Hepatitis B vaccine (အသည်းရောင် အသားဝါ ဘီ ပိုး ကာကွယ်ဆေး)

Hepatitis B vaccine (အသည်းရောင် အသားဝါ ဘီ ပိုး ကာကွယ်ဆေး)

အသည်းရောင်အသားဝါ ဘီပိုး ကာကွယ်ဆေး (Hepatitis B vaccine) သည် ခန္ဓာကိုယ်တွင် ရောဂါကာကွယ်နိုင်သော ကိုယ်ခံစွမ်းအားပဋိပစ္စည်းကို ထုတ်လုပ်စေခြင်းဖြင့် အသည်းရောင်အသားဝါ ဘီ ရောဂါ ဖြစ်ပွါးခြင်းနှင့် ကူးစက်ခြင်းကို ကာကွယ်ပေးနိုင်သည်။ အသားဝါ ဘီ ဗိုင်းရပ်စ်ပိုးသည် သွေးနှင့် ခန္ဓာကိုယ်မှထွက်သော အရည်များမှတစ်ဆင့် ကူးစက်နိုင်ပြီး၊ အသည်း‌ရောင်ရမ်းခြင်းမှသည် နာတာရှည် အသည်းခြောက်ခြင်း၊ အသည်းလုပ်ငန်းပျက်စီးခြင်းနှင့် အသည်းကင်ဆာ‌ရောဂါဖြစ်ပေါ်သည်အထိ ပြင်းထန်နိုင်သောရောဂါဖြစ်သည်။ အသည်း‌ရောင်အသားဝါ ဘီ ပိုး ကာကွယ်ဆေးထိုးခြင်းသည် ထိုရောဂါများဖြစ်စေသည့် အသည်း‌ရောင်အသားဝါ ဘီ ပိုးကို ကာကွယ်ရန် အထိရောက်ဆုံးနည်းလမ်းဖြစ်သည်။

ကာကွယ်ဆေးအမျိုးအစားများ

အသည်းရောင် အသားဝါ ဘီ ပိုး ကာကွယ်ဆေးကို ဗိုင်းရပ်စ်ပိုးမျက်နှာပြင်ရှိ ပဋိလှုံ့ပစ္စည်း၏ ပရိုတင်းဖြင့် ပြုလုပ်ထားသည်။ အသည်းရောင် အသားဝါ ဘီ ပိုး ကာကွယ်ဆေးထုတ်လုပ်ရာတွင် အသည်း‌ရောင် အသားဝါ ဘီ ပိုး ကာကွယ်ဆေးတစ်မျိုးတည်းသာ ပါဝင်သည့်ဆေးများ ထုတ်လုပ်သကဲ့သို့ အခြားရောဂါကာကွယ်ဆေးများနှင့် ပေါင်းစပ်ထုတ်လုပ်ထားသော ကာကွယ်ဆေးအမျိုးအစားများလည်းရှိသည်။

  • အသည်း‌ရောင် အသားဝါ ဘီ ပိုး ကာကွယ်ဆေးတစ်မျိုးတည်းသာ ပါဝင်သည့်ဆေးများ
    ဥပမာ_
    • Engerix- B
    • Heplisav – B
    • Recombivax HB စသည်တို့ဖြစ်သည်။
  • အခြားသော ကာကွယ်ဆေးများနှင့် ပေါင်းစပ်ထုတ်လုပ်ထားသော ကာကွယ်ဆေးများ
    ဥပမာ_
    • ငါးမျိုးစပ်ကာကွယ်ဆေး (ဆုံဆို့၊ မေးခိုင်၊ ကြက်ညှာ၊အသည်းရောင်အသားဝါ ဘီ၊ ဦးနှောက်အမြှေးရောင်နှင့် အဆုတ်ရောင် – DTwP-HepB-Hib 5 in 1 combination vaccine)
    • အသည်းရောင်အသားဝါ အေ ပိုးနှင့် ဘီ ပိုးကို ပေါင်းစပ်ထုတ်လုပ်ထားသည့် ကာကွယ်ဆေး (Twinrix) စသည်တို့ဖြစ်သည်။
ဆေးသယ်ဆောင်သိမ်းဆည်းပုံ

ကာကွယ်ဆေးများအား သေချာစွာ ထိန်းသိမ်းခြင်းနှင့် ကိုင်တွယ်အသုံးပြုခြင်းသည် ကာကွယ်ဆေးများ၏ အာနိသင်အပြည့်အဝ ရရှိရေးအတွက် အလွန်အရေးကြီးသည်။ ယေဘုယျအားဖြင့်

  • ကာကွယ်ဆေးများကို ဆေးဘူးပေါ်ရှိ သက်တမ်းကုန်ဆုံးရက်မတိုင်မီ အသုံးပြုရမည်
  • ကာကွယ်ဆေးကို ရေခဲသေတ္တာ အပူချိန် (၂-၈) ဒီဂရီစင်တီဂရိတ်အတွင်း၌ သိမ်းဆည်းထားရမည်၊ အေးခဲထားခြင်း မပြုလုပ်ရပါ
  • ကာကွယ်ဆေးအား မူလထုပ်ပိုးမှုအတိုင်း သိမ်းဆည်းရမည်
  • အလင်းရောင်နှင့် တိုက်ရိုက်ထိတွေ့သော နေရာများတွင် မထားရပါ
  • ကာကွယ်ဆေးများကို ဖျော်စပ်ရာတွင် မူလထုပ်ပိုးမှုတွင်ပါရှိသည့် ဆေးရည်ဖြင့်သာ ဖျော်ရမည်၊ အသုံးပြုရန် ညွှန်ကြားထားသော ပမာဏအတိုင်း ဖျော်စပ်ရမည်
  • ကာကွယ်ဆေးများကို ဖောက်ပြီး၊ ဖျော်စပ်ပြီးလျှင် ချက်ချင်း သို့မဟုတ် သတ်မှတ်အချိန်အတွင်း (အထူးသဖြင့် အကြိမ်များစွာ ထိုးနှံနိုင်သော Multidose အမျိုးအစားများအတွက်) အသုံးပြုရမည်၊ အသုံးပြုရာတွင် သတ်မှတ်ထားသော အပူချိန်အတွင်း ထားရှိအသုံးပြုရမည်
  • သက်တမ်းလွန်နေသော၊ သတ်မှတ်ချိန်ထက် ကျော်လွန်သွားသော၊ အေးခဲသွားသော၊ အနည်ကျနေသော၊ အရောင်ပြောင်းသွားသော ကာကွယ်ဆေးများကို လုံးဝအသုံးမပြုဘဲ စွန့်ပစ်ရမည်
  • ကာကွယ်ဆေး သိုလှောင်၊ သယ်ဆောင်၊ သုံးစွဲသည့် အဆင့်တိုင်းတွင် ရောဂါပိုးကူးစက်မှု ကာကွယ်ခြင်းနည်းနာများကို အတိအကျ လိုက်နာကျင့်သုံးရမည်

ကာကွယ်ဆေးများကို ဘေးအန္တရာယ်ကင်းရှင်းစွာနှင့် အထိရောက်ဆုံးကာကွယ်မှု ရရှိစေရန် သက်ဆိုင်ရာကာကွယ်ဆေးအလိုက် ထုတ်လုပ်သူများ၏ ညွှန်ကြားချက်များကို အတိအကျ လိုက်နာရမည်။

ဆေးထိုးရန်လိုအပ်သည့် အခြေအနေများ

ကမ္ဘာပေါ်ရှိကျန်းမာရေးအဖွဲ့အစည်းများနှင့် ကျန်းမာရေးပညာရှင်များမှ အောက်ဖော်ပြပါသူများတွင် အသည်းရောင်အသားဝါ ဘီ ပိုး ကာကွယ်ဆေး ထိုးသင့်သည်ဟု သတ်မှတ်ထားသည်။

  • ကလေးနှင့်ဆယ်ကျော်သက်များ
    • မွေးကင်းစမှ အသက်တစ်နှစ်အထိ ကလေးများအားလုံး [မွေးကင်းစကလေးများ မွေးပြီး (၂၄) နာရီအတွင်း ထိုးသင့်သည်]
    • အသက် ၁နှစ် မှ ၁၉နှစ် – ယခင်က ကာကွယ်ဆေးမထိုးရသေးသူများ
  • လူကြီးများ
    • အသက် (၁၉) နှစ် မှ (၅၉) နှစ်
    • အသက် (၆၀) နှစ်နှင့်အထက်တွင် ရောဂါပိုးကူးစက်နိုင်ခြေများသူများ
    • မှတ်ချက် – အသက် (၆၀) နှင့်အထက်တွင် ကူးစက်နိုင်ခြေမများသော်လည်း ဆရာဝန်နှင့် တိုင်ပင်ပြီး ကာကွယ်ဆေးထိုးနိုင်သည်။

အသည်းရောင်အသားဝါ ဘီ ရောဂါပိုး ကူးစက်နိုင်ခြေများသူများမှာ_

  • အသည်းရောင် အသားဝါ ဘီ ရောဂါပိုးရှိသော မိခင်မှ မွေးဖွားသည့် ကလေးများ
  • လတ်တလော သို့မဟုတ် ယခင်က အသည်းရောင်အသားဝါ စီ ရောဂါရှိသူများ
  • အိတ်ချ်အိုင်ဗွီရောဂါရှိသူများ
  • အပ်များကို မျှဝေသုံးစွဲ၍ မူးယစ်ဆေးဝါးများကို အကြောထဲထိုးသူများ
  • လိင်မှတစ်ဆင့် ကူးစက်သော ရောဂါဖြစ်ဖူးသူများ သို့မဟုတ် လိင်ဆက်ဆံဖော်များသူများ
  • လိင်တူဆက်ဆံသူများ
  • အသည်းရောင်အသားဝါ ဘီ ရောဂါပိုးရှိသူနှင့် လိင်ဆက်ဆံသူများ
  • အသည်းရောင်အသားဝါ ဘီ ရောဂါပိုးရှိသူနှင့် တစ်အိမ်တည်း အတူနေသူများ
  • ကျောက်ကပ်ဆေးနေရသူများ၊ ကိုယ်တွင်းအင်္ဂါအစားထိုးကုသမှု ခံယူထားသူများ
  • မကြာခဏ သွေးသွင်းရန် လိုအပ်သူများ
  • တက်တူးထိုးသူများ
  • ကျန်းမာရေးဝန်ထမ်းများ ဖြစ်ကြသည်။
ဆေးထိုးရမည့် အချိန်နှင့်အသက်အရွယ်

ဆေးထိုးရမည့် အချိန်နှင့် ဆေးထိုးရမည့် အကြိမ်အရေအတွက်သည် ကလေးနှင့်လူကြီးတွင် အောက်ပါအတိုင်း ကွာခြားသည်။

လူကြီးများတွင်

ကာကွယ်ဆေးစတင်ထိုးသည့်ရက်ကို ပထမအကြိမ်သတ်မှတ်၍ နောက်တစ်လအကြာတွင် ဒုတိယ တစ်ကြိမ်နှင့် ခြောက်လအကြာတွင် တတိယ တစ်ကြိမ်၊ စုစုပေါင်း (၃) ကြိမ်ထိုးရန် လိုအပ်သည်။ ကိုယ်ခံအား လျင်မြန်စွာရလိုသူများအတွက် ကာကွယ်ဆေးကို တစ်လခြား တစ်ကြိမ်စီဖြင့် (၃) လဆက်တိုက်ထိုးပြီးနောက် တစ်နှစ်အကြာတွင် ကာကွယ်ဆေး ထပ်မံထိုးပေးနိုင်သည်။

ကလေးငယ်များတွင်

မွေးကင်းစကလေးများသည် ဘီ ပိုးကာကွယ်ဆေးကို သုံးကြိမ် သို့မဟုတ် လေးကြိမ် (အခြားကာကွယ်ဆေးများနှင့် ပေါင်းစပ်ထားပါက) ထိုးရန် လိုအပ်သည်။ မွေးပြီးပြီးချင်း (၂၄) နာရီအတွင်း၌ အသည်းရောင် အသားဝါ ဘီ ပိုး ကာကွယ်ဆေး သီးသန့်တစ်မျိုးတည်းကို ပထမအကြိမ်ထိုးရန် လိုအပ်သည်။ ထို့နောက် အသက် (၂) လ၊ အသက် (၄) လနှင့် အသက် (၆) လတို့တွင် အသည်း‌ရောင် အသားဝါ ဘီ ပိုး ကာကွယ်ဆေးပါဝင်သော ငါးမျိုးစပ်ကာကွယ်ဆေးကို စုစုပေါင်း (၃) ကြိမ် ဆက်လက်ထိုးပေးရန် လိုအပ်သည်။ အကြောင်းအမျိုးမျိုးကြောင့် မွေးပြီးပြီးချင်း (၂၄) နာရီအတွင်း မထိုးဖြစ်ပါကလည်း အသက် (၂) လ၊ (၄) လနှင့် (၆) လတို့တွင် ငါးမျိုးစပ်ကာကွယ်ဆေးကို စုစုပေါင်း (၃) ကြိမ် ထိုးပေးခြင်းဖြင့် ကာကွယ်နိုင်သည်။

မိခင်တွင် ဘီ ပိုးရှိပါက ကလေးမွေးဖွားပြီး (၁၂) နာရီအတွင်း မွေးကင်းစကလေးအား အသည်းရောင် အသားဝါ ဘီ ပိုးကို ချက်ချင်းတိုက်ထုတ်နိုင်သော အထူးပဋိပစ္စည်း (Hepatitis B Immune Globulin – HBIG) နှင့် ပထမအကြိမ် ကာကွယ်ဆေးကိုတွဲ၍ ထိုးပေးရမည်။ ထို့နောက် အသက် (၂) လ၊ အသက် (၄) လနှင့် အသက် (၆) လတို့တွင် ပုံမှန်ကလေးများအတိုင်း ငါးမျိုးစပ်ကာကွယ်ဆေးကို စုစုပေါင်း (၃) ကြိမ် ထပ်မံထိုးပေးနိုင်သည်။ ကလေးအသက် (၉-၁၂) လတွင် ဘီပိုးနှင့် ပဋိပစ္စည်း (HBsAg, Anti-HBs Ab) ပြန်လည်စစ်ဆေးပြီး လိုအပ်ပါက ကာကွယ်ဆေး ပြန်လည်ထိုးရနိုင်သည်။

အသည်းရောင် အသားဝါ ဘီ ပိုး ကာကွယ်ဆေးကို ထိုးရာတွင် ကလေး၏အသက်အရွယ်အပေါ်တွင် မူတည်၍ လက်မောင်း သို့မဟုတ် ပေါင်ရှိ ကြွက်သားနေရာများတွင် ထိုးနှံနိုင်သည်။ လူကြီးများ၌ လက်မောင်းကြွက်သားအတွင်းသို့ ထိုးပေးနိုင်သည်။ အသည်းရောင် အသားဝါ ဘီ ပိုး ကာကွယ်ဆေးကို တင်ပါးတွင် ထိုးခြင်းသည် ကာကွယ်ဆေး၏ အာနိသင်ကို လျော့ကျစေပြီး အာရုံကြော (Sciatic nerve injury) ထိခိုက်မှုကို ဖြစ်ပေါ်စေနိုင်သောကြောင့် တင်ပါးတွင် ဆေးထိုးခြင်း လုံးဝမပြုလုပ်ရပါ။

ဆေး၏အကျိုးအာနိသင်

အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ဆေးထိုးပြီးနောက် ခန္ဓာကိုယ်တွင် ထွက်ရှိလာသော ပဋိပစ္စည်းပမာဏ (anti-HBs antibody) သည် 10 IU/L နှင့်အထက် ထွက်လာသောအခါ ရောဂါကာကွယ်နိုင်သော ကိုယ်ခံစွမ်းအားကို ရရှိသည်။

ပထမအကြိမ် ကာကွယ်‌ဆေးထိုးပြီးသည့်အချိန်တွင် ရောဂါကာကွယ်နိုင်သည့် ကိုယ်ခံစွမ်းအားသည် (၁၆)ရာခိုင်နှုန်း မှ (၄၀)ရာခိုင်နှုန်းအထိ စတင်ရရှိနိုင်သည်။ ဒုတိယအကြိမ် ဆက်လက်ဆေးထိုးခြင်းဖြင့် ကာကွယ်နိုင်စွမ်းအားကို သိသိသာသာ မြင့်တက်လာစေပြီး၊ တတိယအကြိမ်မြောက်ထိုးသည့် ကာကွယ်ဆေးသည် ထပ်ဆောင်းထိုးဆေးအနေဖြင့် လုပ်ဆောင်ပေးသည်။ ဤသို့ဖြင့် ကာကွယ်နိုင်စွမ်းအားကို (၉၅) ရာခိုင်နှုန်းထိ မြင့်တက်လာစေပြီး၊ ခန္ဓာကိုယ်တွင်း ကိုယ်ခံစွမ်းအားကို ဖြစ်ပေါ်စေသည့် ပဋိပစ္စည်းပမာဏကို ပိုမိုမြင့်တက်စေသည့်အပြင် ထိုပဋိပစ္စည်းများကို ပိုမိုကောင်းမွန်စွာ ကြာရှည်ထိန်းသိမ်းထားနိုင်ရန် လုပ်ဆောင်ပေးသည်။

သို့သော် ကာကွယ်ဆေးထိုးပြီးသူများ၏ (၅)ရာခိုင်နှုန်း မှ (၁၀)ရာခိုင်နှုန်းခန့်သည် ကာကွယ်ဆေးကို တုံပြန်မှုမရှိသူများ ဖြစ်နိုင်ခြေရှိသည်။ ထို့ကြောင့် ကာကွယ်ဆေးကို တုံပြန်မှု ရှိမရှိ သိရှိနိုင်ရန် နောက်ဆုံးအကြိမ် ကာကွယ်ဆေးထိုးပြီးနောက် တစ်လ မှ နှစ်လခန့်အကြာတွင် သွေးတွင်းရှိ ပဋိပစ္စည်းပမာဏ (anti-HBs Ab level) ကို တိုင်းတာကြည့်နိုင်သည်။ ထိုအချိန်တွင် သွေးတွင်းပဋိပစ္စည်းပမာဏသည် 10 IU/ L နှင့်အထက်ဖြစ်ပါက ရောဂါကို ကာကွယ်ပေးနိုင်သော ကိုယ်ခံစွမ်းအားရရှိနေပြီဖြစ်သောကြောင့် သွေးတွင်း ပဋိပစ္စည်းပမာဏကို ပုံမှန်အားဖြင့် နောက်တစ်ကြိမ် ထပ်မံတိုင်းတာရန် မလိုအပ်ပါ။

အသည်းရောင် အသားဝါ ဘီ ပိုး ကာကွယ်ဆေးကို အကြိမ်ရေ အပြည့်အဝထိုးထားပါက ကာကွယ်ဆေးကို တုံ့ပြန်မှုရရှိသူများ၏ (၉၀) ရာခိုင်နှုန်းကျော်တွင် အနည်းဆုံး အနှစ် (၂၀-၃၀)ခန့် ကာကွယ်ပေးနိုင်သည်။ ထို့ကြောင့် အသည်းရောင် အသားဝါ ဘီ ပိုး ကာကွယ်ဆေးကို ကျန်းမာရေးကောင်းသူ အများစုတွင် ပုံမှန်အားဖြင့် ထပ်ဆောင်းကာကွယ်ဆေး (Booster doses) များထိုးရန် မလိုအပ်ပါ။ သို့သော် အခါအားလျော်စွာ သွေးတွင်းပဋိပစ္စည်းပမာဏကို ထပ်မံစစ်ဆေး၍ 10 IU/L အောက်ကျဆင်းနေပါက ထပ်ဆောင်းကာကွယ်ဆေး ထိုးပေးရန် လိုအပ်သော အခြေအနေများမှာ အောက်ပါအတိုင်းဖြစ်သည်။

လူကြီးများတွင်
  • အကြောင်းအမျိုးမျိုးကြောင့် ခုခံအားကျဆင်းသူများ (Immunocompromised persons)
  • နာတာရှည်ကျောက်ကပ်ရောဂါ ခံစားနေရသူများ (Chronic renal disease)
ကလေးငယ်များတွင်
  • အသည်းရောင် အသားဝါ ဘီ ပိုးရှိသော မိခင်မှ မွေးဖွားသော ကလေးများ (Infants born to HBsAg positive mother)
  • ကိုယ်ခံအားကျဆင်းသူများ (Immunocompromised persons) နှင့်
  • ကျောက်ကပ်ပုံမှန်ဆေးနေရသူများ (Hemodialysis patients) တို့ဖြစ်ကြသည်။
ကာကွယ်ဆေးကို တုံ့ပြန်မှုမရှိသူများ (Vaccine non-responder)

ကာကွယ်ဆေးထိုးပြီးနောက် အထက်တွင် ဖော်ပြထားသော ကာကွယ်ဆေး၏ အကျိုးအာနိသင်ကို မရရှိသူများအား ကာကွယ်ဆေးကို တုံ့ပြန်မှုမရှိသူများ ဟုခေါ်သည်။

ကာကွယ်ဆေးတုံ့ပြန်မှု မရရှိသူများတွင် အသည်းရောင် အသားဝါ ဘီ ပိုး ကာကွယ်ဆေးကို နောက်ထပ် (၃) ကြိမ် ထပ်မံထိုးပေးခြင်းဖြင့် (၅၀) ရာခိုင်နှုန်းခန့်တွင် တုံ့ပြန်မှုရရှိနိုင်သည်။ ထို့အပြင် တုံ့ပြန်မှုမရှိသူများတွင် ကာကွယ်ဆေး၏ အကျိုးအာနိသင် ရရှိ‌အောင် ပြုလုပ်နိုင်သော အခြားနည်းလမ်းများလည်းရှိသည်။

  • အသည်း‌ရောင် အသားဝါ ဘီ ပိုး ကာကွယ်ဆေးထိုးသည့် ဆေးပမာဏကို နှစ်ဆတိုး၍ (၃) ကြိမ် သို့မဟုတ် (၄) ကြိမ် ထပ်မံထိုးခြင်း
  • ကာကွယ်ဆေးကို အရေပြားအောက်သို့ ထိုးပေးခြင်း
  • အသစ်ထုတ်လုပ်ထားသော ကာကွယ်ဆေး အမျိုးအစားများကို အသုံးပြုခြင်းတို့ဖြစ်ကြသည်။
ဘေးထွက်ဆိုးကျိုးများ

ယေဘုယျအားဖြင့် အသည်းရောင် အသားဝါ ဘီ ပိုး ကာကွယ်ဆေးသည် အန္တရာယ်ကင်းသော ကာကွယ်ဆေးအမျိုးအစားဖြစ်ပြီး ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ အလွန်အဖြစ်နည်းသည်။

ဖြစ်ပေါ်နိုင်သော သာမန်ဘေးထွက်ဆိုးကျိုးများမှာ_

  • ဆေးထိုးသောနေရာတွင် နာခြင်း၊ နီရဲခြင်း၊ ရောင်ခြင်း
  • ကိုယ်အပူချိန်တက်ခြင်း
  • ခေါင်းကိုက်ခြင်း
  • နုံးနယ်ခြင်းတို့ ဖြစ်ကြသည်။

အချုပ်အားဖြင့်ဆိုရသော် အသည်းရောင်အသားဝါ ဘီ ပိုး ကာကွယ်ဆေးသည် ဘေးထွက်ဆိုးကျိုးနည်းပြီး အန္တရာယ်ကင်း၍ စိတ်ချစွာ ထိုးနှံနိုင်သောဆေးဖြစ်သည်။ ကာကွယ်ဆေးကို သတ်မှတ်ထားသည့်အတိုင်း စနစ်တကျထိုးနှံပါက ရောဂါကာကွယ်နိုင်သော ကိုယ်ခံစွမ်းအား အပြည့်အဝရရှိစေသောဆေးဖြစ်သည်။

References:

  1. Centers for Disease Control and Prevention. (n.d.). Vaccines for Children (VFC) program: Vaccines provided. Retrieved April 26, 2026, from https://www.cdc.gov/vaccines-for-children/hcp/vaccines-provided/
  2. Centers for Disease Control and Prevention. (2025). Hepatitis B vaccination. Retrieved April 26, 2026, from https://www.cdc.gov/hepatitis-b/vaccination/index.html
  3. Immunize.org. (n.d.). Hepatitis B facts: Testing and vaccination. Retrieved April 26, 2026, from https://www.immunize.org/clinical/a-z/hepb-facts-testing-vaccination/
  4. World Health Organization. (2025). Hepatitis B is preventable with safe and effective vaccines. Retrieved April 26, 2026, from https://www.who.int/southeastasia/activities/hepatitis-b-is-preventable-with-safe-and-effective-vaccines
  5. Government of Canada. (n.d.). Canadian immunization guide: Hepatitis B vaccine. Retrieved April 26, 2026, from https://www.canada.ca/en/public-health/services/publications/healthy-living/canadian-immunization-guide-part-4-active-vaccines/page-7-hepatitis-b-vaccine.html
  6. World Health Organization. (2020). Overview of viral hepatitis in the South-East Asia Region. Retrieved April 26, 2026, from https://cdn.who.int/media/docs/default-source/searo/hiv-hepatitis/training-modules/01b-overview-viral-hepatitis-southeast-asia-region-jan-2020.pdf

Published: 24 April 2024

Last updated: 2 May 2026

Share

26 April 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.