Dialysis (ကျောက်ကပ်ဆေးခြင်း)

Dialysis (ကျောက်ကပ်ဆေးခြင်း)

ကျောက်ကပ်ဆေးခြင်း (dialysis) ဆိုသည်မှာ ကျောက်ကပ်လုပ်ငန်းပျက်စီးခြင်း (kidney failure)အတွက် ကုသမှုတစ်ခု ဖြစ်သည်။ ကျောက်ကပ်ကောင်းစွာ အလုပ်မလုပ်သောအခါ သွေးအတွင်းမှ အညစ်အကြေးများကို မဖယ်ရှားနိုင်သဖြင့် သွေးနှင့် ကိုယ်ခန္ဓာအစိတ်အပိုင်းများအတွင်း အညစ်အကြေးများ စုမိလာသည်။ ထို့အပြင် ဆီးစွန့်ထုတ်မှုလည်း နည်းသွားသဖြင့် ခန္ဓာကိုယ်အတွင်း အရည်ပိုများစုမိလာသည်။ ကျောက်ကပ်ဆေးခြင်းသည် အဆိုပါအရည်ပိုများနှင့် အညစ်အကြေးများကို ဖယ်ရှားခြင်းဖြစ်သည်။

ကျောက်ကပ်ဆေးခြင်း အဓိက (၂) မျိုးရှိသည်။

  1. သွေးပြန်ကြောမှတစ်ဆင့် ကျောက်ကပ်ဆေးခြင်း (Haemodialysis)
    စက်၏အကူအညီနှင့် ကျောက်ကပ်ဆေးသည့်ဆေးရည်ကို အသုံးပြုပြီး သွေးအတွင်းမှ အရည်ပိုများနှင့် အညစ်အကြေးများကို စစ်ထုတ်ဖယ်ရှားကာ သန့်စင်သွားသည့်သွေးကို ခန္ဓာကိုယ်ထဲသို့ ပြန်ထည့်ပေးခြင်းဖြစ်သည်။ အများအားဖြင့် တစ်ပတ်တွင် (၃)ရက်ခန့် ပြုလုပ်ရန်လိုအပ်ပြီး တစ်ကြိမ်ဆေးလျှင် (၄-၅) နာရီခန့် ကြာနိုင်သည်။
    Dialysis IMG1
  2. ဝမ်းဗိုက်မှတစ်ဆင့် ကျောက်ကပ်ဆေးခြင်း(Peritoneal dialysis)
    ကျောက်ကပ်ဆေးသည့်ဆေးရည်ကို အသုံးပြုပြီး သွေးထဲရှိ အညစ်အကြေးများကို ဝမ်းဗိုက်တွင်းအမြှေးပါး (peritoneum) မှတစ်ဆင့် စစ်ထုတ်ပေးခြင်းဖြစ်သည်။ တစ်ရက်တွင် လေးကြိမ် ပြုလုပ်ရသည်။

    Dialysis IMG2
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
  • လတ်တလော ကျောက်ကပ်လုပ်ငန်းပျက်စီးခြင်း (Acute kidney failure)
    လတ်တလော ကျောက်ကပ်လုပ်ငန်းပျက်စီးခြင်းတွင် အချိန်တိုအတွင်း ကျောက်ကပ်လုပ်ငန်းများ ထိခိုက်သောကြောင့် ခဏတာကျောက်ကပ်ဆေးခြင်းဖြင့် ကျောက်ကပ်လုပ်ငန်းများ လုံးဝ ပြန်လည်ကောင်းမွန်လာနိုင်သည်။
  • နာတာရှည် ကျောက်ကပ်လုပ်ငန်း ပျက်စီးခြင်း (Chronic kidney disease)
    နာတာရှည် ကျောက်ကပ်လုပ်ငန်းပျက်စီးခြင်းမှာ အချိန်ကာလကြာရှည်စွာ ထိခိုက်လာသောကြောင့် ကျောက်ကပ်ဆေးခြင်းဖြင့် ကျောက်ကပ်လုပ်ငန်းများ ပုံမှန် ပြန်လည်မကောင်းမွန်နိုင်သော်လည်း ခံစားရသော ရောဂါလက္ခဏာများ သက်သာနိုင်သည်။ ထို့ကြောင့် နာတာရှည် ကျောက်ကပ်လုပ်ငန်း ပျက်စီးခြင်းတွင် ကျောက်ကပ်ဆေးခြင်းကို စတင်ပြုလုပ်ပါက တစ်သက်လုံး (သို့မဟုတ်) ကျောက်ကပ်အစားထိုးကုသမှု ခံယူသည့်အချိန်အထိ ဆက်လက်ပြုလုပ်ရန် လိုအပ်သည်။

ကျောက်ကပ်ဆေးခြင်း နှစ်မျိုးစလုံး၏ အကျိုးသက်ရောက်မှုသည် ယေဘုယျအားဖြင့် တူညီပြီး မိမိနှစ်သက်သည့် နည်းလမ်းကို ‌ရွေးချယ်နိုင်သည်။ သို့သော် အောက်ဖော်ပြပါ အခြေအနေများတွင် ဝမ်းဗိုက်မှတစ်ဆင့် ကျောက်ကပ်ဆေးခြင်းကို အသုံးပြုရန် သင့်တော်သည်။

  • အသက် နှစ်နှစ်အောက် က‌လေးငယ်များ
  • ကျောက်ကပ်လုပ်ငန်း အနည်းငယ် ကောင်းနေသေးသူများ
  • ပြင်းထန်သော ရောဂါအခံရှိသူများ [ဥပမာ- နှလုံး ရောဂါ (သို့မဟုတ် ) ကင်ဆာရောဂါ]

ဝမ်းဗိုက်မှတစ်ဆင့် ကျောက်ကပ်ဆေးခြင်းကို မိမိဘာသာ ပြုလုပ်ရန် အခက်အခဲရှိသူများ [ဥပမာ – အမြင်အာရုံချို့တဲ့သူများ၊ မှတ်ဉာဏ်မကောင်းသူများ (သို့မဟုတ်) ကျန်းမာရေးမကောင်းသူများ]တွင် သွေးပြန်ကြောမှတစ်ဆင့် ကျောက်ကပ်ဆေးခြင်းကို ပြုလုပ်နိုင်သည်။

ကုသပုံအဆင့်ဆင့်

သွေးပြန်ကြောမှတစ်ဆင့် ကျောက်ကပ်ဆေးခြင်း (Haemodialysis)

  1. မပြုလုပ်မီ ပြင်ဆင်ခြင်း
    သွေးပြန်ကြောမှတစ်ဆင့် ကျောက်ကပ်ဆေးခြင်းမပြုလုပ်မီ လက်မောင်းတွင် သွေးကြော (arteriovenous fistula – AV fistula) မွေးရန် လိုအပ်သည်။ သွေးကြောမွေးခြင်းဆိုသည်မှာ သွေးလွှတ်ကြော (artery)နှင့် သွေးပြန်ကြော (vein)တို့ကို ဆက်ထားခြင်းဖြစ်သည်။ ထိုသို့ဆက်ထားခြင်းဖြင့် သွေးပြန်ကြောမှာ ပိုမိုကြီးမားလာပြီး ပို၍သန်မာလာသောကြောင့် ကျောက်ကပ်ဆေးသည့်စက်နှင့် ခန္ဓာကိုယ်ကြား သွေးလဲလှယ်မှုကို ပိုမိုလွယ်ကူစေသည်။ သွေးကြောမွေးခြင်းကို သွေးပြန်ကြောမှတစ်ဆင့် ကျောက်ကပ်ဆေးခြင်းမစတင်မီ (၄)ပတ် မှ (၈)ပတ်အတွင်း ပြုလုပ်ထားရန် လိုအပ်သည်။ သို့မှသာ သွေးကြောအနီးတစ်ဝိုက်ရှိ တစ်ရှူးနှင့် အရေပြားများ အနာကျက်ရန် အချိန်ရမည်ဖြစ်သည်။ အကယ်၍ သွေးကြောမွေးရန် သွေးကြောများမှာ အလွန်ကျဥ်းနေပါက သွေးလွှတ်ကြောနှင့် သွေးပြန်ကြောဆက်ရန် ပြွန်ချောင်းအစားထိုးခြင်း (AV graft) ပြုလုပ်ရန် လိုအပ်သည်။ အရေးပေါ် အခြေအနေတွင် သွေးပြန်ကြောမှ ကျောက်ကပ်ဆေးခြင်း ပြုလုပ်ရန် လိုအပ်ပါက သေးငယ်သောပြွန်ချောင်းကို လည်ပင်းတွင်ရှိသော သွေးပြန်ကြောထဲသို့ထည့်၍ ပြုလုပ်နိုင်သည်။
  2. ကျောက်ကပ်ဆေးခြင်း
    • သေးငယ်သော အပ်နှစ်ချောင်းကို မွေးထားသော သွေးကြော (သို့မဟုတ်) အစားထိုးထည့်ထားသော ပြွန်ချောင်းထဲသို့ထည့်ကာ အပ်တစ်ချောင်းမှ သွေးများကို ဖြည်းညှင်းစွာယူထုတ်ပြီး ကျောက်ကပ်ဆေးသည့်စက်သို့ ပို့ဆောင်ပေးသည်
    • ကျောက်ကပ်ဆေးသည့်စက်တွင် ပါဝင်သော အမြှေးပါးများမှ သွေးအတွင်းရှိ အညစ်အကြေးများကို စစ်ထုတ်ပေးပြီး ကျောက်ကပ်ဆေးသည့်အရည် (dialysate fluid) ထဲသို့ ပို့ဆောင်ပေးသည်
    • အသုံးပြုပြီးသော ကျောက်ကပ်ဆေးသည့် အရည်ကို စွန့်ထုတ်လိုက်ပြီး အညစ်အကြေးသန့်စင်ပြီးသောသွေးကို ဒုတိယအပ်မှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ ပြန်လည်ပို့ဆောင်ပေးသည်
    • သွေးပြန်ကြောမှတစ်ဆင့် ကျောက်ကပ်ဆေးခြင်း ပြုလုပ်နေစဥ်အတွင်း ကုတင်ပေါ်တွင် ထိုင်၍သော်လည်းကောင်း၊ လဲလျောင်း၍သော်လည်းကောင်း သက်သောင့်သက်သာ အနေအထားဖြင့် မိမိကြိုက်နှစ်သက်ရာ (စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း သို့မဟုတ် အိပ်ခြင်း) ပြုလုပ်နိုင်သည်
    • သွေးပြန်ကြောမှတစ်ဆင့် ကျောက်ကပ်ဆေးခြင်းမှာ မနာကျင်သော်လည်း ပြုလုပ်နေစဥ်အတွင်း ခေါင်းမူးခြင်း၊ ကြွက်တက်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်
    • အပ်များကို ဖယ်ရှားပြီး သွေးမထွက်စေရန် ပလာစတာဖြင့် ကပ်ထားရသည်
    • ပြုလုပ်ပြီး နာရီပိုင်းအကြာတွင် အိမ်သို့ ပြန်နိုင်သည်

သွေးပြန်ကြောမှတစ်ဆင့် ကျောက်ကပ်ဆေးခြင်း၏ အားသာချက်၊ အားနည်းချက်များ

  • အားသာချက်မှာ တစ်ပတ်တွင် (၃)ရက် ပြုလုပ်ရသဖြင့် ကျန် (၄)ရက်တွင် အနားယူနိုင်သည်
  • ကျောက်ကပ်ဆေးသည့်စက်ရှိသည့် ဆေးရုံတွင်သာ ပြုလုပ်နိုင်သောကြောင့် ခရီးသွားရန်ရှိပါက ကျောက်ကပ်ဆေးနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ရန် လိုအပ်သည်
  • နောက်ထပ်အားနည်းချက်တစ်ခုမှာ အစားအသောက်နှင့်‌ရေပမာဏကို ပြင်းထန်စွာ ကန့်သတ်ရခြင်းဖြစ်သည်

ဝမ်းဗိုက်မှတစ်ဆင့်ကျောက်ကပ်ဆေးခြင်း (Peritoneal dialysis)

ဝမ်းဗိုက်မှတစ်ဆင့် ကျောက်ကပ်ဆေးခြင်း နှစ်မျိုးရှိသည်။ ဝမ်းဗိုက်မှတစ်ဆင့် ကျောက်ကပ်ဆေးခြင်း နှစ်မျိုးစလုံးကို မိမိဘာသာအိမ်တွင် ပြုလုပ်နိုင်ရန် လေ့ကျင့် သင်ယူထားရန် လိုအပ်သည်။

  1. စက်မပါဘဲ သွားလာနေစဉ် ဆက်တိုက်ကျောက်ကပ်ဆေးခြင်း (continuous ambulatory peritoneal dialysis – CAPD)
  2. အိပ်နေစဉ် စက်ဖြင့် ကျောက်ကပ်ဆေးခြင်း (automated peritoneal dialysis – APD)
    ဝမ်းဗိုက်မှတစ်ဆင့် ကျောက်ကပ်ဆေးခြင်း နှစ်မျိုးစလုံးကို မိမိဘာသာအိမ်တွင် ပြုလုပ်နိုင်ရန် လေ့ကျင့်သင်ယူထားရန် လိုအပ်သည်။

ပြုလုပ်ရန် ပြင်ဆင်ခြင်း

ဝမ်းဗိုက်မှတစ်ဆင့် ကျောက်ကပ်ဆေးခြင်း မပြုလုပ်မီ ဝမ်းဗိုက်တွင် အပေါက်တစ်ပေါက် ပြုလုပ်ရန် လိုအပ်သည်။ ထိုအပေါက်မှ ဝမ်းဗိုက်အတွင်းရှိနေရာ (အမြှေးပါးအခန်း-peritoneal cavity)ထဲသို့ ကျောက်ကပ်ဆေးသည့်အရည် (dialysate)ကို ထည့်သည်။ ဝမ်းဗိုက်အလယ် ချက်အောက်နေရာကို ဓားဖြင့်ခွဲစိတ်ပြီး သေးငယ်သောပိုက်ချောင်းကို ခွဲစိတ်ထားသောနေရာမှ ထည့်သည်။ အပေါက်ကို အနာပြန်ကျက်စေရန် ကျောက်ကပ်ဆေးခြင်းမပြုလုပ်မီ ရက်သတ္တပတ်အနည်းငယ် စောင့်ရန်လိုအပ်သည်။ ထိုပိုက်ချောင်းကို ဝမ်းဗိုက်တွင် အမြဲတွဲထားရန် လိုအပ်သဖြင့် ပိုက်ချောင်းအသုံးပြုရန် အခက်အခဲရှိသူများအနေနှင့် သွေးပြန်ကြောမှတစ်ဆင့် ကျောက်ကပ်ဆေးခြင်းသို့ ပြောင်းရန်လိုအပ်သည်။

  1. စက်မပါဘဲ သွားလာနေစဉ် ဆက်တိုက်ကျောက်ကပ်ဆေးခြင်း (Continuous Ambulatory Peritoneal Dialysis – CAPD)
    ပြုလုပ်ရန် လိုအပ်သည့် ပစ္စည်းများမှာ
    • ကျောက်ကပ်ဆေးသည့် အရည်ပါဝင်သော အိတ်တစ်ခု
    • အညစ်အကြေးများ စုထည့်မည့် အိတ်အလွတ်တစ်ခု
    • အိတ်နှစ်လုံးနှင့် ပိုက်ချောင်းကို လုံအောင်ဆက်ပေးမည့် ပြွန်နှင့် ကလစ်များ
    • အိတ်များချိတ်ရန် ဘီးပါသော တိုင်တစ်ခုတို့ ဖြစ်ကြသည်။

      ပထမဦးစွာ ကျောက်ကပ်ဆေးသည့်အရည် ပါဝင်သောအိတ်ကို ဝမ်းဗိုက်ရှိပိုက်ချောင်းနှင့် ဆက်ထားသဖြင့် အရည်များကို အမြှေးပါးအခန်းအတွင်းသို့ ပိုက်ချောင်းမှတစ်ဆင့် စီးဆင်းစေသည်။ အမြှေးပါးအခန်းအတွင်း ကျောက်ကပ်ဆေးသည့်အရည်များ ရှိနေစဥ် သွေးထဲမှအညစ်အကြေးနှင့် အရည်ပိုများကို အမြှေးပါးမှတစ်ဆင့် ဆွဲထုတ်ပြီး ကျောက်ကပ်ဆေးသည့်အရည်ထဲသို့ ပို့ပေးသည်။ နာရီအနည်းငယ်ကြာပြီးနောက် အရည်‌ဟောင်းများမှာ အညစ်အကြေးထည့်သည့် အိတ်ထဲသို့ စီးဆင်းသွားပြီး အရည်အသစ်များကို အမြှေးပါးအတွင်းသို့ နောက်တစ်ကြိမ်ထပ်မလုပ်မီ အစားထိုးဖြည့်ပေးရသည်။ ထိုသို့ အရည်များအလဲအလှယ်ပြုလုပ်ခြင်းမှာ နာကျင်မှုမရှိဘဲ တစ်ကြိမ်ပြုလုပ်လျှင် မိနစ် (၃၀) မှ (၄၀) ကြာတတ်သည်။ တစ်ရက်တွင် လေးကြိမ် ပြုလုပ်ရန် လိုအပ်ပြီး တစ်ကြိမ်နှင့် တစ်ကြိမ်အကြားတွင် အိတ်များကိုဖြုတ်ထားပြီး ပိုက်ချောင်းအဆုံးကို အဖုံးအုပ်ထားရန် လိုအပ်သည်။
  2. အိပ်နေစဉ် စက်ဖြင့် ကျောက်ကပ်ဆေးခြင်း (automated peritoneal dialysis – APD)
    အိပ်နေစဥ်အတွင်း အရည်လဲလှယ်မှု ပြုလုပ်ရန် စက်ကို အသုံးပြုခြင်းမှလွဲ၍ စက်မပါဘဲ သွားလာနေစဉ် ဆက်တိုက်ပြုလုပ်ခြင်း (continuous ambulatory peritoneal dialysis – CAPD) နှင့် အတူတူပင်ဖြစ်သည်။ အိပ်ယာမဝင်ခင် ကျောက်ကပ်ဆေးသည့်အရည် ဖြည့်ထားသော အိတ်ကို စက်တွင်တွဲထားပြီး အိပ်နေစဥ်အတွင်း အရည်လဲလှယ်မှုကို စက်မှ အလိုအလျောက် ပြုလုပ်ပေးလိမ့်မည်။ အချိန် (၈) နာရီ မှ (၁၀) နာရီ ကြာအောင် စက်နှင့် ဆက်ထားရန် လိုအပ်သည်။ ပြီးဆုံးချိန်တွင် ဝမ်းဗိုက်အတွင်းတွင် ကျောက်ကပ်ဆေးသည့် အရည်များ ကျန်ခဲ့လိမ့်မည်။ ထိုအရည်များသည် နောက်တကြိမ်တွင် ဆက်လက်စီးဆင်းသွားလိမ့်မည်။ ညအိပ်စဥ်တွင် အပေါ့အပါးသွားရန် လိုအပ်ပါက လဲလှယ်ခြင်းကို ခဏတာရပ်ထားနိုင်သည်။ အကြောင်းအမျိုးမျိုးကြောင့် တစ်ကြိမ်မဆေးမိလျှင် (၂၄) နာရီအတွင်း ပြန်လည်ပြုလုပ်နိုင်သည်။

ဝမ်းဗိုက်မှတစ်ဆင့် ကျောက်ကပ်ဆေးခြင်း၏ အားသာချက်၊ အားနည်းချက်များ

  • အားသာချက်မှာ ဆေးရုံသို့သွားရန်မလိုဘဲ မိမိအိမ်တွင်သာ ပြုလုပ်နိုင်သည်
  • သွေးပြန်ကြောမှတစ်ဆင့် ကျောက်ကပ်ဆေးခြင်းကဲ့သို့ အစားအသောက်နှင့်ရေကို ပြင်းထန်စွာ ကန့်သတ်ရန် မလိုပါ
  • အားနည်းချက်မှာ နေ့စဥ်ပြုလုပ်ရန် လိုအပ်ခြင်းဖြစ်သည်
  • နောက်ထပ် အားနည်းချက်တစ်ခုမှာ ဝမ်းဗိုက်အ‌မြှေးပါးပိုးဝင်ခြင်းကြောင့် အမြှေးပါးရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေနိုင်သည်
  • အမြှေးပါးမှာ တဖြည်းဖြည်းထူလာပြီး အမာရွတ်များ ရှားပါးစွာ ဖြစ်ပေါ်လာနိုင်သောကြောင့် နှစ်အနည်းငယ်အကြာတွင် သွေးပြန်ကြောမှတစ်ဆင့် ကျောက်ကပ်ဆေးခြင်းသို့ ပြောင်းရန်လိုအပ်သည်
  • ကျောက်ကပ်ဆေးသည့် အရည်များကြောင့် ပရိုတင်းဓာတ်လျော့နည်းပြီး အင်အားချို့တဲ့ခြင်းနှင့် အာဟာရချို့တဲ့ခြင်းကို ဖြစ်ပေါ်စေနိုင်သည်
နောက်ဆက်တွဲဆိုးကျိုးများ

သွေးပြန်ကြောမှတစ်ဆင့်ကျောက်ကပ်ဆေးခြင်း၏ ‌ဘေးထွက်ဆိုးကျိုးများ

  • ပင်ပန်းနွမ်းနယ်ခြင်း
  • သွေးပေါင်ကျခြင်း
  • ပိုးဆိပ်ပျံ့ခြင်း
  • ကြွက်တက်ခြင်း
  • အ‌‌ရေပြားယားယံခြင်း
  • အိပ်ပျော်ရန်ခက်ခဲခြင်း
  • အရိုးအဆစ်နာကျင်ခြင်း
  • ပန်းသေပန်းညှိုးဖြစ်ခြင်း
  • အာခြောက်ခြင်း
  • စိတ်ဖိစီးမှုများခြင်းတို့ ဖြစ်ပေါ်နိုင်သည်။

ဝမ်းဗိုက်မှတစ်ဆင့်ကျောက်ကပ်ဆေးခြင်း၏ ဘေးထွက်ဆိုးကျိုးများ

  • ပင်ပန်းနွမ်းနယ်ခြင်း
  • ဝမ်းဗိုက်အမြှေးပါး ပိုးဝင်ပြီး ရောင်ရမ်းခြင်းကြောင့် ဗိုက်နာခြင်း၊ ဖျားခြင်း၊ ချမ်းတုန်ခြင်းနှင့် ကျောက်ကပ်ဆေးသည့်အရည်များ နောက်လာခြင်း
  • အူကျွံခြင်း
  • ကိုယ်အလေးချိန်တိုးလာခြင်းတို့ ဖြစ်ကြသည်။
လိုက်နာဆောင်ရွက်ရမည့် အချက်များ
  • ဆိုဒီယမ်၊ ပိုတက်ဆီယမ်နှင့် ဖော့စ်ဖရပ်စ် အစရှိသော သတ္တုဓာတ်များသည် ကျောက်ကပ်မဆေးသည့်ရက်များတွင် လျင်မြန်စွာစုပုံလာလျှင် အန္တရာယ်ရှိနိုင်သဖြင့် ဆိုဒီယမ်၊ ပိုတက်ဆီယမ်နှင့် ဖော့စ်ဖရပ်စ် များသော အစားအသောက်များ (ဥပမာ- အရည်ရွှမ်းသော အသီးများ၊ နို့နှင့် နို့ထွက်ပစ္စည်များ)ကို ‌‌ရှောင်ကြဥ်ရမည်
  • သွေးပြန်ကြောမှတစ်ဆင့် ကျောက်ကပ်ဆေးလျှင် ‌ရေကို ကန့်သတ်သောက်သုံးရမည်၊ ရေကို အလွန်အကျွံသောက်ပါက (၃-၄)ရက်အတွင်း စုဆောင်းထားသောအရည်ပိုများကို အချိန် (၄) နာရီအတွင်း မထုတ်နိုင်လျှင် ထိုအရည်ပိုများ သွေး၊ တစ်ရှူးနှင့် အဆုတ်တွင် စုမိပြီး ပြင်းထန်သောပြဿနာများ ဖြစ်ပေါ်လာသည်၊ သောက်ရမည့် ‌ရေပမာဏမှာ ကိုယ်အလေးချိန်ပေါ် မူတည်ပြီး တစ်ရက်လျှင် တစ်လီတာ မှ တစ်လီတာခွဲအထိသာ သောက်သုံးနိုင်သည်

Share

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.