ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး (JE vaccine) သည် ဂျပန်ဦးနှောက်ရောင်ရောဂါဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွါးသော ဦးနှောက်ရောင်ရောဂါအတွက် ထိရောက်သည့် ကာကွယ်ဆေးဖြစ်သည်။
Flavivirus အုပ်စုဝင် ဂျပန်ဦးနှောက်ရောင်ရောဂါဗိုင်းရပ်စ်ပိုးကြောင့် အဓိကဖြစ်ပွါးသောရောဂါဖြစ်ပြီး၊ ထိုဗိုင်းရပ်စ်ပိုးကို သယ်ဆောင်ထားသော ခြင်အကိုက်ခံရခြင်းမှတစ်ဆင့် လူကိုကူးစက်သည်။ ရောဂါပိုးကူးစက်ခံရပြီး လက္ခဏာမပြသူ၊ သာမန်မပြင်းထန်သော ရောဂါလက္ခဏာပြသူများ ရှိသကဲ့သို့ ပြင်းထန်ပြီး အသက်အန္တရာယ်အပါအဝင် နောက်ဆက်တွဲပြဿနာများစွာလည်း ရှိနိုင်သည်။ အာရှနှင့် အနောက်ပစိဖိတ်ဒေသများတွင် အဖြစ်များသည်။ မြန်မာနိုင်ငံတွင် တစ်နှစ်ပတ်လုံး ကူးစက်မှု ဖြစ်ပွါးနိုင်ပြီး၊ မိုးရာသီတွင် အများဆုံးဖြစ်သည်။ ဂျပန်ဦးနှောက်ရောင်ရောဂါသည် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါဖြစ်သောကြောင့် ကာကွယ်ဆေး စနစ်တကျထိုးထားရန် အရေးကြီးသည်။
ကာကွယ်ဆေးအမျိုးအစားများ
ထုတ်လုပ်မှုပေါ် မူတည်၍ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး အမျိုးအစားများစွာ ခွဲခြားထားသည်။
- ဗိုင်းရပ်စ်ပိုးအသေကို အသုံးပြု၍ ထုတ်လုပ်ထားသော ကာကွယ်ဆေး (Inactivated, absorbed vaccine)
- IXIARO, JEspect
- ကလေးအသက် (၂) လမှစ၍ ထိုးနိုင်သည်
- အသုံးအများဆုံး ကာကွယ်ဆေးဖြစ်ပြီး ဘေးထွက်ဆိုးကျိုးနည်းပါးသည်
- IXIARO, JEspect
- ဗိုင်းရပ်စ်ပိုးအရှင်၏ အစိတ်အပိုင်းကို ပြုပြင်ပြောင်းလဲ၍ ထုတ်လုပ်ထားသော ကာကွယ်ဆေး (Live Attenuated Vaccines)
- CD-JEV (SA 14-14-2 strain)
- အရှေ့တောင်အာရှနိုင်ငံများတွင် အသုံးများကြပြီး ကလေးအသက် (၉) လမှ စတင်၍ထိုးနိုင်ပြီး အများအားဖြင့် တစ်ကြိမ်သာထိုးရန် လိုအပ်သည်
- နိုင်ငံအဆင့် ကာကွယ်ဆေးထိုးစီမံချက်များအတွက်လည်း အသုံးပြုသောဆေးဖြစ်သည်
- CD-JEV (SA 14-14-2 strain)
- ဗိုင်းရပ်စ်ပိုးအရှင်၏ အစိတ်အပိုင်းကို ပြုပြင်ပြောင်းလဲ၍ အခြားဗိုင်းရပ်စ်ပိုးတစ်မျိုး၏ မျိုးဗီဇနှင့် ပေါင်းစပ်ထုတ်လုပ်ထားသော ကာကွယ်ဆေး (Live Recombinant [Chimeric] Vaccine)
- IMOJEV
- ကလေးအသက် (၉) လမှစ၍ ထိုးနိုင်သည်
- သက်ဆိုင်ရာနိုင်ငံ၏ ဂျပန်ဦးနှောက်ရောင် ဖြစ်ပွါးမှုနှုန်းနှင့် ပြင်းထန်မှုပေါ်မူတည်၍ ဆေးထိုးပြီး တစ်နှစ် မှ နှစ်နှစ်အတွင်း ထပ်ဆောင်းကာကွယ်ဆေး နောက်တစ်ကြိမ်ထပ်ထိုးရန် လိုအပ်နိုင်သည်
- IMOJEV
ဆေးသယ်ဆောင်သိမ်းဆည်းပုံ
ကာကွယ်ဆေးများအား သေချာစွာ ထိန်းသိမ်းခြင်းနှင့် ကိုင်တွယ်အသုံးပြုခြင်းသည် ကာကွယ်ဆေးများ၏ အာနိသင်အပြည့်အဝ ရရှိရေးအတွက် အလွန်အရေးကြီးသည်။ ယေဘုယျအားဖြင့်_
- ကာကွယ်ဆေးများကို ဆေးဘူးပေါ်ရှိ သက်တမ်းကုန်ဆုံးရက်မတိုင်မီ အသုံးပြုရမည်
- ကာကွယ်ဆေးကို ရေခဲသေတ္တာ အပူချိန် (၂-၈) ဒီဂရီစင်တီဂရိတ်အတွင်း၌ သိမ်းဆည်းထားရမည်၊ အေးခဲထားခြင်း မပြုလုပ်ရပါ
- ကာကွယ်ဆေးအား မူလထုပ်ပိုးမှုအတိုင်း သိမ်းဆည်းရမည်
- အလင်းရောင်နှင့် တိုက်ရိုက်ထိတွေ့သော နေရာများတွင် မထားရပါ
- ကာကွယ်ဆေးများကို ဖျော်စပ်ရာတွင် မူလထုပ်ပိုးမှုတွင်ပါရှိသည့် ဆေးရည်ဖြင့်သာ ဖျော်ရမည်၊ အသုံးပြုရန် ညွှန်ကြားထားသော ပမာဏအတိုင်း ဖျော်စပ်ရမည်
- ဖျော်ပြီးဆေးကို ချက်ချင်းအသုံးပြုပါ
- ချက်ချင်းမထိုးဖြစ်ပါက အခန်းအပူချိန်တွင် မိနစ် (၃၀) သို့မဟုတ် ရေခဲသေတ္တာအပူချိန် (၂-၈) ဒီဂရီစင်တီဂရိတ်အတွင်းတွင် (၈) နာရီကြာ ပြန်လည်သိမ်းဆည်းထားနိုင်သည်၊ ထို့ထက်ပိုကြာအောင် သိမ်းဆည်းမိပါက ထိုကာကွယ်ဆေးကို ပြန်လည်အသုံးမပြုသင့်ပါ
- သက်တမ်းလွန်နေသော၊ သတ်မှတ်ချိန်ထက် ကျော်လွန်သွားသော၊ အေးခဲသွားသော၊ အနည်ကျနေသော၊ အရောင်ပြောင်းသွားသော ကာကွယ်ဆေးများကို လုံးဝအသုံးမပြုဘဲ စွန့်ပစ်ရမည်
- ကာကွယ်ဆေး သိုလှောင်၊ သယ်ဆောင်၊ သုံးစွဲသည့် အဆင့်တိုင်းတွင် ရောဂါပိုးကူးစက်မှုကာကွယ်ခြင်းနည်းနာများကို အတိအကျ လိုက်နာကျင့်သုံးရမည်
ကာကွယ်ဆေးများကို ဘေးအန္တရာယ်ကင်းရှင်းစွာနှင့် အထိရောက်ဆုံးကာကွယ်မှုရရှိစေရန် သက်ဆိုင်ရာကာကွယ်ဆေးအလိုက် ထုတ်လုပ်သူများ၏ ညွှန်ကြားချက်များကို အတိအကျ လိုက်နာရမည်။
သုံးစွဲရန်လိုအပ်သောအခြေအနေများ
အချို့ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ဂျပန်ဦးနှောက်ရောင်ရောဂါ (Japanese Encephalitis) အတွက် ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးအစီအစဉ်များ၌ ထည့်သွင်းထိုးနှံခြင်းမရှိတော့သော်လည်း ရောဂါဖြစ်ပွါးနှုန်း မြင့်မားသော မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများတွင်မူ ကလေးငယ်များအတွက် ပုံမှန်ကာကွယ်ဆေးအစီအစဉ်အဖြစ် ဆက်လက်ထိုးနှံလျက်ရှိသည်။
ခရီးသွားလာသူများအနေဖြင့် ဂျပန်ဦးနှောက်ရောင်ရောဂါ ကူးစက်နိုင်ခြေမှာ အလွန်နည်းပါးသဖြင့် ကာကွယ်ဆေးကို မဖြစ်မနေထိုးရန် မလိုအပ်ပါ။ သို့သော် အောက်ဖော်ပြပါ အခြေအနေများတွင် ကူးစက်နိုင်ခြေ မြင့်မားနိုင်သဖြင့် ကာကွယ်ဆေး ထိုးသင့်မသင့် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်သည်။
- ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွါးမှုမြင့်သော ဒေသများသို့ မကြာခဏ သွားရောက်လည်ပတ်မည့်သူများ
- ထိုဒေသများတွင် တစ်လကျော်တာကာလအထိ နေမည့်သူများ
- ထိုဒေသများသို့ အမြဲတမ်း ပြောင်းရွှေ့နေထိုင်မည့်သူများ
ထိုမျှသာမက သွားရောက်မည့်ဒေသ၏ တိကျသောအနေအထား (ဥပမာ_စပါးစိုက်ပျိုးသည့် ကျေးလက်ဒေသများ၊ ရေစီးမြန်သော တောတွင်းဒေသများ)၊ ခရီးကြာချိန် (တစ်လနှင့်အထက်)၊ ရာသီဥတုအခြေအနေ (မိုးရာသီ)၊ တောတွင်းစခန်းချခြင်း၊ တောင်တက်ခြင်း၊ ရွက်လှေစီးခြင်း၊ ငါးမျှားခြင်း၊ စက်ဘီးစီးခြင်း၊ အမဲလိုက်ခြင်းအပြင် ခြင်ထောင်၊ ခြင်လုံဇကာ သို့မဟုတ် အဲကွန်းစသည်တို့ မရှိသောနေရာများတွင် အိပ်စက်မိခြင်း စသည့်အခြေအနေများသည် ခြင်မှတစ်ဆင့် ဂျပန်ဦးနှောက်ရောင်ရောဂါ ကူးစက်နိုင်ခြေ များလာစေနိုင်သည်။
ထို့ကြောင့် ထိုကဲ့သို့သော ခရီးစဉ်နှင့်အခြေအနေများစွာကို စဉ်းစားပြီး ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေး ထိုးသင့်မသင့်ကို မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။
ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး မထိုးသင့်သောသူများ
- ပထမအကြိမ်ထိုးစဥ် ကာကွယ်ဆေးနှင့် ပြင်းထန်ဓာတ်မတည့်မှု ဖြစ်ဖူးသူများ
- ကာကွယ်ဆေးတွင်ပါဝင်သော ဓာတုပစ္စည်းတစ်မျိုးမျိုး (ဥပမာ_ Protamine sulphate) နှင့် ဓာတ်မတည့်သူများ
- ပါဝင်ပစ္စည်းများတူညီသော အခြားကာကွယ်ဆေးများနှင့် ဓာတ်မတည့်သူများ
- ကိုယ်ဝန်ဆောင်မိခင်များ
ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကိုယ်ဝန်ဆောင်နေချိန် ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးကို မထိုးသင့်သော်လည်း ရောဂါဖြစ်ပွါးမှု မြင့်မားသောဒေသများတွင် နေထိုင်သော၊ ထိုဒေသများသို့ ခရီးသွားရန်ပြင်ဆင်နေသော ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကာကွယ်ဆေးထိုးလိုပါက ဗိုင်းရပ်စ်ပိုးအသေမှ ထုတ်လုပ်ထားသော ကာကွယ်ဆေးများကိုသာ ရွေးချယ်ထိုးသင့်သည်။ - ကိုယ်ခံအားချို့တဲ့နေသူများ
မွေးရာပါ ပြင်းထန်ကိုယ်ခံအားနည်းရောဂါရှိသူများ၊ HIV/AIDS ရောဂါရှိသူများ၊ စတီးရွိုက်အပါအဝင် ကိုယ်ခံအားကျဆင်းစေသော ဆေးဝါးများကို ရေရှည်သောက်သုံးနေသူများ၊ ကိုယ်တွင်းအင်္ဂါအစားထိုးကုသမှု ခံယူထားသူများတွင် ကာကွယ်ဆေးထိုးရန် လိုအပ်ပါက ဗိုင်းရပ်စ်ပိုးအသေမှ ထုတ်လုပ်ထားသော ကာကွယ်ဆေးများကိုသာ ထိုးသင့်သည်။
သုံးစွဲပုံနည်းလမ်းများ
ဆေးထိုးရမည့်အချိန်နှင့် အသက်အရွယ်
ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးအမျိုးအစားပေါ် မူတည်၍ ဆေးစတင်ထိုးရသည့် အသက်အရွယ်နှင့် အကြိမ်အရေအတွက် ကွာခြားမှုရှိသည်။
Inactivated vaccines
ဗိုင်းရပ်စ်ပိုးအသေမှ ထုတ်လုပ်ထားသော Inactivated vaccine များကို အောက်ပါအတိုင်း ထိုးသင့်သည်။
| အသက် | ကာကွယ်ဆေးပမာဏ | အကြိမ်အရေအတွက်နှင့် ထိုးသင့်သော ကာလအပိုင်းအခြား |
|---|---|---|
| အသက် (၂)လ မှ (၃)နှစ်ထိ ကလေးများ | 0.25 mL | နှစ်ကြိမ်ကို (၂၈) ရက်ခြား၍ ထိုးနိုင်သည် |
| အသက် (၃) နှစ်မှစ၍ အသက် (၁၈) နှစ်အောက် ကလေးများနှင့် လူငယ်များ | 0.5 mL | နှစ်ကြိမ်ကို (၂၈) ရက်ခြား၍ ထိုးနိုင်သည် |
| အသက် (၁၈)နှစ် နှင့် (၆၅)နှစ်ကြား လူကြီးများ | 0.5 mL | နှစ်ကြိမ်ကို (၇) ရက်ခြား၍ ဖြစ်စေ၊ (၂၈) ရက်ခြား၍ ဖြစ်စေ ထိုးနိုင်သည် |
| အသက် (၆၅) နှစ်အထက် လူကြီးများ | 0.5 mL | နှစ်ကြိမ်ကို (၂၈) ရက်ခြား၍ ထိုးနိုင်သည် |
Live vaccines
ဗိုင်းရပ်စ်ပိုးအရှင်၏ အစိတ်အပိုင်းကို ပြုပြင်ပြောင်းလဲထုတ်လုပ်ထားသော Live vaccines များကိုမူ ကလေးအသက် (၉) လမှစ၍ ထိုးပေးနိုင်သည်။ ကလေးအသက် (၉) လနှင့် (၁၈) နှစ်ကြားတွင် ကာကွယ်ဆေး ပထမတစ်ကြိမ်ထိုးပါက မိမိနေထိုင်ရာဒေသ၏ ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွါးမှုနှုန်းနှင့် ပြင်းထန်မှုပေါ်မူတည်၍ ဆေးထိုးပြီး တစ်နှစ် မှ နှစ်နှစ်အတွင်း ထပ်ဆောင်းကာကွယ်ဆေး နောက်တစ်ကြိမ်ထပ်ထိုးရန် လိုအပ်နိုင်သည်။ အသက် (၁၈) နှစ်အထက်မှ ကာကွယ်ဆေးထိုးလျှင်မူ တစ်ကြိမ်ထိုးရုံဖြင့် လုံလောက်ပြီး ထပ်ဆောင်းကာကွယ်ဆေးထိုးရန် မလိုအပ်ပါ။
မြန်မာနိုင်ငံတွင်မူ ပုံမှန်ကာကွယ်ဆေးထိုးစီမံချက်အရ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး (SA 14-14-2 strain) ကို အသက် (၉) လနှင့်အထက်တွင် တစ်ကြိမ် ထိုးပေးလျက်ရှိသည်။
ခရီးသွားလာမည့်လူများအတွက် ကာကွယ်ဆေးထိုးအစီအစဥ်
ခရီးသွားမည့်သူများအတွက် Inactivated vaccine ကို နှစ်ကြိမ်ထိုးပါက နောက်ဆုံးအကြိမ်ကို ခရီးမထွက်မီ အနည်းဆုံးတစ်ပတ်အလိုတွင် ကပ်၍ထိုးသင့်သည်။ ဂျပန်ဦးနှောက်ရောင်ရောဂါ အဖြစ်များသောဒေသများတွင် နေထိုင်သူများ၊ ဂျပန်ဦးနှောက်ရောင်ရောဂါနှင့် ထိတွေ့နိုင်ခြေ များသောသူများအနေဖြင့် နှစ်ကြိမ်အပြည့် ဆေးထိုးပြီးထားသောအချိန်မှ နောက်တစ်နှစ်အကြာတွင် နောက်ထပ်တစ်ကြိမ် ထပ်ဆောင်းကာကွယ်ဆေး (Booster dose) ထိုးသင့်သည်။
အသုံးပြုပုံ
ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးကို ကလေး၏အသက်အရွယ်အပေါ်တွင် မူတည်၍ လက်မောင်း သို့မဟုတ် ပေါင်ရှိ ကြွက်သားနေရာများတွင် ထိုးနိုင်ပြီး လူကြီးများတွင် လက်မောင်းကြွက်သားနေရာတွင် ထိုးနိုင်သည်။ အသက်အရွယ်ပေါ် မူတည်၍ ထိုးသင့်သည့် ဆေးပမာဏ ကွာခြားမှုရှိသည်။ 0.25 mL သာ ထိုးရန်လိုသော ကလေးများအတွက် ဆေးထိုးအပ်ထဲ၌ ရှိသော 0.5mL ဆေးကို အပြင်သို့ တစ်ဝက်လျှော့ထုတ်ပြီးမှ ကလေးကိုထိုးပေးရမည်ဖြစ်သည်။
ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး၏ အကျိုးအာနိသင်
ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးသည် ဂျပန်ဦးနှောက်ရောင်ရောဂါကို ရာခိုင်နှုန်းပြည့် မကာကွယ်နိုင်သော်လည်း ကာကွယ်ဆေး နှစ်ကြိမ်အပြည့်ထိုးထားလျှင် (၉၁) ရာခိုင်နှုန်းအထိ ကာကွယ်နိုင်သည်။
ဘေးထွက်ဆိုးကျိုးများ
ယေဘုယျအားဖြင့် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးများသည် ဘေးကင်းစိတ်ချရပြီး၊ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်ခြင်းနည်းသောကြောင့် တစ်ကမ္ဘာလုံး၌ ကျယ်ကျယ်ပြန့်ပြန့် ထိုးနှံလျက်ရှိသည်။ ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွါးမှုနှုန်း မြင့်မားသောနေရာများသို့ ရက်ရှည်သွားရောက်လည်ပတ်ကြမည့် ခရီးသွားများအနေဖြင့် ကာကွယ်ဆေး အကျိုးအာနိသင်နှင့် ရောဂါဖြစ်ပွါးနိုင်ခြေတို့ကို ချိန်ဆ၍ ကာကွယ်ဆေးထိုးရန် သင့်မသင့် ဆရာဝန်နှင့် တိုင်ပင်သင့်သည်။
ယေဘုယျအားဖြင့် ပြင်းထန်သောဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လေ့မရှိဘဲ ကာကွယ်ဆေးများ၏ သာမန်ဘေးထွက်ဆိုးကျိုးများသာ ဖြစ်နိုင်ပြီး၊ အများအားဖြင့် (၂) ရက်အတွင်း သက်သာသွားနိုင်သည်။ တွေ့နိုင်သော ဘေးထွက်ဆိုးကျိုးများမှာ_
- ကာကွယ်ဆေးထိုးထားသောနေရာတွင် နီခြင်း၊ ရောင်ရမ်းခြင်း၊ နာကျင်ခြင်း
- ဖျားခြင်း၊ ချမ်းတုန်ခြင်း
- ခေါင်းကိုက်ခြင်း၊ နုံးခြင်း
- ပျို့ခြင်း၊ အစားအသောက်ပျက်ခြင်း တို့အပြင်
- ကလေးငယ်များတွင် မအီမသာဖြစ်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ ဝမ်းလျှောခြင်း စသည်တို့ဖြစ်သည်။
ကလေးသည် နာကျင်ခြင်း၊ မအီမသာဖြစ်ခြင်းများရှိပါက ဆရာဝန်နှင့် တိုင်ပင်၍ ပါရာစီတမောကဲ့သို့သော အကိုက်အခဲပျောက်ဆေးများ ပေးနိုင်သည်။ ကာကွယ်ဆေးထိုးထားသည့်နေရာတွင် နာကျင်ခြင်း၊ ရောင်ရမ်းခြင်း သက်သာစေရန် အေး၍စိုစွတ်သောအဝတ်ဖြင့် ကပ်ပေးခြင်း၊ ရေခဲဝတ်ကပ်ပေးခြင်း စသည်တို့ ပြုလုပ်ပေးနိုင်သည်။ တစ်ခါကပ်လျှင် (၁၅) မိနစ်ခန့်ဖြင့် တစ်နေ့လျှင် (၃) ကြိမ်ခန့် ကပ်ပေးနိုင်သည်။ မသက်သာပါက မိသားစုဆရာဝန်ဖြင့် ချက်ခြင်းပြသပါ။
အလွန်ရှားပါးသော်လည်း ပြင်းထန်သည့် ဘေးထွက်ဆိုးကျိုးတချို့မှာ_
- ဓာတ်မတည့်သော လက္ခဏာများ (Allergic reactions) (ဥပမာ – ယားယံခြင်း၊ အနီအပိမ့်များ ထွက်လာခြင်း၊ မျက်နှာအပါအဝင် ခန္ဓာကိုယ်နေရာအနှံ့ ရောင်ရမ်းလာခြင်း၊ အသက်ရှူကျပ်ခြင်း)
- ပြင်းထန်သော ဓာတ်မတည့်လက္ခဏာများဖြစ်ခြင်း (Anaphylaxis) တို့ဖြစ်သည်။
ဗိုင်းရပ်စ်ပိုးအရှင်၏ အစိတ်အပိုင်းကို အသုံးပြုထားသော ကာကွယ်ဆေးဖြစ်သဖြင့် မပြင်းထန်သော ဗိုင်းရပ်စ်ပိုးဝင်ခြင်းလက္ခဏာများ (ဥပမာ- ဖျားနာကိုက်ခဲခြင်းမျိုး) ခံစားရနိုင်သော်လည်း ကာကွယ်ဆေးကြောင့် ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွါးစေခြင်းမရှိပါ။ ဤဆေးနှင့် ဦးနှောက်အာရုံကြောဆိုင်ရာ လက္ခဏာများ ဆက်စပ်နေကြောင်း သိပ္ပံနည်းကျ မတွေ့ရှိသေးပါ။
ဆေးမထိုးမီ သိရှိရမည့်အချက်များ
- ကာကွယ်ဆေးထိုးမည့်နေ့တွင် အဖျားရှိနေပါက ဆေးမထိုးမီ မိသားစုဆရာဝန်၊ ကလေးအထူးကု ဆရာဝန်များနှင့် ဦးစွာတိုင်ပင်သင့်သည်
- အဖျားအနည်းငယ်ရှိနေခြင်း၊ နှာစေးချောင်းဆိုးခြင်း၊ မအီမသာဖြစ်နေခြင်း စသည့်အခြေအနေများသည် ကာကွယ်ဆေးထိုးနှံခြင်းကို မဖြစ်မနေရွှေ့ဆိုင်းရန် မလိုအပ်ပါ
- သို့သော် အဖျားကြီးသော (အပူချိန် ၃၈.၅ ဒီဂရီစင်တီဂရိတ်အထက်) ကလေးများတွင်မူ အဖျားကောင်းစွာကျ၍ အလုံးစုံသက်သာလာချိန်အထိ ကာကွယ်ဆေးထိုးခြင်းကို ရွှေ့ဆိုင်းသင့်သည်
- နဂိုနောက်ခံရောဂါရှိနေသော ကလေးများတွင်လည်း လတ်တလောပြင်းထန်ရောဂါလက္ခဏာများ ရှိပါက (ဥပမာ _ အတက်ရောဂါရှိသောကလေးတွင် ဆက်တိုက်တက်နေခြင်း၊ အသိစိတ်ချို့ယွင်းနေခြင်း စသည့် အခြေအနေများ ရှိပါက) ကာကွယ်ဆေးထိုးခြင်းကို ခေတ္တရွှေ့ဆိုင်းသင့်သည်
References:
- Centers for Disease Control and Prevention. (2024). Japanese encephalitis vaccine. Retrieved April 14, 2026, from https://www.cdc.gov/japanese-encephalitis/prevention/japanese-encephalitis-vaccine.html
- Centers for Disease Control and Prevention. (2024). Japanese encephalitis vaccine information for healthcare providers. Retrieved April 14, 2026, from https://www.cdc.gov/japanese-encephalitis/hcp/vaccine/index.html
- Cleveland Clinic. (n.d.). Japanese encephalitis virus vaccine (IXIARO). Retrieved April 14, 2026, from https://my.clevelandclinic.org/health/drugs/18258-japanese-encephalitis-virus-vaccine-ixiaro
- Mayo Clinic. (n.d.). Japanese encephalitis virus vaccine (intramuscular route). Retrieved April 14, 2026, from https://www.mayoclinic.org/drugs-supplements/japanese-encephalitis-virus-vaccine-intramuscular-route/description/drg-20072758
- World Health Organization. (2024). Japanese encephalitis vaccine: Product information. Retrieved April 14, 2026, from https://extranet.who.int/prequal/sites/default/files/vwa_vaccine/FVP-P-276_JE_4dose_GBP_PI-2024_0.pdf
Published: 30 April 2025
Last updated: 8 May 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.