Medications During Breastfeeding (နို့တိုက်မိခင်နှင့် ဆေးဝါးများ)

Medications During Breastfeeding (နို့တိုက်မိခင်နှင့် ဆေးဝါးများ)

မိခင်နို့သည် ကလေးများအတွက် အကောင်းဆုံးအာဟာရဖြစ်ကြောင်း တစ်ကမ္ဘာလုံးတွင် လက်ခံထားရှိပြီးဖြစ်သည်။ သို့သော် တစ်ခါတစ်ရံ မိခင်များသည် မိမိသုံးစွဲနေသောဆေးဝါးကြောင့် ကလေးအား ထိခိုက်နိုင်ခြေကို စိုးရိမ်ပြီး နို့တိုက်ကျွေးခြင်းကို လျှော့ချခြင်း သို့မဟုတ် ရပ်ပစ်ခြင်း ပြုလုပ်လေ့ရှိသည်။ မိခင်နို့ထဲတွင်ပါဝင်နိုင်သော ဆေးပမာဏသည် မိခင်၏သွေးထဲရှိ ဆေးပမာဏနှင့် ဆေး၏ နို့တွင်ပျော်ဝင်မှုနှုန်း စသည့်အချက်များပေါ် မူတည်ပြီး မိခင်နို့မှတစ်ဆင့် ကလေးဆီသို့ ပမာဏတစ်ခုအထိသာ ရောက်ရှိနိုင်သည်။ ယေဘုယျအားဖြင့် ဆေးအများစုသည် မိခင်နို့မှတစ်ဆင့် ပမာဏအနည်းငယ်သာ က‌လေးဆီသို့ရောက်ရှိနိုင်ပြီး ကလေးငယ်များတွင် နောက်ဆက်တွဲဆိုးကျိုးများ မဖြစ်စေပါ။ သို့သော် မိခင်နို့တွင် ပမာဏများစွာကျန်နေနိုင်သော ဆေးများလည်းရှိသည့်အတွက် ဆေးတစ်ခုချင်းစီအတွက် သီးခြားဆုံးဖြတ်ရမည်ဖြစ်သည်။

မိခင်နို့တွင်ပါဝင်သော ဆေးများ၏ နောက်ဆက်တွဲပြဿနာများသည် လမစေ့သောကလေးများ၊ မွေးခါစကလေးများ၊ ကျန်းမာရေးမကောင်းသောကလေးများနှင့် ကျောက်ကပ်လုပ်ဆောင်မှုပြဿနာရှိသော ကလေးငယ်များတွင် အများဆုံးဖြစ်စေသည်။ အသက် (၆) လနှင့်အထက် ကလေးများတွင် ဆေးများကိုထိရောက်စွာ ချေဖျက်နိုင်လာပြီ ဖြစ်သည့်အတွက် နောက်ဆက်တွဲပြဿနာများ အလွန်နည်းပါးသည်။

ဆေးအများစုကို မိခင်နို့တိုက်ကျွေးချိန်တွင် သောက်သုံးနိုင်သည်။ နာတာရှည်ရောဂါကြောင့် ဆေးများသောက်သုံးနေရသူများတွင်မူ ဖြစ်နိုင်ခြေရှိသည့် နောက်ဆက်တွဲဆိုးကျိုးများနှင့် ရရှိနိုင်သည့် ကောင်းကျိုးများကို ချိန်ညှိရမည်ဖြစ်သည်။ နို့တိုက်မိခင်များတွင် သောက်သုံးရန်မသင့်သော ဆေးဝါးများကို သောက်သုံးနေရပါက သက်ဆိုင်ရာဆရာဝန်နှင့် တိုင်ပင်၍ ဆေးပြောင်းပေးခြင်း သို့မဟုတ် မိခင်နို့ထဲတွင် ပမာဏအနည်းဆုံးရှိနေမည့်အချိန်တွင် နို့တိုက်ခြင်း စသည်တို့ပြုလုပ်နိုင်သည်။

ဆေးဝါးများကြောင့် မိခင်နို့တိုက်ခြင်းကို ယာယီ သို့မဟုတ် လုံးဝရပ်တန့်ရန်လိုအပ်သော အခြေအနေများကို ကြိုတင်သိရှိထားပါက မိခင်နို့ကို ကြိုတင်ညှစ်၍ သိမ်းထားခြင်းများ ပြုလုပ်နိုင်သည်။ ထို့နောက် ဆေးဝါးစတင်သောက်သုံးသည့်အခါတွင် ကြိုတင်သိမ်းထားသောနို့ကို အသုံးပြုနိုင်သည်။ ယာယီရပ်တန့်ရန်သာ လိုအပ်သော အခြေအနေများတွင် နို့ထွက်နှုန်းကို ထိန်းသိမ်းထားရန်၊ ပုံမှန်ညှစ်ထားရန် လိုအပ်ပြီး ဆေးဝါးသောက်သုံးနေစဉ်အတွင်း ညှစ်ထားသော နို့ကိုစွန့်ပစ်ရမည်ဖြစ်သည်။ မိခင်တိုက်ကျွေးခြင်းကို လုံးဝရပ်တန့်ရန် လိုအပ်ပါက သက်ဆိုင်ရာဆရာဝန်နှင့် တိုင်ပင်၍ နို့ဖြတ်ခြင်းနှင့် ရွေးချယ်သင့်သည့် နို့မှုန့်အမျိုးအစားများ၊ ဖြည့်စွက်စာများကို ဆွေးနွေးရန် လိုအပ်သည်။

နို့တိုက်မိခင်အား ဆေးဝါးများညွှန်းပေးရာတွင် အောက်ပါအချက်များပေါ်တွင် အခြေခံ၍ ဆုံးဖြတ်ခြင်းဖြင့် ကလေးထံသို့ ဆိုးကျိုးအနည်းဆုံးဖြစ်စေသည်။

ယေဘုယျအချက်အလက်များ
  • ဆေးပေးခြင်းကို တတ်နိုင်သမျှ ရှောင်ကြဥ်၍ အမှန်တကယ်လိုအပ်မှသာ ပေးရန်
  • နို့စို့ကလေး၏အသက်အရွယ်
  • မိခင်နို့တိုက်ကျွေးသည့် အကြိမ်အရေအတွက်
  • တစ်နှစ်‌အောက်ကလေးငယ်များတွင် အသုံးပြုနိုင်သောဆေးများသည် ယေဘုယျအားဖြင့် နို့တိုက်မိခင်များတွင် ပေးနိုင်သည်
  • နို့တိုက်မိခင်များတွင် ဆေးပေးရန်လိုအပ်ပါက ယုံကြည်စိတ်ချရသော အထောက်အထားများကို အသုံးပြုပါ
  • နို့သီးခေါင်းနေရာမှလွဲ၍ အခြားနေရာများတွင် သောက်ဆေးထက် လိမ်းဆေးများကိုသာ ဦးစားပေးအသုံးပြုပါ
ဆေးဝါးရွေးချယ်မှု
  • တစ်နှစ်အောက်ကလေးငယ်များတွင် သုံးစွဲနိုင်ကြောင်း သေချာစွာ စမ်းသပ်မှုပြုလုပ်ထားသော ဆေးဝါးများကိုသာ ရွေးချယ်ပါ
  • အဆီတွင်ပျော်ဝင်နိုင်မှု အနည်းဆုံး၊ အစာလမ်းကြောင်းမှစုပ်ယူမှု အနည်းဆုံး၊ ဆေးကျန်ရှိနိုင်သည့်သက်တမ်း အတိုဆုံးနှင့် ပရိုတင်းတွင် ပေါင်းနေနိုင်သည့် စွမ်းရည်အကောင်းဆုံး ဆေးဝါးများကို ရွေးချယ်ပါ
ဆေးသောက်သည့်အချိန် ရွေးချယ်မှု
  • တစ်နေ့ တစ်ကြိမ် သောက်ရန်လိုသော ဆေးများကို ကလေး၏ အကြာဆုံးအိပ်ချိန်မတိုင်မီတွင် သောက်သုံးသင့်သည်
  • အကြိမ်အရေအတွက်များစွာ သောက်ရန်လိုအပ်ပါက ဆေးမ‌သောက်မီတွင် မိခင်နို့အရင်တိုက်ကျွေးသင့်သည်
နို့တိုက်မိခင်များတွင် ခံစားရနိုင်သော ဝေဒနာများနှင့် သောက်သုံးနိုင်သော ဆေးဝါးများ
  1. အကိုက်အခဲပျောက်ဆေးများ (Analgesics)
    • နို့တိုက်မိခင်များတွင် ခံစားရသော နာကျင်ကိုက်ခဲမှုများတွင် အောက်ပါဆေးဝါးများကို ဦးစားပေးရွေးချယ်သင့်သည်
      • ပါရာစီတမော (Acetaminophen) _ စိတ်ချစွာ သောက်နိုင်သော အကိုက်အခဲပျောက်ဆေးဖြစ်သည်
      • အခြားအကိုက်အခဲပျောက်ဆေးများ (NSAIDs)
        • Ibuprofen
        • Naproxen
        • အကိုက်အခဲပျောက်ဆေးများ ပါဝင်သော လိမ်းဆေးများကို အသုံးပြုနိုင်သည်၊ သို့သော် Naproxen ကို ရေရှည်သုံးစွဲရန် မသင့်ပါ
    • နာကျင်ကိုက်ခဲမှုများသည် သာမန်အကိုက်အခဲပျောက်ဆေးများဖြင့် မသက်သာပါက hydrocodone သို့မဟုတ် morphine ကို ပေးနိုင်သည်၊ သို့ရာတွင် ပမာဏအနည်းဆုံးသာ ပေးရမည်ဖြစ်ပြီး၊ ရက်အနည်းငယ်သာ ပေးရမည်
    • ထိုဆေးများမသောက်မီတွင် မိခင်နို့ကို ကြိုတင်တိုက်ရမည်
    • ဆေးသောက်နေစဥ်တွင် ကလေးတွင် မှိန်းခြင်း၊ နို့မစို့ခြင်း၊ အသက်ရှူရခက်ခဲခြင်း သို့မဟုတ် ပျော့သွားခြင်းများရှိပါက ဆေးကိုချက်ချင်းရပ်၍ သက်ဆိုင်ရာဆရာဝန်နှင့် ဆက်သွယ်ရမည်ဖြစ်သည်
  2. ပဋိဇီဝပိုးသတ်ဆေးများ
    ပဋိဇီဝပိုးသတ်ဆေးများ သောက်သုံးရန်လိုအပ်ပါက ဆရာဝန်၏ညွှန်ကြားချက်ဖြင့်သာ သောက်သုံးရမည်ဖြစ်သည်။ ဆေးအများစုသည် နို့တိုက်မိခင်များတွင် သောက်သုံးနိုင်သည်။
    • အသုံးပြုနိုင်သော ပဋိဇီဝပိုးသတ်ဆေးများ
      • Cephalosporins
      • Penicillins
      • Fluoroquinolones
      • Macrolides
      • Sulphur ပါသောပိုးသတ်ဆေးများကို လနုသောကလေးငယ်များနှင့် G6PD ဓာတ် ချို့တဲ့သောကလေးများ၏ နို့တိုက်မိခင်များတွင် မပေးသင့်ပါ
  3. ဓာတ်မတည့်ခြင်း (Allergies)
    ရာသီဥတုပြောင်းလဲခြင်း၊ ပတ်ဝန်းကျင်အခြေအနေများကြောင့် နှာချေခြင်း၊ နှာရည်ယိုခြင်း၊ နှာခေါင်းပိတ်ခြင်းစသည့် ဓာတ်မတည့်မှုလက္ခဏာများ ဖြစ်ပေါ်နိုင်သည်။
    • အသုံးပြုနိုင်သော ဆေးဝါးများ
      • နှာခေါင်းချွဲဖျော်ဆေးများ (Neti pot, Saline Nasal Drops, Saline Spray)
      • စတီးရွိုက် နှာခေါင်းတွင်းဖျန်းဆေး (Steroid Nasal Spray)
      • Cetirizine, Loratadine စသည်တို့ကို အသုံးပြုနိုင်သည်။
    • ထို့အပြင်လိုအပ်ပါက Oxymetazoline ပါဝင်သော နှာခေါင်းပွင့်ဆေးကို အသုံးပြုနိုင်သည်
    • မိခင်နို့ကောင်းစွာထွက်သောသူများတွင် Pseudoepherine ဆေးကိုလည်း အသုံးပြုနိုင်သည်
  4. ဝမ်းချုပ်ခြင်း (Constipation)
    ဗီတာမင်အားဆေးများ၊ လှုပ်ရှားမှုနည်းခြင်း၊ အိပ်ချိန် ပုံမှန်မရှိခြင်း၊ ခွဲစိတ်ထားသည့် ချုပ်ရိုးများမှ နာကျင်မှုကြောင့် အစာဟောင်းအိမ်ကြွက်သားများကို ညှစ်ထားခြင်း၊ ကိုယ်ဝန်၏နောက်ဆက်တွဲအနေဖြင့် လိပ်ခေါင်းရောဂါခံစားနေရခြင်း စသည်တို့ကြောင့် ဝမ်းချုပ်ခြင်း ဖြစ်ပေါ်နိုင်သည်။
    • အသုံးပြုနိုင်သော ဆေးဝါးများ
      • Osmotic laxatives (e.g., Lactulose, Polyethylene glycol – PEG/Macrogol)
      • Bulk-forming laxatives (e.g., Psyllium, Methylcellulose)
      • Stool softener (Docusate sodium) စသည့်ဆေးဝါးများကို လိုအပ်ပါက သုံးနိုင်သည်
    • အခြားနည်းလမ်းများ _ ရေများများသောက်ခြင်း၊ အမျှင်ဓာတ်များသော အစားအစာများ စားသုံးခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့် သောက်လက်စဆေးဝါးများကြောင့်ဖြစ်ပါက ထိုဆေးများကိုရပ်ခြင်းတို့ဖြင့် ဝမ်းချုပ်ခြင်းကို သက်သာစေနိုင်သည်
  5. စားချဥ်ပြန်ခြင်း (Gastroesophageal reflux)
    အစားအသောက်မမှန်ခြင်း၊ အကိုက်အခဲပျောက်ဆေးများ သောက်ခြင်းကြောင့် အစာအိမ်မှအက်ဆစ်များ အစာမျိုပြွန်အတွင်း ပြန်တက်သဖြင့် ရင်ပူခြင်းကို ခံစားရနိုင်သည်။
    • အသုံးပြုနိုင်သော ဆေးဝါးများ
      • Aluminum Hydroxide/ Magnesium Carbonate
      • Aluminum Hydroxide/ Magnesium Hydroxide
      • Calcium Carbonate/ Magnesium Carbonate
      • Famotidine
      • Omeprazole, Pantoprazole စသည့်ဆေးဝါးများကို သုံးစွဲနိုင်သည်။
  6. ဝမ်းလျှောခြင်း (Diarrhea)
    ဝမ်းပျက်ဝမ်းလျှောခြင်း ပြဿနာများကို ခံစားရပါက အောက်ပါဆေးဝါးများကို အသုံးပြုနိုင်သည်။
    • အသုံးပြုနိုင်သော ဆေးဝါးများ
      • ဓာတ်ဆား
      • Probiotics
      • Loperamide
  7. သန္ဓေတားဆေးများ
    • နို့တိုက်မိခင်များ (အထူးသဖြင့် ကလေးမီးဖွားပြီး ၄ပတ် မှ ၆ပတ်) တွင် ‌ဟော်မုန်းမပါဝင်သော သန္ဓေတားနည်းလမ်းများဖြစ်သည့် ကွန်ဒုံးသုံးခြင်း၊ သားအိမ်အတွင်း သားဆက်ခြားပစ္စည်း (IUCD) ထည့်ခြင်းများကို ပို၍ရွေးချယ်သင့်သည်
    • လက်မောင်းထဲသို့ သားဆက်ခြားပစ္စည်းထည့်ခြင်း (Implant) ကိုလည်း အသုံးပြုနိုင်သည်
    • ကိုယ်ဝန်တားဆေး သောက်ဆေးကတ်များကို ရွေးချယ်မည်ဆိုပါက ပရိုဂျက်စတင်ဟော်မုန်း တစ်မျိုးတည်းသာပါသော သောက်ဆေးကို ရွေးချယ်သင့်သည်
  8. အတက်ရောဂါကုသခြင်း
    အတက်ရောဂါကုဆေးဝါးများ သောက်သုံးနေရသော နို့တိုက်မိခင်များတွင် ဆေးကိုပြောင်းလဲခြင်း၊ ရုတ်တရက်ရပ်ခြင်းများ ပြုလုပ်လျှင် အန္တရာယ်ရှိနိုင်သောကြောင့် မိခင်နို့တိုက်ကျွေးနေသော ကလေးများတွင် ဆေးများ၏ နောက်ဆက်တွဲဆိုးကျိုးများကို သေချာစွာစောင့်ကြည့်၍ ပေးသင့်သည်။ သို့သော် အတက်ကျဆေးအများစုသည် မိခင်နို့တိုက်ကျွေးခြင်းနှင့် သင့်တော်ပြီး မိခင်နို့မှတစ်ဆင့် ဆေးဝါးအနည်းငယ်သာ ကလေးထံရောက်ရှိမည့် အန္တရာယ်ထက် မိခင်နို့တိုက်ကျွေးခြင်း၏ အကျိုးကျေးဇူး၊ မိခင်၏အတက်ရောဂါကိုထိန်းနိုင်ခြင်းစသည့် ကောင်းကျိုးများ ပိုမိုများပြားသည်။
    • အသုံးပြုနိုင်သော ဆေးဝါးများ
      • Carbamazepine, Oxcarbazepine
      • Levetiracetam
      • Phenytoin
      • Gabapentin
      • Valproic acid စသည့်ဆေးဝါးများကို လိုအပ်ပါက အသုံးပြုနိုင်သည်
  9. ပန်းနာရင်ကျပ်ရောဂါ
    • ပန်းနာရင်ကျပ်ရောဂါအတွက် ကုသမှုများသည် နို့တိုက်မိခင်များတွင် သိသာစွာ ပြောင်းလဲခြင်းမရှိပါ
    • စတီးရွိုက်ရှူဆေးများ၊ လေပြွန်ကျယ်ဆေးများသည် နို့စို့ကလေးငယ်များတွင် သက်‌ရောက်စေခြင်းမရှိပါ
    • ပန်းနာရင်ကျပ်ရောဂါ ရုတ်တရက်ဆိုးလာသောအချိန်များတွင် စတီးရွိုက်ဆေးကို သောက်ဆေး သို့မဟုတ် ထိုးဆေး အဖြစ်အသုံးပြုရန် လိုအပ်သည်
    • ပမာဏများသော စတီးရွိုက်ဆေး အသုံးပြုခြင်း သို့မဟုတ် ကြာရှည်စွာအသုံးပြုခြင်းရှိပါက နို့တိုက်ချိန်နှင့် အနည်းဆုံး (၄) နာရီခြားသင့်သည်
  10. ဆီးချိုရောဂါ
    သွေးတွင်းသကြားဓာတ်ကို ကောင်းမွန်စွာထိန်းထားနိုင်ခြင်း မရှိပါက မိခင်နှင့် ကလေး နှစ်ယောက်လုံးတွင် အန္တရာယ်ရှိနိုင်သည့်အတွက် သက်ဆိုင်ရာဆရာဝန်နှင့် တိုင်ပင်၍ ကုသမှုပေးရန် လိုအပ်သည်။
    • အသုံးပြုနိုင်သော ဆေးဝါးများ
      • Insulin
      • Metformin
      • Second-generation sulfonylurea စသည့်ဆေးများသည် မိခင်နို့တိုက်ချိန်တွင် အသုံးပြုနိုင်သော ဆီးချိုရောဂါဆေးဝါးများဖြစ်သည်။
  11. သွေးတိုးရောဂါ
    ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များတွင် သွေးတိုးရောဂါကြောင့် နောက်ဆက်တွဲပြဿနာများစွာ ဖြစ်ပေါ်နိုင်ပြီး အသက်အန္တရာယ်ထိခိုက်သည်အထိ ဖြစ်နိုင်သောကြောင့် သေချာစွာကုသမှုပြုရန် အရေးကြီးသည်။ သွေးတိုးရောဂါကုသရာတွင် အသုံးပြုသော ဆေးအများစုသည် နို့တိုက်မိခင်များတွင် အသုံးပြုနိုင်သည်။
    • အသုံးပြုနိုင်သော ဆေးဝါးများ
      • Calcium channel blockers (Amlodipine, Nifedipine)
      • ACEIs (Enalapril)
      • Diuretics (Furosemide)
      • Beta blockers (Labetalol) စသည့်ဆေးများသည် မိခင်နို့ထဲတွင် ပါဝင်မှုနည်းပါးသောကြောင့် မိခင်နို့တိုက်ချိန်တွင် အသုံးပြုနိုင်သော သွေးတိုးရောဂါ ဆေးဝါးများဖြစ်သည်။
  12. စိတ်ကျရောဂါကုသခြင်း
    မီးဖွားပြီးစအချိန်တွင် ဟော်မုန်းပြောင်းလဲမှုများ၊ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများ အစရှိသည်တို့ကြောင့် အချို့သောမိခင်များတွင် စိတ်ကျခြင်းဝေဒနာကို ခံစားရနိုင်သည်။ ထိုအချိန်မျိုးတွင် မဖြစ်မနေ ဆေးဝါးကုသမှု လိုအပ်တတ်ပြီး တစ်ခါတစ်ရံတွင် မိမိကိုယ်ကိုနှင့် အခြားသူများကို အန္တရာယ်ပြုခြင်းမှ ကာကွယ်ရန်အတွက် ဆေးရုံတင်ကုသမှု လိုအပ်သည်။ နို့တိုက်မိခင်များသည် စိတ်ကျရောဂါကုသဆေးများ၊ စိတ်ငြိမ်ဆေးများ၊ စိတ်ဖောက်ပြန်ရောဂါ ကုသဆေးများအား သက်ဆိုင်ရာဆရာဝန်၏ ကြီးကြပ်မှုဖြင့် သောက်သုံးနိုင်သည်။
    • အသုံးပြုနိုင်သောဆေးဝါးများမှာ SSRI အုပ်စုဝင်ဖြစ်သည့်
      • Sertraline
      • Paroxetine
      • Fluvoxamine အစရှိသည်တို့ဖြစ်သည်။
  13. အရေပြားဆိုင်ရာ ရောဂါနှင့်အခြေအနေများ
    • အသုံးပြုနိုင်သော ဆေးဝါးများ
      • ပြတ်ရှဒဏ်ရာ၊ ကုတ်ခြစ်ရာ၊ အပူလောင်ခြင်း (Cuts, Scrapes, and Burns) များအတွက်
        • Bacitracin Ointment
        • Neomycin
        • Polymyxin B လိမ်းဆေးများ
      • အနီကွက်များ (Rash) များအတွက်
        • Diphenhydramine Cream
        • 1% Hydrocortisone Cream (စတီးရွိုက် လိမ်းဆေး) လိမ်းခြင်းအပြင်
        • အုတ်ဂျုံမှုန့်ဖြင့် ရေချိုးခြင်း (Oatmeal Bath) ပြုလုပ်နိုင်သည်။
      • မှိုရောဂါ (Fungal Infections)
        • Fluconazole
        • Miconazole လိမ်းဆေးများကို အသုံးပြုနိုင်သည်။
နို့တိုက်မိခင်များတွင် အသုံးမပြုသင့်သော ဆေးဝါးများ

နို့တိုက်မိခင်များတွင် အောက်ပါအခြေအနေများရှိပါက မိခင်နို့တိုက်ကျွေးရန်မသင့်ပါ။

  • ကင်ဆာရောဂါအတွက် ကင်ဆာဆေးသွင်းကုသခြင်း (Chemotherapy)၊ ဓာတ်‌ရောင်ခြည်ဖြင့် ကုသခြင်း (Radiation therapy)၊ ဟော်မုန်းကုထုံး၊ ကိုယ်ခံအားကို ပြုပြင်ထိန်းညှိခြင်းကုထုံး၊ ကင်ဆာဆဲလ်သီးသန့် ပစ်မှတ်ထားကုထုံးများဖြင့် ကုသမှုယူနေသော အမျိုးသမီးများ
  • ရေဒီယိုသတ္တိကြွဒြပ်ပေါင်း ပါဝင်သောဆေးဝါးများဖြင့် ကုသမှုယူနေသော အမျိုးသမီးများ
မိခင်နို့တိုက်ရန် သတိထားသင့်သော အခြေအနေများ
  1. မိခင်သည် HIV/AIDS ကူးစက်ခံထားရပါက ဆရာဝန်နှင့် တိုင်ပင်၍ မိခင်နို့ တိုက်မတိုက် ဆွေးနွေးသင့်သည် (မိခင်မှကလေး သို့ HIV ပိုးမကူးစက်အောင်ကာကွယ်ခြင်း – Prevention of Mother to Child HIV Transmission)
  2. မိခင်သည် အကြောင်းတစ်စုံတရာကြောင့် စိတ်ကျန်းမာရေးချို့ယွင်းနေလျှင် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်သည်
မိခင်နို့တိုက်ကျွေးနေစဥ် ထိုးနိုင်သော ကာကွယ်ဆေးများ

အောက်ဖော်ပြပါ ကာကွယ်ဆေးများကို မိခင်နို့တိုက်ကျွေးနေစဥ်ကာလအတွင်း မိခင်အားထိုးရန်လိုအပ်ပါက ထိုးနိုင်သည်။

  • အသည်းရောင်အသားဝါ အေ ကာကွယ်ဆေး (Hepatitis A vaccine)
  • သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV vaccine)
  • ရာသီတုပ်ကွေး ကာကွယ်ဆေး (Influenza vaccine)
  • ပိုလီယိုအကြောသေ ကာကွယ်ဆေး ထိုးဆေး (IPV)
  • ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး (Rabies vaccine)
  • ရေကျောက်ကာကွယ်ဆေး (Chickenpox vaccine)
  • အူရောင်ငန်းဖျား/တိုက်ဖွိုက်ရောဂါ ကာကွယ်ဆေး (Typhoid vaccine)
  • အသည်းရောင်အသားဝါ ဘီ ကာကွယ်ဆေး (Hepatitis B vaccine)
  • မေးခိုင်၊ ဆုံဆို့၊ ကြက်ညှာ ကာကွယ်ဆေး (Tdap vaccine)
  • ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုး ကာကွယ်ဆေး (MMR vaccine)
  • ကိုဗစ် – ၁၉ ရောဂါ ကာကွယ်ဆေး (COVID-19 vaccine)

ထို့အပြင် အဖြစ်များ၍ ရောဂါကူးစက်နိုင်ခြေ မြင့်မားသေ နေရာဒေသများမှ မိခင်များအနေဖြင့်

  • ကူးစက်မြန် ပြင်းထန်ဦးနှောက်အမြှေးရောင် ကာကွယ်ဆေး (Meningococcal Vaccine)
  • ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး (Pneumococcal Vaccine)
  • ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး (Japanese Encephalitis Inactivated vaccine) များကို လိုအပ်လျှင် ထိုးနိုင်သည်။

သို့သော် မျောက်ကျောက်ရောဂါကာကွယ်ဆေး (M Pox vaccine) နှင့် Yellow fever vaccine ကို မိခင်နို့တိုက်ကျွေးစဥ်တွင် မထိုးသင့်ပါ။

သတိပြုရမည့်အချက်များ
  • ကိုယ်ဝန်မဆောင်မီကတည်းက ဆေးဝါးများ သောက်သုံးနေရပါက ကိုယ်ဝန်ဆောင်ချိန်နှင့် မိခင်နို့တိုက်ကျွေးချိန်တွင် ထိုဆေးဝါးများကို ဆက်လက်သောက်သုံးရန် သင့်မသင့် မိမိ၏ မိသားစုဆရာဝန် သို့မဟုတ် ဆေးညွှန်းပေးထားသော ဆရာဝန်နှင့် သေချာစွာ တိုင်ပင်ဆွေးနွေးရန် အရေးကြီးသည်
  • မိခင်နို့တိုက်ကျွေးချိန်တွင် ဆေးသောက်ရန် လိုအပ်ပါက သက်ဆိုင်ရာဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် အရေးကြီးသည်
  • မလိုအပ်သောဆေးများ သောက်ခြင်းကို ရှောင်ကြဥ်ပါ
  • ဆေးပါဝင်မှုအမျိုးအစား၊ ပမာဏ မှန်ကန်တိကျစွာ ဖော်ပြထားခြင်းမရှိသော ဆေးများသောက်ခြင်းကို ရှောင်ကြဥ်ပါ
  • ဆေးဝါးတစ်မျိုးချင်းစီသည် အာနိသင်၊ လုပ်ဆောင်ပုံနှင့် သတိထားရမည့်အချက်များ ကွဲပြားသောကြောင့် ဆရာဝန်နှင့် အောက်ပါအချက်အလက်များကို ကြိုတင်တိုင်ပင်ရန် အရေးကြီးသည်။
    • ဆေးသောက်ရမည့်အချိန် (ဥပမာ _ အစာမစားမီ/စားပြီး၊ နံနက်/ည)
    • စောင့်ကြည့်ရမည့် ဘေးထွက်ဆိုးကျိုးများ (ဥပမာ _ ငိုက်မျဉ်းခြင်း၊ ဓာတ်မတည့်ခြင်း)
    • အခြားဆေးဝါး၊ ဖြည့်စွက်စာများနှင့် ဓာတ်ပြုနိုင်ခြေ
    • အထူးသတိပြုရမည့်အချက်များ (ဥပမာ _ ရေများများသောက်ခြင်း၊ အချို့သောလှုပ်ရှားမှုများကို ရှောင်ကြဉ်ခြင်း)
  • မိမိ၏ရောဂါအခြေအနေကြောင့် မိခင်နို့ဆက်လက်တိုက်ကျွေးရန် မသင့်လျော်သည့်အခြေအနေများ (ဥပမာ_ကင်ဆာဆေးသွင်းကုသမှုများ) တွင် သက်ဆိုင်ရာဆရာဝန်နှင့် တိုင်ပင်၍ နို့ဖြတ်ခြင်းနှင့် ရွေးချယ်သင့်သည့် နို့မှုန့်အမျိုးအစားများ၊ ဖြည့်စွက်စာများကို ဆွေးနွေးရန် လိုအပ်သည်

References:

  1. American Academy of Pediatrics. (2013). The transfer of drugs and therapeutics into human breast milk: An update on selected topics. Pediatrics, 132(3), e796–e809. https://doi.org/10.1542/peds.2013-1985
  2. American Academy of Family Physicians. (2022). Medication safety in breastfeeding. Retrieved April 20, 2026, from https://www.aafp.org/pubs/afp/issues/2022/1200/medication-safety-breastfeeding.html
  3. Australian Breastfeeding Association. (n.d.). Breastfeeding and medicines. Retrieved April 20, 2026, from https://www.breastfeeding.asn.au/resources/breastfeeding-and-medicines
  4. Centers for Disease Control and Prevention. (2025). Vaccinations, medications, and drugs while breastfeeding. Retrieved April 20, 2026, from https://www.cdc.gov/breastfeeding/breastfeeding-special-circumstances/vaccinations-medications-drugs/vaccinations.html
  5. Drugs and Lactation Database (LactMed). (2024). Drugs and Lactation Database (LactMed). National Library of Medicine. Retrieved April 20, 2026, from https://www.ncbi.nlm.nih.gov/books/NBK501922/
  6. Mayo Clinic. (n.d.). Breastfeeding and medications: What’s safe? Retrieved April 20, 2026, from https://www.mayoclinic.org/healthy-lifestyle/infant-and-toddler-health/in-depth/breastfeeding-and-medications/art-20043975

Published: 30 April 2025

Last updated: 8 May 2026

Share

26 April 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.