ်သည်
ရောဂါဖြစ်နိုင်ခြေပိုများသူများ

ရောဂါပိုးရှိသော မြေကြီးနှင့် ရေကို ထိတွေ့သူတိုင်း ကူးစက်ခံရနိုင်သော်လည်း အောက်ပါရောဂါအခြေအနေများ ရှိနေသော လူနာများတွင် ရောဂါပိုမိုပြင်းထန်တတ်သည်။

  • ဆီးချိုရောဂါရှိသူများ – အဓိကအရေးအကြီးဆုံး ရောဂါအခံဖြစ်သည်၊ Melioidosis လူနာများ၏ ထက်ဝက်ကျော်သည် ဆီးချိုရောဂါအခံ ရှိသူများ ဖြစ်ကြပြီး ရောဂါပိုမိုပြင်းထန်စွာ ဖြစ်ပွါးတတ်သည်
  • အရက်အလွန်အကျွံ သောက်သုံးသူများ/အသည်းရောဂါရှိသူများ – ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်နှင့် အသည်းလုပ်ဆောင်ချက်ကို ကျဆင်းစေသဖြင့် ရောဂါပိုးတိုက်ထုတ်နိုင်မှုကို ကျဆင်းစေသည်
  • နာတာရှည် ကျောက်ကပ်ရောဂါရှိသူများ – ကျောက်ကပ်မကောင်းသူများတွင် ခန္ဓာကိုယ်၏ ခုခံအားစနစ် အားနည်းသောကြောင့် ရောဂါကူးစက်ခံရလွယ်သည်
  • နာတာရှည် အဆုတ်ရောဂါရှိသူများ – နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါ (COPD)၊ Cystic fibrosis ရောဂါနှင့် တီဘီရောဂါဖြစ်ဖူးသူများတွင် ပိုးဝင်ရောက်ပါက အဆုတ်ရောင်ခြင်း ပိုမိုပြင်းထန်တတ်သည်
  • ကင်ဆာရောဂါနှင့် အခြားကိုယ်ခံအားကျစေသော ရောဂါအခြေအနေများ
  • သာလာဆီးမီးယား သွေးအားနည်းရောဂါ (Thalassemia) – ခန္ဓာကိုယ်အတွင်း သံဓာတ် (Iron) လွန်ကဲစွာ စုပုံမှုသည် ဘက်တီးရီးယားများ အဆမတန် ပွားများမှုကို အားပေးသည်
  • အသက်မွေးဝမ်းကျောင်း အလုပ်အကိုင် – လယ်သမားများ၊ ဥယျာဉ်ခြံလုပ်ကိုင်သူများ၊ ဆောက်လုပ်ရေး အလုပ်သမားများနှင့် စစ်သားများကဲ့သို့ မြေကြီး၊ ရေတို့နှင့် အမြဲထိတွေ့နေရသူများသည် ရောဂါကူးစက်နိုင်ခြေများသည်
  • ရောဂါဖြစ်ပွါးမှုများသော ဒေသများသို့ ခရီးသွားလာခဲ့သူများ
ရောဂါလက္ခဏာများ

ရောဂါလက္ခဏာများသည် ရောဂါပိုး ကိုယ်တွင်းသို့ ဝင်ရောက်ပြီးနောက် (၁) ပတ်မှ (၃) ပတ်အတွင်းတွင် ဖြစ်ပေါ်သည်။ အချို့သူများတွင်မူ ပိုးဝင်ပြီးနောက် လ သို့မဟုတ် နှစ် အနည်းငယ်ကြာမှ ဖြစ်ပေါ်သည်ကို တွေ့ရသည်။ Melioidosis ရောဂါသည် ပိုးဝင်ရောက်သည့် ခန္ဓာကိုယ်၏ အစိတ်အပိုင်းပေါ် မူတည်၍ ရောဂါလက္ခဏာ အမျိုးမျိုး ဖြစ်ပေါ်နိုင်သဖြင့် အခြားရောဂါများနှင့် မှားနိုင်ခြေများသည်။ လူတိုင်းတွင် ရောဂါကူးစက်နိုင်သော်လည်း ကိုယ်ခံအားနည်းသူများ၊ ဆီးချိုရောဂါကဲ့သို့ ရောဂါအခံ ရှိသူများတွင် ရောဂါပြင်းထန်စွာ ဖြစ်ပွါးနိုင်သည်။ လက္ခဏာများကို အဓိကအားဖြင့် အောက်ပါအတိုင်း ခွဲခြားနိုင်သည်။

  • အရေပြားတွင် ပိုးဝင်ခြင်း (Localized Infection)
    • အရေပြားတွင် အနာဖြစ်ခြင်း၊ ပြည်တည်နာဖြစ်ခြင်း၊ နာကျင်ခြင်း၊ ရောင်ရမ်းခြင်းနှင့် ဖျားခြင်း
  • အဆုတ်တွင် ပိုးဝင်ခြင်း (Pulmonary Infection)
    • အဖြစ်အများဆုံးပုံစံဖြစ်သည်
    • ချောင်းဆိုးချွဲပါခြင်း သို့မဟုတ် ချောင်းဆိုးသွေးပါခြင်း၊ အဖျားကြီးခြင်း၊ ရင်ဘတ်အောင့်ခြင်းနှင့် အသက်ရှူရခက်ခဲခြင်းတို့ ဖြစ်ပေါ်၍ တီဘီရောဂါလက္ခဏာများနှင့် အလွန်ဆင်တူတတ်သည်
  • သွေးထဲသို့ ပိုးဝင်ရောက်ခြင်း (Bloodstream Infection)
    • အသက်အန္တရာယ်အရှိဆုံး အခြေအနေဖြစ်သည်
    • ချမ်းတုန်ပြီး ဖျားခြင်း၊ ခေါင်းကိုက်ခြင်းနှင့် အဆစ်အမြစ်များ နာကျင်ခြင်း၊ သွေးပေါင်ချိန်ကျခြင်းနှင့် သတိလစ်ခြင်းများ ဖြစ်ပွါးနိုင်သည်
  • ခန္ဓာကိုယ်အနှံ့ ပိုးပျံ့နှံ့ခြင်း (Disseminated Infection)
    • အသည်း၊ သရက်ရွက်၊ ကျောက်ကပ်နှင့် ဦးနှောက်တို့တွင် ပြည်တည်နာများ ဖြစ်ပေါ်ခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ အစားအသောက်ပျက်ခြင်းနှင့် နာတာရှည်ဖျားခြင်းတို့ ဖြစ်စေသည်
နောက်ဆက်တွဲပြဿနာများ

Melioidosis ရောဂါကို စောစီးစွာ မကုသမိပါက အောက်ပါပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ကြုံတွေ့ရနိုင်သည်။

  • ပိုးဆိပ်ပျံ့နှံ့၍ သွေးပေါင်ကျခြင်း (Septic Shock) – သွေးထဲတွင် ဘက်တီးရီးယားများ အဆမတန် ပွားများလာပြီး သွေးပေါင်ချိန် အလွန်အမင်း ကျဆင်းသွားကာ အချိန်တိုအတွင်း အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေဖြစ်သည်
  • ကိုယ်အင်္ဂါအစိတ်အပိုင်းများ အလုပ်မလုပ်တော့ခြင်း (Multi-organ Failure) – အဆုတ်၊ အသည်းနှင့် ကျောက်ကပ်များ ပုံမှန်လုပ်ငန်း မလုပ်နိုင်တော့ဘဲ ပျက်စီးသွားခြင်း
  • ရောဂါပြန်လည်ဖြစ်ပွါးခြင်း (Relapse) – ဆေးပတ်လည်အောင် မသောက်သုံးခြင်း သို့မဟုတ် ကိုယ်ခန္ဓာတွင်း ပိုးကျန်ရှိနေခြင်းကြောင့် ကုသမှုပြီးနောက်တွင် ရောဂါပြန်လည် ပေါ်ပေါက်လာခြင်း
  • နာတာရှည် အနာများ (Chronic Abscesses) – အရိုး၊ အဆစ်နှင့် ကိုယ်တွင်းအင်္ဂါများတွင် ကုသရန်ခက်ခဲသော နာတာရှည် ပြည်တည်နာများ ဖြစ်ပေါ်ကျန်ရှိခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်

ရောဂါကူးစက်နိုင်ခြေများသည့် အထူးသဖြင့် မိုးရာသီကာလအတွင်း မြေကြီး၊ ရွှံ့ရေ၊ နွံများနှင့် ထိတွေ့မှုရှိသူများ ရောဂါဖြစ်ပွါးသည့်ဒေသများသို့ ခရီးသွားလာခဲ့သူများတွင် အောက်ပါလက္ခဏာများ ဖြစ်ပေါ်လာပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်သင့်သည်။

  • အဖျားမကျခြင်း – အကြောင်းရင်းမရှိဘဲ ပြင်းထန်စွာ ဖျားခြင်း သို့မဟုတ် ချမ်းတုန်ဖျားခြင်း၊ ရက်ရှည် ဖျားပြီး အဖျားမကျခြင်း
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ – မောခြင်း၊ အသက်ရှူရ ခက်ခဲခြင်း၊ ရင်ဘတ်အောင့်ခြင်းနှင့် ပြင်းထန်စွာ ချောင်းဆိုးခြင်း
  • ပျောက်ရန်ခက်ခဲသော အနာများ – အရေပြားတွင် ပေါက်သည့် အနာ သို့မဟုတ် ပြည်တည်နာများမှာ ကုသမှု ခံယူသော်လည်း မသက်သာဘဲ ပိုမိုဆိုးရွားလာခြင်း
  • ကိုယ်တွင်းအင်္ဂါ ရောင်ရမ်းခြင်း – ဗိုက်၏ ညာဘက် သို့မဟုတ် ဘယ်ဘက်အပေါ်ပိုင်း (အသည်းနှင့် ဘေလုံးနေရာ) တွင် နာကျင်ခြင်း၊ အသည်းကြီးခြင်း
  • နုံးချည့်ခြင်း – အားအင်ကုန်ခမ်းခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်းနှင့် အစားအသောက် အလွန်အမင်း ပျက်လာခြင်း
အရေးပေါ်ပြသရန်

အကယ်၍ အောက်ပါလက္ခဏာများ တွေ့ရှိပါက ဆေးရုံ၊ ဆေးခန်းအရေးပေါ်ဌာနသို့ ချက်ချင်းသွားရောက် ကုသသင့်သည်။

  • သတိလစ်ခြင်း သို့မဟုတ် စိတ်ဂယောင်ခြောက်ခြားဖြစ်ခြင်း
  • သွေးပေါင်ချိန် အလွန်အမင်း ကျဆင်းလာခြင်း
  • အောက်ဆီဂျင်ပြတ်လတ်မှုကြောင့် နှုတ်ခမ်းနှင့် လက်သည်းများ ပြာနှမ်းလာခြင်း
  • ဆီးအထွက် အလွန်နည်းသွားခြင်း သို့မဟုတ် ဆီး လုံးဝမထွက်တော့ခြင်း

ဆရာဝန်နှင့် ပြသသည့်အခါ မြေကြီး သို့မဟုတ် ရွှံ့ရေ၊ နွံများနှင့် ထိတွေ့ခဲ့သည့် ရာဇဝင်ရှိပါက (ဥပမာ _ လယ်ကွင်းထဲ အလုပ်လုပ်ကိုင်ခြင်း၊ မိုးရေတောထဲတွင် သွားလာခြင်း၊ ခရီးသွားထားခြင်း) သေချာစွာ ပြောပြရန် အလွန်အရေးကြီးသည်။ ထိုအချက်သည် ဆရာဝန်မှ ရောဂါကို မှန်ကန်မြန်ဆန်စွာ ရှာဖွေနိုင်ရန် အဓိက အထောက်အကူပြုသည်။

ရောဂါရှာဖွေခြင်း

Melioidosis သည် အခြားရောဂါများနှင့် လက္ခဏာချင်း ဆင်တူသဖြင့် ရောဂါအတည်ပြုရန်အတွက် ဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ်ရန် မဖြစ်မနေလိုအပ်သည်။

  • ပိုးမွေးခြင်း (Culture)
    • ရောဂါပိုးမွေးခြင်းသည် ရောဂါအတည်ပြုရန်အတွက် အကောင်းဆုံးနှင့် အတိကျဆုံး စံသတ်မှတ်ထားသည့် နည်းလမ်း (Gold Standard) ဖြစ်သည်
    • လူနာ၏ သွေး၊ ဆီး၊ သလိပ်၊ လည်ချောင်း swab သို့မဟုတ် ပြည်တည်နာမှ ပြည်ကို ယူ၍ Burkholderia pseudomallei ဘက်တီးရီးယား ရှိမရှိ ဓာတ်ခွဲခန်းတွင် ပိုးမွေးစစ်ဆေးခြင်းဖြစ်သည်
    • ထိုသို့စစ်ဆေးရာတွင် ဓာတ်ခွဲခန်းဝန်ထမ်းများ၊ စစ်ဆေးသူများကို ရောဂါကူးစက်မှု မရှိစေရန်အတွက် နမူနာကို စနစ်တကျ လုံခြုံစွာ ထုတ်ပိုးပြီးနောက် အန္တရာယ်အဆင့် မှတ်သားပေးပြီးမှ ဓာတ်ခွဲခန်းသို့ ပို့ဆောင်ပေးရန် လိုအပ်သည်
  • သွေးတွင်း ခုခံအားပဋိပစ္စည်း စစ်ဆေးခြင်း (Serology)
    • သွေးထဲတွင် ရောဂါပိုးကို တိုက်ထုတ်သည့် ပဋိပစ္စည်း (Antibody) ရှိမရှိ စစ်ဆေးခြင်းဖြစ်သည်
    • သို့သော် ရောဂါအဖြစ်များသော ဒေသများတွင် နေထိုင်သူများအတွက် အဖြေရလဒ်မှားနိုင်ခြေ (False positive) ရှိသည်
  • ပုံရိပ်ဖော်စစ်ဆေးခြင်း (Imaging)
    • အဆုတ်ရောင်ခြင်း၊ ပြည်တည်နာများ ဖြစ်ပေါ်ခြင်းကို စစ်ဆေးရန် ရင်ဘတ်ဓာတ်မှန် (Chest X-ray) ရိုက်ခြင်း၊ ကွန်ပျူတာစီတီရိုက်ခြင်း (CT scan)
  • အာထရာဆောင်း (USG) ရိုက်ခြင်း
    • အသည်း၊ သရက်ရွက်နှင့် ကျောက်ကပ်ကဲ့သို့ ကိုယ်တွင်းအင်္ဂါများတွင် ပြည်တည်နာ ရှိမရှိ စစ်ဆေးရန်
ကုသခြင်း

Melioidosis ရောဂါသည် သာမန်ပဋိဇီဝ ပိုးသတ်ဆေးများဖြင့် ပျောက်ကင်းရန် ခက်ခဲသဖြင့် အာနိသင်ပြင်းသော ပဋိဇီဝပိုးသတ်ဆေးများကို ကာလရှည်ကြာစွာ သုံးစွဲ၍ ကုသရန် လိုအပ်သည်။ ကုသမှုကို အဓိကအားဖြင့် အဆင့် (၂) ဆင့် ခွဲခြားထားသည်။

  1. အပြင်းအထန် ကုသသည့်အဆင့် (Intensive Phase)
    • ပြင်းထန်အဆုတ်ရောင်ရောဂါကို ကုသခြင်းဖြစ်သည်
    • အနည်းဆုံး (၂)ပတ် မှ (၈)ပတ်အထိ ရောဂါအခြေအနေပေါ် မူတည်၍ ကြာမြင့်နိုင်သည်
    • ဆေးရုံတွင် ပဋိဇီဝပိုးသတ်ဆေးများကို အကြောဆေး (IV Antibiotics) သွင်းခြင်းဖြင့် ကုသသည်
    • Ceftazidime သို့မဟုတ် Meropenem ကဲ့သို့ ပဋိဇီဝပိုးသတ်ဆေးများကို အဓိကအသုံးပြုသည်
    • အကယ်၍ အဆုတ်ပြင်ပအခြားနေရာများတွင် ပိုးဝင်သည့် လက္ခဏာရှိပါက Trimethoprim- sulfamethoxazole (Co-trimoxazole) ပဋိဇီဝပိုးသတ်ဆေးကို သောက်ဆေးအနေဖြင့် ပေါင်းစပ်ပေးနိုင်သည်
  2. ရောဂါအမြစ်ပြတ်အောင် ကုသသည့်အဆင့် (Eradication Phase)
    • အချိန် (၃)လ မှ (၆)လအထိ ကြာမြင့်နိုင်သည်
    • ပဋိဇီဝပိုးသတ်ဆေးများကို အကြောဆေးသွင်းပြီး ရက်ပြည့်ပါက သောက်ဆေးအနေဖြင့် ဆက်လက်သောက်သုံးရန် လိုအပ်သည်
    • အဓိကအားဖြင့် Trimethoprim-sulfamethoxazole (Co-trimoxazole) ကို သုံးလေ့ရှိသည်၊ ဖောလစ်အက်ဆစ် (Folic acid) နှင့် တွဲ၍ သောက်သုံးရန်လိုအပ်သည်
    • ဆေးမတည့်သူလူနာများတွင် Amoxicillin/clavulanic acid (Co-amoxiclav), Doxycycline တို့ကို သုံးနိုင်သည်
    • ဤအဆင့်သည် အရေးကြီးသောအဆင့်ဖြစ်သည်၊ ရောဂါလက္ခဏာများ သက်သာသွားသဖြင့် ပဋိဇီဝ ပိုးသတ်ဆေးများကို မိမိသဘောဖြင့် ရပ်လိုက်ပြီး သတ်မှတ်ကာလပြည့်အောင် မသောက်ပါက ပိုးအရှင်းမပျောက်ခြင်း (Recrudescence) သို့မဟုတ် ရောဂါပြန်လည်ဖြစ်ပွါးခြင်း (Relapse) တို့ ဖြစ်နိုင်သည်
နောက်ဆက်တွဲကုသမှုများ (Supportive Care)
  • ဆီးချိုရှိသူများတွင် သွေးတွင်းသကြားဓာတ်ကို စနစ်တကျထိန်းညှိခြင်း
  • အသက်ရှူရခက်ခဲသူများအတွက် အောက်ဆီဂျင် ပေးခြင်း
  • ပြည်တည်နာများရှိပါက ခွဲစိတ်၍ ပြည်ဖောက်ထုတ်ခြင်း
ကာကွယ်ခြင်း

Melioidosis ရောဂါပိုးသည် မြေကြီး၊ မြေဆီလွှာနှင့် ရေထုထဲတွင် အမြဲရှိနေနိုင်သဖြင့် ရေထဲတွင် အလုပ်လုပ်ကိုင်ရသူများ၊ မြေကြီးနှင့် အမြဲထိတွေ့နေရသူများသည် အထူးသဖြင့် မိုးရာသီကာလများတွင် ရောဂါမကူးစက်စေရန် အောက်ပါအချက်များကို အလေးထားလိုက်နာသင့်သည်။

  • အကာအကွယ်ပစ္စည်းများ အသုံးပြုပါ – လယ်ယာလုပ်ကိုင်သူများ၊ ဥယျာဉ်ခြံလုပ်ကိုင်သူများနှင့် ရွှံ့နွံထဲ ဆင်းရသူများသည် ရော်ဘာဖိနပ်အရှည် (Boots) နှင့် လက်အိတ်များကို မပျက်မကွက် ဝတ်ဆင်သင့်သည်၊ အထူးသဖြင့် ခြေထောက် သို့မဟုတ် လက်တွင် ထိခိုက်ရှနာရှိပါက မြေကြီးနှင့် ရွှံ့နွံများ၊ ရေများကို တိုက်ရိုက်ထိတွေ့ခြင်းမှ လုံးဝရှောင်ကြဉ်ပါ
  • ဒဏ်ရာများကို စနစ်တကျ ဂရုစိုက်ပါ – မြေကြီး သို့မဟုတ် ရေညစ်များနှင့် ထိတွေ့မိပါက ထိတွေ့မိသော ခန္ဓာကိုယ်အစိတ်အပိုင်းကို ဆပ်ပြာနှင့် ရေစင်အောင် ချက်ချင်းဆေးကြောပါ၊ ပွန်းပဲ့ရှနာများရှိပါက ပဋိဇီဝ ပိုးသတ်ဆေးထည့်၍ ရေစိုခံပတ်တီး (Waterproof bandage) ဖြင့် သေချာစွာ အုပ်ထားပါ
  • သန့်ရှင်းသောရေကိုသာ သုံးစွဲပါ – မိုးရာသီတွင် ရေမျက်နှာပြင်ရှိ ရေများသည် ဘက်တီးရီးယားပိုးမွှား ပိုမိုပါဝင်နိုင်သဖြင့် သောက်သုံးရေကို ဆူပွက်အောင် ကျိုချက်ပြီးမှ သောက်သုံးပါ၊ စမ်းရေ၊ ကန်ရေများကို မကျိုချက်ဘဲသောက်သုံးခြင်းမှ ရှောင်ကြဉ်ပါ
  • မိုးသက်လေပြင်းများကျချိန်တွင် သတိပြုပါ – မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများ တိုက်ခတ်နေချိန်တွင် အပြင်ထွက်ခြင်းကို ရှောင်ကြဉ်ပါ၊ လေထဲတွင် ပါလာနိုင်သော ပိုးမွှားပါသည့် ဖုန်မှုန့်နှင့် ရေမှုန်များကို ရှူမိခြင်းမှ ကာကွယ်ရန်ဖြစ်သည်
  • ကျန်းမာရေးကို ထိန်းသိမ်းရန် – ဆီးချိုရောဂါရှိသူများသည် သွေးတွင်းသကြားဓာတ်ကို ပုံမှန်စစ်ဆေးပြီး ရောဂါကို စနစ်တကျထိန်းသိမ်းပါ၊ ကိုယ်ခံအားကောင်းမွန်ခြင်းသည် ရောဂါပိုးဝင်ရောက်မှုကို ကာကွယ်ပေးနိုင်သည်

References:

  1. Cleveland Clinic. (2022). Melioidosis. Retrieved April 21, 2026, from https://my.clevelandclinic.org/health/diseases/24051-melioidosis
  2. Centers for Disease Control and Prevention. (2025). About melioidosis. Retrieved April 21, 2026, from https://www.cdc.gov/melioidosis/about/index.html
  3. Centers for Disease Control and Prevention. (2025). Clinical overview of melioidosis. Retrieved April 21, 2026, from https://www.cdc.gov/melioidosis/hcp/clinical-overview/index.html
  4. Wiersinga, W. J., Virk, H. S., Torres, A. G., Currie, B. J., Peacock, S. J., Dance, D. A. B., & Limmathurotsakul, D. (2018). Melioidosis. Nature Reviews Disease Primers, 4, 17107. https://pmc.ncbi.nlm.nih.gov/articles/PMC6136617/
  5. Limmathurotsakul, D., Golding, N., Dance, D. A. B., Messina, J. P., Pigott, D. M., Moyes, C. L., et al. (2016). Predicted global distribution of Burkholderia pseudomallei and burden of melioidosis. Nature Microbiology, 1, 15008. https://pmc.ncbi.nlm.nih.gov/articles/PMC6456913/
  6. Centers for Disease Control and Prevention. (2024). Melioidosis in the United States: Epidemiology and risk. Emerging Infectious Diseases, 30(4). https://wwwnc.cdc.gov/eid/article/30/4/23-0693_article
  7. Khaosod English. (2026). Thai govt warns on melioidosis as cases reach 732. Retrieved April 21, 2026, from https://www.khaosodenglish.com/news/2026/04/18/thai-govt-warns-on-melioidosis-as-cases-reach-732/
  8. Communicable Diseases Agency Singapore. (n.d.). Melioidosis. Retrieved April 21, 2026, from https://www.cda.gov.sg/professionals/diseases/melioidosis/

Published: 23 April 2026

Share

23 April 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.