ရေကျောက်ကာကွယ်ဆေး (Varicella vaccine) သည် ရေကျောက်ဗိုင်းရပ်စ်ပိုး (Chickenpox virus) ကြောင့် ဖြစ်ပွါးသော ရေကျောက်ရောဂါအတွက် ကာကွယ်ဆေးဖြစ်သည်။ ရေကျောက်ရောဂါသည် ကလေးများတွင် အတွေ့ရများသော်လည်း အသက်အရွယ်မရွေးဖြစ်ပွါးနိုင်သည်။ ရေကျောက်ရောဂါရှိသူ၏ အရေပြားအဖု၊ အနာများမှထွက်သော သားငံရည်များနှင့် ထိတွေ့မိခြင်း၊ ရောဂါရှိသူ နှာချေ၊ ချောင်းဆိုးရာမှထွက်သော အမှုန်အမွှားများနှင့် ထိတွေ့ခြင်းများမှတစ်ဆင့် လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်သည်။
ရေကျောက်ရောဂါ ကူးစက်ခံရသူအများစုတွင် ပြင်းထန်သောလက္ခဏာများနှင့် နောက်ဆက်တွဲပြဿနာများမရှိဘဲ အလိုအလျောက် သက်သာပျောက်ကင်းနိုင်သည်။ သို့သော် အချို့တွင် ရောဂါလက္ခဏာ ပြင်းထန်ခြင်း၊ နောက်ဆက်တွဲဆိုးကျိုးများခံစားရခြင်း (ဥပမာ _ ဦးနှောက်အာရုံကြောရောင်ခြင်း၊ အဆုတ်ရောင်ခြင်း) စသည်တို့ဖြစ်နိုင်သည်။ အထူးသဖြင့် ပေါင်မပြည့်၊ လမစေ့မွေးသော ကလေးများနှင့် ကိုယ်ခံအားစနစ် အားနည်းနေသူများတွင် ပိုမိုတွေ့ရတတ်သည်။ ထိုအခြေအနေများကို ကာကွယ်ရန် ရေကျောက်ကာကွယ်ဆေးကို ထိုးထားသင့်သည်။
ကာကွယ်ဆေးအမျိုးအစားများ
ရေကျောက်ကာကွယ်ဆေးသည် ဗိုင်းရပ်စ်ပိုးအရှင်၏ အစိတ်အပိုင်းကို ပြုပြင်ပြောင်းလဲ၍ ထုတ်လုပ်ထားသော ကာကွယ်ဆေး (Live Vaccine) ဖြစ်သည်။ စျေးကွက်တွင် ရေကျောက်ကာကွယ်ဆေး အမျိုးအစားနှစ်မျိုး ထုတ်လုပ်ထားသည်။
- ရေကျောက်ရောဂါပိုးတစ်မျိုးတည်းအတွက် သီးသန့်ထုတ်လုပ်ထားသော ကာကွယ်ဆေး (Valirix, Valivax)
- ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုး ကာကွယ်ဆေးများနှင့် ပေါင်းစပ်ထုတ်လုပ်ထားသော လေးမျိုးစပ်ကာကွယ်ဆေး (MMRV vaccine – ProQuad/Priorix-Tetra) တို့ဖြစ်သည်။
ဆေးသယ်ဆောင်သိမ်းဆည်းပုံ
ကာကွယ်ဆေးများအား သေချာစွာ ထိန်းသိမ်းခြင်းနှင့် ကိုင်တွယ်အသုံးပြုခြင်းသည် ကာကွယ်ဆေးများ၏ အာနိသင်အပြည့်အဝ ရရှိရေးအတွက် အလွန်အရေးကြီးသည်။ ယေဘုယျအားဖြင့်_
- ကာကွယ်ဆေးများကို ဆေးဘူးပေါ်ရှိ သက်တမ်းကုန်ဆုံးရက်မတိုင်မီ အသုံးပြုရမည်
- ကာကွယ်ဆေးကို ရေခဲသေတ္တာ အပူချိန် (၂-၈) ဒီဂရီစင်တီဂရိတ်အတွင်း၌ သိမ်းဆည်းထားရမည်၊ အေးခဲထားခြင်း မပြုလုပ်ရပါ
- ကာကွယ်ဆေးအား မူလထုပ်ပိုးမှုအတိုင်း သိမ်းဆည်းရမည်
- အလင်းရောင်နှင့် တိုက်ရိုက်ထိတွေ့သော နေရာများတွင် မထားရပါ
- ကာကွယ်ဆေးများကို ဖျော်စပ်ရာတွင် မူလထုပ်ပိုးမှုတွင်ပါရှိသည့် ဆေးရည်ဖြင့်သာ ဖျော်ရမည်၊ အသုံးပြုရန် ညွှန်ကြားထားသော ပမာဏအတိုင်း ဖျော်စပ်ရမည်
- ကာကွယ်ဆေးများကို ဖောက်ပြီး၊ ဖျော်စပ်ပြီးလျှင် ချက်ချင်း သို့မဟုတ် သတ်မှတ်အချိန်အတွင်း (အထူးသဖြင့် အကြိမ်များစွာ ထိုးနှံနိုင်သော Multidose အမျိုးအစားများအတွက်) အသုံးပြုရမည်၊ အသုံးပြုရာတွင် သတ်မှတ်ထားသော အပူချိန်အတွင်း ထားရှိအသုံးပြုရမည်
- သက်တမ်းလွန်နေသော၊ သတ်မှတ်ချိန်ထက် ကျော်လွန်သွားသော၊ အေးခဲသွားသော၊ အနည်ကျနေသော၊ အရောင်ပြောင်းသွားသော ကာကွယ်ဆေးများကို လုံးဝအသုံးမပြုဘဲ စွန့်ပစ်ရမည်
- ကာကွယ်ဆေး သိုလှောင်၊ သယ်ဆောင်၊ သုံးစွဲသည့် အဆင့်တိုင်းတွင် ရောဂါပိုးကူးစက်မှု ကာကွယ်ခြင်းနည်းနာများကို အတိအကျ လိုက်နာကျင့်သုံးရမည်
ကာကွယ်ဆေးများကို ဘေးအန္တရာယ်ကင်းရှင်းစွာနှင့် အထိရောက်ဆုံးကာကွယ်မှုရရှိစေရန် သက်ဆိုင်ရာကာကွယ်ဆေးအလိုက် ထုတ်လုပ်သူများ၏ ညွှန်ကြားချက်များကို အတိအကျ လိုက်နာရမည်။
ရေကျောက်ကာကွယ်ဆေး ထိုးရန်လိုအပ်သည့် အခြေအနေများ
ရေကျောက်ကာကွယ်ဆေးကို ရေကျောက်ရောဂါဖြစ်ပွါးဖူးခြင်း မရှိပါက လူတိုင်း နှစ်ကြိမ်အပြည့် ထိုးသင့်သည်။ အထူးသဖြင့်_
- ကလေးငယ်များ (အသက်တစ်နှစ်မှစ၍ ထိုးနိုင်သည်)
- ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ
- နေ့ကလေးစောင့်ရှောက်ရေးဌာနများနှင့် ကျောင်းများတွင် အလုပ်လုပ်သူများ
- ဘိုးဘွားဂေဟာများတွင် နေထိုင်သူများ၊ အလုပ်လုပ်သူများ
- တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ
- ကလေးမွေးဖွားနိုင်သော အသက်အရွယ်အပိုင်းအခြားအတွင်းရှိသည့် အမျိုးသမီးများ
- စစ်တပ်၊ အကျဥ်းထောင်၊ လူငယ်ထိန်းသိမ်းရေးကျောင်းစသည့် လူဦးရေထူထပ်သောနေရာများ
- ကိုယ်ဝန်ဆောင်နိုင်သည့်အသက်အရွယ်ရှိသော အမျိုးသမီးများ
- ကမ္ဘာလှည့်ခရီးသွားသူများ
- ကိုယ်ခံအားစနစ် အားနည်းနေသူများကို အနီးကပ်ပြုစုစောင့်ရှောက်သူများတွင် ပို၍ထိုးသင့်သည်။
ရေကျောက်ကာကွယ်ဆေး မထိုးသင့်သောသူများ
- ကာကွယ်ဆေးနှင့် ပြင်းထန်ဓာတ်မတည့်မှု ဖြစ်ဖူးသူများ
- ကိုယ်ဝန်ဆောင်မိခင်များ
- အသက် (၉) လအောက် ကလေးများ
- မွေးရာပါ ကိုယ်ခံအားချို့တဲ့သော ရောဂါရှိသည့် ကလေးများ
- HIV ပိုးကြောင့် ကိုယ်ခံအားချို့တဲ့သော ကလေးများ
- စတီးရွိုက်အပါအဝင် ကိုယ်ခံအားကျဆင်းစေသောဆေးဝါးများကို ရေရှည်သောက်သုံးနေသူများ
- လတ်တလော (လွန်ခဲ့သောသုံးလအတွင်း) သွေးအပါအဝင် သွေးနှင့်ဆက်စပ်သော ပစ္စည်းများ၊ Immunoglobulin ဆေးသွင်းထားသူများတွင် ရေကျောက်ကာကွယ်ဆေးထိုးရန် မသင့်တော်ပေ။
ဆေးထိုးရမည့် အချိန်နှင့်အသက်အရွယ်
ရေကျောက်ကာကွယ်ဆေးကို ကလေးများတွင် အသက်တစ်နှစ်မှစ၍ စုစုပေါင်းနှစ်ကြိမ် ထိုးပေးနိုင်သည်။ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဥ်အရ
- အသက် (၁၂)လ မှ (၁၅)လကြားတွင် ပထမအကြိမ်
- အသက် (၄)နှစ် မှ (၆)နှစ်ကြားတွင် ဒုတိယအကြိမ် ထိုးပေးနိုင်သည်။
ရေကျောက်တစ်မျိုးတည်းအတွက် ကာကွယ်ဆေးအပြင် လေးမျိုးစပ်ကာကွယ်ဆေး MMRV ကိုလည်း အထက်ပါအတိုင်း ထိုးနိုင်သည်။ အကယ်၍ ပုံမှန်ဆေးထိုးအစီအစဥ်အရမဟုတ်ဘဲ နောက်ကျနေပါက အသက် (၁၂) နှစ်မတိုင်မီတွင် ကာကွယ်ဆေးနှစ်ကြိမ်ကို သုံးလစီခြား၍ ထိုးနိုင်သည်။
အသက် (၁၃) နှစ်နှင့်အထက် ကလေးများနှင့် လူကြီးများတွင် ကာကွယ်ဆေးမထိုးဖူးပါက ရေကျောက်ကာကွယ်ဆေးကို (၂) လခြား၍ နှစ်ကြိမ်ထိုးပေးနိုင်သည်။ လေးမျိုးစပ်ကာကွယ်ဆေး MMRV ကို အသက် (၁၂) နှစ်အထက်တွင် အသုံးမပြုပါ။
ရေကျောက်ကာကွယ်ဆေးသည် မြန်မာနိုင်ငံ၏ ပုံမှန်ကာကွယ်ဆေးထိုးစီမံချက်တွင် မပါဝင်သော်လည်း ကလေးများအတွက် အပိုထပ်ဆောင်းကာကွယ်ဆေးအဖြစ် ပြင်ပပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများတွင် ဝယ်ယူ၍ ထိုးပေးနိုင်သည်။
သုံးစွဲပုံနည်းလမ်းများ
ရေကျောက်ကာကွယ်ဆေးကို လက်မောင်း သို့မဟုတ် ပေါင် ကြွက်သားအတွင်းသို့ဖြစ်စေ၊ အရေပြားအောက်သို့ ရှပ်၍ဖြစ်စေ ထိုးပေးနိုင်သည်။ အခြားကာကွယ်ဆေးများနှင့် တွဲ၍ ထိုးနှံလိုပါကလည်း ခန္ဓာကိုယ်၏ မတူညီသော နေရာများ၌ တစ်ရက်တည်း အတူတကွထိုးနှံနိုင်သည်။
ဆေးမထိုးမီသိရှိရမည့်အချက်များ
- ကာကွယ်ဆေးထိုးမည့်နေ့တွင် အဖျားရှိနေပါက ဆေးမထိုးမီ မိသားစုဆရာဝန်၊ ကလေးအထူးကုဆရာဝန်များနှင့် ဦးစွာတိုင်ပင်သင့်သည်
- လွန်ခဲ့သော (၄) ပတ်အတွင်း ပိုးအရှင်၏ အစိတ်အပိုင်းမှတစ်ဆင့် ထုတ်လုပ်ထားသော အခြားကာကွယ်ဆေးများ (Live vaccine) ထိုးထားပါက ရေကျောက်ကာကွယ်ဆေးကို ချက်ချင်းမထိုးသင့်ပါ၊ မူလထိုးထားသော ကာကွယ်ဆေးနှင့် အနည်းဆုံး (၄) ပတ်ခြားပြီးမှ ထိုးသင့်သည်
- ရေကျောက်ကာကွယ်ဆေးထိုးပြီး နောက်နှစ်ပတ်အတွင်း သွေး သို့မဟုတ် သွေးနှင့်ဆက်စပ်သောဆေးများကို မလိုအပ်ဘဲ သွင်းခြင်းကိုရှောင်ကြဥ်ရမည်၊ ထို့အပြင် ကာကွယ်ဆေးထိုးပြီး ခြောက်ပတ်အတွင်း အက်စ်ပရင် (Aspirin) ကဲ့သို့ ဆေးဝါးများ သောက်သုံးခြင်းကိုလည်း ရှောင်ကြဥ်ရမည်
- ရေကျောက်ကာကွယ်ဆေးထိုးထားသူများထံမှတစ်ဆင့် အခြားသူများထံသို့ ရေကျောက်ရောဂါပိုး ကူးစက်ခံရနိုင်ခြေလည်းရှိသည်၊ ဥပမာ_ ကိုယ်ခံအားချို့တဲ့သူများ၊ ရေကျောက်ရောဂါမဖြစ်ပွါးဖူးသော သို့မဟုတ် ကာကွယ်ဆေးတစ်ကြိမ်မျှ မထိုးဖူးသော ကိုယ်ဝန်ဆောင်မိခင်များ၊ ထိုမိခင်များမှ မွေးဖွားသော မွေးကင်းစကလေးငယ်များ စသည်တို့ဖြစ်သည်၊ ထို့ကြောင့် ရေကျောက်ကာကွယ်ဆေး ထိုးထားသူများသည် အထက်ပါအခြေအနေရှိသူများနှင့် အနည်းဆုံး (၆) ပတ်ခန့် နီးကပ်စွာနေထိုင်ခြင်း မပြုသင့်ပါ
- ကိုယ်ဝန်ဆောင်နိုင်သည့် အသက်အရွယ်ရှိသော အမျိုးသမီးများအနေဖြင့် ရေကျောက်ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသည့်နောက် အနည်းဆုံး တစ်လခြားပြီးမှ ကိုယ်ဝန်ယူသင့်သည်။
- လွန်ခဲ့သော သုံးလအတွင်း သွေးသွင်းကုသမှုခံယူထားသူများသည် သုံးလကျော်မှသာ ကာကွယ်ဆေးထိုးသင့်သည်၊ Immunoglobulin ဆေးသွင်း၍ ကုသမှုခံယူထားသူများတွင်မူ ဆေးအမျိုးအစားပေါ် မူတည်ပြီး (၃)လ မှ (၁၁)လ ခြားပြီးမှသာ ကာကွယ်ဆေးထိုးသင့်သည်
- ရောဂါအခံကြောင့် စတီးရွိုက်သောက်ဆေးများ ကြာရှည်စွာစွဲသောက်နေရသူများတွင် ကုသမှုပြီးဆုံး၍ ဆေးများရပ်ပြီးနောက် တစ်လအကြာတွင် ကာကွယ်ဆေးများ ပြန်လည်ထိုးပေးနိုင်သည်
- ကင်ဆာရောဂါရှိသောကလေးများတွင်လည်း ကင်ဆာကုသမှုများ လုံးဝပြီးမြောက်ပြီးနောက် တစ်နှစ်အကြာတွင် ကာကွယ်ဆေးများ ပုံမှန်ပြန်လည်ထိုးနိုင်သည်
- HIV ပိုးရှိသော ကလေးများတွင် ART ပိုးထိန်းဆေးကို ပုံမှန်သောက်သုံးနေပြီး CD4 ဆဲလ်ပမာဏ (၂၀၀) နှင့်အထက်တွင် ရှိနေပါက ရေကျောက်ကာကွယ်ဆေး ထိုးနိုင်သည်
ရေကျောက်ကာကွယ်ဆေး၏ အကျိုးအာနိသင်
ရေကျောက်ကာကွယ်ဆေးသည် ရေကျောက်ရောဂါကို ရာခိုင်နှုန်းပြည့် မကာကွယ်နိုင်သော်လည်း ကာကွယ်ဆေးထိုးထားခြင်းဖြင့် ပြင်းထန်သော ရေကျောက်လက္ခဏာများကို ရာနှုန်းပြည့်နီးပါး ကာကွယ်နိုင်သည်။
- ကလေးများတွင်
- ကာကွယ်ဆေးတစ်ကြိမ်ထိုးလျှင် ရေကျောက်ရောဂါကို (၈၂%) ခန့် ကာကွယ်နိုင်သည်
- နှစ်ကြိမ်အပြည့်ထိုးထားလျှင် (၉၈%) အထိ ကာကွယ်နိုင်သည်
- လူကြီးများတွင်
- နှစ်ကြိမ်အပြည့်ထိုးပါက (၇၅%) ခန့် ရောဂါကာကွယ်နိုင်သည်
ကာကွယ်ဆေးထိုးထားသူတစ်ဦးသည် ရေကျောက်ရောဂါဖြစ်ပေါ်သူတစ်ဦးနှင့် ထိတွေ့မှုရှိပြီး ရေကျောက် ကူးစက်ခံရပါက ရောဂါလက္ခဏာများ အနည်းငယ်သာပြ၍ ပြန်လည်သက်သာသွားနိုင်သည်။ သို့သော် ကာကွယ်ဆေးမရရှိထားသူများတွင်မူ လက္ခဏာများ ဆိုးဝါးတတ်ပြီး နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သည်။ ထို့ကြောင့် ရေကျောက်ကာကွယ်ဆေးထိုးခြင်းသည် ရောဂါပြင်းထန်မှုကို လျှော့ချရန်နှင့် နောက်ဆက်တွဲဆိုးကျိုးများကို ကာကွယ်ရန် အရေးကြီးသော နည်းလမ်းတစ်ခုဖြစ်သည်။
ဘေးထွက်ဆိုးကျိုးများ
ယေဘုယျအားဖြင့် ရေကျောက်ရောဂါကာကွယ်ဆေးထိုးခြင်းကြောင့် ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လေ့မရှိပါ။ ကာကွယ်ဆေးများ၏ သာမန်ဘေးထွက်ဆိုးကျိုးများသာ တွေ့နိုင်ပြီး အများအားဖြင့် ရက်ပိုင်းအတွင်း သက်သာသွားနိုင်သည်။
အဖြစ်များသော ဘေးထွက်ဆိုးကျိုးများမှာ_
- ဆေးထိုးသည့်နေရာတွင် နာခြင်း၊ အောင့်ခြင်း
- ဆေးထိုးထားသည့် နေရာတစ်ဝိုက် ရောင်ရမ်းခြင်း
- အဖျားတက်ခြင်း
- အရိုးအဆစ်များနာခြင်း၊ ကိုက်ခြင်း စသည်တို့ဖြစ်သည်။
ရှားပါးသော်လည်း တစ်ခါတစ်ရံ ရေကျောက်ကဲ့သို့ အနီစက်များထွက်ခြင်း၊ အဖျားကြီး၍ တက်ခြင်း၊ အဆုတ်အအေးမိလက္ခဏာများ ပေါ်လာခြင်း၊ လည်ချောင်းနာခြင်း၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း စသည့်လက္ခဏာများလည်း တွေ့ရတတ်သည်။
နာကျင်ခြင်း၊ မအီမသာဖြစ်ခြင်းများရှိပါက ဆရာဝန်နှင့် တိုင်ပင်၍ ပါရာစီတမောကဲ့သို့ ဆေးဝါးများ သောက်နိုင်သည်။ ကာကွယ်ဆေးထိုးထားသည့်နေရာတွင် နာကျင်ခြင်း၊ ရောင်ရမ်းခြင်း လျော့နည်းစေရန် ရေနွေးနွေးဖြင့်စိမ်ထားသော အဝတ်ဖြင့်ကပ်ပေးခြင်း၊ ရေနွေးအိတ်ကပ်ပေးခြင်းတို့ကို ပြုလုပ်ပေးနိုင်သည်။
References:
- Centers for Disease Control and Prevention. (2024). Chickenpox vaccination. Retrieved March 9, 2026, from https://www.cdc.gov/chickenpox/vaccines/index.html
- Centers for Disease Control and Prevention. (2021). Varicella (chickenpox) vaccination: Information for healthcare professionals. Retrieved March 9, 2026, from https://www.cdc.gov/vaccines/vpd/varicella/hcp/about-vaccine.html
- Cleveland Clinic. (n.d.). Chickenpox vaccine. Retrieved March 9, 2026, from https://my.clevelandclinic.org/health/treatments/22136-chickenpox-vaccine
- National Health Service. (n.d.). Chickenpox vaccine. Retrieved March 9, 2026, from https://www.nhs.uk/vaccinations/chickenpox-vaccine/
- Centers for Disease Control and Prevention. (2025). Varicella (chickenpox) vaccine: What you need to know. Retrieved March 9, 2026, from https://www.cdc.gov/vaccines/hcp/current-vis/varicella.html
- Centers for Disease Control and Prevention. (2025). MMRV vaccine: What you need to know. Retrieved March 9, 2026, from https://www.cdc.gov/vaccines/hcp/current-vis/mmrv.html
Published: 17 March 2025
Last updated: 24 April 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.