သာလာဆီးမီးယားရောဂါ (Thalassemia) ဆိုသည်မှာ မိဘဘိုးဘွားများမှတစ်ဆင့် သားသမီးများထံသို့ မျိုးရိုးလိုက်သော (Autosomal recessive) မွေးရာပါသွေးအားနည်းရောဂါ အမျိုးအစားတစ်မျိုးဖြစ်သည်။ မိဘနှစ်ဦးစလုံးတွင် မျိုးဗီဇပါရှိမှသာ ကလေးတွင် ရောဂါဖြစ်နိုင်ခြေရှိသည်။ ဤရောဂါသည် ကလေးဘဝကတည်းက စတင်ဖြစ်ပွါးလေ့ရှိပြီး အသက် (၆) လခန့်မှစ၍ ရောဂါလက္ခဏာများ ပေါ်လာနိုင်သည်။
သာလာဆီးမီးယားရောဂါကို ကမ္ဘာတစ်ဝှမ်းတွင် တွေ့ရသော်လည်း အထူးသဖြင့် အောက်ပါဒေသများရှိ လူမျိုးများတွင် ပိုမိုအဖြစ်များသည်။
- မြန်မာအပါအဝင် အာရှနွယ်ဖွားများ
- အာဖရိကဒေသ
- ဥရောပတောင်ပိုင်းဒေသ
- မြေထဲပင်လယ်ဒေသ
- အရှေ့အလယ်ပိုင်းဒေသ
ဥရောပမြောက်ပိုင်းနှင့် အာဖရိကအချို့ဒေသများရှိ လူမျိုးများတွင် ဤရောဂါ အတွေ့ရအလွန်နည်းသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
သာလာဆီးမီးယားရောဂါ အဓိကဖြစ်ပွါးရခြင်းမှာ မိဘများထံမှ မျိုးရိုးလိုက်သော မျိုးဗီဇချို့ယွင်းမှုများကြောင့် သွေးနီဥဆဲလ်များအတွင်းရှိ ဟီမိုဂလိုဘင်ပရိုတင်း၏ အဓိကပါဝင်ပစ္စည်းတစ်ခုဖြစ်သည့် ဂလိုဘင်ချိန်း (Globin chains) များကို ပုံမှန်အတိုင်း မထုတ်လုပ်နိုင်သောကြောင့်ဖြစ်သည်။ ဟီမိုဂလိုဘင်သည် အဆုတ်မှရှူသွင်းလိုက်သော အောက်ဆီဂျင်ကို ခန္ဓာကိုယ်အနှံ့ရှိ အင်္ဂါအစိတ်အပိုင်းများထံ သယ်ယူပို့ဆောင်ပေးသည့် အရေးကြီးလုပ်ငန်းကို ဆောင်ရွက်သည်။ ဂလိုဘင်ချိန်း (Globin chains) များ မရှိပါက သွေးနီဥများနှင့် ဟီမိုဂလိုဘင်၏ လုပ်ငန်းဆောင်တာများ ကျဆင်းလာပြီး သွေးအားနည်းရောဂါ လက္ခဏာများ ပေါ်ပေါက်လာနိုင်သည်။ ထို့ပြင် ကလေးများ၏ ကိုယ်ခန္ဓာကြီးထွားမှု၊ ဉာဏ်ရည်ဖွံ့ဖြိုးမှု၊ အာရုံစူးစိုက်မှုနှင့် သင်ယူလေ့လာမှုစွမ်းရည်များကိုပါ ထိခိုက်စေနိုင်သည်။
သာလာဆီးမီးယားရောဂါ အမျိုးအစားများ
သာလာဆီးမီးယားရောဂါကို ဂလိုဘင်ချိန်း (Globin chains) အမျိုးအစားအလိုက်နှစ်မျိုးခွဲထားပြီး ထိုမှတစ်ဆင့် ပြင်းထန်မှုအဆင့်အလိုက် ထပ်မံခွဲခြားနိုင်သည်။
လူ့ခန္ဓာကိုယ်တွင် ပုံမှန်အားဖြင့် အယ်လ်ဖာ ဂလိုဘင်ချိန်း (Alpha globin chains) နှင့် ဘီတာဂလိုဘင်ချိန်း (Beta globin chains) ဟူ၍ ဂလိုဘင်ချိန်းအမျိုးအစားနှစ်မျိုးရှိသည်။ အယ်လ်ဖာ ဂလိုဘင်ချိန်းထုတ်လုပ်ရန် မျိုးဗီဇ လေးနေရာရှိပြီး ဘီတာ ဂလိုဘင်ချိန်းအတွက် မျိုးဗီဇ နှစ်နေရာရှိသည်။
အယ်လ်ဖာ သာလာဆီးမီးယား (Alpha Thalassemia)
အယ်လ်ဖာ ဂလိုဘင်ချိန်း (α-globin) ထုတ်လုပ်မှု ချို့ယွင်းခြင်းကြောင့်ဖြစ်ပြီး မျိုးဗီဇ (၄) နေရာ ပျက်စီးမှုအပေါ် အခြေခံကာ အမျိုးအစား (၄) မျိုးရှိသည်။
- မျိုးဗီဇတစ်နေရာတည်း၌ ပျက်စီးသော Alpha thalassemia minima – သွေးအားနည်းလက္ခဏာများ မရှိဘဲ ပုံမှန်လူကောင်းတစ်ယောက်ကဲ့သို့ အသက်ရှင်နိုင်သည်
- မျိုးဗီဇနှစ်နေရာ ပျက်စီးသော Alpha thalassemia trait or Alpha thalassemia minor – သွေးအားနည်းလက္ခဏာများ အနည်းငယ်ရှိတတ်သည်၊ မျိုးဗီဇသယ်ဆောင်သူများ (Carrier) ဟုလည်းခေါ်သည်
- မျိုးဗီဇသုံးနေရာ ပျက်စီးသော Hemoglobin H disease – သွေးအားနည်းလက္ခဏာများနှင့် သာလာဆီးမီးယား၏ လက္ခဏာများ ပေါ်လာတတ်သည်၊ မွေးကင်းစအရွယ်မှစ၍ သွေးအားနည်းလက္ခဏာများ ပြတတ်ပြီး နာတာရှည်ပြင်းထန်သွေးအားနည်းရောဂါ ဖြစ်စေနိုင်သည်
- မျိုးဗီဇလေးနေရာလုံး ပျက်စီးသော Hydrops fetalis – အပြင်းထန်ဆုံး အမျိုးအစားဖြစ်ပြီး မွေးဖွားလာသည့်တိုင်အောင် အသက်မရှင်နိုင်ပေ
ဘီတာ သာလာဆီးမီးယား (Beta Thalassemia)
ဘီတာ ဂလိုဘင်ချိန်း (β-globin) ထုတ်လုပ်မှု ချို့ယွင်းခြင်းကြောင့်ဖြစ်ပြီး မျိုးဗီဇ (၂) နေရာပျက်စီးမှုနှင့် ရောဂါပြင်းထန်မှုအပေါ်အခြေခံကာ အမျိုးအစား (၃) မျိုးရှိသည်။
- ဘီတာ သာလာဆီးမီးယား အနုစား (Beta thalassemia trait or Beta thalassemia minor) – မျိုးဗီဇတစ်နေရာတည်း၌ ပျက်စီးသော အမျိုးအစားဖြစ်ပြီး သွေးအားနည်းလက္ခဏာများ အနည်းငယ်ရှိတတ်သည်။ မျိုးဗီဇသယ်ဆောင်သူများ (Carrier) ဟုလည်းခေါ်သည်။
- ဘီတာ သာလာဆီးမီးယား အပြင်းစား (Beta thalassemia major or Cooley’s anemia) – မျိုးဗီဇနှစ်နေရာလုံး ပျက်စီးသော အမျိုးအစားဖြစ်ပြီး ပိုမိုပြင်းထန်လေ့ရှိကာ သာလာဆီးမီးယားလက္ခဏာများ ကလေးအသက် (၆) လခန့်မှစ၍ပင် စောစီးစွာပေါ်လာသည့်အပြင် သွေးပုံမှန်သွင်းရန် လိုအပ်သော အမျိုးအစားဖြစ်သည်
- ဘီတာ သာလာဆီးမီးယား အလတ်စား (Beta thalassemia intermedia) – မျိုးဗီဇနှစ်နေရာလုံး ပျက်စီးသော်လည်း လက္ခဏာများသည် ကလေးအသက် (၂) နှစ်နောက်ပိုင်းမှ ပေါ်လာတတ်ပြီး Beta thalassemia major ကဲ့သို့မပြင်းထန်သော အမျိုးအစားဖြစ်သည်
အထက်ပါကဲ့သို့ အမျိုးအစားခွဲခြားနိုင်သလို သွေးပုံမှန်သွင်းရန် လိုအပ်ခြင်း ရှိမရှိပေါ် မူတည်၍လည်း ခွဲခြားနိုင်သည်။ ဘဝသက်တမ်းတစ်လျှောက်လုံး ပုံမှန်သွေးသွင်းနေရသူများကို “သွေးသွင်းခြင်းကို မှီခိုနေရသော သာလာဆီးမီးယား” (Transfusion dependent thalassaemia-TDT) ဟုခေါ်၍ ရံဖန်ရံခါမှ သွေးသွင်းရန် လိုအပ်သူများ၊ အသက်ကြီးမှ သွေးစသွင်းရသူများကို “သွေးသွင်းခြင်းကို မမှီခိုသော သာလာဆီးမီးယား” (Non-transfusion dependent thalassaemia-NTDT) ဟုခေါ်သည်။
ရောဂါလက္ခဏာများ
သာလာဆီးမီးယားရောဂါလူနာများ၏ လက္ခဏာများမှာ အခြားသွေးအားနည်းရောဂါများ၏ လက္ခဏာများကဲ့သို့
- ဖြူဖျော့သော အရေပြားအပြင် နှုတ်ခမ်း၊ မျက်လုံးအတွင်းသား၊ လက်သည်းနှင့် လက်ဖဝါးများ သွေးရောင် မရှိဘဲ ဖြူဖပ်ဖြူရော်နေခြင်း
- မောပန်းလွယ်ခြင်း၊ အားအင်ကုန်ခန်းလွယ်ပြီး ပင်ပန်းနွမ်းနယ်မှု မကြာခဏ ခံစားရခြင်း
- အစာစားချင်စိတ် နည်းခြင်း
- ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ခေါင်းမူးခြင်း စသည်တို့ခံစားရသည်။
ရောဂါအခြေအနေအလိုက် ကွဲပြားမှုများ
အချို့လူနာများတွင် လက္ခဏာ သိသာမှုမရှိဘဲ ပုံမှန်နေနိုင်သော်လည်း အချို့တွင် ပြင်းထန်စွာ ခံစားရနိုင်သည်။ ပြင်းထန်သော လက္ခဏာများရှိပါက သွေးသွင်းကုသမှု မကြာခဏ လိုအပ်တတ်ပြီး မူလ (၃) လတစ်ကြိမ် သွေးသွင်းရာမှ တစ်လတစ်ကြိမ်အထိ ဖြစ်လာနိုင်သည်။
ထို့အပြင် သာလာဆီးမီးယားလူနာများတွင် သွေးနီဥဆဲလ်များနှင့် ဟီမိုဂလိုဘင်၏ အရည်အသွေးများ ထိခိုက်မှုကြောင့် ရိုးတွင်းခြင်ဆီမှ အလုပ်ပိုမိုလုပ်ရပြီး၊ ဆဲလ်များကို ထုတ်ပေးရသည့်အပြင် သွေးနီဥများ ထုတ်ပေးနိုင်သော အခြားကိုယ်တွင်းအင်္ဂါများလည်း ပိုမိုအလုပ်လုပ်လာရသည်။ ထို့ကြောင့် အောက်ပါပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။
- အသည်းနှင့် ဘေလုံးကြီးခြင်းတို့ကြောင့် ဝမ်းဗိုက်ဖောင်းလာသည်
- အရိုးပုံစံပြောင်းလဲခြင်း _ ရိုးတွင်းခြင်ဆီအတွင်းမှ သွေးနီဥဆဲလ်များ ပိုထုတ်ရသဖြင့် ကလေးများတွင် ဦးခေါင်းခွံနှင့် မျက်နှာအရိုးများ ပွလာခြင်း၊ အရိုးနံရံများ ပါးလာခြင်းတို့ ဖြစ်စေနိုင်သည်၊ ထို့ကြောင့် မျက်နှာအသွင်အပြင်များ ပြောင်းလဲလာသည်
နောက်ဆက်တွဲပြဿနာများ
သာလာဆီးမီးယားလူနာများတွင် သွေးအားနည်းခြင်းကြောင့်အပြင် မကြာခဏ သွေးသွင်းကုသမှုများကြောင့်လည်း နောက်ဆက်တွဲပြဿနာများ အလွန်များပြားသည်။
သွေးအားနည်းခြင်းကြောင့်_
- အမောမခံနိုင်ခြင်း
- အသက်ရှူမြန်ခြင်း၊ အသက်ရှူကျပ်ခြင်း
- နှလုံးကြီးခြင်း၊ နှလုံး၏ စွမ်းဆောင်ရည် ကျဆင်းခြင်း
- မကြာခဏ ဖျားနာတတ်ခြင်း
- မျက်နှာနှင့် ဦးခေါင်းခွံရှိ အရိုးများ ပါး၍ပွလာသောကြောင့် နဖူးမောက်ထွက်လာခြင်း၊ မျက်နှာအရိုးများ ငေါထွက်လာခြင်း၊ နှာခေါင်းရိုး ပြားလာခြင်းနှင့် သွားများမညီမညာဖြစ်လာခြင်းတို့အပြင် အရိုးများ ပါးလာ၍ ကျိုးလွယ်ခြင်း
- ဘေလုံးအလွန်ကြီးလာပြီး ဘေလုံး၏ လုပ်ငန်းဆောင်တာများ အလွန်မြန်ဆန်လာခြင်းကြောင့် သွေးဆဲလ်များကို ဖျက်ဆီးခြင်း
- သွေးဆဲလ်များ အလွန်အကျွံ ပျက်စီးလာပါက တစ်ခါတစ်ရံ ဘေလုံးကို ခွဲစိတ်ဖယ်ရှားရန် လိုအပ်လာခြင်း
- ကလေးများ၌ ကိုယ်ခန္ဓာကြီးထွားမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုနှေးခြင်းစသည့် နောက်ဆက်တွဲပြဿနာများ ရှိလာနိုင်သည်။
ထို့အပြင် မကြာခဏ သွေးသွင်းရခြင်းကြောင့်_
- သွေးမှတစ်ဆင့်ကူးစက်နိုင်သော အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး၊ HIV ပိုးနှင့် ငှက်ဖျားပိုး စသည့်ရောဂါများ ကူးစက်နိုင်ခြေများခြင်း
- သွေးနီဥအတွင်း ပဋိပစ္စည်းများ (Alloantibodies) ပေါ်လာပြီးနောက် သွေးအုပ်စုနှင့်အလိုက် စစ်ဆေး၍ ပြုလုပ်ရသော သမားရိုးကျ သွေးသွင်းရန် ခက်ခဲလာခြင်း
- ကိုယ်တွင်းအင်္ဂါများတွင် သံဓာတ်များစုပုံလာခြင်း (Iron overload) ကြောင့် လုပ်ဆောင်ချက်များ တဖြည်းဖြည်း ပျက်စီးလာခြင်း (ဥပမာ – အသည်းခြောက်ခြင်း၊ နှလုံးထိခိုက်ခြင်းနှင့် ပန်ကရိယပျက်စီး ခြင်းကြောင့် ဆီးချိုရောဂါဖြစ်ခြင်း)
- ကလေးများတွင် ခန္ဓာကိုယ်အတွက် အရေးကြီးသော ဟော်မုန်းများ (ဥပမာ _ ကြီးထွားမှုဟော်မုန်းနှင့် လူပျိုဖော်အပျိုဖော်ဝင်ခြင်းဆိုင်ရာ ဟော်မုန်းများ) ထုတ်လုပ်ခြင်းကို ထိခိုက်နိုင်သောကြောင့် သက်တူရွယ်တူကလေးများထက် အရပ်ပုခြင်း၊ လူပျိုဖော်အပျိုဖော်ဝင်ချိန် နောက်ကျခြင်း၊ ပန်ကရိယတွင် သံဓာတ်များစုပုံပါက အင်ဆူလင်ဟော်မုန်း ထုတ်လုပ်နိုင်စွမ်း ထိခိုက်သောကြောင့် ဆီးချိုဖြစ်လာခြင်း စသည့်အခြေအနေများလည်း ရှိလာနိုင်သည်။
အထက်ပါ နောက်ဆက်တွဲပြဿနာများသာမက သာလာဆီးမီးယားကလေးအများစုတွင် သွေးအားနည်းခြင်း လက္ခဏာများကြောင့်ဖြစ်စေ၊ သွေးသွင်းရခြင်းကြောင့်ဖြစ်စေ
- ကျောင်းမကြာခဏပျက်ကွက်ရခြင်း
- ကျောင်းသင်ခန်းစာများတွင် လစ်ဟင်းမှုများရှိခြင်း
- အသင်းအဖွဲ့နှင့် အားကစားလှုပ်ရှားမှုများတွင် အတူတကွ မပါဝင်နိုင်ခြင်း၊ နောက်ချန်နေရခြင်း
- အနိုင်ကျင့်ခံရခြင်း၊ ခွဲခြားဆက်ဆံခံရခြင်း
- စိတ်အားငယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းများကိုပါ တွဲဖက်ခံစားရနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး၍ ကုသမှုအမြန်ဆုံး ခံယူသင့်သည်။ မိသားစုဆရာဝန်မှ စမ်းသပ်မှုများ ပြုလုပ်ခြင်း၊ သွေးဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်းများဖြင့် ရောဂါရှာဖွေပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်သည် သက်ဆိုင်ရာ သွေးရောဂါအထူးကုဆရာဝန်များနှင့် တိုင်ပင်၍ ကုသမှုများ ဆက်လက်စီစဥ်ပေးမည်ဖြစ်သည်။
ရောဂါရှာဖွေခြင်း
အထက်ပါသွေးအားနည်းလက္ခဏာများရှိသည်ဟု သံသယရှိပါက မိသားစုဆရာဝန်နှင့် ဆွေးနွေးတိုင်ပင် စမ်းသပ်စစ်ဆေးမှုခံယူပြီး သွေးစစ်ကြည့်နိုင်သည်။ သွေးဖောက်၍ စစ်ဆေးခြင်းဖြင့် သွေးအားနည်းသည့် ပမာဏကို သိရှိနိုင်ရုံမက ဖြစ်စေသော အကြောင်းရင်းကို ခန့်မှန်းသိရှိနိုင်သည်။
စီဘီစီ (Complete Blood Count) သွေးစစ်ဆေးခြင်း
ဟီမိုဂလိုဘင်ပမာဏကို အတိအကျ သိနိုင်သကဲ့သို့ သွေးနီဥပမာဏ၊ ပုံသဏ္ဌာန်နှင့် အရွယ်အစားကိုပါ သိရှိနိုင်သည်။ သွေးနီဥများ၏သွင်ပြင်ကို စစ်ဆေးခြင်းဖြင့်လည်း သွေးအားနည်းရခြင်းအကြောင်းရင်းကို ခန့်မှန်းနိုင်သည်။
လူတစ်ဦး၌ ပုံမှန်ရှိသင့်သော ဟီမိုဂလိုဘင်ပမာဏသည် ကျား မ၊ အသက်အရွယ်အလိုက် ကွာခြားမှုအနည်းငယ်ရှိသည်။
| အသက်အရွယ် | ပုံမှန်ရှိသင့်သော ဟီမိုဂလိုဘင်ပမာဏ |
|---|---|
| မွေးကင်းစကလေး | ၁၄ – ၂၄ g/dL |
| အသက် (၂) လ မှ (၆) လ | ၁၀ – ၁၇ g/dL |
| အသက် (၆) လ မှ (၆) နှစ် | ၉.၅ – ၁၄ g/dL |
| အသက် (၆) နှစ် မှ (၁၈) နှစ် | ၁၀ – ၁၅.၅ g/dL |
| လူကြီး (အမျိုးသား) | ၁၄ – ၁၈ g/dL |
| လူကြီး (အမျိုးသမီး) | ၁၂ – ၁၆ g/dL |
| ကိုယ်ဝန်ဆောင်အမျိုးသမီးများ | ၁၁ g/dL နှင့်အထက် |
လူနာ၏ အသက်အရွယ်ပေါ် မူတည်၍ စံသတ်မှတ်ထားသော ပမာဏအောက် လျော့နည်းနေလျှင် သွေးအားနည်းသည်ဟု ယူဆနိုင်သည်။ သို့သော် ဤကိန်းဂဏန်းများသည် ယေဘုယျသတ်မှတ်ထားသော တန်ဖိုးများဖြစ်ပြီး လူတစ်ဦးနှင့်တစ်ဦး သွေးအားနည်းသည့် ပမာဏနှင့် ခံစားရသည့်လက္ခဏာများ ကွာခြားမှု ရှိနိုင်သည်။
သွေးနီဥများ အချိန်မတိုင်ခင် ပျက်စီးခြင်းကို စစ်ဆေးခြင်း (Hemolysis tests)
သွေးနီဥများ အချိန်မတိုင်ခင် ပျက်စီးခြင်းကြောင့် ထွက်လာသော ပရိုတင်းများနှင့် အင်ဇိုင်းများကို သွေးထဲ၌ စစ်ဆေးခြင်းဖြစ်သည်။
ဟီမိုဂလိုဘင်အမျိုးအစား စစ်ဆေးခြင်း (Hb electrophoresis)
သာလာဆီးမီးယားရောဂါ ရှာဖွေရာတွင် အဓိကအရေးကြီးဆုံး စစ်ဆေးမှုဖြစ်သည်။ သာလာဆီးမီးယားအမျိုးအစား (အယ်ဖာ သို့မဟုတ် ဘီတာ သာလာဆီးမီးယား) နှင့် ပြင်းထန်မှုကိုပါ သိရှိနိုင်သည်။
သံဓာတ်နှင့် ဖယ်ရက်တင်ပရိုတင်းဓာတ်ပမာဏ စစ်ဆေးခြင်း
ကိုယ်ခန္ဓာအတွင်းရှိ သံဓာတ်သိုလှောင်မှု နည်းခြင်း၊ များခြင်းကို သိရှိနိုင်သည်။ သာလာဆီးမီးယားရောဂါတွင် သွေးမကြာခဏသွင်းရပါက သံဓာတ်နှင့် ဖယ်ရက်တင်ပရိုတင်းဓာတ်များ မြင့်တက်နေနိုင်သည်။ ထို့ကြောင့် ရောဂါရှာဖွေရန်သာမက သွေးသွင်းသည့်ပမာဏ များလာချိန်တွင် ခန္ဓာကိုယ်အတွင်း သံဓာတ်စုပုံခြင်း ရှိမရှိ စစ်ဆေးရန်အတွက်လည်း အသုံးဝင်သည်။
မျိုးဗီဇစစ်ဆေးခြင်း (Genetic testing)
သာလာဆီးမီးယားရောဂါကို ဖြစ်စေသော မျိုးဗီဇချို့ယွင်းမှုများကို စစ်ဆေးနိုင်သည်။
နောက်ဆက်တွဲပြဿနာများအတွက် စစ်ဆေးခြင်း
ဆီးချိုရောဂါအတွက် သွေးတွင်းသကြားဓာတ် စစ်ဆေးခြင်း၊ အရိုးသိပ်သည်းဆနှင့် ကယ်လ်ဆီယမ်ဓာတ်များ တိုင်းတာခြင်း၊ ဟော်မုန်းပမာဏများ တိုင်းတာစစ်ဆေးခြင်းနှင့် နှလုံးစွမ်းဆောင်ရည် စစ်ဆေးခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။
ကုသခြင်း
သာလာဆီးမီးယားရောဂါသည် မွေးရာပါ နာတာရှည်သွေးရောဂါတစ်မျိုးဖြစ်သောကြောင့် ဘဝတစ်လျှောက်လုံး သွေးရောဂါအထူးကုဆရာဝန်များနှင့် ပုံမှန်ပြသကာ ကုသမှုခံယူရန် လိုအပ်သည်။ ကလေးလူနာများအတွက် ကလေးသွေးရောဂါအထူးကုဆရာဝန်များနှင့် မိဘများ၏ ပူးပေါင်းပါဝင်မှုသည် အထူးအရေးကြီးသည်။ အသက် (၁၄–၁၈) နှစ်ကြား (လူကြီးဘဝသို့ ကူးပြောင်းချိန်) တွင် လူကြီးသွေးရောဂါအထူးကုဆရာဝန်ထံသို့ အဆင့်ဆင့်လွှဲပြောင်းကုသမှု (Transitional Care) ခံယူရန် စီစဉ်ပေးလေ့ရှိသည်။
အဓိကကုသမှုနည်းလမ်းများ
- သွေးသွင်းကုသခြင်း (Blood Transfusion)
သာလာဆီးမီးယားသွေးရောဂါရှိသူများတွင် အဓိကကုသမှုမှာ သွေးသွင်းကုသခြင်း (Blood transfusion) ဖြစ်သည်။ သာလာဆီးမီးယားရောဂါရှိသူ၏ ကိုယ်ခန္ဓာမှ ကျန်းမာသောသွေးနီဥများကို အလုံအလောက် မထုတ်လုပ်နိုင်သဖြင့် ကျန်းမာသော သွေးလှူရှင်မှ လှူဒါန်းသည့်သွေးကို ပုံမှန်သွင်းပေးရမည်ဖြစ်သည်။ သွေးသွင်းရမည့် လအပိုင်းအခြားနှင့် တစ်ကြိမ်လျှင် သွေးပမာဏ မည်မျှသွင်းရမည်ဆိုသည်ကို ကုသမှုပေးသည့်ဆရာဝန်မှ ဆုံးဖြတ်ပေးမည်ဖြစ်ပြီး သွေးသွင်းခြင်းကို ဆေးရုံ သို့မဟုတ် နေ့ချင်းပြန် သွေးသွင်းဌာနများ၌ တာဝန်ယူကုသပေးနေသော ဆရာဝန်၊ သူနာပြုများ၏ ကြီးကြပ်မှုအောက်တွင် ပြုလုပ်လေ့ရှိသည်။
ရောဂါအမျိုးအစားပေါ် မူတည်၍ ရံဖန်ရံခါမှ သွေးသွင်းရန် လိုအပ်နိုင်သလို အချို့တွင် တစ်လ တစ်ကြိမ်ခန့် သွေးသွင်းနေရသော ပြင်းထန်သည့် အမျိုးအစားများလည်းရှိသည်။ သွေးသွင်းခြင်းကို မှီခိုနေရသော သာလာဆီးမီးယားရောဂါရှိသူများသည် အများအားဖြင့် ရက်သတ္တပတ် (၂)ပတ် မှ (၅)ပတ်လျှင် တစ်ကြိမ်၊ သွေး (၂) ထုပ်နှင့်အထက် သွင်းရလေ့ရှိပြီး၊ သွေးသွင်းခြင်းကို မမှီခိုသော သာလာဆီးမီးယားလူနာများတွင်မူ သွေးသွင်းပုံသည် တစ်ဦးနှင့်တစ်ဦး ကွဲပြားနိုင်သည်။ - သံဓာတ်ချေဖျက်ဆေးများ (Iron Chelation Therapy)
သွေးသွင်းခြင်းကို မှီခိုနေရသော သာလာဆီးမီးယားလူနာများတွင် သွေးသွင်းသည့်အကြိမ် အလွန်များလာသည်နှင့်အမျှ သံဓာတ်များစုပုံလာနိုင်ခြေရှိသောကြောင့် သံဓာတ်ချေဖျက်သောဆေးများ သောက်သုံးရနိုင်သည်။ - ဖောလစ်အက်ဆစ်ဖြည့်စွက်ဆေး
သွေးနီဥထုတ်လုပ်မှုအတွက် ဖောလစ်အက်ဆစ်ကို ပုံမှန်သောက်သုံးရန် လိုအပ်သည်။ - ဘေလုံးခွဲစိတ်ထုတ်ခြင်း (Splenectomy)
အချို့လူနာများတွင် ဘေလုံးအလွန်ကြီးလာပါက ခွဲစိတ်ဖယ်ရှားရန် လိုအပ်နိုင်သည်။ - မျိုးဗီဇကုထုံး၊ ပင်မဆဲလ်အစားထိုးကုသခြင်း (Gene Therapy, Stem Cell Transplant)
ဖွံ့ဖြိုးပြီးနိုင်ငံအချို့တွင် ဤနည်းဖြင့် ရောဂါပျောက်ကင်းအောင် ကုသနိုင်သည်။ - နောက်ဆက်တွဲပြဿနာများအတွက် ကုသမှုများ
- ဟော်မုန်းကုထုံးများ (ကြီးထွားမှုနှောင့်နှေးခြင်း၊ ဆီးချိုရောဂါစသည်တို့အတွက်)
- ကာကွယ်ဆေးများထိုးခြင်း (ဘေလုံးထုတ်ထားသူများအတွက်)
- ပိုးသတ်ဆေးများသောက်သုံးခြင်း (ရောဂါပိုးဝင်ခြင်းကို ကာကွယ်ရန်)
သာလာဆီးမီးယားရောဂါသည် နာတာရှည်ဖြစ်သော်လည်း စနစ်တကျကုသပါက ပုံမှန်နီးပါး နေထိုင်သွားလာနိုင်သည်။ ဆရာဝန်ညွှန်ကြားချက်များကို မှန်မှန်လိုက်နာပြီး ပုံမှန်စစ်ဆေးမှုခံယူခြင်းဖြင့် နောက်ဆက်တွဲပြဿနာများကို ကာကွယ်နိုင်သည်။
ကာကွယ်ခြင်း
သာလာဆီးမီးယားသွေးရောဂါသည် မွေးရာပါသွေးရောဂါ ဖြစ်သောကြောင့် ကာကွယ်၍မရနိုင်ပေ။ သာလာဆီးမီးယားလူနာများအနေဖြင့် သံဓာတ်ပုံမှန်စစ်ဆေးခြင်း၊ ရက်ချိန်းမှန်မှန်ပြ၍ သွေးသွင်းရန် လိုအပ်ချိန်တွင် သွေးသွင်းခြင်း၊ ကိုယ်ခံအားကောင်းမွန်စေရန် စနစ်တကျ နေထိုင်စားသောက်ခြင်းဖြင့် နောက်ဆက်တွဲဆိုးကျိုးများကို ကာကွယ်နိုင်မည်ဖြစ်သည်။
References:
- The Royal Children’s Hospital Melbourne. (n.d.). Thalassaemia: An overview. Retrieved May 2, 2026, from https://www.rch.org.au/kidsinfo/fact_sheets/thalassaemia_an_overview/
- Healthline. (n.d.). Pediatric thalassemia. Retrieved May 2, 2026, from https://www.healthline.com/health/pediatric-thalassemia
- Cleveland Clinic. (2026). Thalassemias. Retrieved May 2, 2026, from https://my.clevelandclinic.org/health/diseases/14508-thalassemias
- Mayo Clinic. (n.d.). Thalassemia: Symptoms and causes. Retrieved May 2, 2026, from https://www.mayoclinic.org/diseases-conditions/thalassemia/symptoms-causes/syc-20354995
- Centers for Disease Control and Prevention. (n.d.). Treatment for thalassemia. Retrieved May 2, 2026, from https://www.cdc.gov/thalassemia/treatment/index.html
- Medscape. (n.d.). Thalassemia: Overview. Retrieved May 2, 2026, from https://emedicine.medscape.com/article/2085614-overview#a1
Published: 3 June 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.