တုပ်ကွေး (ရာသီတုပ်ကွေး) သည် လူတစ်ဦးမှတစ်ဦး လွယ်ကူလျင်မြန်စွာ ကူးစက်နိုင်သော အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း ရောဂါတစ်မျိုးဖြစ်သည်။ နှစ်စဥ် ဖြစ်ပွါးမှုပေါင်း ဘီလျံနှင့်ချီ၍ ကမ္ဘာတစ်ဝှမ်း ဖြစ်ပွါးလေ့ရှိသည်။ ၎င်းတို့အနက် (၃ – ၅) သန်းမျှသည် ပြင်းထန်ရောဂါများဖြစ်ပြီး၊ နှစ်စဥ် လူပေါင်း (၂)သိန်း မှ (၆)သိန်းကျော်အထိ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများကြောင့် သေဆုံးရမှုများ ဖြစ်ပေါ်စေသည်။
တုပ်ကွေးရောဂါသည် တုပ်ကွေးဗိုင်းရပ်စ်ပိုး (Influenza virus) ကြောင့် ဖြစ်ပွါးသည်။ တုပ်ကွေးဗိုင်းရပ်စ်ပိုး Type A, B, C, D ဟူ၍ လေးမျိုးရှိသည်။ Type A နှင့် B သည် တုပ်ကွေးရောဂါ ဖြစ်ပွါးစေသော အဓိကမျိုးကွဲများဖြစ်ပြီး Type A သည် ကမ္ဘာတစ်ဝှမ်း ကပ်ရောဂါဖြစ်ပွါးစေခဲ့သည်။ Type C သည် မပြင်းထန်သော ရောဂါအမျိုးအစားများသာ ဖြစ်စေပြီး Type D သည် နွားများတွင်သာ ရောဂါဖြစ်ပွါးစေသည်။
တုပ်ကွေးဗိုင်းရပ်စ်ပိုးသည် ရောဂါပိုးရှိသူ နှာချေ၊ ချောင်းဆိုးရာမှ လေထုထဲသို့ထွက်လာသော အမှုန်အမွှားများမှတစ်ဆင့် အနီးတစ်ဝိုက်ရှိ လူများကို အလွယ်တကူ ကူးစက်နိုင်သည်။ ထို့အပြင် အဆိုပါ အသက်ရှူလမ်းကြောင်းမှထွက်လာသော အမှုန်အမွှားများ ကပ်ငြိနေသော မသန့်ရှင်းသည့် လက်များမှတစ်ဆင့်လည်း ကူးစက်နိုင်သည်။
ဤတုပ်ကွေးဗိုင်းရပ်စ်ပိုးများသည် လူများတွင်သာမက အမျိုးမျိုးသော လက်ခံကောင် (Host) များတွင် ဝင်ရောက်ရှင်သန်နိုင်သည်။ ထိုသို့ လက်ခံကောင်များစွာ၌ ပြောင်းလဲနေထိုင်နေသောကြောင့် ပဋိလှုံ့ပစ္စည်းများ၏ မျိုးဗီဇပြောင်းလဲမှုများ (Antigenic shift and drift) ဖြစ်ပေါ်ကာ မျိုးကွဲအသစ်များဖြစ်ပေါ်လာသည်။ ထိုသို့မျိုးကွဲသစ်များကို တိုက်ဖျက်ရန် ကိုယ်ခံအားမရှိသေးသော လူသားများကို ကူးစက်သောအခါ တုပ်ကွေးကပ်ရောဂါများ (Pandemic flu) ဖြစ်ပေါ်လာစေသည်။
ကမ္ဘာပေါ်တွင် ဖြစ်ပွါးခဲ့သော တုပ်ကွေးကပ်ရောဂါများအနက် အထင်ရှားဆုံးမှာ (၁၉၁၈ – ၁၉၁၉) တွင် ဖြစ်ပွါးခဲ့သော “Spanish flu” (A H1N1) ဖြစ်သည်။ ၎င်းသည် ကမ္ဘာတစ်ဝှမ်း လူပေါင်း သန်း (၅၀) ကျော် သေဆုံးစေခဲ့သည့် ကပ်ဘေးတစ်ခုဖြစ်သည်။ ၎င်းနောက်ပိုင်းတွင် တုပ်ကွေးကပ်ရောဂါဖြစ်ပွါးမှုများ ဆက်လက်ဖြစ်ပေါ်ခဲ့ပြီး နောက်ဆုံးအကြိမ်သည် (၂၀၀၉) ခုနှစ်တွင် ဖြစ်ပွါးခဲ့သော “Swine flu” (H1N1) ဖြစ်သည်။ ဤဖြစ်ပွါးမှုအားလုံး တုပ်ကွေးဗိုင်းရပ်စ်ပိုး Type A ကြောင့်ဖြစ်ပွါးရသည်။ ၎င်းအမျိုးအစား၏ ပဋိလှုံ့ပစ္စည်းများ (Hemagglutinin – H, Neuraminidase – N) တို့ မျိုးဗီဇပြောင်းလဲမှုများကြောင့် ကပ်ရောဂါများ ဖြစ်ပေါ်စေသည်။
တုပ်ကွေးရောဂါသည် ကပ်ရောဂါဖြစ်ပွါးမှုများအပြင် ကမ္ဘာ့ဒေသအလိုက် နှစ်စဥ် ရာသီတုပ်ကွေး (Seasonal flu) အသွင် ဖြစ်ပွါးလေ့ရှိသည်။ ရာသီတုပ်ကွေးဖြစ်လျှင် ရုတ်တရက်ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်း၊ ခန္ဓာကိုယ်ကိုက်ခဲခြင်း၊ နုံးနယ်ခြင်းများ ခံစားရလေ့ရှိသည်။ အများစုမှာ ရောဂါပြင်းထန်လေ့မရှိဘဲ အချိန်အနည်းငယ်အကြာ အလိုအလျောက် သက်သာလေ့ရှိသည်။ ပိုမိုကောင်းမွန်သော ရောဂါကာကွယ်နည်း၊ သန့်ရှင်းရေး အလေ့အထများနှင့် ရောဂါပြုစုကုသမှုများကြောင့် ယနေ့ခေတ်တွင် တုပ်ကွေးရောဂါများကြောင့် သေဆုံးမှု ပိုမိုလျော့နည်းလာသည်။
တုပ်ကွေးရောဂါ ကာကွယ်ရေးနည်းလမ်းများအနက် နှစ်စဥ်တုပ်ကွေးကာကွယ်ဆေးထိုးနှံခြင်းသည် အထိရောက်ဆုံး နည်းလမ်းတစ်ခုဖြစ်သည်။ တုပ်ကွေးကာကွယ်ဆေးကို နှစ်စဥ်ထိုးနှံသင့်သည့် အကြောင်းရင်းနှစ်ချက်ရှိသည်။
- လူတစ်ဦးတွင် ကာကွယ်ဆေးထိုးခြင်းဖြင့်ရရှိသည့် ကိုယ်ခံအားသည် အချိန်ကြာသည်နှင့်အမျှ တဖြည်းဖြည်းလျော့နည်းလာခြင်း
- တုပ်ကွေးဗိုင်းရပ်စ်ပိုးသည် အမြဲမျိုးဗီဇပြောင်းလဲနေ၍ နှစ်စဥ်ဖြစ်ပွါးနိုင်သော မျိုးကွဲများ ကွာခြားနိုင်ခြင်းတို့ဖြစ်သည်။
တုပ်ကွေးဗိုင်းရပ်စ်ပိုး၏ အမြဲဖြစ်ပေါ်ပြောင်းလဲနေတတ်သော သဘာဝကြောင့် ထိရောက်သော ကာကွယ်ဆေးရရှိနိုင်ရန် ကာကွယ်ဆေးထုတ်လုပ်မှုကို နှစ်စဥ် နှစ်ကြိမ် ဆန်းစစ်ဆုံးဖြတ်လေ့ရှိသည်။ နှစ်စဥ် ဖေဖော်ဝါရီလနှင့် စက်တင်ဘာလများတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ တုပ်ကွေးရောဂါ စောင့်ကြည့်တုံ့ပြန်မှုစနစ် (WHO Global Influenza Surveillance and Response System) မှ ရရှိသော အချက်အလက်များကို အခြေခံ၍ ကာကွယ်ဆေးတွင် ထည့်သွင်းထုတ်လုပ်ရမည့် ဗိုင်းရပ်စ်ပိုးမျိုးကွဲများကို ဆုံးဖြတ်သည်။
ကာကွယ်ဆေးအမျိုးအစားများ
တုပ်ကွေးကာကွယ်ဆေးများကို ကမ္ဘာအနှံ့တွင် နှစ်ပေါင်း (၆၀) ကျော်ကြာ သုံးစွဲခဲ့ပြီးဖြစ်သည်။ (၁၉၃၃) ခုနှစ်တွင် တုပ်ကွေးရောဂါဗိုင်းရပ်စ်ပိုးကို ရှာဖွေတွေ့ရှိပြီးနောက် (၁၉၄၅) ခုနှစ်တွင် တုပ်ကွေးကာကွယ်ဆေးကို စတင်သုံးစွဲခဲ့သည်။ အဆိုပါ ကာကွယ်ဆေးသည် တုပ်ကွေးမျိုးကွဲ တစ်မျိုးတည်း ကာကွယ်နိုင်သော Monovalent vaccine ဖြစ်သည်။ ၎င်းကို စမ်းသပ်ဆဲကာလ၌ပင် သိပ္ပံပညာရှင်များသည် နောက်ထပ်မျိုးကွဲတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သဖြင့် (၁၉၄၂) တွင် အဆိုပါမျိုးကွဲနှစ်ခုလုံးကို ကာကွယ်နိုင်သည့်ဆေးကို စမ်းသပ်ထုတ်လုပ်ခဲ့သည်။ ၎င်းနောက်တွင် တုပ်ကွေးကာကွယ်ဆေးအမျိုးမျိုးကို ဆက်လက်တီထွင်သုံးစွဲခဲ့ကြသည်။
အဓိက ကာကွယ်ဆေးအမျိုးအစား နှစ်မျိုးရှိသည်။
- ဗိုင်းရပ်စ်ပိုးအသေကို အသုံးပြု၍ ထုတ်လုပ်ထားသော ကာကွယ်ဆေး (Inactivated Influenza Vaccine – IIV)
- ဗိုင်းရပ်စ်ပိုးအရှင်၏ အစိတ်အပိုင်းကို ပြုပြင်ပြောင်းလဲ၍ ထုတ်လုပ်ထားသော ကာကွယ်ဆေး (Live-Attenuated Influenza Vaccine – LAIV) တို့ဖြစ်သည်။
ထုတ်လုပ်မှုနည်းပညာပေါ်အခြေခံ၍
- ကြက်ဥကို အခြေခံ၍ ထုတ်လုပ်ထားသော ကာကွယ်ဆေး (Egg-based flu vaccine)
- ဆဲလ်များမှ ထုတ်လုပ်ထားသော ကာကွယ်ဆေး (Cell culture-based flu vaccine)
- မျိုးဗီဇပေါင်းစပ်ထုတ်လုပ်ထားသော ကာကွယ်ဆေး (Recombinant flu vaccine) ဟူ၍လည်း ခွဲခြားနိုင်သည်။
ဗိုင်းရပ်စ်ပိုးအသေကို အသုံးပြု၍ ထုတ်လုပ်ထားသော ကာကွယ်ဆေး (Inactivated Influenza Vaccine – IIV)
ဦးဆုံးထုတ်လုပ်သော Monovalent vaccine မှ ယနေ့ခေတ်တွင် Trivalent, Quadrivalent vaccines များကို အဓိကသုံးစွဲနေကြသည်။ Quadrivalent vaccine တွင် A(H1N1), A(H3N2), B/Victoria lineage virus and B/Yamagata lineage virus ဟူ၍ မျိုးကွဲလေးခုပါဝင်သည်။ Trivalent vaccine တွင် နောက်ဆုံး B/Yamagata lineage virus မပါဝင်ချေ။ ဤကာကွယ်ဆေးအုပ်စုတွင် အောက်ပါကာကွယ်ဆေး အမျိုးအစားများ ပါဝင်သည်။
- ကြက်ဥကို အခြေခံ၍ ထုတ်လုပ်ထားသော ကာကွယ်ဆေးများ – Egg-based flu vaccine
- ပုံမှန်ကာကွယ်ဆေး – Standard dose vaccine (ဥပမာ – Vaxigrip tetra, Influvac tetra, Fluzone)
Trivalentနှင့် quadrivalent ကာကွယ်ဆေးများဖြစ်ပြီး ပါဝင်သောမျိုးကွဲတစ်ခုချင်းစီအတွက် ပဋိလှုံ့ပစ္စည်း (Antigen) (၁၅) မိုက်ကရိုဂရမ် ပါဝင်သည်။ - ပဋိလှုံ့ပစ္စည်း (Antigen) ပိုမိုပါဝင်သော ကာကွယ်ဆေး – High dose vaccine (ဥပမာ – Fluzone High-dose)
ပုံမှန်ကာကွယ်ဆေးထက် ပဋိလှုံ့ပစ္စည်း လေးဆပိုမိုပါဝင်သည်။ ပို၍အားကောင်းသော ကိုယ်ခံအားတုံ့ပြန်မှုကို ဖြစ်ပေါ်စေသည်။ - အားဖြည့်ဓာတ်ကူပစ္စည်းပါဝင်သော ကာကွယ်ဆေး – Adjuvanted vaccine (ဥပမာ – Fluad)
အားဖြည့်ဓာတ်ကူပစ္စည်းပါဝင်သဖြင့် ဗိုင်းရပ်စ်ပိုးပါဝင်မှု ပမာဏနည်းနည်းဖြင့် ထုတ်လုပ်နိုင်ပြီး ပို၍အားကောင်းသော ကိုယ်ခံအားတုံ့ပြန်မှုကို ဖြစ်ပေါ်စေသည်။
- ပုံမှန်ကာကွယ်ဆေး – Standard dose vaccine (ဥပမာ – Vaxigrip tetra, Influvac tetra, Fluzone)
- ဆဲလ်များမှ ထုတ်လုပ်ထားသော ကာကွယ်ဆေး – Cell culture-based vaccine (ဥပမာ – Flucelvax)
ဤအမျိုးအစားကာကွယ်ဆေးများကို ကြက်ဥကို အသုံးမပြုဘဲ နို့တိုက်သတ္တဝါတစ်မျိုး၏ ဆဲလ်များကို အသုံးပြု၍ ထုတ်လုပ်ထားသည်။
ဗိုင်းရပ်စ်ပိုးအရှင်၏ အစိတ်အပိုင်းကို ပြုပြင်ပြောင်းလဲ၍ ထုတ်လုပ်ထားသော ကာကွယ်ဆေး (Live-Attenuated Influenza Vaccine – LAIV)
ပိုးကောင်အရှင်ကို ရောဂါဖြစ်ပွါးနိုင်မှုမရှိအောင် ပြုပြင်ထုတ်လုပ်ထားသော ကာကွယ်ဆေးဖြစ်သည်။ ကြက်ဥကို အခြေခံ၍ ထုတ်လုပ်ထားသော ကာကွယ်ဆေးဖြစ်ပြီး (၂၀၀၃) ခုနှစ်တွင် စတင်သုံးစွဲခွင့်ရရှိသည်။ နှာခေါင်းအတွင်းထည့်သွင်း၍ အသုံးပြုရသော ကာကွယ်ဆေး (ဥပမာ – Nasal spray flu vaccine/Flumist) ဖြစ်သည်။
မျိုးဗီဇ ပေါင်းစပ်ထုတ်လုပ်ထားသော ကာကွယ်ဆေး (Recombinant flu vaccine)
- တုပ်ကွေးဗိုင်းရပ်စ်ပိုးကောင်ကို အသုံးမပြုဘဲ မျိုးဗီဇပေါင်းစပ်ခြင်းနည်းပညာကို အသုံးပြု၍ တုပ်ကွေးပဋိလှုံ့ပစ္စည်း (Antigens) ကို ထုတ်လုပ်ထားခြင်းဖြစ်သည်
- ကြက်ဥကို အခြေခံခြင်းမရှိဘဲ ထုတ်လုပ်ထားပြီး ပုံမှန်ကာကွယ်ဆေးထက် ပဋိလှုံ့ပစ္စည်း သုံးဆပိုမိုပါဝင်သည်
- (၂၀၁၃) ခုနှစ်မှစ၍ သုံးစွဲခွင့်ရရှိသည် (ဥပမာ – Flublok)
တုပ်ကွေးကာကွယ်ဆေးများကို ပါဝင်သည့် ဆေးပမာဏအပေါ်မူတည်၍
- တစ်ယောက်စာ (Single dose) နှင့်
- အကြိမ်များစွာ ထိုးနိုင်သော (Multiple dose) ဟူ၍လည်း ထုတ်လုပ်ထားသည်။
ဆေးသယ်ဆောင်သိမ်းဆည်းပုံ
ကာကွယ်ဆေးများအား သေချာစွာ ထိန်းသိမ်းခြင်းနှင့် ကိုင်တွယ်အသုံးပြုခြင်းသည် ကာကွယ်ဆေးများ၏ အာနိသင်အပြည့်အဝ ရရှိရေးအတွက် အလွန်အရေးကြီးသည်။ ယေဘုယျအားဖြင့်_
- တုပ်ကွေးကာကွယ်ဆေးများကို ဆေးဘူးပေါ်ရှိ သက်တမ်းကုန်ဆုံးရက်မတိုင်မီ အသုံးပြုရမည်
- ကာကွယ်ဆေးကို ရေခဲသေတ္တာ အပူချိန် (၂-၈) ဒီဂရီစင်တီဂရိတ်အတွင်း၌ သိမ်းဆည်းထားရမည်၊ အေးခဲထားခြင်း မပြုလုပ်ရပါ
- ကာကွယ်ဆေးအား မူလထုပ်ပိုးမှုအတိုင်း သိမ်းဆည်းရမည်
- အလင်းရောင်နှင့် တိုက်ရိုက်ထိတွေ့သော နေရာများတွင် မထားရပါ
- ကာကွယ်ဆေးများကို ဖောက်ပြီးလျှင် ချက်ချင်း သို့မဟုတ် သတ်မှတ်အချိန်အတွင်း (အထူးသဖြင့် အကြိမ်များစွာ ထိုးနှံနိုင်သော Multidose အမျိုးအစားများအတွက်) အသုံးပြုရမည်
- အသုံးပြုရာတွင် သတ်မှတ်ထားသော အပူချိန်အတွင်း ထားရှိအသုံးပြုရမည် (အထူးသဖြင့် အကောင်အရှင်မှ ထုတ်လုပ်ထားသော ကာကွယ်ဆေးများ)
- သက်တမ်းလွန်နေသော၊ သတ်မှတ်ချိန်ထက် ကျော်လွန်သွားသော၊ အေးခဲသွားသော၊ အနည်ကျနေသော၊ အရောင်ပြောင်းသွားသော တုပ်ကွေးကာကွယ်ဆေးများကို လုံးဝအသုံးမပြုဘဲ စွန့်ပစ်ရမည်
- ကာကွယ်ဆေး သိုလှောင်၊ သယ်ဆောင်၊ သုံးစွဲသည့် အဆင့်တိုင်းတွင် ရောဂါပိုးကူးစက်မှုကာကွယ်ခြင်းနည်းနာများကို အတိအကျ လိုက်နာကျင့်သုံးရမည်
တုပ်ကွေးကာကွယ်ဆေးများကို ဘေးအန္တရာယ် ကင်းရှင်းစွာနှင့် အထိရောက်ဆုံး ကာကွယ်မှုရရှိစေရန် သက်ဆိုင်ရာကာကွယ်ဆေးအလိုက် ထုတ်လုပ်သူများ၏ ညွှန်ကြားချက်များကို အတိအကျ လိုက်နာရမည်။
သုံးစွဲရန်လိုအပ်သော အခြေအနေများ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ နှစ်စဥ် တုပ်ကွေးကာကွယ်ဆေးကို အသက် (၆) လအထက်၊ ဆေးထိုးရန်မသင့်သည့် အခြေအနေရှိနေသူမှအပ ထိုးနှံသင့်ကြောင်း အကြံပြုထားသည်။ အသက်အရွယ်နှင့် နောက်ခံကျန်းမာရေးအခြေအနေအလိုက် ကာကွယ်ဆေးအမျိုးအစားအမျိုးမျိုး ရွေးချယ်အသုံးပြုရမည်။
- ဗိုင်းရပ်စ်ပိုးအသေကို အသုံးပြု၍ ထုတ်လုပ်ထားသော ကာကွယ်ဆေး (Inactivated flu vaccine)
အသက် (၆) လအထက်၊ ကိုယ်ဝန်ဆောင်မိခင်များအပါအဝင် လူတိုင်းထိုးနှံနိုင်သည်။ - မျိုးဗီဇ ပေါင်းစပ်ထုတ်လုပ်ထားသော ကာကွယ်ဆေး (Recombinant flu vaccine)
အသက် (၁၈) နှစ်အထက်တွင် ထိုးနှံနိုင်သည်။ - ဗိုင်းရပ်စ်ပိုးအရှင်၏ အစိတ်အပိုင်းကို ပြုပြင်ပြောင်းလဲ၍ ထုတ်လုပ်ထားသော ကာကွယ်ဆေး (Live-Attenuated Influenza Vaccine – LAIV)
အသက် (၂)နှစ် မှ (၄၉)နှစ်အတွင်းရှိ လူများတွင် ထိုးနှံနိုင်သည်။ သို့သော် နောက်ခံရောဂါရှိသူများ၊ အကြောင်းရင်းခံ တစ်ခုခုကြောင့် ကိုယ်ခံအားကျဆင်းနေသူများ၊ ကိုယ်ဝန်ဆောင်များတွင် အသုံးမပြုသင့်ပါ။ - ကိုယ်ခံအားကျဆင်းနေသူများနှင့် အထိအတွေ့ရှိနိုင်သူ (ဥပမာ_ကျန်းမာရေးစောင့်ရှောက်မှုပေးသူ) များသည် Inactivated or Recombinant flu vaccine ကိုသာ ထိုးနှံသင့်သည်
- အသက် (၆၅) နှစ်အထက် လူကြီးများတွင် high dose inactivated, recombinant, adjuvanted flu vaccine (၃) မျိုးအနက် တစ်မျိုးမျိုးကို ဦးစားပေးရွေးချယ်သင့်သည်၊ သို့သော် အဆိုပါ (၃) မျိုး မရရှိနိုင်လျှင် ပုံမှန်တုပ်ကွေးကာကွယ်ဆေးကို ထိုးနှံနိုင်သည်
အောက်ပါအခြေအနေရှိသူများကို တုပ်ကွေးကာကွယ်ဆေး ဦးစားပေးထိုးနှံသင့်သည်။
- အသက် (၆)လ မှ (၅)နှစ်အတွင်း ကလေးငယ်များ
- အသက် (၅၀) နှစ်အထက် လူကြီးများ
- နောက်ခံရောဂါအခြေအနေ တစ်ခုခုရှိသူများ (နာတာရှည် အဆုတ်၊ နှလုံး၊ ကျောက်ကပ်၊ အသည်း၊ သွေး၊ အာရုံကြောရောဂါများရှိသူများ၊ ဆီးချိုရောဂါရှိသူများ)
- အကြောင်းတစ်ခုခုကြောင့် ကိုယ်ခံအားကျဆင်းနေသူများ
- ကိုယ်ဝန်ဆောင်မိခင်များနှင့် မီးဖွားပြီးစ မိခင်များ
- အသက် (၆) လ မှ (၁၈) နှစ်အတွင်း Aspirin သို့မဟုတ် Salicylate ပါဝင်သော ဆေးဝါးများ သုံးစွဲနေသူများ
- သက်ကြီးစောင့်ရှောက်ရေးဂေဟာကဲ့သို့ နေရာများတွင် နေထိုင်သူများ
- အဝလွန်သူများ [ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း (BMI) ၄၀ နှင့်အထက်]
- ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ
- သက်ကြီးရွယ်အို သို့မဟုတ် ကလေးငယ်များကို ပြုစုစောင့်ရှောက်သူများ၊ ကိုယ်ခံအားကျဆင်းနေသူ၊ နောက်ခံကျန်းမာရေးအခြေအနေတစ်ခုခုရှိသူများနှင့် အနီးကပ်ထိတွေ့မှုရှိသူ၊ စောင့်ရှောက်မှုပေးသူများ
သုံးစွဲပုံနည်းလမ်းများ
ကာကွယ်ဆေးထိုးနှံရမည့်အချိန်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ နိုင်ငံအသီးသီးအလိုက် တုပ်ကွေးရာသီ (Primary flu season) မတိုင်မီ တုပ်ကွေးကာကွယ်ဆေးထိုးနှံရန် အကြံပြုထားသည်။ တုပ်ကွေးရာသီစတင်သည့် ကာလကိုမူတည်၍
- အောက်တိုဘာလမှစ၍ တုပ်ကွေးရာသီအစပြုသော မြောက်ကမ္ဘာခြမ်းအုပ်စု (Northern hemisphere)
- ဧပြီလမှစ၍ တုပ်ကွေးရာသီအစပြုသော တောင်ကမ္ဘာခြမ်းအုပ်စု (Southern hemisphere) ဟူ၍ နှစ်စု ခွဲခြားထားသည်။
အချို့သောဒေသများ (အပူပိုင်းဒေသနိုင်ငံများ – Tropical countries) များတွင် တစ်နှစ်ပတ်လုံး တုပ်ကွေးရောဂါ ဖြစ်ပွါးနိုင်သည်။ သို့ဖြစ်၍ မိမိတို့နိုင်ငံဒေသအလိုက် ဖြစ်ပွါးနိုင်သော တုပ်ကွေးမျိုးကွဲများအတွက် ထုတ်လုပ်ထားသည့် ကာကွယ်ဆေးကို ရွေးချယ်အသုံးပြုလေ့ရှိသည်။
အသုံးပြုပုံ
- ဗိုင်းရပ်စ်ပိုးအရှင်၏ အစိတ်အပိုင်းကို ပြုပြင်ပြောင်းလဲ၍ ထုတ်လုပ်ထားသော ကာကွယ်ဆေး (Live attenuated flu vaccine) ကို နှာခေါင်းအတွင်း ဖျန်းဆေး (Nasal spray) အနေဖြင့် အသုံးပြုသည်
- အခြားတုပ်ကွေးကာကွယ်ဆေးများကို ထိုးဆေး (အဓိကအားဖြင့် အသားဆေး – Intramuscular injection) အဖြစ် အသုံးပြုသည်။
- ပမာဏ
- နှာခေါင်းဖျန်းဆေး – Live attenuated vaccine များကို နှာခေါင်းတစ်ဖက်စီတွင် (0.1 ml)၊ စုစုပေါင်း (0.2 ml) အသုံးပြုသည်
- ထိုးဆေးအများစုသည် အသားဆေးအနေဖြင့်
- အသက် (၃) နှစ်အောက်ကလေးများတွင် (0.25 ml) မှ (0.5 ml)
- အသက် (၃) နှစ်အထက်ကလေးများနှင့် လူကြီးများတွင် (0.5 ml) ထိုးနှံလေ့ရှိသည်
- အရေပြားအောက်ထိုးဆေးများကို (0.1 ml) ထိုးနှံလေ့ရှိသည်။
- အကြိမ်ရေ
- တုပ်ကွေးကာကွယ်ဆေးကို တစ်နှစ် တစ်ကြိမ် (One dose) သာ ထိုးနှံရမည်
- အောက်ပါအခြေအနေများတွင် နှစ်ကြိမ် (Two doses) ကို လေးပတ်ခြား၍ ထိုးနှံရန် လိုအပ်သည်။
- အသက် (၆)လ မှ (၈)နှစ်အထိကလေးများ (ယခင်တုပ်ကွေးကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံဘူးသူများ)
- ကိုယ်တွင်းအင်္ဂါအစားထိုးမှု (Solid organ transplant) သို့မဟုတ် Stem cell အစားထိုးမှု သို့မဟုတ် ကိုယ်ခံအားကုထုံး (T-cell therapy) ခံယူအပြီး ပထမအကြိမ် တုပ်ကွေးကာကွယ်ဆေး ထိုးနှံသူများ
ကာကွယ်ဆေး အမျိုးအစားအလိုက် သက်ဆိုင်ရာထုတ်လုပ်သူ၏ ညွှန်ကြားချက်များအတိုင်း အတိအကျ လိုက်နာအသုံးပြုရမည်။
ဘေးထွက်ဆိုးကျိုးများ
တုပ်ကွေးကာကွယ်ဆေးများသည် ထိရောက်၍ စိတ်ချရသော ကာကွယ်ဆေးများဖြစ်သည်။ ဖြစ်ပေါ်နိုင်သော ဘေးထွက်ဆိုးကျိုးများသည် ပြင်းထန်ခြင်းမရှိဘဲ အလိုအလျောက် ပြန်လည်သက်သာသွားနိုင်သည်။
- ဆေးထိုးနှံသည့်နေရာတွင် အနည်းငယ်နာကျင်ခြင်း [(၅၀%) ကျော်တွင် ဖြစ်ပေါ်နိုင်သည်၊ အဖြစ်အများဆုံးဖြစ်သည်]
- ဆေးထိုးသည့်နေရာတစ်ဝိုက် နီခြင်း
- အနည်းငယ် ဖျားခြင်း
- နှာစေးခြင်း၊ နှာရည်ယိုခြင်း၊ လည်ပင်းနာခြင်း
- နုံးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းများ အတွေ့ရများသည်
ဘေးထွက်ဆိုးကျိုးများအနက် မူမမှန်တုံ့ပြန် ကိုယ်ခံအားစနစ်ကြောင့် ရုတ်တရက် လမ်းမလျှောက်နိုင်ခြင်း (Guillain-Barré syndrome) သည်လည်း ရှားပါးသော်လည်း ပြင်းထန်သည့် အခြေအနေတစ်ခုဖြစ်သည်။ တုပ်ကွေးရောဂါ ဖြစ်ပွါးမှုကြောင့် ဆေးရုံတက်၍ ကုသမှုခံယူရသူများတွင်မူ တစ်သန်းတွင် GBS ဖြစ်ပွါးမှု (၁၇) ကြိမ်ကျော်ရှိကြောင်း တွေ့ရှိရသည်။ ထို့ပြင် လေ့လာချက်အချို့၌ ကာကွယ်ဆေးထိုးသူ တစ်သန်းတွင် GBS ဖြစ်ပွါးမှု တစ်ကြိမ်-နှစ်ကြိမ်မျှရှိကြောင်း တွေ့ရှိရသည်။ အထူးသဖြင့် ဖြစ်ပွါးနိုင်ခြေသည် ကာကွယ်ဆေးထိုးပြီး နှစ်ပတ်-သုံးပတ်အတွင်း အများဆုံးဖြစ်သည်ဟု ဖော်ပြသည်။ ထို့ကြောင့် GBS ရောဂါသည် တုပ်ကွေးရောဂါကြောင့်သာမက တုပ်ကွေးကာကွယ်ဆေးကြောင့်လည်း ဖြစ်နိုင်သည်၊ သို့သော် အလွန်ရှားပါးသည်ဟု သုတေသနများအရ သိရှိရသည်။ အချို့သုတေသနပြုလုပ်မှုများတွင်မူ တုပ်ကွေးကာကွယ်ဆေးထိုးနှံမှု မြင့်မားလာသော်လည်း GBS ဖြစ်ပွါးမှု တိုးမြင့်လာခြင်း မရှိကြောင်း တွေ့ရှိရသည်။
တုပ်ကွေးကာကွယ်ဆေး အသုံးမပြုသင့်သော အခြေအနေများ
တုပ်ကွေးကာကွယ်ဆေးများကို
- အသက် (၆) လအောက်ကလေးငယ်များ
- ယခင် တုပ်ကွေးကာကွယ်ဆေး တစ်မျိုးမျိုးနှင့် ပြင်းထန်ဓာတ်မတည့်မှု ဖြစ်ပွါးဖူးလျှင် အသုံးမပြုသင့်ပါ။
ဗိုင်းရပ်စ်ပိုးအရှင်မှ ထုတ်လုပ်ထားသော တုပ်ကွေးကာကွယ်ဆေးကို
- ယခင် တုပ်ကွေးကာကွယ်ဆေး တစ်မျိုးမျိုးနှင့် ပြင်းထန်ဓာတ်မတည့်မှု ဖြစ်ပွါးဖူးသူ
- အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ခံအားကျဆင်းသည့်အခြေအနေရှိသူများ (ဥပမာ _ မွေးရာပါကိုယ်ခံအားစနစ် ချို့ယွင်းနေသူများ၊ HIV ပိုးရှိသူများ၊ ကင်ဆာရောဂါကုသမှု ခံယူနေသူများ)
- ကိုယ်ခံအားကျဆင်းနေသူများနှင့် အနီးကပ်ထိတွေ့မှုရှိသူများ၊ ပြုစုစောင့်ရှောက်နေသူများ
- ကိုယ်ဝန်ဆောင်သည်များ
- Aspirin သို့မဟုတ် Salicylate ပါဝင်သော ဆေးဝါးများသောက်သုံးနေသော အသက် (၁၈) နှစ်အောက် ကလေးများနှင့် လူငယ်များ
- လွန်ခဲ့သော တစ်နှစ်အတွင်း ပန်းနာရင်ကျပ်ရောဂါသတ်မှတ်ခံရသူ (သို့မဟုတ်) ပန်းနာရင်ကျပ်လက္ခဏာများ ခံစားခဲ့ရသူ အသက် (၅) နှစ်အောက် ကလေးငယ်များ
- ဦးခေါင်းအတွင်းရှိ CSF အရည် ယိုစိမ့်နိုင်သည့် အခြေအနေရှိသူများ (ဥပမာ _ မွေးရာပါ နား၊ နှာခေါင်း ပုံမမှန် ဖွဲ့စည်းမှုရှိသူများ၊ အတွင်းနား အစားထိုးပြီးစ အခြေအနေများ (Cochlear implant)
- ဗိုင်းရပ်စ်ပိုးသတ်ဆေး သောက်သုံးထားသူများ စသည်တို့တွင် အသုံးမပြုသင့်ပါ။
သတိပြုရန်အခြေအနေများ
- ယခင် တုပ်ကွေးကာကွယ်ဆေးထိုးစဉ် ဓာတ်မတည့်လက္ခဏာပေါ်ခြင်း
ယခင် တုပ်ကွေးကာကွယ်ဆေး တစ်မျိုးမျိုးထိုးပြီးနောက်တွင် အောက်ပါအခြေအနေတစ်ခုခုကြုံတွေ့လျှင် ယခုတစ်ခေါက်၌ တုပ်ကွေးကာကွယ်ဆေးကို သတိပြု၍ ထိုးနှံရမည်။- ဖျားနာခြင်း၊ ကိုက်ခဲခြင်းစသော တုပ်ကွေးဆိုင်ရာ လက္ခဏာများ ပြင်းထန်ခဲ့လျှင်
- ယခင်တုပ်ကွေးကာကွယ်ဆေး တစ်မျိုးမျိုးထိုးနှံချိန်တွင် မပြင်းထန်သော ဓာတ်မတည့်မှု ဖြစ်ပွါးခဲ့လျှင်
- ယခင်တုပ်ကွေးကာကွယ်ဆေးထိုးပြီး (၆) ပတ်အကြာတွင် မူမမှန်တုံ့ပြန် ကိုယ်ခံအားစနစ်ကြောင့် ရုတ်တရက်လမ်းမလျှောက်နိုင်ခြင်း (GBS) ဖြစ်ဖူးလျှင် သတိပြုရမည်။
- အခြားကာကွယ်ဆေးများနှင့် ပူးတွဲထိုးနှံခြင်း
- ဗိုင်းရပ်စ်ပိုးအသေကို အသုံးပြု၍ ထုတ်လုပ်ထားသော တုပ်ကွေးကာကွယ်ဆေးများကို အခြားကာကွယ်ဆေးများနှင့် တစ်ချိန်တည်းထိုးနှံခြင်း၊ ရက်ဆက်ထိုးနှံခြင်းများ ပြုလုပ်နိုင်သည်
- ဗိုင်းရပ်စ်ပိုးအရှင်၏ အစိတ်အပိုင်းကို ပြုပြင်ပြောင်းလဲ၍ ထုတ်လုပ်ထားသော တုပ်ကွေးကာကွယ်ဆေးများကိုမူ အခြားကာကွယ်ဆေးများနှင့် တစ်ချိန်တည်းထိုးနှံခြင်း သို့မဟုတ် အနည်းဆုံး ရက်သတ္တပတ် လေးပတ်ခြား၍ ထိုးနှံရမည်
- ဗိုင်းရပ်စ်ပိုးသတ်ဆေးများ သောက်သုံးထားခြင်း
ဗိုင်းရပ်စ်ပိုးအရှင်မှ ထုတ်လုပ်ထားသော တုပ်ကွေးကာကွယ်ဆေး မထိုးမီနှင့် ဆေးထိုးပြီးနောက် ဗိုင်းရပ်စ်ပိုးသတ်ဆေးများ သုံးစွဲမိလျှင် ကာကွယ်ဆေးအာနိသင် များစွာလျော့နည်းစေသဖြင့် အခြားတုပ်ကွေးကာကွယ်ဆေး အမျိုးအစားများ ထပ်မံထိုးနှံရန် လိုအပ်သည်။ - အခြားသတိပြုရန်အခြေအနေများ
- အသက် (၅) နှစ်အောက်ကလေးများတွင် ပန်းနာရင်ကျပ်ဖြစ်ဖူးလျှင်
- တုပ်ကွေးရောဂါ နောက်ဆက်တွဲပြဿနာများကြောင့် နောက်ခံရောဂါများ ပိုမိုဆိုးဝါးနိုင်သည့်သူများ (ဥပမာ _ နာတာရှည် အဆုတ်ရောဂါ၊ နှလုံးရောဂါရှိသူများ) စသည်တို့တွင် အကောင်အရှင်မှ ထုတ်လုပ်ထားသော ကာကွယ်ဆေးများကို သတိထား၍ အသုံးပြုရမည်။
မှတ်ချက် – ကြက်ဥနှင့်ဓာတ်မတည့်သူများ
သုတေသနလေ့လာတွေ့ရှိချက် အများအပြားအရ ကြက်ဥအခြေခံ၍ ထုတ်လုပ်ထားသော တုပ်ကွေးကာကွယ်ဆေးများသည် ကြက်ဥဓာတ်မတည့်မှုရှိသူများတွင်ပင် ပြင်းထန်ဓာတ်မတည့်ခြင်းများ ဖြစ်ပေါ်မှုမရှိကြောင်း တွေ့ရှိရသည်။
တုပ်ကွေးကာကွယ်ဆေးသည် ဆေးတွင်ပါဝင်သော ဗိုင်းရပ်စ်ပိုးမျိုးကွဲများကို ထိရောက်စွာ ကာကွယ်နိုင်သည်။ ကာကွယ်ဆေးအသုံးပြုပြီး (၂) ပတ်ကျော်အကြာမှစ၍ ကာကွယ်မှု စတင်ပေးသည်။ ထို့ကြောင့် တုပ်ကွေးကာကွယ်ဆေးထိုးပြီးနောက် အခြားတုပ်ကွေးဗိုင်းရပ်စ်မျိုးကွဲများ ဝင်ရောက်ကူးစက်ခံရပါက တုပ်ကွေးဖျားနာမှု ဖြစ်နိုင်ခြေရှိသေးသော်လည်း ရောဂါပြင်းထန်မှုကို လျှော့ချနိုင်သည်။
မိမိ၏ အသက်အရွယ်၊ နောက်ခံကျန်းမာရေးအခြေအနေ၊ သုံးစွဲနေသော ဆေးဝါးများကို သက်ဆိုင်ရာ မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး၍ တုပ်ကွေးကာကွယ်ဆေးများ ထိုးနှံခြင်းဖြင့် ပြင်းထန်တုပ်ကွေးရောဂါ မဖြစ်ပွါးအောင် ကာကွယ်နိုင်သည်။
References:
- Australian Government Department of Health and Aged Care. (n.d.). Influenza (flu). In Australian Immunisation Handbook. Retrieved April 14, 2026, from https://immunisationhandbook.health.gov.au/contents/vaccine-preventable-diseases/influenza-flu
- Centers for Disease Control and Prevention. (2024). Influenza (flu) vaccines. Retrieved April 14, 2026, from https://www.cdc.gov/flu/vaccines/index.html
- Centers for Disease Control and Prevention. (2024). Types of influenza vaccines. Retrieved April 14, 2026, from https://www.cdc.gov/flu/vaccine-types/index.html
- Erbelding, E. J., Post, D. J., Stemmy, E. J., Roberts, P. C., Augustine, A. D., Ferguson, S., Paules, C. I., Graham, B. S., Fauci, A. S., & Consortium for Universal Influenza Vaccine Development. (2018). A universal influenza vaccine: The strategic plan for the National Institute of Allergy and Infectious Diseases. The Journal of Infectious Diseases, 218(3), 347–354. https://doi.org/10.1093/infdis/jiy103
- Mayo Clinic. (n.d.). Influenza (flu) timeline. Retrieved April 14, 2026, from https://www.mayoclinic.org/diseases-conditions/history-disease-outbreaks-vaccine-timeline/flu
- MSD Manuals. (n.d.). Influenza vaccine. Retrieved April 14, 2026, from https://www.msdmanuals.com/professional/infectious-diseases/immunization/influenza-vaccine
- National Centre for Immunisation Research and Surveillance. (n.d.). Influenza grade assessments. Retrieved April 14, 2026, from https://www.ncirs.org.au/our-work/australian-immunisation-handbook/influenza-grade-assessments
- National Center for Biotechnology Information. (2008). Influenza vaccines. In Vaccines (5th ed.). Retrieved April 14, 2026, from https://www.ncbi.nlm.nih.gov/books/NBK22156/
- Oxford Vaccine Knowledge Project. (n.d.). Types of vaccine. Retrieved April 14, 2026, from https://vaccineknowledge.ox.ac.uk/types-of-vaccine#Subunit-Vaccines
- Taubenberger, J. K., & Morens, D. M. (2006). 1918 influenza: The mother of all pandemics. Emerging Infectious Diseases, 12(1), 15–22. Retrieved April 14, 2026, from https://pmc.ncbi.nlm.nih.gov/articles/PMC2862331/
- World Health Organization. (n.d.). History of influenza vaccination. Retrieved April 14, 2026, from https://www.who.int/news-room/spotlight/history-of-vaccination/history-of-influenza-vaccination
- World Health Organization. (n.d.). Influenza vaccines. Retrieved April 14, 2026, from https://www.who.int/teams/global-influenza-programme/vaccines
- World Health Organization. (n.d.). Influenza vaccination in tropics and subtropics. Retrieved April 14, 2026, from https://www.who.int/teams/global-influenza-programme/vaccines/vaccine-in-tropics-and-subtropics
Published: 30 April 2025
Last updated: 8 May 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.