ကာယလေ့ကျင့်ခန်းဖြင့် နှလုံးစွမ်းရည် စစ်ဆေးခြင်း (Exercise stress test) ဆိုသည်မှာ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်နေချိန်၌ နှလုံး၏ အလုပ်လုပ်ပုံကို ဆန်းစစ်သည့် စစ်ဆေးမှုဖြစ်သည်။ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်သည့်အချိန်တွင် နှလုံးသည် ကိုယ်ခန္ဓာတစ်ခုလုံး သွေးလှည့်ပတ်မှု ပိုမိုကောင်းမွန်စေရန် ပုံမှန်ထက်ပို၍ မြန်မြန်နှင့် ပြင်းပြင်း ခုန်ရသည်။ ထိုကဲ့သို့ ဖိအားတစ်ခုကြောင့် နှလုံးအမြန်ခုန်ချိန်တွင် နှလုံးကြွက်သားများ ကောင်းစွာ အလုပ်လုပ်နိုင်ရန် နှလုံးသွေးကြောများမှ လိုအပ်သော သွေးပမာဏနှင့် အောက်ဆီဂျင်ကို ဖြည့်ပေးရသည်။ နှလုံးသွေးကြောကျဥ်းရောဂါ ရှိပါက ကြွက်သားများ လိုအပ်သော သွေးပမာဏ မလုံလောက်ခြင်းကြောင့် ဖြစ်ပေါ်လာသော ပြောင်းလဲမှုများကို စစ်ဆေးမှုတွင် တွေ့ရှိနိုင်သည်။ စစ်ဆေးရာတွင် များသောအားဖြင့် လမ်းလျှောက်စက် (Treadmill) ပေါ်တွင် လမ်းလျှောက်ရခြင်း သို့မဟုတ် အားကစားပြုလုပ်ရန် အထိုင်တပ်ဆင်ထားသော စက်ဘီးကို စီးရခြင်းတို့ ပါဝင်သည်။ လေ့ကျင့်ခန်းဖြင့် စစ်ဆေးမှု ခံယူနေစဉ်အတွင်း နှလုံးအထူးကုဆရာဝန် သို့မဟုတ် ကျွမ်းကျင်ပညာရှင်မှ နှလုံးခုန်နှုန်း၊ သွေးဖိအားနှင့် အသက်ရှူနှုန်းတို့ကို စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်သည်။ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ရန် ခက်ခဲသူများတွင်မူ လေ့ကျင့်ခန်းလုပ်သကဲ့သို့ နှလုံးကို လှုံ့ဆော်ပေးနိုင်သည့် ဆေးဝါးတစ်မျိုး အကြောဆေးထိုးခြင်း သို့မဟုတ် သောက်ဆေးတိုက်ခြင်း ပြုလုပ်ပြီး စစ်ဆေးလေ့ရှိသည်။
စစ်ဆေးမှုအမျိုးအစားများ
ထိုစစ်ဆေးမှုသည် လေ့ကျင့်ခန်းပြုလုပ်နေချိန်အတွင်း ဖြစ်ပေါ်သော နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်၊ သွေးတွင်း အောက်ဆီဂျင်တို့ကို တိုင်းတာခြင်းနှင့် အီးစီဂျီဆွဲခြင်းတို့ဖြင့် စစ်ဆေးခြင်းဖြစ်သည်။ စစ်ဆေးမှုတွင် ပါဝင်သော အခြားအချက်များပေါ် မူတည်၍ အနည်းငယ်ကွာခြားမှုရှိသည်။
- အီးစီဂျီဖြင့် စစ်ဆေးခြင်း (Exercise ECG)
- အသုံးအများဆုံး အခြေခံစစ်ဆေးမှုဖြစ်သည်
- လမ်းလျှောက်စက် သို့မဟုတ် စက်ဘီးပေါ်တွင် လမ်းလျှောက်ရန်၊ စက်ဘီးနင်းရန် လိုအပ်သည်
- ကျွမ်းကျင်ပညာရှင်မှ လူတစ်ဦးစီအလိုက် သင့်တော်သော လမ်းလျှောက်ရမည့် အမြန်နှုန်းနှင့်အမြင့်ကို စက်မှချိန်ပေးမည်ဖြစ်သည်
- စက်ဖြင့် လမ်းမလျှောက်နိုင်ပါက ဆေးဝါးများဖြင့် နှလုံးခုန်မြန်အောင် ပြုလုပ်နိုင်သည်
- နှလုံးခုန်နှုန်းကို အီးစီဂျီဖြင့် မှတ်တမ်းတင်ထားပြီး နှလုံးသွေးကြောကျဥ်း လက္ခဏာများ အီးစီဂျီတွင်ပေါ်လာခြင်းကို စောင့်ကြည့်သည်
- အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက်ဖြင့် စစ်ဆေးခြင်း (Exercise stress echocardiogram)
- စစ်ဆေးမှုပုံစံ တူညီပြီး နှလုံးကို Echocardiogram ဖြင့် စစ်ဆေးသည့်အဆင့်သာ ကွာခြားသည်
- အီးစီဂျီဖြင့် စစ်ဆေးပြီး အဖြေရလဒ် မသေချာသော လူနာများတွင် Echocardiogram ဖြင့် ဆက်လက်စစ်ဆေးရန် လိုအပ်သည်
- လေ့ကျင့်ခန်း မပြုလုပ်ခင်နှင့် အပြင်းထန်ဆုံး ပြုလုပ်နေချိန်တို့တွင် Echo ဖြင့် စစ်ဆေးခြင်းဖြစ်သည်
- လေ့ကျင့်ခန်း မပြုလုပ်ခင်နှင့် ပြုလုပ်ပြီးချိန်၌ နှလုံးညှစ်အား၊ နှလုံးအဆို့ရှင်များ၊ နှလုံးနံရံများ၏ လှုပ်ရှားမှုနှင့် နှလုံးတွင်း သွေးလှည့်လည်မှု ပြောင်းလဲမှုများကို နှိုင်းယှဥ်စစ်ဆေးနိုင်သည်
- အဏုမြူရောင်ခြည်သုံး၍ စစ်ဆေးခြင်း (Nuclear stress test)
- ရေဒီယိုသတ္တိကြွပစ္စည်း အနည်းငယ်ကို အသုံးပြု၍ နှလုံးကို ပုံရိပ်ဖော်စစ်ဆေးခြင်း ဖြစ်သည်
- လေ့ကျင့်ခန်း မစခင်နှင့် ပြုလုပ်ပြီးချိန်တို့တွင် နှလုံးကို ပုံရိပ်ဖော်ရိုက်ကူးထားပြီး နှလုံးကြွက်သားများသို့ သွေးစီးဆင်းမှုပမာဏကို စစ်ဆေးခြင်းဖြစ်သည်
- သွေးစီးဆင်းမှု ကျဆင်းခြင်းရှိပါက သွေးကြောများကျဥ်းခြင်း၊ ပိတ်ခြင်းရှိနိုင်ကြောင်း ဖော်ပြသည်
- အဏုမြူရောင်ခြည်သုံးစစ်ဆေးခြင်းအားဖြင့်
- နှလုံးသွေးကြောကျဥ်းမှု ပြင်းထန်ခြင်းကို သိရှိနိုင်ခြင်း
- သွေးကြောကျဥ်းရောဂါအတွက် စတန့်ထည့်ထားခြင်း သို့မဟုတ် သွေးကြောအစားထိုးခြင်းတို့ ပြုလုပ်ထားသော လူနာများတွင် ကုသမှု၏ ထိရောက်မှုများ ဆန်းစစ်နိုင်ခြင်း
- နှလုံးအတွက် ပိုမိုအသေးစိတ်စစ်ဆေးမှုများ ပြုလုပ်ရန် မလိုအပ်တော့ခြင်း
- လေ့ကျင့်ခန်း ပြုလုပ်ရန် သို့မဟုတ် ခွဲစိတ်မှု ခံယူရန်အတွက် နှလုံး၏ အခြေခံကျန်းမာမှုကို သိရှိနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်သည်။
- နှလုံးပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများအတွက် စစ်ဆေးခြင်း (Cardiac rehabilitation stress test)
- နှလုံးရောဂါရှင်များ ပိုမိုကျန်းမာစွာ လှုပ်ရှားသွားလာနိုင်ရန်အတွက် စနစ်တကျတွက်ချက်ထားသော ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းအစီအစဥ်များ (Cardiac rehabilitation program) မစတင်ခင် လေ့ကျင့်ခန်းဖြင့် စစ်ဆေးမှုကို ပြုလုပ်နိုင်သည်
- ပြန်လည်သန်စွမ်းရေး မစတင်ခင် (Entrance stress test) ပြုလုပ်ခြင်းဖြင့် လူနာ၏ လေ့ကျင့်ခန်း ခံနိုင်ရည်ကို သိရှိနိုင်သည်
- ပြန်လည်သန်စွမ်းရေး လေ့ကျင့်ပြီးနောက် (Exit stress test) ကို တဖန် စစ်ဆေးနိုင်ပြီး လူနာ၏ တိုးတက်မှုကို ဆန်းစစ်ခြင်းနှင့် ရေရှည်ပြုလုပ်ရမည့် လေ့ကျင့်ခန်းအစီအစဥ်များ ရေးဆွဲခြင်းတို့၌ များစွာအကျိုးရှိသည်။
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
ထိုစစ်ဆေးမှုကို နှလုံးသွေးကြောကျဥ်းရောဂါ သို့မဟုတ် နှလုံးခုန်စည်းချက် မမှန်သောရောဂါများ၏ လက္ခဏာများ ရှိနေပါက ပြုလုပ်နိုင်သည်။ စစ်ဆေးခြင်းဖြင့် အောက်ပါအချက်အလက်များ သိရှိနိုင်သည်။
- နှလုံးရောဂါအခြေအနေ ပြင်းထန်မှုကို သိရှိနိုင်ရန်
- ရောဂါကုသရန် နည်းလမ်းများကို ဆုံးဖြတ်နိုင်ရန်
- နှလုံးရောဂါကုသမှုများ မည်မျှထိရောက်မှု ရှိနေသည်ကို သိရှိနိုင်ရန်
အောက်ပါအခြေအနေများတွင် လေ့ကျင့်ခန်းဖြင့် စစ်ဆေးမှုကို ပြုလုပ်နိုင်သည်။
- နှလုံးသွေးကြောကျဥ်းရောဂါကို အတည်ပြုရန်
- နှလုံးသွေးလွှတ်ကြောများတွင်း အဆီခဲများ စုပုံလာခြင်းကြောင့် သွေးကြောကျဥ်းကာ နှလုံးသို့ လုံလောက်သော အောက်ဆီဂျင်နှင့် သွေးပမာဏကို မထောက်ပံ့ပေးနိုင်တော့ဘဲ ရင်ဘတ်အောင့်ခြင်း လက္ခဏာ ခံစားနေရသူများတွင် ရောဂါရှာဖွေရန် ပြုလုပ်သည်
- သွေးကြောကျဥ်းရောဂါ၏ အခြားလက္ခဏာများဖြစ်သော အသက်ရှူမဝမောပန်းခြင်း၊ မူးဝေခြင်း၊ သတိလစ်ခြင်းစသည်တို့ ရှိပါကလည်း စစ်ဆေးမှုပြုလုပ်ရန် လိုအပ်နိုင်သည်
- နှလုံးခုန်စည်းချက် မမှန်ခြင်းကို အတည်ပြုရန်
- နှလုံးခုန်နှုန်း စည်းချက်မမှန်ခြင်းကြောင့် နှလုံးခုန်နှုန်း မြန်လာခြင်း၊ နှေးလာခြင်းကို သိရှိနိုင်သည်
- နှလုံးသွေးကြောကျဥ်းရောဂါအပြင် မွေးရာပါ နှလုံးရောဂါများ၊ နှလုံးကြွက်သားဆိုင်ရာ ရောဂါများ၊ နှလုံးအဆို့ရှင် ပြဿနာများနှင့် နှလုံးညှစ်အားကျခြင်းစသည့် အခြေအနေများတွင်လည်း စစ်ဆေးနိုင်သည်
- နှလုံးရောဂါ မဖြစ်ဖူးသူများ သို့မဟုတ် လက္ခဏာမရှိသူများတွင်လည်း နှလုံးသွေးကြောကျဥ်းရောဂါနှင့် နှလုံးအမောဖောက်ခြင်း ဖြစ်နိုင်ခြေများသော ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကိုလက်စထရောများခြင်း သို့မဟုတ် မိသားစုများတွင် အရွယ်မတိုင်ခင် နှလုံးသွေးကြောကျဥ်းခြင်း (အသက် ၅၅ နှစ်အောက် အမျိုးသားများ သို့မဟုတ် အသက် ၆၅ နှစ်အောက် အမျိုးသမီးများ) ရှိပါက နှလုံးရောဂါ ကြိုတင်စစ်ဆေးရန် ပြုလုပ်နိုင်သည်
- အန္တရာယ်များသော အလုပ်အကိုင်ရှိသူများ (ဥပမာ_ လေယာဥ်မှူးများ၊ အများသုံးယာဥ်မောင်းများ) နှလုံးရောဂါရှိ မရှိ ကြိုတင်စစ်ဆေးရန်လည်း ပြုလုပ်နိုင်သည်။
ရောဂါရှာဖွေရန် စစ်ဆေးနိုင်သကဲ့သို့ နှလုံးရောဂါရှိသူများ၌လည်း အောက်ပါအခြေအနေများတွင် ပြုလုပ်နိုင်သည်။
- နှလုံးရောဂါရှင်လူနာများ လေ့ကျင့်ခန်းတစ်ခုခု ပြုလုပ်မည်ဆိုပါက နှလုံးကျန်းမာရေး စစ်ဆေးရန်
- ကုသမှုနည်းလမ်းများကို ဆုံးဖြတ်ရန် သို့မဟုတ် ပေးထားသော ကုသမှုများ၏ ထိရောက်မှုကို စစ်ဆေးရန်
- နှလုံးရောဂါတစ်ခုအတွက် သင့်တော်သော ကုသမှုနည်းလမ်းများကို ဆုံးဖြတ်ရာတွင် ပြုလုပ်နိုင်သလို လက်ရှိပေးထားသော ကုသမှုနည်းလမ်းများ၏ အကျိုးထိရောက်မှုကို စစ်ဆေးနိုင်ရန်အတွက် ပြုလုပ်နိုင်သည်
- နှလုံးအမောဖောက်ဖူးခြင်း သို့မဟုတ် မိသားစုများတွင် နှလုံးရောဂါဖြစ်ဖူးခြင်းစသည့် အချက်များကြောင့် နှလုံးထိခိုက်နိုင်ခြေများသူများတွင် နှလုံးအခြေအနေ စစ်ဆေးရန်
- ဆီးချိုရောဂါနှင့် အခြားရောဂါများကြောင့် နှလုံးရောဂါ ဖြစ်နိုင်ခြေများသူများတွင် စစ်ဆေးရန်
- ခွဲစိတ်မှုမပြုလုပ်ခင် နှလုံးကို အကြိုစစ်ဆေးခြင်း
- မေ့ဆေးသုံးသော အကြီးစားခွဲစိတ်မှုများ အပါအဝင် နှလုံးအဆို့ရှင်များ လဲခြင်း၊ နှလုံးအစားထိုးခြင်း စသည့်နှလုံးခွဲစိတ်မှုများ မပြုလုပ်ခင် နှလုံး၏ အခြေအနေကို ကြိုတင်စစ်ဆေးရန် အသုံးပြုသည်။
ပြုလုပ်ရန်မသင့်တော်သော အခြေအနေများ
လူတိုင်းတွင် ကာယလေ့ကျင့်ခန်းဖြင့် နှလုံးစွမ်းရည်စစ်ဆေးခြင်းကို ပြုလုပ်ရန် မလိုအပ်ပါ။ ဥပမာအားဖြင့်_
- နှလုံးသွေးကြောကျဥ်းရောဂါလူနာများတွင် ကုသမှုများ ခံယူထားပြီး၊ ကုသမှုများနှင့် သက်သာနေသော လူနာများ၊ လက္ခဏာအသစ် ဖြစ်ပေါ်ခြင်း မရှိသော လူနာများ
- နှလုံးရောဂါဖြစ်နိုင်ခြေ များစေသည့်အချက်များ မရှိသူနှင့် ရောဂါလက္ခဏာ မရှိသူများ
- ဆေးလိပ် လုံးဝ မသောက်သူများ၊ လေ့ကျင့်ခန်း ပုံမှန်လုပ်သူများနှင့် ကျန်းမာသော နေထိုင်စားသောက်မှု ပုံစံများကို လိုက်နာသူများစသည့် အလေ့အကျင့်များကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေ နည်းပါးသူများတွင် စစ်ဆေးမှု ပြုလုပ်ရန် မလိုအပ်ပါ။
လေ့ကျင့်ခန်းဖြင့် စစ်ဆေးမှုသည် နှလုံးကို ဖိအားပေးခြင်းကြောင့် နှလုံးအားနည်းသော လူနာများတွင် အန္တရာယ် ဖြစ်စေနိုင်သဖြင့် အောက်ပါအခြေအနေများတွင် စစ်ဆေးမှု လုံးဝမပြုလုပ်သင့်ပါ။
- နှလုံးသွေးလွှတ်ကြောမကြီး ကွဲထွက်ခြင်း (Aortic dissection)
- နှလုံးကြွက်သားများ ရောင်ရမ်းခြင်း (Endocarditis, Myocarditis)
- လတ်တလော နှလုံးသွေးကြောပိတ်ထားခြင်း
- ပြင်းထန်သော နှလုံးအဆို့ရှင်ကျဥ်းခြင်း (Aortic stenosis)
- ပြင်းထန်သော နှလုံးခုန်စည်းချက်မမှန်ခြင်း (Uncontrolled arrhythmia)
- လတ်တလော ရင်ဘတ်အောင့်နေခြင်း
ကြိုတင်သိရှိထားရမည့်အချက်များ
- ကာယလေ့ကျင့်ခန်းဖြင့် နှလုံးစွမ်းရည်စစ်ဆေးခြင်းကို ပြုလုပ်ရန် သင့်တော်ခြင်း ရှိမရှိကို နှလုံးအထူးကုဆရာဝန်မှ လူနာတစ်ဦးချင်းစီအလိုက် ဆုံးဖြတ်ပေးမည်
- စစ်ဆေးရန် မလိုအပ်သော လူများတွင် မလိုအပ်သော ကုန်ကျစရိတ်နှင့် ကုသမှုများ မဖြစ်စေရန်၊ မလိုအပ်ဘဲ နှလုံးစစ်ဆေးမှုများ ထပ်မံ မပြုလုပ်မိစေရန်ဖြစ်သည်
ဆုံးဖြတ်ရာတွင် လူတစ်ဦးချင်းစီ၏_- အသက်အရွယ်
- ယောကျ်ား/မိန်းမ
- ကျန်းမာရေးပြဿနာများ
- ကိုယ်လက်လှုပ်ရှားမှုနှင့် လေ့ကျင့်ခန်းလုပ်နိုင်စွမ်း
- နှလုံးရောဂါလက္ခဏာများ
- မိသားစုတွင် နှလုံးရောဂါဖြစ်ဖူးခြင်းရာဇဝင်
- ဆေးလိပ်သောက်ခြင်း၊ သွေးတိုး၊ ဆီးချို၊ သွေးအဆီများခြင်းစသည့် ရောဂါဖြစ်နိုင်ခြေများသော အချက်များရှိခြင်းတို့ပေါ် မူတည်၍ ဆုံးဖြတ်သည်။
စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်
ကာယလေ့ကျင့်ခန်းဖြင့် နှလုံးစွမ်းရည်စစ်ဆေးခြင်းသည် အကြမ်းမျဥ်းအားဖြင့် ပြင်ဆင်မှုများ အပါအဝင် တစ်နာရီခန့်သာ ကြာမြင့်သည်။ လေ့ကျင့်ခန်း ပြုလုပ်ချိန်သည် (၁၅) မိနစ်ခန့်သာ ကြာပြီး လမ်းလျှောက်ခြင်း သို့မဟုတ် စက်ဘီးစီးခြင်း ပြုလုပ်ရသည်။ လေ့ကျင့်ခန်း မပြုလုပ်နိုင်ပါက ဆေးဝါးများပေး၍ စမ်းသပ်မည်ဖြစ်သည်။
ကြိုတင်ပြင်ဆင်ခြင်း
- စစ်ဆေးမှုမပြုလုပ်ခင် အစားအစာနှင့် ရေကို နာရီအနည်းငယ်ကြာ ဖြတ်ထားရန်လိုသည်၊ ဆေးလိပ်သောက်သူများတွင် ဆေးလိပ်ကို ခေတ္တဖြတ်ထားရန်လိုသည်
- ကဖင်းဓာတ်ပါသော ကော်ဖီ၊ လက်ဖက်ရည်တို့ကို စစ်ဆေးမှုမပြုလုပ်ခင် တစ်ရက်အလိုနှင့် စစ်ဆေးမည့်နေ့တွင် မသောက်သုံးမိရန် အရေးကြီးသည်
- သောက်လက်စဆေးဝါးများကို ဆရာဝန်လမ်းညွှန်သည့်အတိုင်း လိုက်နာသောက်သုံးပါ
- ပန်းနာရင်ကျပ်ရောဂါအပါအဝင် အဆုတ်ရောဂါများ ရှိပါက ရင်ကျပ်ရှူဆေးကို စစ်ဆေးမည့်နေ့တွင် ယူဆောင်လာပါ၊ ဆရာဝန်ကို ကြိုတင်အသိပေးပါ
- စစ်ဆေးမည့်နေ့တွင် အဝတ်အစားကို ပေါ့ပေါ့ပါးပါး ဝတ်လာပါ၊ လမ်းလျှောက်ရန်အတွက် အားကစားဖိနပ် ယူလာပါ
စစ်ဆေးမှု မပြုလုပ်မီ
ဆရာဝန်မှ ကျန်းမာရေးအခြေအနေကို မေးမြန်းစစ်ဆေးမည်၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း ရှိမရှိနှင့် လေ့ကျင့်ခန်းလုပ်နိုင်စွမ်းကို စစ်ဆေးမည်၊ ထို့နောက် လေ့ကျင့်ခန်းမလုပ်ခင် ကိုယ်ခန္ဓာစစ်ဆေးခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်း၊ နှလုံးနှင့် အဆုတ်ကို စစ်ဆေးခြင်းတို့ ဆက်လက်ပြုလုပ်မည်ဖြစ်သည်
စစ်ဆေးမှုအတွင်း
- စစ်ဆေးမှုခံယူသူ၏ ရင်ဘတ်၊ လက်မောင်းနှင့် ခြေထောက်များတွင် အာရုံခံကိရိယာများ (Electrodes) များကို တပ်ဆင်ထားမည်၊ ကိုယ်ခန္ဓာတွင် သေချာကပ်နေစေရန်အတွက် လိုအပ်ပါက အမွေးအမှင်များကို အနည်းငယ်ရိတ်မည်၊ အာရုံခံကိရိယာများကို ကွန်ပျူတာတစ်လုံးနှင့် ဝါယာကြိုးများဖြင့် ဆက်သွယ်ထားသည်၊ ကွန်ပျူတာပေါ်တွင် အာရုံခံကိရိယာမှ ရရှိသော အီးစီဂျီလှိုင်းများကို မြင်ရမည်ဖြစ်သည်
- လက်မောင်းတစ်ဖက်တွင် သွေးပေါင်ချိန်ရန် လက်ပတ်ကို ပတ်ထားမည်၊ အချို့စက်များတွင် အသက်ရှူထုတ်ချိန်တွင် မှုတ်သွင်းရန် ပိုက်ပျော့ပါဝင်ပြီး လေ့ကျင့်ခန်းလုပ်နေစဥ် အသက်ရှူနှုန်းကို တိုင်းတာနေမည်
- လေ့ကျင့်ခန်းအတွက် လမ်းလျှောက်ခြင်း သို့မဟုတ် စက်ဘီးနင်းခြင်း ပြုလုပ်ရမည်၊ ပထမပိုင်းတွင် အရှိန်နှေးနှေးဖြင့် စတင်ပြီး အချိန်ကြာလာသည်နှင့်အမျှ လေ့ကျင့်ခန်းကို ပိုမိုခက်ခဲအောင် မြှင့်တင်လာမည် (ဥပမာ_ လမ်းလျှောက်စက်၏ ပြေးလမ်းကို အနည်းငယ်စောင်းပြီး တောင်ကုန်းငယ် တက်သကဲ့သို့ ပိုခက်ခဲအောင် ပြုလုပ်ခြင်း)
- လမ်းလျှောက်နေချိန်တွင် ဘေးလက်ကိုင်တန်းကို ကိုင်ထားနိုင်သော်လည်း အတင်းဆုပ်ကိုင်ထားခြင်း မပြုလုပ်ရပါ၊ အဖြေရလဒ် ပြောင်းလဲစေနိုင်သောကြောင့်ဖြစ်သည်
- လေ့ကျင့်ခန်းကို သတ်မှတ်ထားသော နှလုံးခုန်နှုန်းရောက်သည်အထိ တဖြည်းဖြည်းတိုးလာမည်၊ သို့ရာတွင် လေ့ကျင့်ခန်းလုပ်နေစဥ်_
- အပြင်းအထန် ရင်ဘတ်အောင့်လာခြင်း
- ပြင်းထန်စွာ အသက်ရှူကျပ်ပြီး မောလာခြင်း
- သွေးပေါင်ချိန် အလွန်မြင့်တက်လာခြင်း သို့မဟုတ် အလွန်ကျလာခြင်း
- နှလုံးခုန်နှုန်း မမှန်ဖြစ်လာခြင်း
- ခေါင်းမူးလာခြင်း
- ပင်ပန်းနွမ်းနယ်လာခြင်း စသည်တို့ကို ခံစားရပါက စစ်ဆေးမှုကို ချက်ချင်းရပ်တန့်ရန် လိုသည်
- လေ့ကျင့်ခန်းမလုပ်နိုင်သူများတွင် နှလုံးခုန်နှုန်းကို မြှင့်တင်ရန် ဆေးဝါးများကို သွေးကြောမှတစ်ဆင့်သွင်း၍ သွေးပေါင်ချိန်၊ သွေးတွင်းအောက်ဆီဂျင်နှင့် အီးစီဂျီပြောင်းလဲမှုများကို မှတ်တမ်းတင်သည်
- အကယ်၍ လေ့ကျင့်ခန်းလုပ်နေစဥ် မသက်မသာခံစားရပါက စစ်ဆေးမှုကို ချက်ချင်းရပ်နိုင်သည်၊ ပြဿနာတစ်စုံတစ်ရာ မရှိပါက လေ့ကျင့်ခန်းပြုလုပ်ချိန် (၁၅) မိနစ် ပြည့်ခါနီးတွင် ဆရာဝန်မှ လေ့ကျင့်ခန်းပြင်းထန်မှုကို တဖြည်းဖြည်း ပြန်လည်လျှော့လာမည်ဖြစ်သည်
စစ်ဆေးမှုပြီးဆုံးခြင်း
- စစ်ဆေးမှုပြီးဆုံးပါက စက္ကန့်အနည်းငယ် မတ်တပ်ငြိမ်ငြိမ်ရပ်နေရန် လိုအပ်ပြီး ထို့နောက်တွင် အချိန်ခေတ္တမျှ လှဲလျောင်း၍ အနားယူရန် လိုသည်
- ဆရာဝန်မှ လေ့ကျင့်ခန်းရပ်ပြီးနောက် နှလုံးခုန်နှုန်းနှင့် အသက်ရှူပုံစံများ မူလအနေအထားသို့ တဖြည်းဖြည်း ပြန်ရောက်လာခြင်းကို စောင့်ကြည့်စစ်ဆေးမည်ဖြစ်သည်
- လက္ခဏာတစ်စုံတစ်ရာ မရှိပါက စစ်ဆေးမှုပြီးနောက် နေ့စဥ်လုပ်ငန်းဆောင်တာများကို ဆက်လက် လုပ်ဆောင်နိုင်သည်
- သတိထားလိုက်နာရန် အချက်များ ရှိပါက ဆရာဝန်မှ မှာကြားမည်ဖြစ်သည်
အဖြေရလဒ်များနှင့် နောက်ဆက်တွဲစောင့်ရှောက်မှုများ
- လေ့ကျင့်ခန်းလုပ်နေစဥ် ဖြစ်ပေါ်သော အီးစီဂျီ ပြောင်းလဲမှုများ၊ နှလုံးခုန်နှုန်းနှင့် သွေးပေါင်ချိန် ပြောင်းလဲမှုများကို အခြေခံ၍ နှလုံးအထူးကုဆရာဝန်မှ စစ်ဆေးမှုအဖြေကို ထုတ်ပေးမည်ဖြစ်သည်
- ထို့နောက် လူနာအား စစ်ဆေးမှုအဖြေရလဒ်များကို ရှင်းလင်းဆွေးနွေးပေးမည်
- စစ်ဆေးမှုအဖြေ ပုံမှန်ဟု ထွက်ပါက နှလုံးသည် ပုံမှန်ကျန်းမာသော အနေအထားတွင် ရှိသည်ဟု ကောက်ချက်ချနိုင်ပြီး ထပ်မံစစ်ဆေးမှုများ ပြုလုပ်ရန် မလိုအပ်ပါ
- သို့ရာတွင် စစ်ဆေးမှုတွင် နှလုံးသွေးကြောကျဥ်းရောဂါ ရှိနိုင်သည်ဟု အဖြေထွက်ပါက ပိုမိုတိကျစွာ သိရှိနိုင်ရန်အတွက် နှလုံးသွေးကြော ဓာတ်မှန်ရိုက်ခြင်း (Coronary angiogram) ကို ဆက်လက် ပြုလုပ်ရန် လိုအပ်နိုင်သည်
- အကယ်၍ အဖြေ ပုံမှန်ဖြစ်နေသော်လည်း ရောဂါလက္ခဏာများ ပိုဆိုးလာပါက သက်ဆိုင်ရာဆရာဝန်မှ အခြားစစ်ဆေးမှုများ ဖြစ်သော အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက်ဖြင့် စစ်ဆေးခြင်း သို့မဟုတ် အဏုမြူရောင်ခြည်သုံး၍ စစ်ဆေးခြင်းတို့ကို ပြုလုပ်ရန် ညွှန်ကြားမည်ဖြစ်သည်၊ ထိုစစ်ဆေးမှုများသည် နှလုံးအလုပ်လုပ်ပုံကို ပိုမိုအသေးစိတ် သိရှိစေနိုင်သည်၊
- နှလုံးရောဂါရှင်များတွင်မူ ထိုစစ်ဆေးမှု ပြုလုပ်ပြီးနောက် ကုသမှုအတွက် လိုအပ်သော ဆေးဝါးများ ညွှန်ပေးခြင်း၊ သောက်လက်စဆေးဝါးများကို ညှိနှိုင်းပေးခြင်း၊ ခွဲစိတ်မှု လိုအပ်သော လူနာများအတွက် ခွဲစိတ်ကုသရန် စီစဥ်လမ်းညွှန်ပေးခြင်းတို့ကို ပြုလုပ်မည်ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ
ကာယလေ့ကျင့်ခန်းဖြင့် နှလုံးစွမ်းရည်စစ်ဆေးခြင်းသည် ယေဘုယျအားဖြင့် အန္တရာယ်မရှိသကဲ့သို့ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်ခြင်းလည်း ရှားပါးသည်။ ဖြစ်နိုင်ခြေရှိသော နောက်ဆက်တွဲပြဿနာများမှာ_
- သွေးပေါင်ချိန်ကျခြင်း – လေ့ကျင့်ခန်းပြုလုပ်နေစဥ်နှင့် လေ့ကျင့်ခန်း ပြုလုပ်ခါစတွင် သွေးပေါင် အနည်းငယ်ကျနိုင်ပြီး ခေါင်းမူးခြင်း၊ မူးလဲခြင်းတို့ ဖြစ်နိုင်သည်၊ လေ့ကျင့်ခန်းကို ရပ်လိုက်ပါက ပြန်လည်သက်သာသွားနိုင်သည်
- နှလုံးခုန်စည်းချက်မမှန်ခြင်း – လေ့ကျင့်ခန်းပြုလုပ်နေစဥ် ဖြစ်ပေါ်တတ်ပြီး လေ့ကျင့်ခန်းရပ်လိုက်ပါက ပုံမှန် ပြန်ဖြစ်နိုင်သည်
- နှလုံးသွေးကြောပိတ်ခြင်း – လေ့ကျင့်ခန်းဖြင့် စစ်ဆေးနေစဥ် နှလုံးသွေးကြောပိတ်ခြင်း ဖြစ်ပေါ်နိုင်သော်လည်း ထိုသို့ဖြစ်နိုင်ခြေမှာ အလွန်ရှားပါးသည်။
References:
- Mayo Clinic. (n.d.). Stress test. Retrieved June 5, 2026, from https://www.mayoclinic.org/tests-procedures/stress-test/about/pac-20385234
- Cleveland Clinic. (n.d.). Exercise stress test. Retrieved June 5, 2026, from https://my.clevelandclinic.org/health/diagnostics/16984-exercise-stress-test
- American Heart Association. (n.d.). Exercise stress test. Retrieved June 5, 2026, from https://www.heart.org/en/health-topics/heart-attack/diagnosing-a-heart-attack/exercise-stress-test
- MedPark Hospital. (n.d.). Exercise stress test. Retrieved June 5, 2026, from https://www.medparkhospital.com/en-US/disease-and-treatment/exercise-stress-test
- McCance, K. L., & Huether, S. E. (2023). Cardiac stress testing. In StatPearls. Retrieved June 5, 2026, from https://www.ncbi.nlm.nih.gov/books/NBK499903/
Published: 21 June 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.