အတွင်းနားအစားထိုးကိရိယာ (Cochlear implant)ကို အတွင်းနား (cochlear) ပျက်စီးခြင်းနှင့် နားကြားကိရိယာ (hearing aids)ဖြင့် ကောင်းစွာမကြားရခြင်းစသည့် အခြေအနေများတွင် အသုံးပြုကြသည်။ ဤကိရိယာသည် ပျက်စီးသွားသော နားအစိတ်အပိုင်းကိုကျော်၍ အကြားအာရုံကြောဆီသို့ အသံအချက်ပြမှုကို တိုက်ရိုက်ပို့ပေးခြင်းအားဖြင့် အကြားအာရုံ ပြန်လည်ရရှိနိုင်ရန် ဆောင်ရွက်ပေးသည်။
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့် အခြေအနေများ
ဆိုးရွားသည့် အကြားအာရုံဆုံးရှုံးမှုများ (သို့မဟုတ်) နားကြားကိရိယာ တပ်ဆင်အသုံးပြုနေသော်လည်း အကြားအာရုံချို့ယွင်းချက် တိုးတက်မှုမရှိသော အခြေအနေများတွင် အတွင်းနားအစားထိုးကိရိယာကို တပ်ဆင်အသုံးပြုနိုင်သည်။ ထိုသို့အသုံးပြုခြင်းဖြင့် စကားပြောဆိုဆက်ဆံမှုများ ပို၍အဆင်ပြေလာပြီး ဘဝနေထိုင်မှု အရည်အသွေးကို မြှင့်တင်ပေးနိုင်သည်။ အတွင်းနားအစားထိုးကိရိယာကို နားတစ်ဖက်တည်းတွင်သာမက နားနှစ်ဖက်လုံးတွင်လည်း တပ်ဆင်နိုင်သည်။ စကားစတင်ပြောရန် လေ့လာသင်ယူနေသော အကြားအာရုံချို့တဲ့သည့် ကလေးများတွင်လည်း အတွင်းနားအစားထိုးကိရိယာကို တပ်ဆင်နိုင်သည်။
အတွင်းနားအစားထိုးကိရိယာတွင် ပါဝင်သောအစိတ်အပိုင်းများ
Cochlear Implantတွင် အပြင်ပိုင်းယူနစ်နှင့် အတွင်းပိုင်းယူနစ် ဟူ၍ရှိသည်။ အပြင်ပိုင်းယူနစ်ကို နားရွက်အနောက်ဘက် (သို့မဟုတ်) ဦးခေါင်း၌ထားရှိပြီး
- မိုက်ကရိုဖုန်း (microphone)
- အသံစိစစ်ကိရိယာ (Processor)
- အားပြန်သွင်း၍ရသော ဘက်ထရီ (battery)
- အသံလှိုင်းထုတ်လွှင့်သည့် ကိရိယာ (Transmitter) တို့ပါဝင်သည်။
အတွင်းပိုင်းယူနစ်ကို နားအနောက်ရှိ အရေပြားတွင်မြှုပ်ထားပြီး
- အသံအချက်ပြ လက်ခံသည့် ကိရိယာ(Receiver)
- လျှပ်စစ်လှုံ့ဆော်ချက်ထုတ် ကိရိယာ(Stimulator)
- လျှပ်ကူးပစ္စည်းအဖြစ် လုပ်ဆောင်သည့် ကြားခံဝါယာကြိုး (electrode)တို့ ပါရှိသည်။
အတွင်းနားအစားထိုးကိရိယာ အလုပ်လုပ်ပုံ
Cochlear Implantသည် ပြင်ပအသံများကို မိုက်ကရိုဖုန်း၊ အသံစိစစ်သည့် ကိရိယာတို့မှတစ်ဆင့် အသံလက်ခံကိရိယာသို့ ပို့လွှတ်သည်။ ထိုလက်ခံထားသောအသံကို လျှပ်စစ်လှုံ့ဆော်ချက်ထုတ်ကိရိယာမှ လျှပ်စစ်လှုံ့ဆော်ချက်အဖြစ် အကြားအာရုံကြောဆီသို့ ကြားခံဝါယာကြိုးမှတစ်ဆင့် ပေးပို့သည်။ ဦးနှောက်သို့ ထို့အချက်ပြမှု ရောက်ရှိသည့်အခါ အသံအဖြစ်ကြားရသည်။ ၎င်းအသံများသည် သဘာဝအတိုင်း ကြားရသောအသံများနှင့် ထပ်တူမကျပါ။ ထို့ကြောင့် အတွင်းနားအစားထိုးကိရိယာ အသုံးပြုရာတွင် အသံများကောင်းစွာ ကြားသိနားလည်နိုင်ရန် လေ့ကျင့်မှုများလိုအပ်သည်။ အသုံးပြုသူအများစုသည် (၃)လ မှ (၆)လအကြာတွင် စကားသံများကို ကောင်းစွာနားလည်လာသည်
ကုသပုံအဆင့်ဆင့်
လူနာနှင့်အသင့်တော်ဆုံး Cochlear Implant အမျိုးအစားကို သိရှိရန် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်၊ အကြားအာရုံ စမ်းသပ်စစ်ဆေးသူများနှင့် အစားထိုးမှုမပြုလုပ်မီ ဆွေးနွေးတိုင်ပင်ရသည်။ ထို့အပြင် အကြားအာရုံ၊ စကားအပြောအဆိုနှင့် ဟန်ချက်ညီမှုတို့ကို စမ်းသပ်စစ်ဆေးခြင်း၊ ကွန်ပြူတာဓါတ်မှန် (CT) (သို့မဟုတ်) သံလိုက်ဓါတ်မှန် (MRI)ရိုက်၍ နားအတွင်းသားနှင့် ဦးနှောက်စစ်ဆေးခြင်းများကို ပြုလုပ်သည်။
သက်ဆိုင်ရာ ခွဲစိတ်ဆရာဝန်မှ ခွဲစိတ်မည့်နေ့တွင် နောက်ဆုံးအစာစား၊ ရေသောက်ရမည့်အချိန်နှင့် မခွဲစိတ်မီ ခေတ္တရပ်ထားရမည့် ဆေးဝါးများကို ရှင်းလင်းပြောပြမည်။
ခွဲစိတ်သည့်နေ့တွင် လူနာအားမေ့ဆေးပေး၍ နားအနောက်တွင် အစားထိုးကိရိယာထည့်ရန် သေးငယ်သော ခွဲကြောင်းရာတစ်ခုပြုလုပ်ပြီး အတွင်းပိုင်းယူနစ်ကို တပ်ဆင်သည်။ ထို့နောက် နားအနောက်ရှိ ဦးခေါင်းရိုးအစိတ်အပိုင်းတစ်ခု (Mastoid)ကို အပေါက်ငယ်ဖောက်ပြီး ကြားခံဝါယာကြိုးဖြင့် အတွင်းနား (Cochlear)ကို ချိတ်ဆက်သည်။ ပြီးလျှင် နားနောက်ရှိခွဲကြောင်းရာကို ပြန်၍ချုပ်သည်။ ထို့နောက် အပြင်ပိုင်းယူနစ်နှင့် ချိတ်ဆက်သည်။
နောက်ဆက်တွဲဆိုးကျိုးများ
အတွင်းနား အစားထိုးခွဲစိတ်ခြင်းသည် ယေဘုယျအားဖြင့် အန္တရာယ်မရှိသော လုပ်ဆောင်မှုဖြစ်သည်။ သို့သော် အဖြစ်နည်းသည့် အောက်ပါ နောက်ဆက်တွဲဆိုးကျိုးအချို့ကို တွေ့ နိုင်သည်။ ၎င်းတို့မှာ_
- အကြားအာရုံကြော ထိခိုက်ခြင်း
- ဦးနှောက်အမြှေး ရောင်ရမ်းခြင်း
- နားအတွင်းခွဲစိတ်သည့်နေရာ၌ ပိုးဝင်ခြင်း
- အစားထိုးသည့်ကိရိယာ ပိုးဝင်ခြင်း
- သွေးထွက်ခြင်း
- ခေါင်းမူးခြင်း
- ဟန်ချက်မထိန်းနိုင်ခြင်း
- အရသာအာရုံခံမှု ပြဿနာဖြစ်ခြင်း
- မူလနားအူခြင်း ပိုဆိုးလာခြင်း၊ နားအူခြင်း အသစ်ဖြစ်ခြင်း
- နားမှ ဦးနှောက်အရည် (CSF)ယိုစိမ့်ခြင်း
- ခွဲစိတ်ခံရသည့် နားဘက်တွင် မျက်နှာတစ်ခြမ်း မလှုပ်ရှားနိုင်ခြင်း
- ခွဲစိတ်ခံရသည့်နားတွင် အချိန်ကြာရှည်စွာ နာကျင်ခြင်း၊ ထုံကျဥ်ခြင်းနှင့် ခေါင်းကိုက်ခြင်း
- ကျန်ရှိသောအကြားအာရုံ ဆုံးရှုံးခြင်း
- အစားထိုးမှု မအောင်မြင်ခြင်း စသည်တို့ တွေ့ရသည်။
အထက်ပါ နောက်ဆက်တွဲပြဿနာများတွေ့ရှိပါက နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်နှင့် ပြန်လည်၍ ဆွေးနွေးတိုင်ပင်ရမည်။
လိုက်နာဆောင်ရွက်ရမည့် အချက်များ
အစားထိုးကုသမှု ပြုလုပ်ပြီးပါက ခွဲစိတ်ထားသောနေရာသည် အနည်းငယ် မသက်မသာဖြစ်ခြင်း၊ နာကျင်ခြင်း၊ မူးဝေခြင်းနှင့် ပျို့အန်ခြင်းများ ဖြစ်တတ်သည်။ ဤအစားထိုးကုသမှုသည် ပြင်ပလူနာအနေဖြင့် ပြုလုပ်နိုင်သောကြောင့် ဆေးရုံတက်ရန်မလိုပါ။ သို့သော် ပြုလုပ်သည့်နေ့တွင် ကားမောင်း၍ မရပါ။ ပြင်းထန်သော လှုပ်ရှားမှုများ၊ ခေါင်းလှုပ်ရှားမှုများနှင့် နားပတ်ဝန်းကျင် ရေမစိုစေရန် သတိထားရမည်။
ခွဲစိတ်ပြီး (၁)ပတ် မှ (၄)ပတ်ခန့် ကြာသောအခါ ခွဲစိတ်ထားသည့်နားကို အကြားအာရုံစစ်ဆေးသူမှ စစ်ဆေးရသည်။ စစ်ဆေးမှုတွင် ကိရိယာကို ချိန်ညှိပေးခြင်း၊ အတွင်းနားအစားထိုးကိရိယာ ကောင်းစွာအလုပ်လုပ်ကြောင်း စစ်ဆေးခြင်း၊ အကြားအာရုံတိုးတက်မှုကို ပြန်လည်စစ်ဆေးခြင်းများ ပြုလုပ်သည်။ အပြင်မှ လက်ခံထားသောအသံများကို ဦးနှောက်မှကောင်းစွာ သိရှိနားလည်ရန် လေ့ကျင့်မှုများ ဆက်လက်ပြုလုပ်ရသည်။
ယေဘုယျအားဖြင့် ပြင်ပယူနစ်ကိရိယာများသည် အကန့်အသတ်မရှိ ကြာရှည်ခံပြီး အတွင်းပိုင်းတပ်ဆင်ထားသော ကိရိယာများသည် အမျိုးအစားပေါ်မူတည်၍ (၅)နှစ် မှ (၁၀)နှစ်ထိ သက်တမ်းရှိတတ်သည်။
References:
- Cochlear implants – Mayo Clinic. (n.d.-b). Retrieved July 1, 2024, from https://www.mayoclinic.org/tests-procedures/cochlear-implants/about/pac-20385021
- Professional, C. C. M. (2024). Cochlear Implants. Cleveland Clinic. Retrieved July 1, 2024, from https://my.clevelandclinic.org/health/treatments/4806-cochlear-implants
- Cochlear Implants. (2024). NIDCD. Retrieved July 1, 2024, from https://www.nidcd.nih.gov/health/cochlear-implants
Published Date: 30 August 2024
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.