အရွယ်ရောက်ပြီးသူ လူကြီးတစ်ယောက်၏ ပုံမှန်နှလုံးခုန်နှုန်းသည် တစ်မိနစ်တွင် အကြိမ်ရေ (၆၀) မှ (၁၀၀) ကြားတွင်ရှိသည်။ နှလုံးခုန်နှုန်းသည် ပုံမှန်မဟုတ်ဘဲ တစ်မိနစ်တွင် အကြိမ်ရေ (၆၀) အောက်ဖြစ်ခဲ့လျှင် နှလုံးခုန်နှုန်းနှေးခြင်း (Bradycardia) ဟုခေါ်သည်။ အားကစားသမားများ၊ ကျန်းမာသောလူငယ်များနှင့် အိပ်စက်နေသောအချိန်များတွင် ပုံမှန်နှလုံးခုန်နှုန်းသည် တစ်မိနစ်တွင် အကြိမ်ရေ (၄၀) မှ (၆၀) အတွင်း ရှိနိုင်သည်။ နှလုံးခုန်နှုန်းနှေးသည့် အချို့သူများတွင် မည်သည့်ရောဂါလက္ခဏာမျှမပြဘဲ ရှိနေနိုင်သော်လည်း တစ်ခါတစ်ရံ အသက်ကြီးလူနာများတွင် ပြင်းထန်သော ကျန်းမာရေးအရင်းခံအခြေအနေများ (ဥပမာ – နှလုံးအမောဖောက်ခြင်း၊ မူးလဲခြင်း၊ ရုတ်တရက်နှလုံးရပ်ခြင်း) ကြောင့်လည်း ဖြစ်နိုင်သဖြင့် လိုအပ်လျှင် အချိန်မီကုသမှုခံယူနိုင်ရန် အရေးကြီးသည်။
ကလေးများတွင်မူ ပုံမှန်နှလုံးခုန်နှုန်း အကြိမ်အရေအတွက်သည် လူကြီးများနှင့်မတူဘဲ အသက်အရွယ်ပေါ်မူတည်၍ အောက်ပါအတိုင်း အနည်းငယ်ကွာခြားမှုရှိသည်။
| ကလေးအသက်အရွယ် | တစ်မိနစ်ရှိ ပုံမှန်နှလုံးခုန်နှုန်း အကြိမ်အရေအတွက် |
|---|---|
| မွေးကင်းစမှ အသက်တစ်နှစ်အထိ | ၁၀၀ – ၁၆၀ |
| အသက် (၁ – ၃) နှစ်ကြား | ၉၀ – ၁၅၀ |
| အသက် (၃ – ၅) နှစ်ကြား | ၈၀ – ၁၄၀ |
| အသက် (၅ – ၁၂) နှစ်ကြား | ၇၀ – ၁၂၀ |
| အသက် (၁၂ – ၁၈) နှစ်ကြား ဆယ်ကျော်သက်များ | ၆၀ – ၁၀၀ |
နှလုံးခုန်နှုန်းနှေးခြင်း ဖြစ်ပေါ်ရသောအကြောင်းရင်းများ
နှလုံးခုန်နှုန်းနှေးခြင်းသည် အောက်ပါအကြောင်းရင်းများကြောင့် ဖြစ်နိုင်သည်။
- နှလုံးခုန်လှုံ့ဆော်လျှပ်စီးလှိုင်းထုတ်သည့် နှလုံးတစ်ရှူးပျက်စီးခြင်း (Sick Sinus Syndrome)
- ရုတ်တရက်နှလုံးဖောက်ခြင်း (Heart Attack) ကြောင့် နှလုံးကြွက်သားပျက်စီးခြင်း
- အသက်အရွယ်ကြီးခြင်းကြောင့် နှလုံးတစ်ရှူးများထိခိုက်ခြင်း (Aging)
- မွေးရာပါနှလုံးရောဂါများ (Congenital heart disease)
- နှလုံးကြွက်သားရောင်ရမ်းခြင်း (Myocarditis)
- နှလုံးခုန်စည်းချက်မမှန်ခြင်းရောဂါများ (Arrhythmia)
- နှလုံးခွဲစိတ်ကုသခြင်း၏ နောက်ဆက်တွဲပြဿနာများကြောင့်ဖြစ်ခြင်း စသည့်နှလုံးရောဂါများကြောင့် ဖြစ်နိုင်သကဲ့သို့
- သိုင်းရွိုက်ဟော်မုန်းနည်းခြင်း (Hypothyroid)
- ကိုယ်ခန္ဓာတွင် အချို့ဓာတ်များ စုပုံလာခြင်းကြောင့်ဖြစ်သော အခြေအနေများ (ဥပမာ _ Amyloid ပရိုတင်းများ စုပုံခြင်း Amyloidosis၊ သံဓာတ်စုပုံခြင်းကြောင့်ဖြစ်သော Hemochromatosis)
- သွေးတွင်းရှိ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ် စသည့်သတ္တုဓာတ်များ မညီမျှခြင်း
- အိပ်ပျော်နေစဉ် အသက်ရှူလမ်းကြောင်းပိတ်ဆို့ အသက်ရှူရပ်ခြင်း (Obstructive sleep apnoea)
- အချို့သောဆေးဝါးများ သောက်သုံးခြင်း (ဥပမာ _ အိပ်ဆေးများ၊ မူးယစ်ဆေးများ၊ စိတ်ရောဂါ ကုသရာတွင် အသုံးပြုသောဆေးဝါးများ၊ နှလုံးစည်းချက်မူမမှန်ခြင်းကို ကုသရာတွင် အသုံးပြုသောဆေးဝါးများ)
- ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiation therapy)
- ခန္ဓာကိုယ်တွင်းအပူချိန်ကျဆင်းခြင်း (Hypothermia)
- ဦးနှောက်တွင်းဖိအားများခြင်း (Intracranial hypertension)
- ကိုယ်အလေးချိန်တိုးမည်ကို ကြောက်၍ အစာမစားခြင်း (Anorexia nervosa) ရောဂါ
- မျိုးရိုးလိုက်ခြင်း စသည့်နှလုံးကြောင့်မဟုတ်သော အခြားအကြောင်းရင်းများကြောင့်လည်း နှလုံးခုန်နှေးခြင်း ဖြစ်နိုင်သည်။
ရောဂါလက္ခဏာများ
အချို့သောသူများတွင် နှလုံးခုန်နှုန်းနှေးသော်လည်း ရောဂါလက္ခဏာမပြဘဲရှိနေနိုင်ပြီး အထွေထွေကျန်းမာရေးစစ်ဆေးခြင်း (Medical checkup) ပြုလုပ်သည့်အချိန်များတွင် ရှာဖွေတွေ့ရှိရတတ်သည်။ ယေဘုယျအားဖြင့် အတွေ့ရများသော လက္ခဏာများမှာ_
- အသက်ရှူမဝခြင်း
- ရင်ဘတ်အောင့်ခြင်း
- ခေါင်းမူးခြင်း
- မောပန်းလွယ်ခြင်း
- နုံးခြင်း
- မူးလဲသတိလစ်ခြင်း
- အာရုံစူးစိုက်ရန်ခက်ခဲခြင်း
- ရင်တုန်ခြင်း
- အသက်ကြီးလူနာများတွင် မေ့လွယ်ခြင်း
- ကယောင်ကတမ်းဖြစ်ခြင်း တို့ဖြစ်နိုင်သည်။
နောက်ဆက်တွဲပြဿနာများ
နှလုံးခုန်နှုန်းနှေးခြင်းကြောင့် မကြာခဏ မူးမေ့လဲခြင်း၊ နှလုံးအမောဖောက်ခြင်း၊ ရုတ်တရက် နှလုံးရပ်သေဆုံးခြင်းများ ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ဖော်ပြပါ ရောဂါလက္ခဏာများဖြစ်ပေါ်ခြင်း၊ နှလုံးခုန်နှုန်းကို တစ်မိနစ်ကြာ တိုင်းတာသောအခါတွင်လည်း အကြိမ်ရေ (၆၀) အောက် အမြဲရောက်နေခြင်းတို့ဖြစ်ပါက မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။ မိသားစုဆရာဝန်မှ သက်ဆိုင်ရာ စစ်ဆေးမှုများပြုလုပ်ပြီး လိုအပ်လျှင် အထူးကုဆရာဝန်ထံသို့ လွှဲပြောင်းပေးလိမ့်မည်။
ရင်ဘတ်အောင့်လာခြင်း၊ အသက်ရှူမဝခြင်း၊ မောလာခြင်း၊ ခြေလက်အားနည်းခြင်း၊ မိုက်ခနဲဖြစ်ခြင်း၊ ခေါင်းမူးခြင်း၊ သတိလစ်ခြင်းဖြစ်ပါက ဆေးရုံအရေးပေါ်ဌာနသို့ အမြန်ဆုံးသွားရောက်၍ ကုသမှုခံယူရန် လိုအပ်သည်။
ရောဂါရှာဖွေခြင်း
နှလုံးခုန်နှုန်းနှေးခြင်းကို ဖြစ်ပေါ်စေနိုင်သော အကြောင်းရင်းကို ရှာဖွေရန် လူနာ၏ ရောဂါရာဇဝင်များ မေးမြန်းခြင်း၊ လူနာအား သေချာစွာ စမ်းသပ်စစ်ဆေးခြင်း၊ လူနာ၏နှလုံးခုန်သံကို နားကြပ်ဖြင့်နားထောင်ခြင်းတို့ကို ဦးစွာပြုလုပ်ရန် လိုအပ်သည်။ တိကျသေချာသော အကြောင်းရင်းကို သိရှိနိုင်ရန်အတွက် အောက်ဖော်ပြပါ စစ်ဆေးမှုများကို ဆရာဝန်ညွန်ကြားသည့်အတိုင်း ဆက်လက်ပြုလုပ်ရန် လိုအပ်သည်။
- အီးစီဂျီဆွဲခြင်း (ECG or EKG)
- Holter ECG monitor ဖြင့် တိုင်းတာခြင်း (ခန္ဓာကိုယ်တွင် သေးငယ်သော စက်ကိုတပ်ဆင်၍ ၂၄နာရီ မှ ၄၈နာရီအတွင်း နှလုံးခုန်နှုန်းကို တိုင်းတာစောင့်ကြည့်ခြင်း)
- အဝေးထိန်းစနစ်ဖြင့် စောင့်ကြည့်နိုင်သော နောက်ဆုံးပေါ် ကျန်းမာရေးစောင့်ကြည့်ကိရိယာများ တပ်ဆင်၍ စောင့်ကြည့်ခြင်း (ဥပမာ – Smartwatch ကဲ့သို့ Wearable devicesများ) – ထိုကိရိယာများသည် နှလုံးခုန်နှုန်းမြန်ခြင်းကို သိရှိနိုင်ပြီး ဝတ်ဆင်ထားသူများအား အချက်ပေးနိုင်သည်၊ သို့ရာတွင် ရောဂါရှာဖွေအတည်ပြုခြင်းကို သက်ဆိုင်ရာဆရာဝန်မှသာ အမြဲတမ်းပြုလုပ်သင့်သည်
- အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက်ဖြင့် စစ်ဆေးခြင်း (Echocardiogram)
- ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း (CXR)
- နှလုံး သံလိုက်ဓာတ်မှန်ရိုက်ခြင်း (Cardiac MRI)
- နှလုံး ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (CT scan of the heart)
- နှလုံးသွေးကြောပုံရိပ်ဖော်စစ်ဆေးခြင်း (Coronary Angiogram)
- နှလုံးစည်းချက်မမှန်ခြင်းကို အသေးစိတ်လေ့လာခြင်း (Electrophysiological study)
- လေ့ကျင့်ခန်းပြုလုပ်နေချိန်တွင် နှလုံးခုန်သည့်စည်းချက်ကို လေ့လာခြင်း (Exercise Stress tests)
- လှဲအိပ်နေရာမှ မတ်တတ်ရပ်သည့် အနေအထားသို့ ပြောင်းသည့်အချိန်တွင် ဖြစ်ပေါ်လာသော နှလုံးခုန်နှုန်းစည်းချက်ကို မှတ်ယူစစ်ဆေးခြင်း (Tilt table test)
- အိပ်ပျော်နေစဥ် အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်းကို စစ်ဆေးရန် အိပ်စက်ခြင်းဆိုင်ရာ လေ့လာဆန်းစစ်မှု (Sleep study)
ကုသခြင်း
နှလုံးခုန်နှုန်းနှေးခြင်းကို ကုသရာတွင် ရောဂါလက္ခဏာပြင်းထန်မှုနှင့် ဖြစ်ပေါ်ရသော အကြောင်းရင်းများပေါ် မူတည်၍ အောက်ဖော်ပြပါနည်းလမ်းများဖြင့် ကုသနိုင်သည်။
- အရေးပေါ်ကုသခြင်း
နှလုံးခုန်နှုန်းနှေးခြင်းကြောင့် အသက်အန္တရာယ်ရှိသည်အထိ သွေးပေါင်ကျဆင်းလာပါက ဆေးရုံတွင် Atropine ထိုးဆေးကို အကြောထဲသို့ထိုးသွင်းကာ နှလုံးခုန်နှုန်းမြန်အောင် ပြန်လည်ပြုလုပ်၍ အရေးပေါ်ကုသနိုင်သည်။ - ဖြစ်ပေါ်စေသော ရောဂါအကြောင်းရင်းကို ကုသခြင်း
ဥပမာ _ သိုင်းရွိုက်ရောဂါကုသခြင်း၊ အိပ်နေစဉ် အသက်ရှူလမ်းကြောင်းပိတ်သော ရောဂါ (Obstructive sleep apnoea) ကိုကုသခြင်း၊ သွေးတွင်းရှိ သတ္တုဓာတ်များကို ချိန်ညှိခြင်း၊ ဆေးဝါးများကို ချိန်ညှိခြင်းတို့ဖြင့် ကုသနိုင်သည်။ - နောက်တစ်ကြိမ် ထပ်မံမဖြစ်စေရန် ကုသခြင်း
- နှလုံးခုန်နှုန်းထိန်းစက် (Pacemaker) ထည့်ပေးခြင်း
ဖြစ်ပေါ်စေသော ရောဂါအကြောင်းရင်း ရှာမတွေ့ခြင်း၊ ရောဂါလက္ခဏာ မသက်သာခြင်း၊ မကြာခဏဖြစ်ခြင်း၊ ရောဂါလက္ခဏာ ပိုပိုဆိုးရွားလာခြင်းတို့တွင် နှလုံးခုန်နှုန်းနှေးခြင်းကို ထိန်းချုပ်ရန် ခွဲစိတ်၍ နှလုံးခုန်နှုန်း ထိန်းညှိပေးသောစက်ကိရိယာ (Pacemaker) ကိုတပ်ဆင်ပြီး အသုံးပြုနိုင်သည်။
- နှလုံးခုန်နှုန်းထိန်းစက် (Pacemaker) ထည့်ပေးခြင်း
ကာကွယ်ခြင်း
အကောင်းဆုံးကာကွယ်နည်းမှာ နှလုံးကိုကျန်းမာအောင် ဂရုစိုက်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် အောက်ဖော်ပြပါအချက်များကို လိုက်နာခြင်းဖြင့် နှလုံးကျန်းမာရေး ကောင်းမွန်အောင် ပြုလုပ်နိုင်သည်။
- သွေးတိုးရောဂါနှင့် သွေးတွင်းအဆီဓာတ်များခြင်းကို သေချာကုသမှုခံယူခြင်း
- ဆေးလိပ်နှင့် ဆေးရွက်ကြီးပါဝင်သော အရာများကို ရှောင်ကြဥ်ခြင်း
- ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း
- အာဟာရပြည့်ဝပြီး လတ်ဆတ်သော အစားအသောက်များကို စားသုံးခြင်း
- အရက်ပါဝင်သော ယမကာများနှင့် ကော်ဖီသောက်သုံးခြင်းကို လျှော့ချခြင်း သို့မဟုတ် ရှောင်ခြင်း
- ကွမ်းယာစားသုံးခြင်းကို လျှော့ချခြင်း သို့မဟုတ် ရှောင်ခြင်း
- မူးယစ်ဆေးဝါးများ သုံးစွဲခြင်းကို ရှောင်ကြဉ်ခြင်း
- အိပ်ချိန်အလုံအလောက်ထားခြင်း
- တစ်ရက်တွင် မိနစ် (၃၀) ခန့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်း
- မည်သည့်ဆေးကိုမဆို မိမိသဘောဖြင့် သောက်သုံးခြင်းမပြုဘဲ ဆရာဝန်၏ညွှန်ကြားချက်ဖြင့်သာ သောက်သုံးခြင်း
- နှလုံးခုန်နှေးခြင်းကို ဆောလျင်စွာသိနိုင်ရန် အဝေးထိန်းစနစ်ဖြင့် စောင့်ကြည့်နိုင်သော ကျန်းမာရေးစောင့်ကြည့်ကိရိယာများကို ဝတ်ဆင်ခြင်း စသည်တို့ဖြစ်သည်။
References:
- Cleveland Clinic. (n.d.). Bradycardia. Retrieved June 2, 2026, from https://my.clevelandclinic.org/health/diseases/17841-bradycardia
- Cleveland Clinic. (n.d.). Permanent pacemaker. Retrieved June 2, 2026, from https://my.clevelandclinic.org/health/treatments/17360-permanent-pacemaker
- Mayo Clinic. (n.d.). Bradycardia: Diagnosis and treatment. Retrieved June 2, 2026, from https://www.mayoclinic.org/diseases-conditions/bradycardia/diagnosis-treatment/drc-20355480
- Mayo Clinic. (n.d.). Bradycardia: Symptoms and causes. Retrieved June 2, 2026, from https://www.mayoclinic.org/diseases-conditions/bradycardia/symptoms-causes/syc-20355474
- Silver, E. S., & Pass, R. H. (2024). Pediatric tachycardia: Recognition and management. Cleveland Clinic Journal of Medicine, 91(1), 23–31. https://www.ccjm.org/content/91/1/23
- WebMD. (n.d.). Children’s vital signs. Retrieved June 2, 2026, from https://www.webmd.com/children/children-vital-signs
Published: 21 June 2025
Last updated: 13 July 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.