စိတ်ကျရောဂါ (Depression) သည် ရေရှည်ခံစားရသည့် စိတ်ခံစားချက်ဆိုင်ရာရောဂါ (Mood Disorder) အမျိုးအစားတစ်ခုဖြစ်သည်။ စိတ်ကျရောဂါသည် နေ့စဥ်လူနေမှုဘဝတွင် ဖြစ်လေ့ဖြစ်ထရှိသော သာမန်စိတ်ခံစားချက် အပြောင်းအလဲများနှင့် မတူညီပါ။
အမြဲလိုစိတ်ဓာတ်ကျနေခြင်း (သို့မဟုတ်) လုပ်ဆောင်ဖွယ်ရာများ အပေါ် စိတ်ဝင်စားမှုမရှိတော့ခြင်း၊ ပျော်ရွှင်မှုမရှိခြင်း စသည်တို့အပါအဝင် အခြားသောလက္ခဏာများကို အနည်းဆုံး ရက်သတ္တပတ် (၂) ပတ်ခန့် ခံစားနေရသူများကို စိတ်ကျရောဂါရှိသူများ အဖြစ်သတ်မှတ်သည်။ ဤရောဂါကြောင့် လူမှုဆက်ဆံရေး၊ မိသားစုအရေး၊ ပညာရေး၊ လုပ်ငန်းခွင် စသည့်ကဏ္ဍအသီးသီးကို ထိခိုက်နိုင်သည်။
စိတ်ကျရောဂါသည် အတွေ့ရများသော စိတ်ကျန်းမာရေးဆိုင်ရာ ရောဂါဖြစ်ပြီး မည်သူမဆို စိတ်ကျရောဂါ ခံစားရနိုင်သည်။ အမျိုးသမီးများသည် အမျိုးသားများထက် စိတ်ကျရောဂါခံစားရနိုင်ခြေ ပိုများသည်။ ကမ္ဘာတစ်ဝန်းတွင် အရွယ်ရောက်ပြီးသူများ၏ (၅)% ခန့်သည် စိတ်ကျရောဂါ ခံစားနေကြရသည်။ ဤရောဂါ၏ ဆိုးကျိုးဆက်တစ်ခုမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သည့်အခြေအနေ ဖြစ်ပေါ်လာနိုင်ခြင်း ဖြစ်သည်။ သို့သော် စိတ်ကျရောဂါအတွက် ထိရောက်သော ကုသမှုများ ရှိပါသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
စိတ်ကျရောဂါ ဖြစ်ပေါ်ခံစားရခြင်းသည် မိမိ၏ အားနည်းချက် ပျော့ညံ့ချက်ကြောင့် မဟုတ်ပါ။ စိတ်ကျရောဂါသည် ဇီဝဖြစ်စဥ်ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာ အကြောင်းရင်းများ ဆက်နွှယ်ပြီး ဖြစ်ပေါ်လာသည်ဟု ဆိုသည်။ အဆိုပါအကြောင်းရင်းများတွင် အောက်ပါအခြေအနေတို့ ပါဝင်ပါသည်။
- ဦးနှောက်အတွင်းရှိ ဓာတုပစ္စည်းများ (Neurotransmitters) အခြေအနေ
- ဦးနှောက်အတွင်းရှိ Norepinephrine၊ Serotonin၊ Dopamine စသည့် ဓါတုပစ္စည်းများ မညီမျှခြင်းကြောင့် စိတ်ကျရောဂါ ဖြစ်လာနိုင်သည်
- မျိုးရိုးဗီဇ (Genetics)
- မိဘ၊ မောင်နှမ မျိုးရိုးတွင် စိတ်ကျရောဂါ ခံစားရသူရှိပါက စိတ်ကျရောဂါ ခံစားနိုင်ရခြေ များတတ်သည်၊ သို့သော် မျိုးရိုးဗီဇရာဇဝင် မရှိဘဲနှင့်လည်း စိတ်ကျရောဂါခံစားရနိုင်သည်
- စိတ်ဖိစီးမှုဖြစ်စေသော ဘဝဖြစ်စဥ်များ (Stressful life events)
- ဥပမာ – ချစ်ခင်ရသူတစ်ဦးဦး ကွယ်လွန်ခြင်း၊ ကွာရှင်းပြတ်စဲခြင်း၊ စိတ်ဒဏ်သင့်စေသည့် အခြားအဖြစ်အပျက်များ၊ အထီးကျန်ဆန်ပြီး လူမှုရေးပံ့ပိုးမှုမရှိခြင်း စသည့် အခြေအနေများကြောင့်လည်း စိတ်ကျရောဂါ ခံစားလာရနိုင်သည်
- ရုပ်ပိုင်းဆိုင်ရာရောဂါများ နှင့် ကျန်းမာရေးအခြေအနေများ – ဥပမာ –
- ဆီးချိုရောဂါ၊ နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ ကျောက်ကပ်ရောဂါ၊ ကင်ဆာရောဂါ၊ ခုခံအားကျကူးစက်ရောဂါ၊ စသည့် နာတာရှည်ရောဂါများ
- အယ်လ်ဇိုင်းမားရောဂါ (Alzheimer’s Disease) နှင့် အခြား အသိမှတ်ဉာဏ် ထိခိုက်ချို့ယွင်းသော ရောဂါ (Dementia)၊ ပါကင်ဆန်ရောဂါ (Parkinsonism)၊ လေဖြတ်ခြင်း၊ အတက်ရောဂါ စသည်တို့ကဲ့သို့ ဦးနှောက်အာရုံကြောဆိုင်ရာ ရောဂါများ
- သိုင်းရွိုက်ဟော်မုန်းကျဆင်းသည့် ရောဂါ (Hypothyroidism) ကဲ့သို့ ဟော်မုန်းဆိုင်ရာ ရောဂါများ
- Systemic Lupus Erythematosus ရောဂါအပါအဝင် အခြားသောခုခံအားဆိုင်ရာ ရောဂါများ (Autoimmune)
- နာတာရှည် နာကျင်မှုဝေဒနာ ခံစားရခြင်း စသည့်အခြေအနေ တစ်ခုခုရှိသူတို့တွင် စိတ်ကျရောဂါ လက္ခဏာများ တွေ့ရတတ်သည်
- ဆေးဝါးများ
- အချို့သောဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးတွင် စိတ်ဓာတ်ကျခြင်းသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်
- အရက်၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော အခြားဆေးများ
- ၄င်းတို့ကိုသုံးစွဲခြင်းကြောင့် စိတ်ဓာတ်ကျခြင်း ဖြစ်လာနိုင်သကဲ့သို့ စိတ်ကျရောဂါကိုလည်း ပိုမိုဆိုးဝါးလာစေနိုင်သည်။
ရောဂါလက္ခဏာများ
အဓိကတွေ့ရသော လက္ခဏာများမှာ
- အမြဲလိုစိတ်ဓာတ်ကျနေခြင်း
- လုပ်ဆောင်ဖွယ်ရာများအပေါ် စိတ်ဝင်စားမှုမရှိတော့ခြင်း
- ပျော်ရွှင်မှုမရှိခြင်း တို့ ဖြစ်သည်။
အဆိုပါလက္ခဏာများအပြင်
- ဝမ်းနည်းခြင်း၊ မျက်ရည်လွယ်ခြင်း
- သည်းခံနိုင်စွမ်းနည်းပါးလာပြီး စိတ်တို ဒေါသထွက်လွယ်ခြင်း
- စိုးရိမ်စိတ် လွန်ကဲခြင်း
- အိပ်မပျော်ခြင်း သို့မဟုတ် အအိပ်လွန်ကဲခြင်း
- အစားအသောက်ပျက်ခြင်း သို့မဟုတ် ယခင်ထက်ပိုမိုစားလာခြင်း
- ကိုယ်အလေးချိန်လျော့ခြင်း သို့မဟုတ် ကိုယ်အလေးချိန်တိုးလာခြင်း
- စိတ်ရောကိုယ်ပါ ဂနာမငြိမ်ခြင်း သို့မဟုတ် လေးလံထိုင်းမှိုင်းခြင်း
- ပင်ပန်းနွမ်းနယ်သကဲ့သို့ ခံစားရခြင်း
- အကြောင်းရင်းခံကို ရှင်းလင်းမပြနိုင်သည့် ကိုယ်ခန္ဓာရောဂါလက္ခဏာများ ခံစားရခြင်း (ဥပမာ – နာကျင်ကိုက်ခဲနေတတ်ခြင်း)
- အာရုံစူးစိုက်နိုင်စွမ်း၊ စဥ်းစားဆင်ခြင် ဆုံးဖြတ်နိုင်စွမ်း လျော့နည်းလာခြင်း
- နေ့စဥ်လုပ်ဆောင်နေကျ ကိုယ်ရေးကိုယ်တာ၊ မိသားစု၊ လူမှုရေး၊ ပညာရေး၊ အလုပ်အကိုင် (သို့မဟုတ်) အခြားကိစ္စများ လုပ်ဆောင်ရာတွင် အခက်အခဲများဖြစ်လာခြင်း
- လိင်မှုကိစ္စများတွင် စိတ်ဝင်စားမှု လျော့နည်းလာခြင်း
- မျှော်လင့်ချက်မဲ့သကဲ့သို့ ခံစားရခြင်း၊ အားကိုးရာမဲ့သကဲ့သို့ ခံစားရခြင်း၊ ကိုယ့်ကိုယ်ကို အသုံးမကျသူ တစ်ဦးကဲ့သို့ ခံစားရခြင်း၊ အလွန်အကျွံ အပြစ်ရှိနေသူတစ်ဦးကဲ့သို့ ခံစားရခြင်း
- သေလိုစိတ်၊ ကိုယ့်ကိုယ်ကို အန္တရာယ်ပြုလိုစိတ်၊ အဆုံးစီရင်လိုစိတ်များ ဖြစ်ပေါ်လာတတ်ခြင်းနှင့် လက်တွေ့လုပ်ဆောင်လာတတ်ခြင်း စသည်တို့ကိုပါ ရောဂါပြင်းထန်မှု အပေါ်မူတည်ပြီး တွေ့ရတတ်သည်။
စိတ်ကျရောဂါအခြေအနေကို
- မပြင်းထန်သော စိတ်ကျရောဂါ (Mild Depression)
- အတန်အသင့် ပြင်းထန်သော စိတ်ကျရောဂါ (Moderate Depression)
- ပြင်းထန်သော စိတ်ကျရောဂါ (Severe Depression)
- လှုံ့ဆော်မှုမဲ့အာရုံမှားများ ခံစားရခြင်း (Hallucination)၊ ယုံမှားမှုစွဲမြဲလွန်ကဲခြင်း (Delusion) စသည့် စိတ်ဖောက်ပြန် လက္ခဏာများရှိသည့် စိတ်ကျရောဂါ (Psychotic Depression) စသည်ဖြင့်လည်း ခွဲခြားသတ်မှတ်နိုင်သည်။
စိတ်ကြွစိတ်ကျရောဂါ (Bipolar Mood Disorder) ၏ စိတ်ကျသည့်ဖြစ်စဥ် အတွင်းတွင်လည်း စိတ်ကျရောဂါလက္ခဏာများ တွေ့ရတတ်သည်ကို သတိပြုရန်လိုအပ်သည်။
နောက်ဆက်တွဲပြဿနာများ
- စိတ်ကျရောဂါခံစားရမှု ပြင်းထန်သည့် အခြေအနေပေါ်မူတည်ပြီး နေ့စဥ်လုပ်ဆောင်နေကျ ကိုယ်ရေးကိုယ်တာ၊ မိသားစု၊ လူမှုရေး၊ ပညာရေး၊ အလုပ်အကိုင် (သို့မဟုတ်) အခြားကိစ္စများ လုပ်ဆောင်ရာ တွင် အခက်အခဲများ၊ စွမ်းဆောင်ရည် ကျဆင်းလာခြင်းများ ဖြစ်ပေါ် လာတတ်သည်
- ရုပ်ပိုင်းဆိုင်ရာရောဂါများ နှင့် ကျန်းမာရေးအခြေအနေများ ပူးတွဲရှိနေပါက
- ကုသမှုမခံယူလိုခြင်း
- အခြေအနေ ဆိုးဝါးလာနိုင်ခြင်း၊ စသည်တို့ ရှိလာတတ်သည်
- အရက်၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော အခြားဆေးများသုံးစွဲလာခြင်း၊ ယခင်ကထက် ပိုမိုသုံးစွဲလာခြင်း စသည်တို့ကိုလည်း သတိပြုရန်လိုအပ်သည်
- မိမိတွင် စိတ်ကျန်းမာရေးပြဿနာ ရှိနေသည်ကို လက်သင့်မခံလိုခြင်း၊ စိတ်ပိုင်းဆိုင်ရာ ရောဂါခံစားရသူများတွင် တွေ့ကြုံရတတ်သည့် လူမှုဂုဏ်သိက္ခာစွန်းထင်းမှု၊ နှိမ့်ချခွဲခြား ဆက်ဆံခံရတတ်မှု (Stigma and Discrimination) စသည်တို့ကြောင့် ကုသမှု မခံယူခြင်း၊ အချိန်ကာလကြာမြင့်မှ (သို့မဟုတ်) အခြေအနေဆိုးဝါးလာသော အခါမှသာ ကုသမှုခံယူခြင်း စသည့်အခြေအနေများ ရှိတတ်သည်
- စိတ်ကျရောဂါ၏ သတိထားရမည့် အရေးကြီးသော နောက်ဆက်တွဲဆိုးကျိုးဆက်မှာ ကိုယ့်ကိုယ်ကို အန္တရာယ်ပြုမည့်၊ အဆုံးစီရင်မည့် အတွေးစိတ်ကူး၊ အစီအစဥ်၊ လုပ်ဆောင်ခြင်းများ ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
စိတ်ကျရောဂါအတွက် ထိရောက်သောကုသမှုများရှိပါသည်။ စိတ်ကျရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
အကယ်၍ ကုသမှု ခံယူရန် ဝန်လေးနေပါက၊ သူငယ်ချင်း၊ မိသားစုဝင် သို့မဟုတ် ချစ်ခင်ယုံကြည်ရ သူတစ်ဦးဦးနှင့် ဦးစွာဖွင့်ဟဆွေးနွေး တိုင်ပင်သင့်သည်။ ကိုယ့်ကိုယ်ကို အန္တရာယ်ပြုရန် သို့မဟုတ် အဆုံးစီရင်ရန် အတွေးစိတ်ကူး၊ အကြံအစည်၊ လုပ်ဆောင်ခြင်းများရှိပါက အရေးပေါ်ကုသမှု ခံယူရန်လိုအပ်သည်။
ရောဂါရှာဖွေခြင်း
စိတ်ကျရောဂါ လက္ခဏာများကို စစ်ဆေးမေးမြန်းခြင်း၊ စိတ်စစ်ဆေးလွှာ (ဥပမာ_ PHQ-9 စစ်ဆေးလွှာ) ဖြင့်စစ်ဆေးခြင်း၊ ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးခြင်း၊ အခြားလိုအပ်သော စစ်ဆေးမှုများ ပြုလုပ်ခြင်းတို့ဖြင့် ရောဂါဖော်ထုတ်သတ်မှတ်နိုင်သည်။ စိတ်ကျရောဂါလက္ခဏာများကို ဖြစ်ပေါ် စေနိုင်သည့် အခြားရောဂါများကိုလည်း စိစစ်ဖော်ထုတ်ရန် လိုအပ်သည်။ စိတ်ကျရောဂါပြင်းထန်မှု အခြေအနေပေါ် မူတည်ပြီး စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ထံ ညွှန်းပို့လွှဲပြောင်းကုသရန် လိုအပ်နိုင်သည်။
ကုသခြင်း
စိတ်ကျရောဂါအတွက် ထိရောက်သောကုသမှုများ ရှိသည်။ ရောဂါအခြေအနေပေါ် မူတည်ပြီး ကုသမှုများကို လိုအပ်သလို ပေါင်းစပ်ဆောင်ရွက်ပေးရသည်။
စိတ်ကျရောဂါကုသမှုများတွင် အောက်ပါတို့ပါဝင်သည်။
စိတ်ပိုင်းဆိုင်ရာကုသလုပ်ဆောင်ချက်များ [Psychological intervention]
ကုသသူပညာရှင်နှင့် ဝေဒနာရှင်တို့ ပြောဆိုဆက်သွယ်ပြီး ကုသပေးသော ကုသနည်းဖြစ်သည်။ ဝေဒနာရှင်အတွက် ထိခိုက်စေသော အတွေး၊ စိတ်ခံစားချက်၊ အပြုအမူ စသည်တို့ ဆက်နွှယ်နေပုံကို သတိပြုလာနိုင်စေရန် နှင့် ပြောင်းလဲလာစေရန် အထောက်အကူပြုသည့် ကုသမှုမျိုး ဖြစ်သည်။ ကူညီပံ့ပိုး ပေးသည့် စိတ်ကုထုံး (Supportive psychotherapy)၊ ဆက်ဆံရေးပြုပြင်မှု ကုထုံး (Interpersonal Psychotherapy)၊ အသိအမြင်-အပြုအမူ ပြောင်းလဲပေးသည့် စိတ်ကုထုံး (Cognitive-Behavioural Therapy-CBT) စသည်တို့အပြင် စိတ်ကုထုံး အမျိုးအစားများစွာ ရှိကြသည်။ ရောဂါအခြေအနေပေါ် မူတည်ပြီး ကာလတာရှည် ကုသမှုခံယူရန် လိုအပ်နိုင်သည်။
ဆေးဝါးများဖြင့်ကုသခြင်း (Pharmacotherapy)
ဆေးဝါးများဖြင့် ကုသရန်အတွက် တတ်ကျွမ်းနားလည်သူများနှင့် တိုင်ပင်ပြသရန် လိုအပ်သည်။ စိတ်ကျရောဂါ ကုသဆေးဝါးများ (Antidepressants) သည် အဓိကအသုံးပြုရသည့် ဆေးဝါးများဖြစ်သည်။ စိတ်ကျရောဂါကုသဆေးဝါး အမျိုးအစားများစွာရှိသည်။ ကာယကံရှင်၏ အခြေအနေ၊ ခံစားနေရသော ရောဂါလက္ခဏာများ၊ စိတ်ကျရောဂါပြင်းထန်မှု၊ အတူဖြစ်ပေါ်နေသည့် ရုပ်ပိုင်းဆိုင်ရာ ရောဂါအခြေအနေ ရှိမရှိ စသည့် အချက်အလက်များအပေါ် မူတည်ပြီး ဆေးဝါးအမျိုးအစား၊ ပမာဏ စသည်တို့ကို ရွေးချယ်ရသည်။
ရောဂါအခြေအနေပေါ်မူတည်ပြီး စိတ်ငြိမ်ဆေးများ (Anxiolytics)၊ စိတ်ဖောက်ပြန်ရောဂါ ကုသဆေးဝါးများ (Antipsychotics)၊ စိတ်အခြေအနေ ထိန်းညှိဆေးဝါးများ (Mood Stabilizers) များကိုလည်း လိုအပ်သလို ပေါင်းစပ်ပေးရတတ်သည်။
ဆေးဝါးအမျိုးအစားပမာဏ ချိန်ညှိခြင်း၊ ပြောင်းလဲခြင်း၊ ဆေးဝါးများ ရပ်တန့်ခြင်း စသည်တို့ ပြုလုပ်ရန်အတွက် နောက်ဆက်တွဲ ပြန်လည်ပြသရန် (Follow-up)၊ စွဲမြဲစွာကုသမှု ဆက်လက်ခံယူသွားရန် အရေးကြီးသည်။
အခြားကုသမှုအမျိုးအစားများ
ရောဂါပြင်းထန်မှု၊ ကုသမှုစွမ်းအား အရင်းအမြစ်ရရှိနိုင်မှု တို့အပေါ် မူတည်ပြီး ဦးနှောက်အတွင်း လျှပ်စီးလှိုင်းများကို လိုအပ်သလို ပြုပြင်ပြောင်းလဲပေးသည့် Electroconvulsive Therapy (ECT)၊ Deep Brain Stimulation (DBS)၊ Transcranial Magnetic Stimulation (TMS) စသည့် ကုထုံးများကိုလည်း အသုံးပြုနိုင်သည်။
အဆိုပါကုသမှုများအပြင်
- လုပ်ငန်းစွမ်းဆောင်ရည်များ ပြန်လည်ကောင်းမွန် တိုးတက်လာစေရန် စိတ်ပိုင်း၊ လူမှုရေးပိုင်းဆိုင်ရာ ပြုစုကုသမှုများ (Psychosocial interventions) လိုအပ်သလို လုပ်ဆောင်ပေးခြင်း
- ရုပ်ပိုင်းဆိုင်ရာရောဂါများ ပူးတွဲရှိနေပါက ပြုစုကုသခြင်း
- ကာယကံရှင်၊ မိသားစု နှင့် ပြုစုစောင့်ရှောက်သူများအား ရောဂါအခြေအနေ၊ ကုသမှု၊ စွဲမြဲစွာ ကုသမှု ခံယူခြင်း စသည်တို့နှင့် သက်ဆိုင်သည့် စိတ်ပိုင်းဆိုင်ရာ အသိပညာပေးခြင်း (Psychoeducation) တို့လည်း လိုအပ်ပါသည်။
ဆေးရုံတွင်ကုသခြင်း
- ကိုယ့်ကိုယ်ကို အန္တရာယ်ပြုရန်၊ အဆုံးစီရင်ရန် အကြံအစည်၊ လုပ်ဆောင်ခြင်းများရှိခြင်း
- အခြားသူများအတွက် အန္တရာယ်ဖြစ်နိုင်ခြေရှိခြင်း
- ရောဂါပြင်းထန်ပြီး ကိုယ့်ကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်မှု မပြုနိုင်ခြင်း၊ ပြုစုစောင့်ရှောက်မည့် လူမှုအသိုက်အဝန်း မရှိခြင်း
- ဆေးရုံတွင်သာ ရရှိနိုင်မည့်ကုသမှု အမျိုးအစားလိုအပ်သည့် အခြေအနေဖြစ်ခြင်း တို့သည် ဆေးရုံတွင် ကုသရန်လိုအပ်သည့် အခြေအနေများဖြစ်သည်။
ကာကွယ်ခြင်း
စိတ်ကျရောဂါကို အမြဲတမ်းကာကွယ်တားဆီးရန် မလွယ်ကူဟုဆိုသော်လည်း စိတ်ကျရောဂါဖြစ်နိုင်သည့် အန္တရာယ်ကို လျော့နည်းစေနိုင်သည့် နည်းလမ်းများရှိသည်။ အဆိုပါနည်းလမ်းများအနက် အချို့သော နည်းလမ်းများမှာ_
- ကျန်းမာရေးနှင့်ညီညွတ်သော အိပ်စက်မှုပုံစံကို ထိန်းသိမ်းထားခြင်း
- စိတ်ဖိစီးမှုကို မှန်ကန်သော နည်းလမ်းများဖြင့် ရင်ဆိုင်ဖြေရှင်းခြင်း
- ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း၊ တရားမှတ်ခြင်း၊ ယောဂ လေ့ကျင့်ခန်းပြုလုပ်ခြင်း စသည်တို့ လုပ်ဆောင်ခြင်းဖြင့် မိမိကိုယ်မိမိ ပုံမှန်ထိန်းသိမ်းစောင့်ရှောက်ခြင်း
- အကျိုးရှိသည့် ဝါသနာပါရာ အလုပ်များလုပ်ဆောင်ခြင်း
- ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များ စားသုံးခြင်း
- အရက်၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော အခြားဆေးများသုံးစွဲမှုကို ရှောင်ကြဥ်ခြင်း
- မိသားစု၊ မိတ်ဆွေများနှင့် အချိန်ပေးပြီး အတူရှိနေခြင်း
- အခက်အခဲ ခံစားချက်များအကြောင်း ရင်းနှီးယုံကြည်စိတ်ချရသူများနှင့် တိုင်ပင်ပြောဆိုခြင်း စသည်တို့ဖြစ်သည်။
စိတ်ကျဝေဒနာခံစားရပါက တတ်ကျွမ်းနားလည်သူများနှင့် ဆောလျင်စွာပြသတိုင်ပင်ပြီး ထိရောက်သော ကုသမှုရယူခြင်းဖြင့်လည်း နောက်ဆက်တွဲဆိုးကျိုးဆက်များကို ကာကွယ်နိုင်လိမ့်မည်။
References:
- Depression. (2024). Cleveland Clinic. Retrieved June 14, 2024, from https://my.clevelandclinic.org/health/diseases/9290-depression
- Depression (major depressive disorder) – Care at Mayo Clinic – Mayo Clinic. (n.d.). Retrieved June 14, 2024, from https://www.mayoclinic.org/diseases-conditions/depression/care-at-mayo-clinic/mac-20356018
- Sleep Foundation. (2024). Depression and Sleep. Retrieved June 14, 2024, from https://www.sleepfoundation.org/mental-health/depression-and-sleep
- Depression. (n.d.). WebMD. Retrieved June 14, 2024, from https://www.webmd.com/depression/default.htm
- World Health Organization: WHO & World Health Organization: WHO. (2023). Depressive disorder (depression). Retrieved June 14, 2024, from https://www.who.int/news-room/fact-sheets/detail/depression
Published: 30 August 2024
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.