Covid 19 vaccination (ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးခြင်း)

Covid 19 vaccination (ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးခြင်း)

ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးများသည် ရောဂါပိုးကူးစက်ခြင်းကို ကာကွယ်နိုင်သည့်အပြင် ရောဂါပြင်းထန်မှုနှင့် သေဆုံးမှုကိုလည်း လျော့ကျစေသည်။ ကာကွယ်ဆေးများသည် ရောဂါပိုးများကို တိုက်ထုတ်ရန် ကိုယ်ခံအားစနစ်မှ ပဋိပစ္စည်းများကို ထွက်စေသည်။

ကိုဗစ် ၁၉ ကာကွယ်ဆေး အမျိုးအစားများ

ကိုဗစ် ၁၉ ကာကွယ်ဆေး အဓိက အမျိုးအစားများမှာ_

  • Messenger RNA (mRNA) vaccine
  • Vector vaccine
  • Protein subunit vaccine
  • Inactivated vaccines for covid 19 တို့ဖြစ်ကြသည်။

Messenger RNA (mRNA) vaccine

ထိုကာကွယ်ဆေးအမျိုးအစားသည် ဗိုင်းရပ်စ်ပိုး အရှင်ကို အသုံးပြုခြင်းမဟုတ်ဘဲ ဗိုင်းရပ်စ်ပိုးအကာ ပရိုတင်းအစိတ်အပိုင်းတစ်ခုဖြစ်သော mRNAကို အသုံးပြုသည်။ ကာကွယ်ဆေးထိုးလိုက်လျှင် ထို mRNA ကို တုံ့ပြန်သည့်အနေဖြင့် ခန္ဓာကိုယ်မှ ပဋိပစ္စည်းထုတ်လုပ်ပေးပြီး ရောဂါပိုးတိုက်ထုတ်ရန် ကူညီပေးသည်။ နောက်ဆုံးထွက်ရှိထားသော mRNA ကာကွယ်ဆေးမှာ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ နှစ်မျိုးအတွက် အဓိကထားပြီး အထူးထုတ်လုပ်ထားသော bivalent Covid 19 mRNA vaccines ဖြစ်သည်။ ထိုကာကွယ်ဆေးသည် ပိုမိုကောင်းမွန်သော ကိုယ်ခံအားကို ဖြစ်ပေါ်စေပြီး ကာကွယ်နိုင်စွမ်းနှင့် ကာကွယ်နိုင်ချိန်ကို ပိုမိုမြင့်မားစေသည်။ ရရှိနိုင်သော mRNA vaccines အမျိုးအစားများမှာ_

  • Pfizer-BioNTech Comirnaty covid 19 vaccine
  • Moderna Spikevax covid 19 vaccine
  • Bivalent covid 19 mRNA vaccines တို့ဖြစ်သည်။
Covid 19 vaccination image

Viral vector-based vaccines

ထိုကာကွယ်ဆေးအမျိုးအစားသည် အန္တရာယ်မရှိသော ဗိုင်းရပ်စ် (adenovirus)ကို အသုံးပြု၍ ထုတ်လုပ်ထားသော ကာကွယ်ဆေးဖြစ်သည်။ ထိုဗိုင်းရပ်စ်သည် ခန္ဓာကိုယ်ထဲသို့ ရောက်ရှိသောအခါ ကိုဗစ် ၁၉ ရောဂါပိုး မျက်နှာပြင်ရှိ ပရိုတင်းကို ထုတ်လုပ်ပေးခြင်းဖြင့် ခုခံအားစနစ်ကို ပိုမိုကောင်းမွန်သော လှုံ့ဆော်မှုကို ပေးသည်။ ရရှိနိုင်သော viral vector-based vaccines များမှာ_

  • Janssen Jcovden (Johnson & Johnson)
  • Astrazeneca Vaxzevria covid 19 vaccine (Covishield) တို့ဖြစ်သည်။

Protein subunit vaccines (Novavax)

ကိုဗစ် ၁၉ ဗိုင်းရပ်စ်၏ အန္တရာယ်မရှိသော သန့်စင်ထားသည့် ပရိုတင်းအပိုင်းအစများကို အသုံးပြုသည်။ ထိုပရိုတင်းကို ခုခံအားစနစ်မှ မှတ်သားထားပြီး ရောဂါပိုးတိုက်ထုတ်နိုင်သည့် ကိုယ်ခံအားတုံ့ပြန်မှုကို ဖြစ်ပေါ် စေသည်။ ယခုနောက်ပိုင်း နိုင်ငံအတော်များများတွင် ထပ်မံရရှိနိုင်သော ကာကွယ်ဆေးဖြစ်သည်။

Inactivated vaccines for covid 19

ထိုကာကွယ်ဆေးအမျိုးအစားသည် ကိုဗစ် ၁၉ ဗိုင်းရပ်စ်ပိုး အသေကို အသုံးပြုပြီး ခုခံအားစနစ်တုံ့ပြန်မှု ကောင်းမွန်စေရန် လုပ်ဆောင်ပေးသည်။ ရရှိနိုင်သော inactivated vaccines အမျိုးအစားများမှာ_

  • Sinovac
  • Sinopharm
  • Bharat Biotech (Covaxin) တို့ဖြစ်သည်။

အထက်ဖော်ပြပါ ကိုဗစ်ကာကွယ်ဆေးများကို အသက်အရွယ်၊ ရောဂါအခံများနှင့် ကိုယ်ခံအား၊ နောက်ဆုံးထိုးထားသည့်အချိန်နှင့် နေရာ‌ဒေသအလိုက် ရရှိနိုင်သော ကာကွယ်ဆေး အမျိုးအစားများပေါ် မူတည်၍ ထိုးရန်လိုအပ်သည်။ လက်မောင်းအပေါ်ပိုင်း (သို့မဟုတ်) ပေါင်တို့တွင် အသားထဲသို့ ထိုးပေးနိုင်သည်။

လူကြီးများအတွက် ကိုဗစ်ကာကွယ်ဆေး

(၂၀၂၃) ခုနှစ်၊ နိုဝင်ဘာလတွင် ကမ္ဘာကျန်းမာရေးအဖွဲ့အစည်း (WHO)မှ နောက်ဆုံးထုတ်ပြန်ထားသော ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးရန် ညွှန်ကြားချက်မှာ အောက်ပါအတိုင်းဖြစ်သည်။

ကာကွယ်ဆေးထိုးထားသည့် အခြေအနေအသက်အရွယ်နှင့် ရောဂါအခံရှိခြင်းကာကွယ်ဆေးထိုးရန် လိုအပ်သည့် အကြိမ်အရေအတွက်
ကိုဗစ် ၁၉ ကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးဖူးသူများအရွယ်ရောက်ပြီးသူများအားလုံး

ကျန်းမာရေးဝန်ထမ်းများ

ကိုယ်ဝန်ဆောင်များ
နောက်ဆုံးထွက်ရှိထားသော mRNA ကာကွယ်ဆေးကို ထိုးလျှင် တစ်ကြိမ်သာထိုးရန် လိုအပ်သည်။

Inactivated vaccine ကာကွယ်ဆေးကို ထိုးလျှင် နှစ်ကြိမ်ထိုးရန် လိုအပ်သည်။
ကိုယ်ခံအားကျဆင်းသူများနှစ်ကြိမ် မှ သုံးကြိမ် ထိုးရန် လိုအပ်သည်။ ဆရာဝန်များနှင့် တိုင်ပင်၍ အခြေအနေ ပေါ်မူတည်ပြီး ထိုးရန်လိုအပ်သည်။
ကိုဗစ် ၁၉ ကာကွယ်‌ဆေး ကို အနည်းဆုံး တစ်ကြိမ် ထိုးပြီးသူများအသက် (၇၅) နှစ်အထက်

အသက် (၅၀) နှင့် (၆၀) အထက်တွင် ရောဂါ အခံရှိသူများ

ကိုယ်ခံအားကျဆင်းသူများ
နောက်ဆုံး ကာကွယ်ဆေးထိုးသည့် အချိန်မှစ၍ ၆လမှ တစ်နှစ် အကြာတွင် ထပ်မံထိုးရန် လိုအပ်သည်။
လူနာနှင့် တိုက်ရိုက်ထိတွေ့မှု ရှိသော ကျန်းမာရေးဝန်ထမ်းများနောက်ဆုံး ကာကွယ်ဆေးထိုးသည့် အချိန်မှစ၍ တစ်နှစ်အကြာတွင် ထပ်ထိုးရန် လိုအပ်သည်။
ကိုယ်ဝန်ဆောင်များကိုယ်ဝန်တစ်ကြိမ်ဆောင်လျှင် ကာကွယ်ဆေး တစ်ကြိမ်ထိုးရန် လိုအပ်သည်။
ကျန်းမာသော သူများပုံမှန်အားဖြင့် ထပ်ထိုးရန် မလိုပါ
ကလေးများအတွက် ကိုဗစ်ကာကွယ်ဆေး

(၂၀၂၄) ခုနှစ်၊ မေလတွင် အမေရိကန် ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေး ဗဟိုဌာန (Centers for Disease Control and Prevention – CDC) မှ အသက် (၆)လနှင့်အထက် ကလေးတိုင်း ကိုဗစ်ကာကွယ်ဆေးထိုးရန် ညွှန်ကြားထားသည်။ (၁၂) နှစ်အောက် ကလေးများတွင် နောက်ဆုံးထုတ်လုပ်ထားသော Pfizer-BioTech (သို့မဟုတ်) Moderna covid 19 vaccine နှစ်မျိုးကိုသာ ထိုးပေးနိုင်သည်။

  • အသက် (၆)လ မှ (၄)နှစ်အထိ ကလေးများကို တစ်ခါမှ ကာကွယ်ဆေးမထိုးဖူးသေးလျှင် Pfizer or Moderna ကာကွယ်ဆေးကို နှစ်ကြိမ် (သို့မဟုတ်) သုံးကြိမ်အထိ ထိုးသင့်သည်။ ယခင်က တစ်ကြိမ် ထိုးဖူးလျှင် တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ်အထိ ထိုးသင့်သည်။
  • အသက် (၅)နှစ် မှ (၁၁)နှစ်အထိ ကလေးများကို ယခင်က ကိုဗစ် ၁၉ ကာကွယ်ဆေး ထိုးဖူးသည်ဖြစ်စေ၊ မထိုးဖူးသည်ဖြစ်စေ နောက်ဆုံးထုတ်လုပ်ထားသော Pfizer or Moderna ကာကွယ်‌ဆေး တစ်ကြိမ်ထိုးသင့်သည်။
  • အသက် (၁၂) နှစ်အထက်တွင် ယခင်က ကိုဗစ် ၁၉ ကာကွယ်ဆေးမထိုးထားသော ကလေးများတွင် နောက်ဆုံးထုတ်လုပ်ထားသော Pfizer or Moderna ကာကွယ်‌ဆေးထိုးလျှင် တစ်ကြိမ်နှင့် Novavax ကာကွယ်ဆေးထိုးလျှင် နှစ်ကြိမ်ထိုးသင့်သည်။ အသက် (၁၂)နှစ်အထက်တွင် ယခင်က ကိုဗစ် ၁၉ ကာကွယ်ဆေး ထိုးဖူးသော ကလေးများတွင် နောက်ဆုံးထုတ်လုပ်ထားသော ကာကွယ်ဆေးတစ်မျိုးမျိုးကို တစ်ကြိမ်ထိုးသင့်သည်။

ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ

  • ရောဂါလက္ခဏာ ပြင်းထန်မှုကို လျှော့ချပေးခြင်း
  • ကိုဗစ် ၁၉ ရောဂါ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခြင်း
  • ကိုဗစ် ၁၉ ရောဂါကြောင့် ဆေးရုံတက်ရသည့် အခြေအနေနှင့် သေဆုံးမှုကို လျှော့ချပေးနိုင်ခြင်း
  • ကိုဗစ် ၁၉ ရောဂါပိုး မျိုးကွဲအမျိုးမျိုးကို ကာကွယ်နိုင်ခြင်း အစရှိသော အကျိုးကျေးဇူးများကို ရရှိနိုင်သည်။
ဘေးထွက်ဆိုးကျိုးများ

ကိုဗစ်ကာကွယ်ဆေးများသည် သာမန်ဘေးထွက်ဆိုးကျိုးများ အဖြစ်များတတ်သော်လည်း ပြင်းထန်သည့် ဓာတ်မတည့်တုံ့ပြန်မှုများ ဖြစ်လေ့မရှိပါ။ ဘေးထွက်ဆိုးကျိုးများမှာ ကာကွယ်ဆေးထိုးပြီး (၇)ရက်အတွင်း ဖြစ်ပေါ်လေ့ရှိပြီး အများစုမှာ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ နုံးချည့်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဆေးထိုးသည့်နေရာတွင် နာကျင်ခြင်း အစရှိသော သာမန်လက္ခဏာများသာ ဖြစ်သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးအနေဖြင့် နှလုံးကြွက်သားရောင်ခြင်း၊ နှလုံးအမြှေးပါးရောင်ခြင်းတို့ ရှားပါးစွာ ဖြစ်ပေါ်နိုင်သည်။ အထူးသဖြင့် mRNA အမျိုးအစား ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးသော အသက် (၁၂)နှစ် မှ (၃၉)နှစ်ကြား အမျိုးသားများတွင် ဖြစ်တတ်သည်။

References:

  1. Staying Up to Date with COVID-19 Vaccines. (2024). COVID-19. Retrieved July 6, 2024, from https://www.cdc.gov/covid/vaccines/stay-up-to-date.html?CDC_AAref_Val=https://www.cdc.gov/coronavirus/2019-ncov/vaccines/stay-up-to-date.html
  2. CDC Archives. (n.d.). Retrieved July 6, 2024, from
    https://archive.cdc.gov/#/details?url=https://www.cdc.gov/coronavirus/2019-ncov/vaccines/different-vaccines/overview-COVID-19-vaccines.html
  3. COVID-19 Vaccines Advice. (2022). Retrieved July 6, 2024, from
    https://www.who.int/emergencies/diseases/novel-coronavirus-2019/covid-19-vaccines/advice
  4. Health Canada. (2024). COVID-19 Vaccines: Authorized vaccines. Canada.ca. Retrieved July 6, 2024, from
    https://www.canada.ca/en/health-canada/services/drugs-health-products/covid19-industry/drugs-vaccines-treatments/vaccines.html
  5. British Society for Immunology. (n.d.). Types of COVID-19 vaccines. Retrieved July 6, 2024, from
    https://www.immunology.org/public-information/vaccine-resources/covid-19/covid-19-vaccine-infographics/types-covid19-vaccines

Published Date: 26 October 2024

Share

26 October 2024
Last Medically reviewed on:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.