Intensive Care (အထူးကြပ်မတ် ကုသမှု)

Intensive Care (အထူးကြပ်မတ် ကုသမှု)

အထူးကြပ်မတ်ကုသမှု (Intensive care) ဆိုသည်မှာ အသက်အန္တရာယ်ရှိသော ဒဏ်ရာများနှင့် ရောဂါများ ခံစားနေရသူများအတွက် အထူးကြပ်မတ်ကုသပေးသော ကျန်းမာရေးစောင့်ရှောက်မှုဖြစ်သည်။ ထိုကုသမှုမျိုးကို ဆေးရုံ၏ အထူးကြပ်မတ်ကုသဌာန (Intensive Care Unit – ICU) တွင် ကုသပေးသည်။ ထိုဌာနတွင် အထူးလေ့ကျင့်သင်ကြားထားသော ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ ပါဝင်သည့်အဖွဲ့မှ ၂၄ နာရီပတ်လုံး လူနာကို အနီးကပ်စောင့်ကြည့်ကာ ပြုစုကုသစောင့်ရှောက်ပေးသည်။ လူနာ၏ အသက်အန္တရာယ်ရှိနိုင်သော အရေးကြီးလက္ခဏာများ (vital signs) ကို စက်များအသုံးပြု၍ အဆက်မပြတ် စောင့်ကြည့်ခြင်း၊ ရောဂါအခြေအနေ ပြောင်းလဲမှုအရ အချိန်နှင့်တစ်ပြေးညီ အထူးကုသမှုများ ဆောင်ရွက်ပေးခြင်းတို့ ပါဝင်သည်။

အထူးကြပ်မတ်ကုသဌာန (ICU)

အထူးကြပ်မတ်ကုသဌာနသည် အသက်အန္တရာယ်ရှိသော ရောဂါ သို့မဟုတ် ဒဏ်ရာ ရရှိထားသူများအတွက် လိုအပ်သည့်ကုသမှု ပေးနိုင်ရန် ဆေးရုံများတွင် အထူးပြင်ဆင်ထားသော နေရာတစ်ခုဖြစ်သည်။ ICU တွင် တက်ရောက်ကုသမှုခံယူနေရခြင်းသည် ပြင်းထန်သော အခြေအနေကို ဖော်ပြသည်။ ICU အတွင်းရှိလူနာများသည် ၄င်းတို့၏ ကျန်းမာရေးအခြေအနေကို အဆက်မပြတ်စောင့်ကြည့်ရန် နှင့် ကုသမှုပေးနိုင်ရန်အတွက် အထူးလေ့ကျင့်သင်ကြားထားသော ကျန်းမာရေးဝန်ထမ်းများ၏ စောင့်ရှောက်မှုကို လိုအပ်သောလူနာများဖြစ်သည်။

လူနာများ၏ အသက်အရွယ်အလိုက် အထူးကြပ်မတ်ကုသမှုပေးသော ဌာနများလည်း ရှိသည်။ ၎င်းတို့မှာ_

  • မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင် (Neonatal Intensive Care Unit – NICU)
    မွေးကင်းစကလေးငယ်များ (သာမန်အားဖြင့် မွေးပြီးနောက် ပထမ ၂၈ ရက်အတွင်း) အတွက် ရည်ရွယ်သည်။ လမစေ့ဘဲ မွေးဖွားခြင်း၊ ကိုယ်အလေးချိန်နည်းခြင်း သို့မဟုတ် မွေးရာပါ ပြဿနာများရှိသော ကလေးများအား စောင့်ရှောက်ပေးသည်။
  • ကလေး အထူးကြပ်မတ်ကုသဆောင် (Pediatric Intensive Care Unit – PICU)
    မွေးကင်းစအရွယ်ကျော်လွန်သည့် ကလေးများမှ ဆယ်ကျော်သက်အရွယ်အထိ (သာမန်အားဖြင့် ၁ လသား မှ ၁၈ နှစ်အထိ) ပြင်းထန်သော ဖျားနာမှုများ၊ ထိခိုက်ဒဏ်ရာများ သို့မဟုတ် ခွဲစိတ်မှုအပြီး အထူးကြပ်မတ်စောင့်ရှောက်မှု လိုအပ်သည့် ကလေးများအတွက် ရည်ရွယ်သည်။
ရောဂါနှင့်ကုသမှုအလိုက် အထူးပြု ICU များ

လူနာ၏ အခြေအနေနှင့် ရောဂါအမျိုးအစားအလိုက် အထူးကြပ်မတ်ကုသပေးသော ဌာနများလည်း ရှိသည်။ ၎င်းတို့မှာ_

  • နှလုံး အထူးကြပ်မတ်ကုသဆောင် (Coronary/Cardiac Care Unit – CCU/CICU)
    နှလုံးသွေးကြောပိတ်ခြင်း (Heart Attack)၊ ပြင်းထန်သော နှလုံးခုန်နှုန်းမမှန်ခြင်း (Arrhythmia) သို့မဟုတ် ပြင်းထန်သော နှလုံးအလုပ်မလုပ်နိုင်ခြင်း (Heart Failure) ကဲ့သို့သော အသက်အန္တရာယ်ရှိသည့် နှလုံးရောဂါ ခံစားနေရသူများအတွက် အထူးရည်ရွယ်သော ဌာနဖြစ်သည်။
  • ခွဲစိတ်ကုသမှု အထူးကြပ်မတ်ကုသဆောင် (Surgical Intensive Care Unit – SICU)
    ကြီးမားသော ခွဲစိတ်မှုများ ပြုလုပ်ပြီးနောက် သို့မဟုတ် ခန္ဓာကိုယ်၏ ပြင်းထန်သော ဒဏ်ရာများ (Trauma) ရရှိထားသူများအား အနီးကပ် စောင့်ကြည့်ကုသပေးရန် ရည်ရွယ်သည်။
  • ဦးနှောက်အာရုံကြော အထူးကြပ်မတ်ကုသဆောင် (Neurological Intensive Care Unit – Neuro-ICU)
    လေဖြတ်ခြင်း (Stroke)၊ ဦးနှောက်သွေးယိုခြင်း သို့မဟုတ် ဦးနှောက်ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိထားသည့် လူနာများအား ဦးနှောက်ဖိအားနှင့် အာရုံကြောဆိုင်ရာ လုပ်ငန်းများကို အနီးကပ် စောင့်ကြည့်ရန် ရည်ရွယ်သည်။
ICU ကုသမှု ခံယူရန် ဆုံးဖြတ်ခြင်း

ကိုယ်တွင်းအင်္ဂါများ ထိခိုက်ပျက်စီးနိုင်ခြေရှိခြင်း သို့မဟုတ် လတ်တလော ကိုယ်တွင်းအင်္ဂါ ထိခိုက်ပျက်စီးခြင်းရှိသော လူနာများသည် အထူးကြပ်မတ်ကုသဌာနတွင် ကုသမှုခံယူရန် ပထမဦးစားပေး လူနာများ ဖြစ်ကြသည်။ အထူးကြပ်မတ်ကုသဌာနတွင် လက်ခံကုသမှုအတွက် ဆုံးဖြတ်ချက်ပေးနိုင်ရန် အောက်ဖော်ပြပါ အချက်များကို ထည့်သွင်းစဥ်းစားရန် လိုအပ်သည်။ ၄င်းတို့မှာ_

  • ရောဂါရှာဖွေတွေ့ရှိချက်
  • ရောဂါပြင်းထန်မှု
  • ရောဂါကြိုတင်ခန့်မှန်းချက်နှင့် မျှော်မှန်းထားသော ဘဝအရည်အသွေး
  • ရရှိနိုင်သောကုသမှုများ
  • ယခုအချိန်အထိ ကုသမှုအပေါ် တုံ့ပြန်မှုတို့ ဖြစ်ကြသည်။

ICU ဆရာဝန်တစ်ဦးသည် လူနာ၏ အသက်အရွယ်၊ ရောဂါအခံများ၊ ခန္ဓာကိုယ်၏ ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်နိုင်စွမ်းနှင့် လူနာ၏ ကိုယ်ပိုင်ဆန္ဒများကိုလည်း ထည့်သွင်းစဥ်းစားရန် လိုအပ်သည်။ အချို့သောလူနာများသည် ကုသမှုများက ၄င်းတို့၏ ဘဝအရည်အသွေးကို ထိခိုက်စေပါက သို့မဟုတ် ပြန်လည်ကောင်းမွန်ရန် အခွင့်အလမ်း နည်းပါးပါက ICU တွင် အထူးကြပ်မတ်ကုသစောင့်ရှောက်မှုကို မလိုလားကြသော လူနာများလည်းရှိသည်။

အထူးကြပ်မတ်ကုသမှု ခံယူရန် လိုအပ်သော စံနှုန်းများ

လူနာ၏ အခြေအနေသည် အောက်ပါ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက အထူးကြပ်မတ်ကုသမှုဌာန (ICU) သို့ ပို့ဆောင်ကုသလေ့ရှိသည်။

  1. အသက်ရှူလမ်းကြောင်းဆိုင်ရာ အရေးပေါ်အခြေအနေများ
    • အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်း (Airway Obstruction)
    • အသက်ရှူရပ်တန့်ခြင်း (Apnea) သို့မဟုတ် အသက်ရှူနှုန်း အလွန်အမင်း မြန်နေခြင်း၊ နှေးနေခြင်း
      • အရွယ်ရောက်ပြီးသူများအတွက် တစ်မိနစ်လျှင် (၈) ကြိမ်အောက် နည်းနေခြင်း သို့မဟုတ် (၄၀) ကြိမ်အထက် များနေခြင်း
      • ကလေးများအတွက် မူ ၎င်းတို့၏ အသက်အရွယ်အလိုက် ပုံမှန်စံနှုန်းထက် များစွာလျော့ကျခြင်း သို့မဟုတ် မြင့်တက်ခြင်း
  2. နှလုံးသွေးကြောဆိုင်ရာ အရေးပေါ်အခြေအနေများ
    • နှလုံးခုန်ရပ်တန့်ခြင်း (Cardiac Arrest)
    • သွေးခုန်နှုန်း အလွန်အမင်း နှေးနေခြင်း (Bradycardia) သို့မဟုတ် အလွန်အမင်း မြန်နေခြင်း (Tachycardia)
      • အရွယ်ရောက်ပြီးသူများအတွက် တစ်မိနစ်လျှင် ၄၀ အောက် နည်းနေခြင်း သို့မဟုတ် ၁၄၀ အထက်များနေခြင်း
      • ကလေးများအတွက်မူ ၎င်းတို့၏ အသက်အရွယ်အလိုက် ပုံမှန်စံနှုန်းထက် သိသိသာသာ ပြောင်းလဲလာသော နှလုံးခုန်မမှန်မှုများ
    • သွေးပေါင်ချိန် ပြင်းထန်စွာကျဆင်းခြင်း သို့မဟုတ် ရှော့ခ် (Shock) အခြေအနေသို့ ရောက်ရှိခြင်း
  3. ဦးနှောက်အာရုံကြောဆိုင်ရာ အရေးပေါ်အခြေအနေများ
    • အချိန်ကြာရှည်စွာ တက်ခြင်း (Status Epilepticus) သို့မဟုတ် မကြာခဏ တက်ခြင်း
    • ပြင်းထန်စွာသတိလစ် မေ့မြောခြင်း (Coma)
    • သတိ၊ အသိနှင့် စိတ်အခြေအနေ သိသိသာသာ ပြောင်းလဲမှု ရှိနေခြင်း (Altered Mental Status)
  4. အခြားအရေးပေါ် အခြေအနေများ
    • ပြင်းထန်သော အပူလွန်ကဲခြင်း သို့မဟုတ် အပူချိန်ကျဆင်းခြင်း
    • ပြင်းထန်သော ဇီဝကမ္မဖြစ်စဉ် မူမမှန်မှုများ (ဥပမာ _ သွေးတွင်းသကြားဓာတ် အလွန်အမင်းမြင့်တက်ခြင်း)
အထူးကြပ်မတ်ကုသမှု ခံယူရန် လိုအပ်သော ရောဂါအခြေအနေများ

အသက်အန္တရာယ်ထိခိုက်နိုင်သော ဒဏ်ရာများနှင့် ရောဂါများဖြစ်သော အောက်ဖော်ပြပါ အခြေအနေများတွင် အထူးကြပ်မတ်ကုသမှုခံယူရန် လိုအပ်သည်။

  • ရုတ်တရက် ကိုယ်တွင်းအင်္ဂါများ ထိခိုက်ပျက်စီးခြင်း (ဥပမာ _ နှလုံးလုပ်ငန်းများ ထိခိုက်ပျက်စီးခြင်း၊ ကျောက်ကပ်လုပ်ငန်းများ ထိခိုက်ပျက်စီးခြင်း၊အသက်ရှူလုပ်ငန်းများ ထိခိုက်ပျက်စီးခြင်း၊ အသည်းလုပ်ငန်း ထိခိုက်ပျက်စီးခြင်း)
  • ပြင်းထန်သော ကိုဗစ် (၁၉) အဆုတ်ရောင် နမိုးနီးယားရောဂါ
  • နှလုံးအမောဖောက်ခြင်း
  • အချို့သော အကြီးစားခွဲစိတ်ကုသမှု ခံယူထားခြင်း
  • ပိုးဆိပ်ပျံ့ခြင်း
  • ပြင်းထန်သော ရောဂါပိုးများဝင်ခြင်း
  • ပြင်းထန်သော ထိခိုက်ပြင်းထန်သော မီးလောင်ဒဏ်ရာများ
  • ဒဏ်ရာများ (ဥပမာ _ ကားကြိတ်ခံရခြင်း၊ ပြင်းထန်စွာ၊ ပြုတ်ကျခြင်း)
  • အလွန်အမင်း သွေးထွက်ခြင်း
  • သွေးပေါင်ချိန် အလွန်အမင်းကျဆင်းပြီး ရှော့ခ်ရခြင်း
  • လေဖြတ်ခြင်းတို့ ဖြစ်ကြသည်။
ICU ၏ ကုသမှုပုံစံနှင့် ကုသမှုပေးသော ကျွမ်းကျင်သူအဖွဲ့ (Multidisciplinary Team)

အထူးကြပ်မတ်ကုသမှုဌာန (ICU) တွင် လူနာအား အဆင့်မြင့် စက်ပစ္စည်းများဖြင့် အချိန်ပြည့်စောင့်ကြည့်ကာ ကျန်းမာရေးပညာရှင်များ စုပေါင်းပါဝင်သော ဘက်ပေါင်းစုံမှ ညှိနှိုင်းကုသမှု (Multidisciplinary Care) ကို ပေးအပ်သည်။ ပြင်းထန်သည့် အခြေအနေများတွင် ကုသမှုပေးရန်အတွက် အောက်ပါ ကျွမ်းကျင်သူအဖွဲ့ဝင်များ ပါဝင်သည်။

ကုသမှုအဖွဲ့ဝင်များ
  • အထူးကြပ်မတ်ကုသမှု ဆရာဝန်များ (Intensivists) – ICU အဖွဲ့ကို ဦးဆောင်သူများ
  • သက်ဆိုင်ရာ အထူးကုဆရာဝန်များ – နှလုံး၊ အဆုတ်၊ ကျောက်ကပ်၊ အာရုံကြောစသည့် အထူးပြုဆရာဝန်များ
  • ထိခိုက်ဒဏ်ရာနှင့် အရိုးအထူးကု ဆရာဝန်များ (Trauma and Orthopedic Surgeons)
  • အငယ်တန်း ဆရာဝန်များ (Junior Doctors/Residents)
စောင့်ရှောက်မှုနှင့် ကုထုံးပညာရှင်များ
  • အထူးကြပ်မတ်ကုသမှု သူနာပြုများနှင့် သူနာပြုအကူများ (၂၄ နာရီ စောင့်ရှောက်မှုပေးသူများ)
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ကုထုံးပညာရှင်များ (Respiratory Therapists)
  • ဆေးဝါးပညာရှင်များ (Pharmacists)
  • ပြန်လည်ထူထောင်ရေးကုထုံးပညာရှင်များ (Physical and Occupational Therapists) –
  • အာဟာရပညာရှင်များ (Dietitians/Nutritionists)
ပံ့ပိုးကူညီသူများ

လူမှုဝန်ထမ်းများ (Social Workers) – လူနာနှင့် မိသားစု၏ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ လိုအပ်ချက်များကို ကူညီဖြည့်ဆည်းပေးသူများ

အထူးကြပ်မတ်ကုသမှုတွင် အသုံးပြုသော အဆင့်မြင့် စက်ပစ္စည်းများနှင့် နည်းစနစ်များ (Advanced Equipment and Procedures)

အထူးကြပ်မတ်ကုသမှုဌာန (ICU) သည် အသက်အန္တရာယ်စိုးရိမ်ရသူများ၏ ခန္ဓာကိုယ်လုပ်ငန်းဆောင်တာများကို ထိန်းသိမ်းရန်နှင့် အစားထိုးရန်အတွက် အဆင့်မြင့်နည်းပညာသုံး စက်ပစ္စည်းများကို အဓိကထား အသုံးပြုသည်။ ယင်းကုသမှုများသည် လူနာ၏ အရေးကြီးလက္ခဏာများကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ကာ လိုအပ်သော အသက်ကယ်ပံ့ပိုးမှုများကို ပေးအပ်သည်။

အသက်ရှူလမ်းကြောင်း ပံ့ပိုးမှု (Respiratory Support)
လူနာကိုယ်တိုင် ကောင်းစွာ အသက်မရှူနိုင်သည့်အခါ အသက်ရှူစက် (Mechanical Ventilator) ကို အသုံးပြုရသည်။ ၎င်းသည် အဆုတ်တွင်းသို့ လိုအပ်သော အောက်ဆီဂျင်ကို ရောက်ရှိစေပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ဖယ်ရှားပေးသည်။ စက်ဖြင့် အသက်ရှူရန်အတွက် အသက်ရှူပိုက် (Endotracheal Tube – ETT) ကို လည်ပင်းမှတစ်ဆင့် ထည့်သွင်းရသည် (Intubation)။ ရေရှည်လိုအပ်ပါက လည်ပင်းလေပြွန်ဖောက်၍ အသက်ရှူပြွန်ထည့်ခြင်း (Tracheostomy) ကို ပြုလုပ်နိုင်သည်။

စဉ်ဆက်မပြတ် စောင့်ကြည့်ခြင်းနှင့် သွေးကြောဆိုင်ရာ နည်းစနစ်များ

  • ICU တွင် လူနာ၏ အသက်အန္တရာယ်ရှိနိုင်သည့် အရေးကြီးက္ခဏာများ (Vital Signs) ကို စက်များဖြင့် အဆက်မပြတ် တိုင်းတာစောင့်ကြည့်သည်
  • အရေးပေါ်ဆေးဝါးများကို တိကျသော ပမာဏဖြင့် စဉ်ဆက်မပြတ် သွင်းပေးရန်အတွက် ဆေးသွင်းစက်များ (Infusion Pumps) ကို အသုံးပြုသည်
  • ဗဟိုသွေးပြန်ကြောပိုက် (Central Venous Catheter – CVC) – ကြီးမားသော သွေးပြန်ကြောများသို့ ပိုက်ထည့်သွင်း၍ အရေးပေါ်ဆေးဝါးများ ပေးခြင်းနှင့် ဗဟိုသွေးဖိအားကို တိုင်းတာခြင်းတို့ကို ပြုလုပ်နိုင်သည်
  • သွေးလွှတ်ကြောပိုက် (Arterial Line – A-line) – သွေးပေါင်ချိန်ကို အချိန်နှင့်တစ်ပြေးညီ အတိအကျ စောင့်ကြည့်ရန်အတွက် သွေးလွှတ်ကြောအတွင်းသို့ ပိုက်ထည့်သွင်းခြင်းဖြစ်သည်

အဓိကအင်္ဂါများ၏ လုပ်ငန်းဆောင်တာများအတွက် ပံ့ပိုးမှုများ (Organ Support)
အချို့အခြေအနေများတွင် ပျက်စီးသွားသော အဓိကအင်္ဂါများ၏ လုပ်ငန်းဆောင်တာများကို စက်များဖြင့် အစားထိုး ထိန်းသိမ်းရသည်။

  • ကျောက်ကပ်ဆေးခြင်း (Dialysis) – ကျောက်ကပ်ပျက်စီးနေချိန်တွင် သွေးတွင်းမှ အဆိပ်အတောက်များနှင့် ပိုလျှံနေသော အရည်များကို စက်ဖြင့် ဖယ်ရှားပေးနိုင်သည်
  • ECMO စက် – နှလုံးနှင့်အဆုတ်နှစ်ခုလုံး ပြင်းထန်စွာ ပျက်စီးနေပါက ယင်းအင်္ဂါများ၏ လုပ်ငန်းများကို ခန္ဓာကိုယ်ပြင်ပတွင် စက်ဖြင့် အစားထိုး အသက်ကယ် ပံ့ပိုးပေးနိုင်သည်
  • အစာပိုက် (Feeding Tube) – လူနာကိုယ်တိုင် အစာမစားနိုင်သည့်အခါ လိုအပ်သော အာဟာရများကို ပိုက်ဖြင့် အစားထိုးထည့်သွင်းပေးခြင်း ပြုလုပ်နိုင်သည်
ICU တွင် ကုသမှုခံယူရမည့် လူနာနှင့် မိသားစုဝင်များအတွက် သိထားသင့်သည့်အချက်များ

လူနာတစ်ဦးအနေဖြင့် သိရှိထားသင့်သည့် အချက်များ
ICU တွင် ကုသမှုခံယူရခြင်း၏ အတွေ့အကြုံသည် လူနာတစ်ဦးနှင့်တစ်ဦး ရောဂါအခြေအနေပေါ် မူတည်၍ ကွဲပြားနိုင်သည်။

  1. ICU ပတ်ဝန်းကျင်
    • ICU သည် ပိုးသန့်စင်ထားသော နေရာတစ်ခုဖြစ်ပြီး စက်ပစ္စည်းများစွာဖြင့် လည်ပတ်နေသောကြောင့် အသံများ၊ အနံ့အသက်များနှင့် မီးရောင်များသည် ပုံမှန်ဆေးရုံအခန်းထက် ပိုမိုများပြား ပြင်းထန်နေနိုင်သည်
    • လူနာကို စက်ပစ္စည်းများ (Digital System) ဖြင့်လည်းကောင်း၊ အထူးကြပ်မတ်ကုသဆောင်ရှိ ဝန်ထမ်းများမှလည်းကောင်း ၂၄ နာရီပတ်လုံး အမြဲမပြတ်စောင့်ကြည့်စစ်ဆေးနေမည်ဖြစ်သည်
    • လူနာများ ခံစားနေရသော ဝေဒနာများကို အတက်နိုင်ဆုံး သက်သာစေပြီး သက်သောင့်သက်သာ ရှိစေရန်အတွက် ICU ဝန်ထမ်းများမှ သေချာစွာ လုပ်ဆောင်ပေးလိမ့်မည်
  2. ဆုံးဖြတ်ချက်ချမှတ်ပိုင်ခွင့်
    • သတိရှိနေသူ – လူနာသည် သတိကောင်းမွန်စွာဖြင့် နိုးကြားနေပြီး ဆက်သွယ်ပြောဆိုနိုင်သရွေ့ ကုသမှုဆိုင်ရာ ဆုံးဖြတ်ချက်များကို လူနာကိုယ်တိုင် ချမှတ်နိုင်သည်
    • ဆုံးဖြတ်ချက်ချနိုင်စွမ်းမရှိသူ – အကယ်၍ လူနာသည် သတိလစ်နေခြင်း၊ စိတ်ငြိမ်ဆေးများ ပေးထားခြင်း သို့မဟုတ် ဆုံးဖြတ်ချက်ချနိုင်စွမ်းမရှိပါက လူနာနှင့် အနီးစပ်ဆုံး မိသားစုဝင်များမှ လူနာကိုယ်စား ဆုံးဖြတ်ချက် ပြုလုပ်ရန် လိုအပ်သည်
    • အရေးပေါ်အခြေအနေ – အရေးပေါ်အခြေအနေများတွင် ICU ဝန်ထမ်းများသည် လူနာအတွက် အကျိုးရှိမည့် အကောင်းဆုံးဖြစ်နိုင်သည့် အရေးပေါ်ဆုံးဖြတ်ချက်များကို (For the best interest of the patient) ဦးစားပေး၍ ချမှတ်ရသည်များလည်း ရှိနိုင်သည်

မိသားစုဝင်ဆွေမျိုးများအနေနှင့် သိရှိထားသင့်သည့် အချက်များ
ICU တွင် ကုသမှုခံယူနေသော လူနာတစ်ဦးကို လာရောက်တွေ့ဆုံရန်အတွက် မိသားစုဝင်ဆွေမျိုးများအနေဖြင့် ကြိုတင်သိရှိ ပြင်ဆင်ထားရမည့် အချက်များလည်း ရှိသည်။

  1. လာရောက်တွေ့ဆုံခြင်းဆိုင်ရာ စည်းကမ်းများ
    • အချိန်ကန့်သတ်ချက် – ICU သည် အသည်းအသန်လူနာများကို အထူးကြပ်မတ်ကုသရာနေရာဖြစ်သဖြင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုကို တားဆီးရန် လူနာရှင်များကို လူနာအနီးတွင် အချိန်ပြည့်မထားရှိဘဲ တစ်ရက်လျှင် ကန့်သတ်ထားသော အချိန်နာရီအတွင်းသာ တွေ့ဆုံခွင့်ရနိုင်မည်ကို သိရှိထားရမည်
    • လူဦးရေ ကန့်သတ်ချက် – လူနာကို တစ်ကြိမ်တွင် လာရောက်ကြည်ရှုနိုင်သည့် လူအရေအတွက်ကိုလည်း ကန့်သတ်ထားလေ့ရှိသည်
    • စည်းကမ်းလိုက်နာခြင်း – ICU မှ ချမှတ်ထားသော လမ်းညွှန်ချက်စည်းကမ်းများ (ဥပမာ _ ဖုန်းအသုံးပြုခြင်း၊ ဓာတ်ပုံရိုက်ခြင်း) ကို ချိုးဖောက်ခြင်းမှ ရှောင်ရှားနိုင်ရန် ကြိုတင်မေးမြန်း၍ တိကျစွာ လိုက်နာရန် လိုအပ်သည်
  2. လုံခြုံရေးနှင့် ကျန်းမာရေးအတွက် သတိထားရန် လိုအပ်သည့်အချက်များ
    • လက်သန့်စင်ခြင်း – ICU အတွင်းသို့ ဝင်ရောက်ကြည့်ရှုမည်ဆိုပါက မိမိကိုယ်တိုင်နှင့် အခြားသူများကို ရောဂါပိုးမှ ကာကွယ်ရန် လက်ကို ရေနှင့်ဆပ်ပြာ သို့မဟုတ် လက်သန့်စင်ဆေးရည်တို့ဖြင့် စနစ်တကျ သန့်ရှင်းရေး ပြုလုပ်ပြီးမှ ဝင်ရောက်ရမည်
    • အကာအကွယ်ပစ္စည်းများ – လိုအပ်ပါက ပိုးသတ်ထားသော အပေါ်ရုံအဝတ်၊ နှာခေါင်းစည်း နှင့် ဆံပင်သိမ်းရန် ခေါင်းစွပ်စွပ်ခြင်းတို့ကို ကြိုတင်ပြင်ဆင်ပြီးမှ ICU အခန်းထဲသို့ ဝင်ရောက်ရမည်
    • ဖျားနာပါက ရှောင်ကြဉ်ခြင်း – အကယ်၍ မိမိသည် နေမကောင်းဖြစ်နေပါက သို့မဟုတ် ဖျားနာနေပါက လူနာ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သောကြောင့် အထူးကြပ်မတ်ကုသဆောင်အတွင်းသို့ ဝင်ရောက်၍ လူနာကို ကြည့်ရှုခြင်း လုံးဝမပြုလုပ်ရပါ
  3. စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု
    • ပိုက်များနှင့် စက်ပစ္စည်းများ – မိမိတို့၏လူနာသည် ပိုက်များ၊ ဝါယာကြိုးများ မှတစ်ဆင့် စက်ကိရိယာများစွာနှင့် ချိတ်ဆက်ထားသည်ကို တွေ့ရှိရနိုင်သဖြင့် ဤအခြေအနေကို ကြိုတင်မျှော်လင့်ထားရန် လိုအပ်သည်
    • လူနာ၏ အခြေအနေ – အချို့သော ဆေးဝါးများကြောင့် လူနာသည် ငိုက်မျဉ်းနေခြင်း၊ စိတ်ရှုပ်ထွေးနေခြင်း သို့မဟုတ် ဆက်သွယ်ပြောဆိုရန် ခက်ခဲနေခြင်းများ ဖြစ်ပေါ်နေနိုင်သည်
    • စိတ်ခံစားမှု ထိန်းသိမ်းခြင်း – ဝင်ရောက်ကြည့်ရှုသူများအနေဖြင့် မိမိတို့၏ စိတ်ခံစားမှုများ ပြည့်နှက်နေနိုင်သည်ကို တွေးဆ၍ စိတ်ကို ကြိုတင်ပြင်ဆင်ပြီးမှ သွားရောက်ရန် လိုအပ်သည်

အထူးကြပ်မတ်ကုသဆောင်ရှိ လူနာများသည် တစ်ခါတစ်ရံတွင် ဆက်သွယ်ပြောဆိုနိုင်စွမ်း၊ စဥ်းစားဆုံးဖြတ်နိုင်စွမ်းများ မရှိတော့ပါ။ ထို့ကြောင့် ဆေးကုသမှုများအတွက် ကိုယ်ပိုင်ဆုံးဖြတ်နိုင်ခြင်း မရှိတော့သည့်အချိန်တွင် မည်သို့ဆက်လက်ဆောင်ရွက်ရမည်ဆိုသော လူနာ၏ဆန္ဒနှင့် ရည်ရွယ်ချက်များကို တရားဝင်စာရွက်စာတမ်းများဖြင့် ကြိုတင်မှတ်တမ်းတင်ထားခြင်း (Advance directive) ကို ကြိုတင်ပြုလုပ်ထားရန် အရေးကြီးသည်။ သို့မှသာ ကိုယ်တိုင်ဆုံးဖြတ်နိုင်စွမ်းမရှိတော့သည့် အချိန်တွင် ကျန်းမာရေး စောင့်ရှောက်မှုပေးသူများနှင့် မိသားစုဝင်များကြားတွင် ဘဝ၏နောက်ဆုံးအချိန်အတွက် ကုသမှုများအပါအဝင် အရေးကြီးသော ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ကူညီပေးနိုင်မည်ဖြစ်သည်။

နှစ်သိမ့်ဆွေးနွေးခြင်း (Counseling)

ICU ထဲရှိ လူနာ၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သတ်၍ လူနာနှင့် မိသားစုဝင်များသိရှိနိုင်စေရန် ကျန်းမာရေးဝန်ထမ်းများအနေနှင့် လူနာ၏ လက်ရှိအခြေအနေ၊ ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲ ပြဿနာများနှင့် ကုသမှုလမ်းစဥ်များကို သေချာစွာ နှစ်သိမ့်ဆွေးနွေးခြင်းများ ပြုလုပ်ပေးလိမ့်မည်။ ထိုသို့ နှစ်သိမ့်ဆွေးနွေးခြင်းများ ပြုလုပ်ပေးခြင်းဖြင့် လူနာနှင့် လူနာရှင်ဘက်မှ ရောဂါအခြေအနေကို အသေးစိတ်သိရှိနိုင်သည့်အပြင် ကျန်းမာရေးဝန်ထမ်းများဘက်မှလည်း လူနာနှင့် မိသားစုဝင်များ ကြုံတွေ့ခံစားနေရသည့်အရာများကိုလည်း အသေးစိတ်ပိုမို သိရှိနိုင်သဖြင့် လူနာအတွက် လိုအပ်သည်များကို ပို၍ ပံ့ပိုးကူညီမှုပေးနိုင်မည်ဖြစ်သည်။

ICU ထဲမှ ပြန်လည်ထွက်ခွာခြင်းနှင့် နောက်ဆက်တွဲပြဿနာများ (Post-ICU Care)
  1. ICU မှ ထွက်ခွာရမည့် အချိန်ကာလ
    • ကြိုတင်ခန့်မှန်းရန် ခက်ခဲခြင်း
      ICU မှ ကောင်းမွန်စွာ ပြန်လည်ထွက်ခွာနိုင်ရန်အတွက် အထူးကြပ်မတ်ကုသမှု ခံယူရမည့် အချိန်ကာလသည် ရောဂါအခြေအနေ ပြင်းထန်မှုအပေါ်တွင် မူတည်သည်။ အမှန်စင်စစ် အထူးကြပ်မတ်ကုသစောင့်ရှောက်မှု လိုအပ်သည့် အခြေအနေများသည် ရှုပ်ထွေးပြီး ကြိုတင်ခန့်မှန်းရန် ခက်ခဲလှသည်။
    • ကုသမှုကြာချိန်
      ICU ထဲတွင် နာရီအနည်းငယ် သာ နေထိုင်ရသူများ ရှိနိုင်သကဲ့သို့ ရက်သတ္တပတ်များစွာ သို့မဟုတ် လပေါင်းများစွာ နေထိုင်ရသူများလည်း ရှိသည်။
    • ရလဒ်များ
      ICU ထဲတွင် အခြေအနေပြန်လည်ကောင်းမွန်လာပြီး ဆေးရုံ၏ သာမန်ကုသဆောင်များ (General Ward) သို့ ပြောင်းရွှေ့၍ ဆက်လက်ကုသမှုခံယူပြီး ဆေးရုံဆင်းနိုင်သူများ ရှိသကဲ့သို့၊ ICU ထဲတွင် ကုသမှုခံယူနေစဉ်အတွင်းမှာပင် အသက်ဆုံးရှုံးသွားသူများလည်း ရှိကြသည်။
  2. ICU အပြီး ခံစားရနိုင်သော နောက်ဆက်တွဲ လက္ခဏာများ (Post-Intensive Care Syndrome – PICS)
    ICU ထဲတွင် အထူးကြပ်မတ်ကုသမှု ခံယူရသည့် အချိန်ကာလကြာမြင့်လေလေ၊ အောက်ဖော်ပြပါ ရောဂါလက္ခဏာများကို ပိုမိုဆိုးရွားစွာ ခံစားရနိုင်ခြေ ရှိလေလေဖြစ်သည်။ ဤအခြေအနေများကို စုပေါင်း၍ ပြင်းထန်ကြပ်မတ်ကုသမှုအပြီး ဝေဒနာများ (Post-Intensive Care Syndrome – PICS) ဟု ခေါ်ဆိုနိုင်သည်။
    • ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများ
      • ပြင်းထန်စွာ အားနည်းခြင်းနှင့် ကြွက်သားများ တောင့်တင်းခြင်း၊ ကျုံ့ခြင်း
      • ပင်ပန်းနွမ်းနယ်ခြင်း (Chronic Fatigue)
      • ကိုယ်အလေးချိန် ကျဆင်းခြင်းနှင့် အစားအသောက်ပျက်ခြင်း
      • အိပ်ပျော်ရန် ခက်ခဲခြင်း သို့မဟုတ် အိပ်ရေးပျက်ခြင်း
    • စိတ်ပိုင်းဆိုင်ရာနှင့် ဦးနှောက်ဆိုင်ရာ လက္ခဏာများ
      • စိတ်ဓာတ်ကျခြင်း (Depression)
      • စိုးရိမ်စိတ်လွန်ကဲခြင်း (Anxiety)
      • ပြင်းထန်စိတ်ဖိစီးမှုဒဏ်သင့် ဝေဒနာ (Post-Traumatic Stress Disorder – PTSD)
      • စဉ်းစားတွေးခေါ်ရ ခက်ခဲခြင်း (Cognitive Difficulties)၊ မှတ်ဉာဏ် ချို့ယွင်းခြင်း သို့မဟုတ် အာရုံစူးစိုက်မှု လျော့နည်းခြင်း

အချုပ်အားဖြင့် အထူးကြပ်မတ်ကုသဆောင် (ICU) သည် အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသော လူနာများအတွက် အဆင့်မြင့်ကုသမှုများနှင့် အထူးကြပ်မတ်စောင့်ရှောက်မှုများကို အချိန်နှင့်တစ်ပြေးညီ ပေးအပ်ရာနေရာဖြစ်သည်။ ICU သည် အသည်းအသန်လူနာများအတွက် နောက်ဆုံးမျှော်လင့်ချက်ထားရာနေရာဖြစ်ပြီး၊ အဆင့်မြင့်နည်းပညာများ၊ စက်ပစ္စည်းများကို အသုံးပြု၍ ကျန်းမာရေးဝန်ထမ်းများ၏ အထူးကြပ်မတ်ကုသမှုတို့ကို ရရှိစေသည်။ ထိုသို့အထူးကြပ်မတ်ကုသမှု ခံယူနေစဉ်အတွင်း လူနာများအတွက်သာမက ၎င်းတို့၏ မိသားစုဝင်များအတွက်ပါ ကြောက်ရွံ့စိုးရိမ်ပူပန်မှုများ၊ စိတ်ရှုပ်ထွေးဖွယ်ရာ အတွေ့အကြုံများ ဖြစ်ပေါ်စေနိုင်သည်။

အထူးကြပ်မတ်ကုသမှု၏ နိဂုံးချုပ်သည် အသက်ဘေးမှလွတ်မြောက်လာနိုင်သည့် အောင်မြင်မှုပုံစံဖြင့် အဆုံးသတ်နိုင်သကဲ့သို့၊ အခြေအနေ ဆက်လက်ဆိုးရွားလာပြီး ကုသမှုရပ်စဲရခြင်း သို့မဟုတ် အသက်သေဆုံးခြင်းကဲ့သို့သော ဝမ်းနည်းဖွယ်ရာ ဇာတ်သိမ်းဖြင့်လည်း အဆုံးသတ်နိုင်သည်။ မည်သည့်ပုံစံဖြင့် အဆုံးသတ်သည်ဖြစ်စေ၊ အထူးကြပ်မတ်ကုသမှုသည် ပြင်းထန်သော ဖျားနာမှုနှင့် အသက်ရှင်သန်မှုတို့ကြားရှိ ခက်ခဲသောအနေအထားတွင် မျှော်လင့်ချက်နှင့် အားအင်တို့ကို ပေးစွမ်းနိုင်သော အလွန်အရေးကြီးသည့် ကျန်းမာရေးစောင့်ရှောက်မှု၏ အစိတ်အပိုင်းတစ်ခုပင်ဖြစ်သည်။

References:

  1. Bayou Bend Health System. (2025). Everything you need to know about intensive care units (ICU). Retrieved September 29, 2025, from https://www.bayoubendhealth.org/everything-you-need-to-know-about-intensive-care-units-icu
  2. Mayo Clinic. (n.d.). Critical care – overview. Retrieved September 29, 2025, from https://www.mayoclinic.org/departments-centers/critical-care/sections/overview/ovc-20399554
  3. Standards of Care. (n.d.). Intensive Care Unit. Retrieved September 29, 2025, from https://www.standardsofcare.org/understanding-care/types/intensive-care-unit/
  4. MedlinePlus. (2024). Critical care. Retrieved September 29, 2025, from https://medlineplus.gov/criticalcare.html
  5. Cleveland Clinic. (2025). Intensive care unit (ICU): Care & admission eligibility. Retrieved September 29, 2025, from https://my.clevelandclinic.org/health/articles/icu-intensive-care-unit
  6. WebMD. (2024). Intensive care unit (ICU): What you need to know. Retrieved September 29, 2025, from https://www.webmd.com/a-to-z-guides/what-is-an-intensive-care-unit-icu

Published: 20 November 2025

Share

20 November 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
Vitamin supplements for children (ကလေးများနှင့် ဗီတာမင်၊ သတ္တုဓာတ်အားဆေးများ)
Nov 28, 2025
Healthy Lifestyles

Vitamin supplements for children (ကလေးများနှင့် ဗီတာမင်၊ သတ္တုဓာတ်အားဆေးများ)

ကလေးများအတွက် ဗီတာမင်အားဆေးများသည် မဖြစ်မနေ တိုက်ရမည့် အခြေအနေများ...

Immunoglobulins (အင်မြူနိုဂလိုဗျူလင် ပဋိပစ္စည်းများ)
Nov 26, 2025
Healthy Lifestyles

Immunoglobulins (အင်မြူနိုဂလိုဗျူလင် ပဋိပစ္စည်းများ)

အင်မြူနိုဂလိုဗျူလင်များသည် ကိုယ်ခန္ဓာအား ရောဂါပိုးများနှင့်...

Well Baby Check [အသက် (၅) နှစ်အောက် ကလေးငယ်များအတွက် ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်း]
Nov 26, 2025
Healthy Lifestyles

Well Baby Check [အသက် (၅) နှစ်အောက် ကလေးငယ်များအတွက် ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်း]

ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်းသည် ကလေးနေမကောင်းဖြစ်ချိန်တွင်မှမဟုတ်ဘဲ...