ကလေးများ၌ လေဖြတ်ခြင်းသည် ဦးနှောက်၏ အချို့သောနေရာ အစိတ်အပိုင်းများသို့ သွေးစီးဆင်းမှု လျော့နည်းသွားခြင်း သို့မဟုတ် ပြတ်တောက်သွားခြင်းကြောင့်ဖြစ်သည်။ သွေးစီးဆင်းမှုပြတ်တောက်ခြင်းတွင် သွေးခဲဖြင့်ပိတ်ခြင်းအပြင် သွေးကြောပေါက်ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ ထိုသို့ဖြစ်ပါက ဦးနှောက်သို့ အောက်ဆီဂျင်ရောက်ရှိမှု လျော့နည်းသွားပြီး သက်ဆိုင်ရာ ဦးနှောက်အစိတ်အပိုင်း အလုပ်မလုပ်နိုင်ခြင်းကို လေဖြတ်ခြင်းဟုခေါ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
လေဖြတ်ခြင်းသည် အသက်အရွယ်မရွေး ဖြစ်ပွါးတတ်သော်လည်း ကလေးများတွင် အတွေ့ရနည်းသည်။ ကလေးများတွင် လေဖြတ်ခြင်းဖြစ်စေနိုင်သည့် အခြေခံအကြောင်းရင်း (၂) မျိုးရှိသည်။ ၎င်းတို့မှာ_
- ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်း (Ischaemic Stroke)
- ဦးနှောက်သွေးကြောပေါက်၍ လေဖြတ်ခြင်း (Haemorrhagic Stroke) တို့ဖြစ်သည်။
ကလေးများတွင် ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်းဖြစ်စေသော အကြောင်းရင်းများ
- နှလုံးရောဂါများ
- မွေးရာပါနှလုံးရောဂါ (ဥပမာ – Tetralogy of Fallot ကဲ့သို့ နှလုံးတွင်း အောက်ဆီဂျင်နည်းသော ရောဂါများ)
- နှလုံးခုန်နှုန်းမမှန်ခြင်း (ဥပမာ – Atrial fibrillation)
- နှလုံးခွဲစိတ်ကုသမှု ပြုလုပ်ထားခြင်း
- သွေးရောဂါများ
- ဆစ်ကယ်လ်ဆဲလ် သွေးအားနည်းရောဂါ (Sickle cell disease)
- သွေးခဲခြင်းဆိုင်ရာ ရောဂါများ (ဥပမာ – Protein C/S ချို့တဲ့ခြင်း၊ Antithrombin III ချို့တဲ့ခြင်း၊ Factor V Leiden mutation)
- သွေးနီဥများ၍ သွေးပျစ်ခြင်း (Polycythemia)
- ပိုးဝင်ခြင်းများ
- ဦးနှောက်အမြှေးရောင်ခြင်း (Meningitis)
- ဦးနှောက်ရောင်ခြင်း (Encephalitis)
- ပိုးဆိပ်ပျံ့နှံ့ခြင်း (Sepsis)
- ရေကျောက်ရောဂါ (Chicken pox)
- သွေးကြောဆိုင်ရာ ပြဿနာများ
- သွေးကြောအတွင်းနံရံများစုတ်ပြဲခြင်း (Arterial dissection) (ဥပမာ _ ထိခိုက်ဒဏ်ရာရခြင်း၊ Marfan syndrome၊ Ehlers-Danlos syndrome)
- မိုရာမိုရာသွေးကြောကျဉ်းရောဂါ (Moyamoya disease)
- ဦးနှောက်သွေးကြောရောင်ရမ်းခြင်း (Cerebral vasculitis) [ဥပမာ _ ကာဝါဆာကီရောဂါ (Kawasaki disease)၊ Primary CNS vasculitis]
- ဦးနှောက်သွေးပြန်ကြောများ သွေးကြောပိတ်ခြင်း (Cerebral venous sinus thrombosis)
- ဇီဝကမ္မနှင့် မျိုးဗီဇဆိုင်ရာရောဂါများ
- Mitochondrial ရောဂါများ
- Homocystinuria ရောဂါ
- Fabry ရောဂါ
- မွေးကင်းစနှင့် ကလေးငယ်များတွင် ဖြစ်ပေါ်သော အခြေအနေများ
- မွေးကင်းစကလေး အောက်ဆီဂျင် ပြတ်တောက်ခြင်း (Birth asphyxia)
- မွေးကင်းစ လေဖြတ်ခြင်း (ဥပမာ _ သန္ဓေသားအာဟာရချို့တဲ့ခြင်း၊ သွေးခဲခြင်းဆိုင်ရာ ရောဂါများ၊ မွေးရာပါနှလုံးရောဂါများ)
- မိခင်ကိုယ်ဝန်ဆိပ်တက်ခြင်း (Preeclampsia and Eclampsia)
- ကိုယ်ခံအားတုံ့ပြန်မှုလွန်ကဲခြင်းဆိုင်ရာ ရောဂါများ
- Systemic lupus erythematosus (SLE)
- Antiphospholipid syndrome
- ဆေးဝါးနှင့် မူးယစ်ဆေးသုံးစွဲခြင်း
- ကိုကင်း သို့မဟုတ် Amphetamines သုံးစွဲခြင်း (ကလေးများတွင် ရှားသော်လည်း ဆယ်ကျော်သက်များတွင် ဖြစ်နိုင်သည်)
- ကင်ဆာဆေးသွင်းခြင်း သို့မဟုတ် ဓာတ်ရောင်ခြည်ကုထုံးများ
- ဦးနှောက်အကျိတ်များ
- ဦးနှောက်အကျိတ်များသည် သွေးကြောများကို ဖိမိခြင်း သို့မဟုတ် သွေးခဲခြင်းကို ဖြစ်စေနိုင်သည်
ဤအကြောင်းရင်းများသည် ဦးနှောက်သွေးကြောပိတ်ဆို့ခြင်းကို ဖြစ်စေနိုင်ပြီး၊ ကလေးများတွင် လေဖြတ်ခြင်းကို ဖြစ်ပေါ်စေနိုင်သည်။
ကလေးများတွင် ဦးနှောက်သွေးကြောများပေါက်ခြင်းကြောင့် လေဖြတ်ခြင်းဖြစ်ပေါ်စေသော အကြောင်းရင်းများ
- သွေးကြောဖောင်းခြင်း (Aneurysm)
- သွေးလွှတ်ကြော၊ သွေးပြန်ကြောတည်ဆောက်ပုံမမှန်ခြင်း (Arteriovenous malformation)
- သွေးကြောထုံးများဖြစ်ခြင်း (Cavernous Malformation or Cavernoma)
- ဦးခေါင်းနှင့်ဦးနှောက် ထိခိုက်မိခြင်း
- သွေးမတိတ်သောရောဂါရှိခြင်း (ဥပမာ – Haemophilia, Von Willebrand, ဗီတာမင် ကေ ချို့တဲ့ခြင်း)
- သွေးတိုးရောဂါရှိခြင်း
- ဦးနှောက်အကျိတ်ပေါက်ထွက်ခြင်း (Tumour rupture)
- ပေါင်မပြည့်၊ လမစေ့ ကလေးများတွင် ဦးနှောက်အတွင်းရှိ ရေအိတ်တွင်းသွေးယိုခြင်း စသည်တို့ဖြစ်သည်။
ကလေးသူငယ်များတွင် လေဖြတ်နိုင်ခြေကို မြင့်မားစေသော အကြောင်းရင်းများ (Risk factors)
- နှလုံးခုန်နှုန်း မမှန်ခြင်း (Arrhythmias)
- မွေးရာပါ နှလုံးရောဂါရှိခြင်း (Congenital heart disease)
- ဆီးချိုရောဂါ (Diabetes)
- သွေးတိုးရောဂါ (High blood pressure)
- အဝလွန်ခြင်း (Obesity)
- သွေးခဲလွယ်သောရောဂါ သို့မဟုတ် သွေးမတိတ်သည့်ရောဂါ (Thrombophilia or hemophilia)
- မွေးဖွားစဉ် ဦးနှောက်အတွင်း အောက်ဆီဂျင် ပြတ်လပ်ခြင်း (Lack of oxygen to the brain at birth)
- ဦးနှောက် သို့မဟုတ် လည်ပင်းတွင် ပြင်းထန်သော ဒဏ်ရာရရှိခြင်း (Serious brain or neck injury)
- ဒေါင်းဆင်ဒရုန်း (Down syndrome) ကဲ့သို့ မျိုးဗီဇဆိုင်ရာ ရောဂါစုများ (Genetic syndromes)
ရောဂါလက္ခဏာများ
ကလေးငယ်များ၏ အသက်အရွယ်ပေါ်မူတည်၍ ရောဂါလက္ခဏာများ ကွာခြားသည်။ ကလေးငယ်များတွင် လေဖြတ်ခြင်းကြောင့်ဖြစ်သော လက္ခဏာများမှာ သိသာစွာမတွေ့ရှိရသဖြင့် သေချာစွာ စောင့်ကြည့်ရန် အရေးကြီးသည်။ ရောဂါလက္ခဏာများကို စောစီးစွာ သိရှိကုသမှုခံယူပါက နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်မှုနည်းမည်ဖြစ်သည်။
မွေးကင်းစနှင့် ကလေးငယ်များတွင် တွေ့ရသောလက္ခဏာများမှာ _
- တက်ခြင်း
- အလွန်အမင်းအိပ်ခြင်း
- နို့မစို့နိုင်ဘဲ အကြိမ်များစွာအန်ခြင်း
- ငယ်ထိပ်ဖောင်းတင်းလာခြင်း
- ခြေ၊ လက် ဘယ်ညာတစ်ဖက်တည်းကိုသာ အသုံးပြုခြင်း စသည်တို့ဖြစ်သည်။
ကလေးငယ်များလေဖြတ်ပါက ကလေးအသက် (၄)လ မှ (၆)လ အထိ သိသာသော ရောဂါလက္ခဏာများမပြဘဲ ခန္ဓာကိုယ်ကောင်းစွာ လှုပ်ရှားနိုင်လာချိန်တွင် ခြေ၊ လက် ဘယ်ညာတစ်ဖက်တည်းကိုသာ အသုံးပြုလှုပ်ရှားခြင်းကို လက္ခဏာတစ်ခုအဖြစ် တွေ့ရတတ်သည်။ လမ်းစလျှောက်ချိန်တွင်လည်း ကိုယ်တစ်ခြမ်းမသန်သည့်ပုံစံမျိုး တွေ့ရသည်။
ကလေးကြီးများတွင် တွေ့ရသောလက္ခဏာများသည် လူကြီးများတွင်တွေ့ရသည်နှင့် ဆင်တူသည်။ ၎င်းတို့မှာ_
- ပြင်းထန်စွာ ခေါင်းကိုက်ခြင်းနှင့် ပျို့အန်ခြင်း
- အမြင်အာရုံဝေဝါးခြင်းနှင့် ကောင်းစွာမမြင်ရခြင်း
- ခန္ဓာကိုယ် သို့မဟုတ် မျက်နှာတစ်ခြမ်း ထုံခြင်း၊ အားနည်းခြင်း၊ မလှုပ်နိုင်ခြင်း
- လမ်းလျှောက်ရခက်ခဲခြင်း
- ခန္ဓာကိုယ်ဟန်ချက်မထိန်းနိုင်ခြင်း
- စကားပြောခက်ခဲခြင်း၊ မပြောနိုင်ခြင်း၊ မပီမသပြောခြင်းနှင့် ပြောသည်ကိုနားမလည်ခြင်း
- အလွန်အမင်းအိပ်ခြင်းနှင့် သတိလစ်ခြင်း
- တက်ခြင်း
- ခန္ဓာကိုယ်တစ်ခြမ်း သို့မဟုတ် အစိတ်အပိုင်းများလှုပ်ရှားမရခြင်း
- ခေါင်းမူးဝေခြင်း စသည်တို့ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ
- ဦးနှောက်နှင့် ဦးခေါင်းခွံအတွင်း ဖိအားများခြင်း (Increased Intracranial Pressure – ICP)
- လေဖြတ်ခါစတွင် ဦးနှောက်ထိခိုက်မှုကြီးမားပါက ဦးနှောက်အတွင်း ဖိအားများပြီး အသက်အန္တရာယ်ရှိနိုင်သည်
- လက္ခဏာများ _ သတိလစ်ခြင်း၊ အသက်ရှူမမှန်ခြင်း၊ တက်ခြင်း စသည်တို့ဖြစ်သည်
- ကလေးဘဝတွင် လေဖြတ်ခြင်း၏ ရေရှည်အကျိုးဆက်များ
- ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းမှုများ ပြန်မကောင်းနိုင်တော့ခြင်း
- ဖွံ့ဖြိုးမှုနောက်ကျခြင်း၊ ဘာသာစကားနှင့် ဥာဏ်ရည်ကိုထိခိုက်လာခြင်း
- ပညာရေးဆိုင်ရာ အခက်အခဲများ ရှိလာခြင်း
- စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ (စိုးရိမ်ပူပန်မှု၊ စိတ်ကျရောဂါနှင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းခြင်းတို့) ဖြစ်နိုင်ခြေ မြင့်မားခြင်း
- အတက်ရောဂါ ဖြစ်ပေါ်လာခြင်း
- နောက်ထပ် လေဖြတ်နိုင်ခြေ မြင့်မားခြင်း စသည်တို့ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ လေဖြတ်ခြင်းရောဂါလက္ခဏာများရှိပါက အရေးပေါ်အခြေအနေ ဖြစ်နိုင်ပြီး အရေးပေါ်ဆေးကုသမှု ခံယူရန် လိုအပ်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီ ပြသကုသမှု ခံယူရန်လိုသည်။ ကုသမှုနောက်ကျပါက ဦးနှောက်ထိခိုက်ပျက်စီးမှု များနိုင်သောကြောင့် နောက်ဆက်တွဲပြဿနာများ ပို၍ဖြစ်နိုင်သည်။
ကလေးသည် လေဖြတ်သည်ဟု သံသယရှိပါက အရေးကြီးလက္ခဏာများကို (FAST) ဟုခေါ်သော အတိုကောက်စစ်ဆေးခြင်းကို ပြုလုပ်၍ သိရှိနိုင်သည်။
- F (Face) _ ကလေးအား ရယ်ခိုင်းပြီး မျက်နှာတစ်ခြမ်းနှင့် တစ်ခြမ်း ညီညာမှုမရှိသည်ကို ကြည့်ရှုစစ်ဆေးခြင်း
- A (Arm) _ ကလေး၏လက်မောင်းနှစ်ဖက်ကို တစ်ချိန်တည်းမြှောက်ခိုင်းပြီး လက်တစ်ဖက် အားနည်းနေသည်ကို ကြည့်ရှုစစ်ဆေးခြင်း
- S (Speech) _ ကလေးအား ပုံမှန်စကားလုံးကို လိုက်ပြောခိုင်းပြီး စကားပြောခက်ခဲခြင်း၊ ဗလုံးဗထွေးပြောခြင်းကို ကြည့်ရှုစစ်ဆေးခြင်း
- T (Time) _ ရောဂါလက္ခဏာများစတင်ဖြစ်ပေါ် သည့် အချိန်ကို မှတ်သားထားခြင်းတို့ဖြစ်သည်။
အထက်ပါလက္ခဏာများ ဖြစ်ပေါ်ပါက ဆေးရုံအရေးပေါ်ဌာနသို့ အမြန်ဆုံးသွားရန်လိုသည်။
ရောဂါရှာဖွေခြင်း
သက်ဆိုင်ရာဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်သည့်အပြင် အောက်ပါစစ်ဆေးမှုများပြုလုပ်၍ ရောဂါရှာဖွေမည်ဖြစ်သည်။
- သံလိုက်ဓာတ်မှန် (MRI) _ ကွန်ပျူတာဓာတ်မှန်ထက် သွေးခဲခြင်းကို ပို၍ တိကျစွာသိရှိနိုင်သည်
- သံလိုက်သွေးကြောဓာတ်မှန် (MRA) _ ဦးနှောက်တွင်းရှိသွေးကြောများ လည်ပတ်ပုံအနေအထားကို ပို၍ တိကျစွာသိနိုင်သည်
- Perfusion Imaging – နောက်ဆုံးပေါ် နည်းပညာများဖြင့် ဦးနှောက်၏ သွေးစီးဆင်းနေသောအစိတ်အပိုင်းများကို သိရှိနိုင်ရန် MRI သို့မဟုတ် CT Perfusion စစ်ဆေးမှုများကိုပါ ပေါင်းစပ်အသုံးပြုလာကြသည်
- ကွန်ပျူတာဓာတ်မှန် (CT scan) _ သွေးကြောပိတ်ခြင်း နှင့် သွေးကြောပေါက်ခြင်းကြောင့် ဖြစ်သော လေဖြတ်ခြင်းကို ခွဲခြားသိနိုင်သည်၊ အရေးပေါ်အချိန်တွင်အသုံးဝင်သည်
- ကွန်ပျူတာသွေးကြောဓာတ်မှန် (CT Angiogram) _ ဦးနှောက်ရှိသွေးကြောများ၏ ပိတ်သည့်၊ ပေါက်သည့်နေရာကို တိကျစွာသိရှိနိုင်သည်
- အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက်ဖြင့် စစ်ဆေးခြင်း (Echocardiogram) _ ကလေးနှလုံး၏ တည်ဆောက်ပုံကို သိရှိနိုင်သည်O
- အီးစီဂျီ (ECG) _ နှလုံးခုန်နှုန်းစီးချက် မှန်မမှန်ကို သိရှိနိုင်သည်
- အီးအီးဂျီစမ်းသပ်ခြင်း (EEG) _ အတက်ရောဂါ ရှိမရှိကို သိရှိနိုင်သည်
- ဦးခေါင်းအာထရာဆောင်းရိုက်ခြင်း (Cranial ultrasound) _ ငယ်ထိပ်မပိတ်သေးသော ကလေးငယ်များတွင် ဦးနှောက်နှင့် ဦးနှောက်အစိတ်အပိုင်းများ၏ အခြေအနေကို သိနိုင်သည်
- သွေးစစ်ဆေးခြင်း _ သွေးခဲဓာတ်များ၊ သွေးတွင်းသကြားဓာတ်၊ သွေးတွင်းအဆီဓာတ်များ၊ ကျောက်ကပ်နှင့် အသည်း လုပ်ဆောင်ချက်များကို သိရှိနိုင်သည်။
ကုသခြင်း
ကလေးများ လေဖြတ်ခြင်းကိုကုသရာတွင် အရေးပေါ်အခြေအနေ ဟုတ်မဟုတ်နှင့် ဖြစ်ပေါ်ရသည့် အကြောင်းရင်း ပေါ်မူတည်၍ ကွာခြားသည်။
ကလေးတစ်ဦးချင်းစီ၏ ကုသမှုနည်းလမ်းများသည်လည်း တစ်ယောက်နှင့်တစ်ယောက် မတူညီနိုင်ပါ။ သို့သော် ကလေးတစ်ဦး လေဖြတ်ပြီးနောက်ပိုင်းတွင် လူကြီးများမှာကဲ့သို့ ပြန်လည်သန်စွမ်းရေး ကုသမှုများ (Pediatric stroke rehabilitation) ကို ခံယူရန် လိုအပ်မည်ဖြစ်သည်။ ကလေး၏ ရောဂါလက္ခဏာများပေါ် မူတည်၍ ကျွမ်းကျင်သော ဆေးပညာရှင်များ၊ အထူးကုဆရာဝန်များနှင့် ခွဲစိတ်ဆရာဝန်များစသည့် ပညာရှင်များမှ စုပေါင်းညှိနှိုင်းကုသခြင်း (Multidisciplinary Team – MDT) လုပ်ဆောင်ပေးမည်ဖြစ်သည်။
ပညာရှင်များတွင်
- ကလေးအာရုံကြောအထူးကုဆရာဝန် (Pediatric neurologist)
- ကလေးနှလုံးအထူးကုဆရာဝန် (Pediatric cardiologist)
- ကလေးသွေးရောဂါအထူးကုဆရာဝန် (Pediatric hematologist)
- ကလေး ဦးနှောက်နှင့် အာရုံကြောခွဲစိတ်အထူးကုဆရာဝန် (Pediatric neurosurgeon)
- ပြန်လည်သန်စွမ်းရေးလေ့ကျင့်ရေးပညာရှင်များ (Physical therapist)
- စကားပြောနှင့် ဘာသာစကားဆိုင်ရာ ကုထုံးပညာရှင်များ (Speech-language pathologist – SLP)
- နေ့စဉ်လှုပ်ရှားမှု စွမ်းရည်ကုထုံးပညာရှင်များ (Occupational therapist) ပါဝင်သည်။
ကုသနည်းများ
ကလေးများ လေဖြတ်ခြင်းကို ကုသရာတွင် အရေးပေါ်အခြေအနေ ဟုတ်မဟုတ်နှင့် ဖြစ်ပေါ်ရသည့် အကြောင်းရင်းပေါ်မူတည်၍ ကွာခြားသည်။ လတ်တလော ဆေးပညာတိုးတက်မှုများအရ ကုသချိန် (Treatment Window) ကို တိတိကျကျသတ်မှတ် အသုံးပြုလာနိုင်ပြီဖြစ်သည်။
သွေးကြောပိတ်၍ လေဖြတ်ခြင်း (Ischaemic Stroke) အတွက် ကုသနည်းများ
- သွေးခဲဖျော်ဆေး (tPA – Alteplase/Tenecteplase) – အချို့သော ကလေးကြီးများတွင် လက္ခဏာစတင်ပြီး (၄ – ၅) နာရီအတွင်း သွေးခဲဖျော်ဆေးပေးခြင်းကို အထူးကုဆရာဝန်များ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ပြုလုပ်နိုင်သည်
- သွေးခဲဖယ်ထုတ်ခြင်း (Mechanical Thrombectomy) – ၎င်းသည် အဓိကတိုးတက်လာသော ကုသမှုဖြစ်သည်၊ ဦးနှောက်သွေးကြောကြီးများ ပိတ်ဆို့ပါက သွေးကြောအတွင်းမှတစ်ဆင့် သွေးခဲကို စက်ပစ္စည်းဖြင့် ဖယ်ထုတ်ခြင်းဖြစ်သည်၊ လတ်တလော လမ်းညွှန်ချက်များအရ အချို့သော အခြေအနေများတွင် လက္ခဏာပြပြီး ၂၄ နာရီအထိပင် ထိုကုသမှုကို ထည့်သွင်းစဉ်းစားလာကြသည်
- သွေးကျဲဆေးများ – နောက်ထပ် သွေးခဲမဖြစ်စေရန် Aspirin သို့မဟုတ် အခြားသော သွေးကျဲဆေးများကို ဆရာဝန်ညွှန်ကြားချက်ဖြင့် ရေရှည်တိုက်ကျွေးရနိုင်သည်
သွေးကြောပေါက်၍ လေဖြတ်ခြင်း (Haemorrhagic Stroke) အတွက် ကုသနည်းများ
- သွေးထွက်ခြင်းကို ထိန်းချုပ်ရန်နှင့် ဦးနှောက်တွင်း ဖိအားလျှော့ချရန်အတွက် အရေးပေါ် ခွဲစိတ်ကုသမှုများ လိုအပ်နိုင်သည်
ကလေးများ၌ လေဖြတ်ခြင်းကြောင့်ဖြစ်လာသောရောဂါလက္ခဏာများနှင့် လေဖြတ်ခြင်းကိုဖြစ်စေသည့် အကြောင်းရင်းကို ကုသရန် _
- တက်နေသောကလေးများတွင် အတက်ကျဆေးဖြင့် ကုသခြင်း
- ရောဂါပိုးဝင်သောကလေးများတွင် ပဋိဇီဝပိုးသတ်ဆေးဖြင့် ကုသခြင်း
- သွေးရောဂါများအတွက် သွေးသွင်း၍ ကုသခြင်း
- နှလုံးအမောဖောက်ခြင်း သက်သာစေရန် နှလုံးထိန်းညှိဆေးများဖြင့် ကုသခြင်း
- သွေးကြောပြဿနာများအတွက် သွေးကြောတွင်းပြွန် (Stent) ထည့်ခြင်း၊ ပြုပြင်ခြင်း
- သွေးပေါင်ထိန်းဆေးများဖြင့် ကုသခြင်း
- ဆီးချိုထိန်းခြင်း
- သွေးတွင်း အဆီဓာတ်ထိန်းခြင်း
- ရေဓာတ်ဖြည့်ပေးခြင်း စသည်တို့ကို လိုအပ်သလို ကုသမှုပေးရသည်။
လေဖြတ်ပြီးနောက် ပြန်လည်သန်စွမ်းရန် လေ့ကျင့်ကုသပေးခြင်းတွင် ကလေး၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို ပုံမှန်အတိုင်းလုပ်ဆောင်နိုင်ရန် အရေးကြီးသည်။
- ခြေ၊ လက်အင်္ဂါများ မူလအတိုင်း ပြန်လည်လုပ်ဆောင်နိုင်အောင် လေ့ကျင့်ပေးခြင်း
- စကားပြောလေ့ကျင့်ပေးခြင်း
- မှတ်ဉာဏ်၊ အာရုံစူးစိုက်မှုများ ပြန်လည်ကောင်းမွန်အောင် လေ့ကျင့်ပေးခြင်း
- စိတ်ဓာတ်မြှင့်တင်ပေးခြင်း စသည်တို့ ပါဝင်သည်။
ကာကွယ်ခြင်း
လေဖြတ်ခြင်းသည် ပထမဆုံးရောဂါလက္ခဏာအနေဖြင့်သာ ကလေးများတွင် အတွေ့ရများသောကြောင့် ယေဘုယျအားဖြင့် ကာကွယ်ရန်နည်းလမ်းမရှိပါ။ သို့သော် နောက်ထပ်တစ်ကြိမ် လေဖြတ်ခြင်းမဖြစ်စေရန် ကာကွယ်နိုင်သည်။
- သွေးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါနှင့် သွေးတိုးရောဂါ ရှိသောကလေးများသည် လေဖြတ်ခြင်း ပို၍ဖြစ်နိုင်သောကြောင့် သက်ဆိုင်ရာဆရာဝန်နှင့် ပုံမှန်ရက်ချိန်းပြသရန်
- လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ရန်
- သွေးကျဲဆေး၊ သွေးမခဲဆေးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း ပုံမှန်တိုက်ရန်
- အိပ်ရေးဝဝအိပ်ရန်
- အာဟာရသင့်တင့်မျှတစွာ စားသုံးရန်
- သွေးတွင်းအဆီဓာတ်ထိန်းရန်
- ကိုယ်အလေးချိန်ထိန်းရန် စသည်တို့ကို ပြုလုပ်စေခြင်းဖြင့် ကလေးတွင်လေဖြတ်ခြင်းဖြစ်ပွါးမှုကို လျော့နည်းစေနိုင်သည်။
References:
- Boston Children’s Hospital. (n.d.). Stroke. Retrieved March 11, 2026, from https://www.childrenshospital.org/conditions/stroke
- Child Neurology Foundation. (n.d.). Childhood stroke. Retrieved March 11, 2026, from https://www.childneurologyfoundation.org/disorder/childhood-stroke/
- Cincinnati Children’s Hospital Medical Center. (n.d.). Stroke. Retrieved March 11, 2026, from https://www.cincinnatichildrens.org/health/s/stroke
- Cleveland Clinic. (n.d.). Pediatric stroke. Retrieved March 11, 2026, from https://my.clevelandclinic.org/health/diseases/pediatric-stroke
- Johns Hopkins Medicine. (n.d.). Pediatric stroke. Retrieved March 11, 2026, from https://www.hopkinsmedicine.org/health/conditions-and-diseases/stroke/pediatric-stroke
- Children’s Hospital of Philadelphia. (n.d.). Pediatric stroke. Retrieved March 11, 2026, from https://www.chop.edu/conditions-diseases/pediatric-stroke
- Stroke Association. (n.d.). Childhood stroke. Retrieved March 11, 2026, from https://www.stroke.org.uk/stroke/childhood/about
- American Stroke Association. (n.d.). Effects of stroke in children. Retrieved March 11, 2026, from https://www.stroke.org/en/about-stroke/stroke-in-children/effects-of-stroke-in-children
Published: 11 March 2025
Last updated: 23 April 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.