အနံ့ပျောက်ခြင်း (Loss of smell) သည် အနံ့များကို တစ်စိတ်တစ်ပိုင်းသာ ခံစားနိုင်ခြင်း သို့မဟုတ် လုံးဝအနံ့မရခြင်းဖြစ်သည်။ ဤအာရုံချို့ယွင်းမှုသည် ယာယီ သို့မဟုတ် အမြဲတမ်း ဖြစ်နိုင်ပြီး၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးများ (ဥပမာ_အအေးမိ သို့မဟုတ် ကိုဗစ် – ၁၉)၊ နှာပိတ်ခြင်း၊ အာရုံကြောဆိုင်ရာ အခြေအနေများ၊ ဦးခေါင်းဒဏ်ရာများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်နိုင်သည်။
အနံ့ပျောက်ခြင်းသည် လူတစ်ဦး၏ဘဝအရည်အသွေးအပေါ် သိသိသာသာ သက်ရောက်မှုရှိနိုင်ပြီး၊ အစားအသောက် အရသာခံနိုင်မှု ချို့ယွင်းခြင်း၊ မီးခိုး သို့မဟုတ် ဓာတ်ငွေ့ယိုစိမ့်ခြင်းများကဲ့သို့သော အန္တရာယ်များကို ရှာဖွေတွေ့ရှိရန် ခက်ခဲခြင်း၊ အာရုံခံမှုနည်းပါးခြင်းနှင့် ဆက်နွယ်သော စိတ်ပိုင်းဆိုင်ရာ ခံစားမှုများ ဆက်လက်ဖြစ်ပေါ်လာနိုင်သည်။
အနံ့ဖြစ်ပေါ်ပုံ
အနံ့အာရုံခံစွမ်းရည်သည် သန္ဓေသားဘဝကတည်းက စတင်ဖွံ့ဖြိုးပြီး အနံ့အာရုံခံအာရုံကြောစနစ် (Olfactory system) မှ အဓိကထိန်းချုပ်သည်။ အနံ့တစ်ခုကို ရရှိခံစားရန် အရာဝတ္ထုမှထွက်လာသော အနံ့မော်လီကျုးများသည် လေထဲမှတစ်ဆင့် ပျံ့နှံ့လာပြီး နှာခေါင်းအတွင်းရှိ အနံ့အာရုံကြောဆဲလ် (Sensory neurones) များနှင့် ပထမဆုံးထိတွေ့သည်။ ထိုဆဲလ်များမှ အနံ့မော်လီကျုးများကိုလက်ခံပြီး အနံ့အာရုံခံအာရုံကြောမှတစ်ဆင့် အချက်ပြမှုများ (Signals) ကို ဦးနှောက်သို့ပို့ဆောင်သည်။ ဦးနှောက်မှ ထိုအချက်ပြမှုများကို ခွဲခြမ်းစိတ်ဖြာ၍ အနံ့အမျိုးအစား ခွဲခြားဖော်ပြပေးသည်။
မွေးကင်းစကလေးငယ်များသည်ပင် မိခင်၏ကိုယ်နံ့ကို ခံစားတုံ့ပြန်နိုင်စွမ်းရှိကြသည်။ ထို့ကြောင့် မိခင်နို့တိုက်ကျွေးရာတွင် ပိုမိုအဆင်ပြေခြင်း၊ ကလေးနှင့် မိခင်ကြား ပိုမိုရင်းနှီးချစ်ခင်မှုရခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်သည်။ ကလေးအသက်ကြီးလာသည်နှင့်အမျှ အနံ့များစွာကို ပိုမိုထိတွေ့ မှတ်သားလာနိုင်ပြီး အနံ့အာရုံခံစွမ်းရည်သည်လည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာသည်။ ကလေးဘဝသက်တမ်းတစ်လျှောက်တွင် အနံ့အာရုံကြောင့် အရသာအာရုံခံစွမ်းရည်များ တိုးတက်လာသကဲ့သို့ ထိုမှတစ်ဆင့် စိတ်ခံစားမှုဆိုင်ရာ စွမ်းရည်များနှင့် မှတ်ဉာဏ်စွမ်းရည်များအတွက်လည်း အထောက်အကူပြုပေးသည်။
ဖြစ်ပေါ်ရသော အကြောင်းရင်းများ
အနံ့ပျောက်ခြင်းဖြစ်စေသော အကြောင်းရင်းများစွာရှိသည်။
- အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများ
- အအေးမိခြင်း (Common cold)
- ရာသီတုပ်ကွေးဖြစ်ခြင်း (Influenza)
- နှာခေါင်းပိတ်ခြင်း
- ထိပ်ကပ်နာဖြစ်ခြင်း (Sinusitis)
- နှာခေါင်းပန်းနာဖြစ်ခြင်း (Allergic Rhinitis)
- ကိုဗစ် – ၁၉ ရောဂါဖြစ်ခြင်း (Covid 19 infection)
- ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ပြဿနာများ
- ဦးနှောက်ထိခိုက်ဒဏ်ရာရခြင်း (Traumatic Brain Injury)
- ဦးနှောက်ခွဲစိတ်ကုသခြင်း
- ဦးနှောက်အကျိတ်ဖြစ်ခြင်း
- လေဖြတ်ခြင်း
- အာရုံကြောရောဂါများ (ဥပမာ_အယ်လ်ဇိုင်းမားရောဂါ – Alzheimer’s Disease, ပါကင်ဆန်ရောဂါ – Parkinson’s disease နှင့် အာရုံကြောဖုံးအဆီလွှာ ပျက်စီးသောရောဂါ – Multiple sclerosis)
- မွေးရာပါ နှာခေါင်းတွင်းပုံမမှန်ခြင်းနှင့် အခြားဖွဲ့စည်းမှုဆိုင်ရာ ပြဿနာများ
- နှာခေါင်းအသားပိုဖြစ်ခြင်း (Nasal Polyp)
- နှာနုရိုးစောင်းခြင်း
- နှာခေါင်းခွဲစိတ်ပြုပြင်ခြင်း (Rhinoplasty)
- အလုံးအကျိတ်ပြဿနာများ
- နှာခေါင်းတွင်းအကျိတ်ဖြစ်ခြင်း (Olfactory neuroblastoma)
- ဦးနှောက်အကျိတ်ဖြစ်ခြင်း (Brain tumour)
- အခြားပြဿနာများ
- အသက်ကြီးခြင်း
- ဆေးလိပ်သောက်ခြင်း
- အဝလွန်ခြင်း
- ကိုယ်ဝန်ဆောင်ခြင်း
- သိုင်းရွိုက်ဟော်မုန်းကျဆင်းခြင်း (Hypothyroidism)
- အချို့သောဆေးဝါးများ သောက်သုံးခြင်း (ဥပမာ_ပဋိဇီဝပိုးသတ်ဆေးများ၊ ဟစ်စ်တမင်းဆန့်ကျင်ဆေးများနှင့် စိတ်ကျရောဂါ ကုသဆေးများ)
- ကိုကင်းကဲ့သို့သော မူးယစ်ဆေးများကို ကြာရှည်စွာ ရှူရှိုက်ခြင်း စသည်တို့ဖြစ်သည်။
ယာယီအနံ့ပျောက်ခြင်း
ယာယီအနံ့ပျောက်ခြင်းဆိုသည်မှာ နှာခေါင်းလမ်းကြောင်းတစ်လျှောက်နှင့် အနံ့အာရုံခံ အာရုံကြောစနစ်ကို ခေတ္တချို့ယွင်းစေသော အကြောင်းရင်းတချို့ကြောင့်ဖြစ်ပြီး၊ အချိန်ကာလတစ်ခုကျော်လျှင် သို့မဟုတ် ဖြစ်စေသောအကြောင်းရင်းအတွက် ကုသမှုရရှိလျှင် ပြန်လည်ကောင်းမွန်လာနိုင်ခြေများသည်။
ယာယီအနံ့ပျောက်ခြင်း ဖြစ်စေသော အကြောင်းရင်းများ
- အအေးမိခြင်း၊ ရာသီတုပ်ကွေးဖြစ်ခြင်း
ဗိုင်းရပ်စ်ပိုးများကြောင့်အဖြစ်များပြီး နှာခေါင်းတွင်း ချွဲများ၊ အရည်ကြည်များ ပိတ်ဆို့ခြင်းတို့ကြောင့် ယာယီအနံ့ပျောက်နိုင်ပြီး ရောဂါနာလန်ထချိန်တွင် ပြန်လည်သက်သာလာနိုင်သည်။ - ထိပ်ကပ်နာဖြစ်ခြင်း
နှာခေါင်းအတွင်းရှိ လေခိုအိတ်များ ရောင်ရမ်းခြင်းကြောင့်လည်း ယာယီအနံ့ပျောက်နိုင်ပြီး အရောင်ကျသွားချိန်တွင် အနံ့ပြန်ရနိုင်သည်။ - ဓာတ်မတည့်ခြင်း
အရာဝတ္ထုတစ်ခုခုနှင့် ဓာတ်မတည့်ခြင်းကြောင့် ခန္ဓာကိုယ်ရောင်ရမ်းခြင်းတွင် နှာခေါင်းအတွင်းပိုင်းထိ ရောင်ရမ်းပါက အနံ့ခဏပျောက်နိုင်သည်၊ ဓာတ်မတည့်ခြင်း သက်သာသည်နှင့် အနံ့ပြန်လည်ရတတ်သည်။ - ကိုဗစ် – ၁၉ ရောဂါဖြစ်ခြင်း
ကိုဗစ် – ၁၉ ရောဂါ စဖြစ်ပွါးခါစ အစောပိုင်းကာလများ၌ အနံ့ပျောက်ခြင်းသည် အလွန်ထင်ရှားသော ဝိသေသလက္ခဏာတစ်ခုဖြစ်သည်၊ ကိုဗစ် – ၁၉ ဗိုင်းရပ်စ်ပိုးသည် အနံ့အာရုံကြောဆဲလ်များကို ပျက်စီးစေသောကြောင့် အနံ့ပျောက်ခြင်း ခံစားရပြီး ရံဖန်ရံခါ ကိုဗစ်လက္ခဏာများမှ နာလန်ထချိန်ထိ ဆက်လက်အနံ့ပျောက်နေနိုင်သည်၊ အများအားဖြင့် (၂ – ၃) ပတ်ကျော်မှ အနံ့ပြန်လည်ရရှိနိုင်ပြီး တစ်ခါတစ်ရံ (၆) လခန့် ကြာတတ်သည်။ - နှာခေါင်းအတွင်း ပိတ်ဆို့နေခြင်း
နှာခေါင်းအတွင်း အသားပိုများပါရှိခြင်း၊ နှာနုရိုး စောင်းနေ၊ ကောက်နေခြင်းတို့ကြောင့်လည်း အနံ့ပျောက်နိုင်သည်၊ ထိုအသားပိုများနှင့် နှာခေါင်းအတွင်းရိုး ပုံမမှန်ခြင်းများကို ခွဲစိတ်ပြုပြင်၍ ဖယ်ရှားလိုက်ပါက အနံ့ပျောက်ခြင်း သက်သာသွားနိုင်သည်။ - ဆေးဝါးအချို့ သုံးစွဲခြင်း
နှာပွင့်ဆေးများ (Nasal decongestants)၊ ဟစ်စ်တမင်းဆန့်ကျင်ဆေးများ (Antihistamines) နှင့် ပိုးသတ်ဆေး (Antibiotics) အချို့၏ ဘေးထွက်ဆိုးကျိုးအနေဖြင့် ယာယီအနံ့ပျောက်ခြင်း ခံစားရနိုင်သည် - အလွန်စူးရှပြင်းထန်သော အနံ့များရှူမိခြင်း
ရနံ့စူးသော ရေမွှေးများ၊ အနံ့စူးသော ဓာတုပစ္စည်းများကို ရှူရှိုက်မိလျှင်လည်း အနံ့ခဏပျောက်နိုင်သည်။
ယှဥ်တွဲလာတတ်သောလက္ခဏာများ
အနံ့ပျောက်ခြင်းသည် ယာယီ သို့မဟုတ် အချိန်ကာလကြာရှည်စွာ ဖြစ်နိုင်သည်။ မိမိရင်းနှီးနေသောအနံ့များကို ပို၍ ပျော့သော၊ မတူညီသောအနံ့များအဖြစ် ပြောင်းလဲခံစားရပြီး နောက်ပိုင်းတွင် အနံ့အားလုံး ပျောက်သွားသည့်အဆင့်သို့ ရောက်ရှိသွားသည်။ ထိုအခါ
- အနံ့အာရုံချို့ယွင်းခြင်း_ ရင်းနှီးနေကျအနံ့များအပြင် အနံ့အသစ်များကိုပါ အနံ့ခံနိုင်စွမ်းမရှိခြင်း
- အစားအသောက် အရသာခံနိုင်စွမ်း ကျဆင်းခြင်း _ အနံ့နှင့် အရသာအာရုံများသည် အပြန်အလှန် ဆက်သွယ်နေကြသဖြင့် အနံ့အာရုံထိခိုက်ပါက အရသာခံနိုင်စွမ်းကိုလည်း ထိခိုက်နိုင်သည်
- အစာစားချင်စိတ် လျော့ကျခြင်း _ အနံ့နှင့် အရသာအာရုံများ ချို့ယွင်းနေပါက အစားအသောက် ပျက်လာနိုင်သည်
- အန္တရာယ်ရှိလာနိုင်ခြင်း _ အနံ့မရခြင်းကြောင့် ပုပ်သိုးနေသော အစားအစာများ စားမိနိုင်ခြေရှိခြင်း၊ မီးခိုးငွေ့များ သို့မဟုတ် ယိုစိမ့်နေသောဓာတ်ငွေ့များ ရှူမိနိုင်ခြေရှိခြင်း စသည့်အန္တရာယ်များ ကြုံတွေ့လာနိုင်သည်
- အနံ့အာရုံ တစ်စိတ်တစ်ပိုင်း ချို့ယွင်းခြင်း _ အနံ့လုံးဝပျောက်ခြင်းမဟုတ်ဘဲ အနံ့တစ်ချို့ကိုသာ ကွက်၍အနံ့မရခြင်းများလည်း တစ်ခါတစ်ရံဖြစ်နိုင်သည်
နောက်ဆက်တွဲပြဿနာများ
အနံ့ပျောက်ခြင်းကြောင့် နောက်ဆက်တွဲပြဿနာအချို့ ခံစားရနိုင်သည်။
- အာဟာရဆိုင်ရာ ပြဿနာများ _ အနံ့နှင့် အရသာအာရုံချို့ယွင်းခြင်းကြောင့် ပုပ်သိုးနေသော အစားအစာများကို စားမိရာမှ အစာအဆိပ်သင့်နိုင်ခြင်း၊ အစားစားချင်စိတ် လျော့နည်းပျောက်ဆုံးရာမှ အချိန်ကြာလာလျှင် အာဟာရချို့တဲ့လာနိုင်ခြေရှိခြင်း
- ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ _ အနံ့မရခြင်းကြောင့် မီးလောင်နေသည့်နေရာများတွင် မီးခိုးငွေ့များရှူမိနိုင်ခြင်း၊ ဓာတ်ငွေ့များ ယိုစိမ့်နေသောနေရာတွင် ဓာတ်ငွေ့များ ရှူမိနိုင်ခြင်းနှင့် အခြားအန္တရာယ်ရှိသော ဓာတုပစ္စည်းများ ရှူမိခြင်း၊ ထိတွေ့မိခြင်း
- တစ်ကိုယ်ရေကျန်းမာရေးဆိုင်ရာ ပြဿနာများ _ မိမိကိုယ်ခန္ဓာမှ ထွက်သောအနံ့များ ဆိုးဝါးနေသည်ကို သတိမထားမိသောကြောင့် ဘေးပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်စေနိုင်ခြင်း
- စိတ်ပိုင်းဆိုင်ရာ ပြဿနာများ _ အနံ့အာရုံ ကြာရှည်ချို့ယွင်းမှုကြောင့် စိတ်မလုံခြုံခြင်း၊ စိတ်တိုလွယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အထီးကျန်ခြင်းနှင့် နေ့စဥ်ဘဝလှုပ်ရှားမှုများတွင် မပျော်မွေ့ခြင်း၊ ခက်ခဲလာခြင်း စသည်တို့ ဖြစ်လာနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
ယာယီအနံ့ပျောက်ခြင်းအများစုသည် ပြင်းထန်ခြင်းမရှိဘဲ ရက်အနည်းငယ် မှ ရက်သတ္တပတ် (၂) ပတ်ခန့်အတွင်း အလိုအလျောက် ပြန်လည်သက်သာလာနိုင်ခြေရှိသောကြောင့် အများအားဖြင့် ဆေးခန်းပြသရန် မလိုအပ်ပါ။ သို့ရာတွင် မိမိ၏မိသားစုဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပြသရန်လိုသည့် အခြေအနေအချို့ရှိသည်။ ဥပမာ_
- ယာယီအနံ့ပျောက်ခြင်းသည် သာမန်အအေးမိတုပ်ကွေး ရောဂါများကြောင့် မဟုတ်လျှင်
- အနံ့ပျောက်ခြင်းသည် ရက်သတ္တပတ်အနည်းငယ်မှ လပိုင်းအထိ ကာလရှည်ကြာစွာ တောက်လျှောက်ရှိနေလျှင်
- အခြားဦးနှောက်အာရုံကြောလက္ခဏာများပါ ယှဉ်တွဲလာလျှင် ဆွေးနွေးတိုင်ပင်ပြသရန်လိုသည်၊ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
သက်ဆိုင်ရာဆရာဝန်မှ ဓာတ်မတည့်ခြင်းနှင့် ထိပ်ကပ်နာဖြစ်ခြင်း စသည်တို့အပါအဝင် အနံ့ပျောက်ခြင်း၏ ရောဂါရာဇဝင်များကို မေးမြန်းခြင်း၊ နှာခေါင်းအတွင်း ပိတ်နေခြင်း၊ ပုံမမှန်ခြင်း စသည်တို့ကို စစ်ဆေးခြင်း၊ လိုအပ်ပါက မှန်ပြောင်းဖြင့် အသေးစိတ်စစ်ဆေးကြည့်ရှုခြင်းများ ပြုလုပ်ပေးမည်ဖြစ်သည်။ ရုတ်တရက် အနံ့ပျောက်သွားပြီး အကြောင်းရင်းကို ကိုဗစ် – ၁၉ ရောဂါဟု သံသယရှိလျှင် နှာခေါင်းတို့ဖတ်ယူ၍ ဓာတ်ခွဲစစ်ဆေးနိုင်သည်။ အနံ့အာရုံကြောပြဿနာများအတွက် အနံ့အမျိုးမျိုးကို ရှူကြည့်စေပြီး အနံ့ခွဲခြားစစ်ဆေးခြင်း (Odor Identification Tests) ကိုလည်း ပြုလုပ်နိုင်သည်။ နှာခေါင်းတွင်းအကျိတ်နှင့် ဦးနှောက်အကျိတ်ကဲ့သို့ အခြေအနေများကို အသေးစိတ်သိရှိနိုင်ရန် ဦးခေါင်းအား ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်းနှင့် သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်းတို့ ပြုလုပ်၍ ရောဂါရှာဖွေနိုင်သည်။
ယခုအခါ AI စနစ်သုံး အနံ့ခွဲခြားစစ်ဆေးသည့် ကိရိယာများကို အသုံးပြု၍ လူနာ၏ အနံ့ခံနိုင်စွမ်းကို သာမန်ထက် ပိုမိုတိကျစွာ တိုင်းတာလာနိုင်သည်။ ၎င်းသည် အယ်လ်ဇိုင်းမား (Alzheimer’s) နှင့် ပါကင်ဆန် (Parkinson’s) ရောဂါများကို လက္ခဏာမပြမီ ကြိုတင်သိရှိနိုင်ရန် အထောက်အကူပြုသည်။ ထို့ပြင် အနံ့ခံလိုက်သည့်အချိန်တွင် ဦးနှောက်၏ မည်သည့်နေရာများ အလုပ်လုပ်သည်ကို Functional MRI (fMRI) နည်းပညာဖြင့် ပုံရိပ်ဖော်ကြည့်ရှုနိုင်လာပြီး အနံ့ပျောက်ခြင်းကိုဖြစ်ပေါ်စေသောရောဂါတည်ရှိရာနေရာ ခွဲခြားရာတွင် ပိုမိုတိကျစေသည်။
ကုသခြင်း
ယာယီအနံ့ပျောက်ခြင်းအများစုတွင် ဖြစ်စေသော အကြောင်းရင်းခံများ သက်သာသွားပါက အနံ့ပျောက်ခြင်း သက်သာပျောက်ကင်းနိုင်သည်။ ဥပမာ _ အအေးမိတုပ်ကွေးရောဂါနှင့် ဓာတ်မတည့်သောရောဂါများတွင် ရက်ပိုင်းအတွင်း အနံ့ပျောက်ခြင်း ပြန်လည်သက်သာသွားနိုင်သည်။ နှာခေါင်းပိတ်ခြင်းနှင့် ခြောက်ခြင်းများ သက်သာစေရန် ဆားရည်များထည့်ခြင်း၊ ရောင်ရမ်းခြင်းများ သက်သာစေရန် စတီးရွိုက်ဖျန်းဆေးများ ဖျန်းခြင်း၊ ဓာတ်မတည့်ခြင်းများအတွက် ဟစ်စ်တမင်းဆန့်ကျင်ဆေး (Antihistamines) များဖြင့် ကုသနိုင်သည်။ နာတာရှည် ထိပ်ကပ်နာရောဂါနှင့် အခြားရောင်ရမ်းခြင်းများအတွက် ပဋိဇီဝပိုးသတ်ဆေးများပေးခြင်း၊ နှာခေါင်းအသားပိုများကို ခွဲစိတ်ကုသခြင်း၊ အနံ့ပျောက်ခြင်းဖြစ်စေသည်ဟု ယူဆသည့် ဆေးဝါးများသုံးစွဲခြင်းကို ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် ခေတ္တရပ်ခြင်းစသည့် ကုသမှုများ ပေးခြင်းဖြင့်လည်း အနံ့ပျောက်ခြင်း သက်သာနိုင်သည်။
အကယ်၍ အနံ့ပျောက်ခြင်းသည် ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ပြဿနာများ (ဥပမာ _ ပါကင်ဆန်ရောဂါနှင့် ဦးနှောက်ထိခိုက်ဒဏ်ရာရခြင်း) ကြောင့်ဖြစ်ပါက အနံ့ပျောက်ခြင်းလက္ခဏာ သက်သာစေခြင်းထက် အာရုံကြောရောဂါအခံကို သက်ဆိုင်ရာ ဦးနှောက်နှင့်အာရုံကြော အထူးကုဆရာဝန်များနှင့် ပြသ၍ ကုသမှုခံယူရန် အရေးကြီးသည်။ ထို့အပြင် အောက်ပါ ခေတ်မီကုသမှုနည်းလမ်းများကိုလည်း အသုံးပြုလာကြသည်။
- Olfactory training – ပြင်း၍စူးရှသော အနံ့များကို မကြာခဏရှူပေး၍ လေ့ကျင့်ပေးခြင်းဖြင့် အနံ့အာရုံ ပြန်လည်ရရှိအောင် လုပ်ဆောင်နိုင်သည်
- Olfactory Implants – နားမကြားသူများတွင် အတွင်းနားအစားထိုးကိရိယာ (Cochlear Implant) ထည့်သကဲ့သို့ အနံ့လုံးဝမရသူများအတွက် အနံ့အာရုံခံ လျှပ်စစ်အချက်ပြကိရိယာများကို ဦးနှောက်နှင့် တိုက်ရိုက်ချိတ်ဆက်ပေးနိုင်ရန် သုတေသနများ အောင်မြင်စွာ ပြုလုပ်လျက်ရှိသည်
- Steroid-Eluting Stents – နှာခေါင်းခွဲစိတ်မှုအပြီးတွင် ဆေးဝါးများကို တဖြည်းဖြည်းချင်း ထုတ်လွှတ်ပေးသည့် ပြွန် (Stent) များ ထည့်သွင်းခြင်းဖြင့် ရောင်ရမ်းမှုကို လျှော့ချပြီး အနံ့အာရုံကို ထိန်းသိမ်းပေးနိုင်သည်
ကာကွယ်ခြင်း
ယေဘုယျအားဖြင့် အနံ့ပျောက်ခြင်းကို ကာကွယ်ရန် နည်းလမ်းအတိအကျ မရှိသော်လည်း ဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်သည့် နည်းလမ်းများရှိသည်။ ရာသီတုပ်ကွေးရောဂါနှင့် အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားမှုနည်းစေရန် လက်ဆေးခြင်း၊ နှာခေါင်းစည်း တပ်ဆင်ခြင်းစသည့် ရောဂါကာကွယ်ရေး နည်းလမ်းများကို လိုက်နာလုပ်ဆောင်ခြင်းဖြင့် အဆိုပါရောဂါများကြောင့် အနံ့ပျောက်ခြင်းဖြစ်နှုန်းကို လျော့နည်းစေနိုင်သည်။
နှာခေါင်းအတွင်း ရောင်ရမ်းခြင်းများ ဖြစ်စေသော ဆေးလိပ်ငွေ့၊ ပြင်းထန်သော ဓာတုပစ္စည်းများနှင့် ဓာတ်မတည့်ခြင်း ဖြစ်စေသောအရာများကို ထိတွေ့ခြင်းကိုလည်း ရှောင်ကြဉ်သင့်သည်။ နှာခေါင်းအမြှေးပါးများ ခြောက်သွေ့ခြင်းကို ကာကွယ်ရန် နှာခေါင်းဖျန်းဆေးများနှင့် ရေငွေ့ထိန်းစက် (Humidifiers) များ အသုံးပြုနိုင်သည်။ နာတာရှည် ဓာတ်မတည့်ခြင်းနှင့် နာတာရှည် ထိပ်ကပ်နာရောဂါများအတွက် ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း ဆေးဝါးများ သုံးစွဲခြင်း၊ ရက်ချိန်းပုံမှန် ပြသခြင်းတို့ဖြင့် အနံ့ပျောက်ခြင်း အကြိမ်အရေအတွက် လျော့နည်းအောင် ကာကွယ်နိုင်သည်။
အနံ့ပျောက်နေသူတစ်ဦးအနေဖြင့် နောက်ဆက်တွဲပြဿနာများ လျော့နည်းစေရန် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်သင့်သည်။
- ဆေးလိပ်ဖြတ်ခြင်း – ဆေးလိပ်သောက်သူ ဖြစ်ပါက အနံ့အာရုံ ပြန်လည်ကောင်းမွန်လာစေရန် ဆေးလိပ်ဖြတ်ရန် လိုအပ်သည်
- အချက်ပေးစက်များ တပ်ဆင်ခြင်း – မီးခိုးငွေ့နှင့် မီးတောက်များ ထွက်လာလျှင် အချက်ပေးနိုင်သောစက်များ (Smoke detectors and fire detectors) ကို အိမ်နှင့် လုပ်ငန်းခွင်တွင် တပ်ဆင်ထားရမည်
- အစားအသောက်များကို စစ်ဆေးခြင်း – အစားအသောက်များ မစားမီ သက်တမ်းကုန်ဆုံးရက်နှင့် အစားအသောက်၏ အရောင်၊ အနေအထားများကို ဂရုတစိုက် စစ်ဆေးရမည်
- ခေတ်မီနည်းပညာကို အသုံးပြုခြင်း – အနံ့လေ့ကျင့်ခန်း (Olfactory Training) လုပ်ဆောင်ရာတွင် မိုဘိုင်းဖုန်း အက်ပလီကေးရှင်းများ (Digital Scent Training Apps) ကို အသုံးပြု၍ လေ့ကျင့်မှုမှတ်တမ်းများကို နေ့စဉ် စနစ်တကျ မှတ်သားကာ တိုးတက်မှုကို တိုင်းတာသည့်စနစ်များကို အသုံးပြုနိုင်သည်
References:
- Cleveland Clinic. (2024). Anosmia (loss of sense of smell): Causes, symptoms and treatment. Retrieved January 10, 2026, from https://my.clevelandclinic.org/health/diseases/21859-anosmia-loss-of-sense-of-smell
- Holbrook, E. H., & Puram, S. V. (2024). The future of olfactory implants: Electrical stimulation of the olfactory system. Otolaryngologic Clinics of North America, 57(1), 145–156.
- Marks, H. (2023). What is anosmia? WebMD. Retrieved January 10, 2026, from https://www.webmd.com/brain/anosmia-loss-of-smell
- Mayo Clinic. (2024). Loss of smell (anosmia): Symptoms and causes. Retrieved January 10, 2026, from https://www.mayoclinic.org/symptoms/loss-of-smell/basics/causes/sym-20050804
- National Health Service. (2023). Lost or changed sense of smell. Retrieved January 10, 2026, from https://www.nhs.uk/conditions/lost-or-changed-sense-smell/
- Patel, Z. M., Holbrook, E. H., Turner, J. H., et al. (2023). Advances in olfactory dysfunction diagnosis and management. Laryngoscope Investigative Otolaryngology, 8(5), 1240–1252.
- Yan, C. H., Detwiller, K. Y., Harvey, R. J., et al. (2024). Platelet-rich plasma for the treatment of olfactory dysfunction: A systematic review and meta-analysis. International Forum of Allergy & Rhinology, 14(2), 215–228.
Published: 30 January 2025
Last updated: 3 February 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.