Marfan Syndrome (မားဖန်းရောဂါလက္ခဏာစု)

Marfan Syndrome (မားဖန်းရောဂါလက္ခဏာစု)

Marfan Syndrome သို့မဟုတ် မားဖန်းရောဂါလက္ခဏာစုသည် ကိုယ်ခန္ဓာအတွင်းရှိ တွယ်ဆက်တစ်ရှူးများ ပုံမှန်ထက် ပိုမိုပျော့ပျောင်းကာ ဆွဲဆန့်ရလွယ်ကူစေခြင်းကို ဖြစ်စေသော မျိုးဗီဇဆိုင်ရာ ရောဂါအခြေအနေတစ်ခုဖြစ်သည်။ တွယ်ဆက်တစ်ရှူးများသည် ခန္ဓာကိုယ်အတွင်းရှိ ကိုယ်အင်္ဂါ အစိတ်အပိုင်းများစွာ၌ ချိတ်ဆက်ထား၍ တွန်းကန်အား (Strength) နှင့် ကျုံ့နိုင်ဆန့်နိုင်စွမ်း (Elasticity) ကို အဓိကပံ့ပိုးပေးသည်။ ထိုတွယ်ဆက်တစ်ရှူးများ ပုံမှန်မဟုတ်ပါက ကိုယ်ခန္ဓာအနှံ့ ထိခိုက်နိုင်ပြီး အထူးသဖြင့် ခြေလက်နှင့် ကျောရိုး အရိုးအဆစ်များ၊ သွေးကြောများ၊ နှလုံးနှင့် မျက်လုံးစသည့် အစိတ်အပိုင်းများစွာကို ပိုမိုသိသာစွာ ထိခိုက်စေနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

မားဖန်းရောဂါလက္ခဏာစုသည် မျိုးဗီဇပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော မွေးရာပါရောဂါတစ်မျိုးဖြစ်သည်။ တွယ်ဆက်တစ်ရှူးများ၏ အဓိကအစိတ်အပိုင်းဖြစ်သော Fibrillin ပရိုတင်းသည် ခန္ဓာကိုယ်အစိတ်အပိုင်းများ၏ တွန်းကန်အားနှင့် ကျုံ့နိုင်ဆန့်နိုင်စွမ်းအတွက် အရေးကြီးဆုံးဖြစ်သည်။ ထိုပရိုတင်းကို ထုတ်လုပ်ရန် မျိုးဗီဇ (FBN1 gene) သည် သက်ဆိုင်ရာဆဲလ်များကို ညွှန်ကြားပေးခြင်းဖြစ်သည်။ ထိုမျိုးဗီဇတွင် မူမမှန်ခြင်း၊ ချို့ယွင်းပြောင်းလဲခြင်းများ (Mutations) ဖြစ်ပေါ်လာသောအခါ Fibrillin ပရိုတင်းထုတ်လုပ်မှုကိုလည်း ထိခိုက်စေပြီး လုပ်ဆောင်ချက်များကိုလည်း ကျဆင်းစေခြင်းကြောင့် လက္ခဏာများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ရောဂါလက္ခဏာများသည် တစ်ဦးနှင့်တစ်ဦး မတူညီဘဲ ပြင်းထန်မှုနှင့် လက္ခဏာများ စတင်ပေါ်ပေါက်သည့်အချိန်တို့ ကွဲပြားခြားနားနိုင်သည်။ လူပေါင်း (၃,၀၀၀) မှ (၅,၀၀၀) လျှင် တစ်ဦးနှုန်း ဖြစ်ပွါးလေ့ရှိပြီး ရောဂါလက္ခဏာများမှာ ဆယ်ကျော်သက်အရွယ်တွင်မှ ပိုမိုသိသာလာလေ့ရှိသည်။

ရောဂါဖြစ်ပွါးသူများ၏ (၇၅%) သည် မိဘတစ်ဦးထံမှ မျိုးဗီဇကို အမွေဆက်ခံခြင်းဖြစ်ပြီး ကျန် (၂၅%) မှာမူ အကြောင်းရင်းအတိအကျမရှိဘဲ မျိုးဗီဇ ချို့ယွင်းပြောင်းလဲမှုအသစ်မှ ဖြစ်ပွါးခြင်းဖြစ်သည်။ မိဘထံမှ မျိုးရိုးလိုက်ခြင်းသည် Autosomal dominant pattern ဖြစ်ပြီး မိဘတစ်ဦးတွင် ရောဂါရှိပါက သားသမီးတွင် ရောဂါဖြစ်ပွါးနိုင်ခြေ (၅၀%) ရှိသည်။ မိဘနှစ်ဦးလုံး ရောဂါရှိပါက ဖြစ်ပွါးနိုင်ခြေ ပိုများသည်။

ရောဂါလက္ခဏာများ

ဤရောဂါလက္ခဏာစုတွင် ကိုယ်ခန္ဓာအနှံ့ တွေ့ရှိနိုင်သော သိသာထင်ရှားသည့် လက္ခဏာများမှာ_

  • အသက်အလိုက် ရှိသင့်သော ပုံမှန်အရပ်ထက် ပို၍ သိသိသာသာ အရပ်ရှည်၍ ပိန်သွယ်ခြင်း
  • ခန္ဓာကိုယ်နှင့်မလိုက်အောင် လက်မောင်း၊ ခြေထောက်၊ လက်ချောင်း၊ ခြေချောင်းများ ရှည်လျားခြင်း (Arachnodactyly)
  • အာခေါင်အမိုးသည် မြင့်၍ သွားများ ထပ်နေတတ်ခြင်း
  • ရင်ဘတ် ချိုင့်ခွက်ဝင်နေခြင်း (Pectus excavatum) သို့မဟုတ် ရင်ဘတ် ကားထွက်နေခြင်း (Pectus carinatum)
  • ကျောရိုးကွေးကောက်ခြင်း (Scoliosis)
  • အဆစ်များ ပျော့ပြောင်း၍ အလွယ်တကူ နေရာလွဲတတ်ခြင်း
  • ခြေဖဝါးပြားခြင်း
  • နှလုံးတွင် အသံပိုများကြားရခြင်း
  • ရင်တုန်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အသက်ရှူကျပ်ခြင်း
  • အရေပြားတွင် အကြောပြတ်ရာများ ပေါ်လာခြင်း
  • မျက်စိအမြင်အာရုံ ဝေဝါးခြင်း၊ အဝေးမှုန်ခြင်း စသည်တို့ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ

မားဖန်းရောဂါသည် မျိုးဗီဇဆိုင်ရာ မွေးရာပါရောဂါဖြစ်သည့်အပြင် နောက်ဆက်တွဲဖြစ်နိုင်သော ရောဂါအခြေအနေ များစွာရှိသည်။

  1. နှလုံးနှင့် သွေးကြောမကြီးဆိုင်ရာ နောက်ဆက်တွဲပြဿနာများ
    ဤရောဂါလက္ခဏာစု၏ အန္တရာယ်အရှိဆုံး နောက်ဆက်တွဲပြဿနာများဖြစ်သည်။ ချို့ယွင်းပျော့ပြောင်းနေသော တွယ်ဆက်တစ်ရှူးများကြောင့် နှလုံးမှ ခန္ဓာကိုယ်တစ်ခုလုံးသို့ သွေးများပို့လွှတ်ပေးသည့် သွေးလွှတ်ကြောမကြီး (Aorta) နံရံကို ပျော့၍ အားနည်းစေနိုင်သည်။
    • သွေးလွှတ်ကြောမကြီး ဖောင်းခြင်း (Aortic aneurysm)
      သွေးလွှတ်ကြောမကြီး၏ နံရံရှိ ပျော့ပြောင်းနေ‌သော နေရာသည် နှလုံးမှ ညှစ်ထုတ်လိုက်သည့် သွေးဖိအားကြောင့် အပြင်ဘက်သို့ ဖောင်းကြွထွက်လာနိုင်သည်။ နှလုံးနှင့်ထိဆက်နေသော သွေးလွှတ်ကြောမကြီး အရင်းပိုင်း၌ အဖြစ်အများဆုံးဖြစ်သည်။
    • သွေးလွှတ်ကြောမကြီး ကွဲထွက်ခြင်း (Aortic dissection)
      သွေးလွှတ်ကြောမကြီး၏ နံရံသည် ဖောင်းနေရာမှ ကွဲထွက်သွားနိုင်သည်။ သွေးလွှတ်ကြောမကြီး၏နံရံကို အလွှာများဖြင့် ဖွဲ့စည်းထားပြီး အတွင်းဆုံးအလွှာမှစ၍ အသေးစားအက်ကွဲမှု ဖြစ်ပေါ်သောအခါ သွေးများသည် နံရံအလွှာများကြားထဲသို့ စိမ့်ထွက်လာသည်။ ထိုသို့ထွက်လာရာမှ အလွှာများအကြား တဖြည်းဖြည်း သွေးများစုပုံလာသောအခါ ရင်ဘတ် သို့မဟုတ် ကျောဘက်တွင် ပြင်းထန်သော နာကျင်မှုကို ခံစားရစေသည်။ ထိုသို့ သွေးလွှတ်ကြောမကြီး ကွဲထွက်ရာမှ နောက်ဆုံးတွင် သွေးကြောမကြီး၏ အလွှာအားလုံးထိခိုက်၍ ပေါက်ထွက်သွားနိုင်ကာ အသက်အန္တရာယ်ကို ချက်ချင်းထိခိုက်စေနိုင်သည်။
    • နှလုံးအဆို့ရှင်များ ပုံမှန်မဟုတ်ခြင်း (Valve malformations)
      မားဖန်းရောဂါလက္ခဏာစု ရှိသူများတွင် နှလုံးအဆို့ရှင်တစ်ရှူးများသည် ပျော့ပြောင်းအားနည်းသည့် အခြေအနေများရှိနိုင်သည်။ ထို့ကြောင့် နှလုံးအဆို့ရှင်များ၏ ပုံမှန်လုပ်ငန်းဆောင်တာများ ထိခိုက်စေနိုင်သည်။ နှလုံးအဆို့ရှင်များ ကောင်းစွာအလုပ်မလုပ်သောကြောင့် နှလုံးတွင် ဒဏ်ပိ၍ ပိုမိုအလုပ်လုပ်ရန် လိုအပ်လာသည်။ ထို့ကြောင့်နောက်ဆုံးတွင် နှလုံး၏လုပ်‌ဆောင်ချက် ထိခိုက်ပျက်စီးခြင်းကို ဖြစ်ပေါ်လာစေသည်။
  2. မျက်လုံးဆိုင်ရာ နောက်ဆက်တွဲပြဿနာများ
    မျက်လုံးဆိုင်ရာ နောက်ဆက်တွဲပြဿနာများတွင် အောက်ပါတို့ ပါဝင်သည်။
    • မျက်လုံးမှန်ဘီလူး နေရာရွေ့ခြင်း (Lens dislocation or Ectopia lentis)
      မျက်လုံးအတွင်း၌ အလင်းတန်းများကို စုစည်းပေးသည့် မှန်ဘီလူးအား ထောက်ပံ့ပေးထားသော တွယ်ဆက်တစ်ရှူးများ အားနည်းသွားခြင်းကြောင့် မှန်ဘီလူး နေရာရွေ့သွားခြင်းဖြစ်သည်။ မားဖန်းရောဂါလက္ခဏာစု ရှိသူများ၏ ထက်ဝက်ကျော်တွင် ဖြစ်ပွါးလေ့ရှိသည်။
    • မျက်ကြည်လွှာပြဿနာများ
      မျက်လုံး၏ အနောက်ဘက်ပိုင်းရှိ အလင်းကို အာရုံခံနိုင်သည့် မျက်ကြည်လွှာ ကွာကျခြင်း သို့မဟုတ် စုတ်ပြဲခြင်း (Retina detachment or tear) ကိုလည်း ဖြစ်စေနိုင်သည်။
    • အရွယ်မတိုင်ခင် ရေတိမ် သို့မဟုတ် အတွင်းတိမ် ဖြစ်ပေါ်ခြင်း (Early-onset glaucoma or cataracts)
      မားဖန်းရောဂါလက္ခဏာစုရှိသူများသည် ရေတိမ်နှင့် အတွင်းတိမ်များ အသက်ငယ်စဥ်ကတည်းက စတင်ဖြစ်‌ပေါ်လာတတ်သည်။ ရေတိမ်ကြောင့် မျက်လုံးအတွင်းရှိ ဖိအားကို မြင့်တက်စေပြီး အမြင်အာရုံအာရုံများကို ထိခိုက်စေနိုင်သည်။ အတွင်းတိမ်ကြောင့် အမြင်အာရုံဝေဝါးခြင်း၊ ပုံရိပ်နှစ်ထပ်မြင်ရခြင်းများ ခံစားရစေသည်။
  3. အရိုးအကြောဆိုင်ရာ နောက်ဆက်တွဲပြဿနာများ
    မားဖန်းရောဂါလက္ခဏာစုတွင် ကျောရိုးသည် ပုံမှန်အတိုင်းမဟုတ်ဘဲ ကွေးကောက်ခြင်း (Scoliosis) ကိုဖြစ်စေနိုင်သည်။ ထို့ပြင် နံရိုးများနှင့် ရင်ညွန့်ရိုးများ၏ ပုံမှန်ဖွံ့ဖြိုးမှုကိုလည်း ထိခိုက်စေနိုင်သောကြောင့် ရင်ဘတ် ချိုင့်ခွက်ဝင်နေခြင်း သို့မဟုတ် ရင်ဘတ် ကားထွက်နေခြင်းများကို ဖြစ်စေနိုင်သည်။ လက္ခဏာများအနေဖြင့် ခြေဖဝါးနာကျင်ခြင်းနှင့် ခါးနာကျင်ခြင်းတို့ကို ခံစားရနိုင်သည်။
  4. အသက်ရှူလမ်းကြောင်းဆိုင်ရာ နောက်ဆက်တွဲပြဿနာများ
    အဆုတ်နှင့် လေပြွန်ရှိ တစ်ရှူးများထိခိုက်ခြင်းကြောင့်
    • ပန်းနာရင်ကျပ် (Asthma)
    • အဆုတ်လေပြွန်ရောင်ခြင်း (Bronchitis)
    • နာတာရှည် အဆုတ်ပွပန်းနာရောဂါ (COPD)
    • အဆုတ်အမြှေးပါးအတွင်း လေများစုပုံခြင်း (Pneumothorax)
    • အဆုတ်အအေးမိခြင်း (Pneumonia) စသည့် ရောဂါများလည်း ဖြစ်နိုင်ခြေမြင့်မားသည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

မားဖန်းရောဂါလက္ခဏာစု၏ ရုပ်ပိုင်းဆိုင်ရာလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန် (X-ray) ရိုက်ခြင်းစသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

မားဖန်းရောဂါလက္ခဏာစုသည် ကိုယ်တွင်းအင်္ဂါစနစ်များစွာကို ထိခိုက်သောရောဂါဖြစ်သောကြောင့် မားဖန်းရောဂါ သံသယရှိပါက ရောဂါဖြစ်ပေါ်သည့် နေရာအားလုံးကို စစ်ဆေးရှာဖွေရန်၊ စောစီးစွာကုသမှုပေးရန် အရေးကြီးသည်။ သက်ဆိုင်ရာဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်း၊ အသေးစိတ်စမ်းသပ်စစ်ဆေးခြင်းအပြင် မိသားစုတွင် ရောဂါဖြစ်သူများ ရှိမရှိ မေးမြန်းမည်ဖြစ်သည်။ ထို့နောက် မားဖန်းရောဂါလက္ခဏာစုဖြစ်ကြောင်း အတည်ပြုနိုင်ရန်နှင့် နောက်ဆက်တွဲပြဿနာများ ရှိမရှိကို သိရှိနိုင်ရန် အောက်ပါစမ်းသပ်စစ်ဆေးမှုများ ဆက်လက်ပြုလုပ်နိုင်သည်။

နှလုံးဆိုင်ရာစစ်ဆေးမှုများ
  • အသံလှိုင်းသုံး နှလုံးပုံရိပ်​ဖော်စက်ဖြင့် စစ်​ဆေးခြင်း (Echocardiogram)
    • နှလုံးအဆို့ရှင်များ၏ အခြေအနေအပြင် သွေးလွှတ်ကြောမကြီး (Aorta) ၏ အရွယ်အစားကို စစ်ဆေးသည်
  • အခြား နှလုံးပုံရိပ်ဖော်ရိုက်ကူးရန်အတွက်
    • ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (CT scan)
    • သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI) တို့ကိုလည်း စစ်ဆေးနိုင်သည်
မျက်လုံးစစ်ဆေးမှုများ
  • မှန်ပြောင်းအသုံးပြု စစ်ဆေးခြင်း (Slit-lamp examination)
    အထူးပြုလုပ်ထားသော မှန်ပြောင်းကို အသုံးပြု၍ မျက်လုံးရှေ့နှင့် နောက်ဘက်ရှိ အစိတ်အပိုင်းများအား သုံးဖက်မြင် ပုံရိပ်များဖြင့် အသေးစိတ်ကြည့်ရှုခြင်းဖြစ်သည်။ မျက်လုံးမှန်ဘီလူး နေရာရွေ့ခြင်း၊ အတွင်းတိမ်နှင့် မျက်ကြည်လွှာ ကွာကျခြင်းတို့ကို စစ်ဆေးတွေ့ရှိနိုင်သည်။
  • မျက်လုံးတွင်းဖိအား တိုင်းတာစစ်ဆေးခြင်း (Eye pressure test)
    အထူးကိရိယာဖြင့် မျက်စိရေတိမ် ရှိမရှိ စစ်ဆေးနိုင်ပြီး မျက်လုံးအတွင်းရှိ ဖိအားကိုလည်း တိုင်းတာနိုင်သည်။ ဤစစ်ဆေးမှုမပြုလုပ်မီ မေ့ဆေးပါသော မျက်စဉ်းဆေးများကို အသုံးပြုလေ့ရှိသည်။
မျိုးဗီဇဆိုင်ရာ စစ်ဆေးခြင်း (Genetic Testing)

မားဖန်းရောဂါကို ‌နောက်ဆုံးအတည်ပြုရန်အတွက် မျိုးဗီဇဆိုင်ရာ စစ်ဆေးခြင်းကို ပြုလုပ်နိုင်သည်။ မျိုးဗီဇ ချို့ယွင်းပြောင်းလဲမှု (Mutation) ကို တွေ့ရှိပါက မိသားစုဝင်များတွင်လည်း အလားတူရောဂါ ရှိမရှိ စစ်ဆေးနိုင်သည်။ ထို့ပြင် မားဖန်းရောဂါလူနာတစ်ဦးအနေဖြင့် သားသမီးယူရန် အစီအစဥ်ရှိပါက ကလေး၌ မားဖန်းရောဂါ ပါလာနိုင်ခြေ မည်မျှရှိသည်ကို သိရှိရန် မျိုးဗီဇဆိုင်ရာ အထူးကုဆရာဝန် (Geneticist) နှင့်တိုင်ပင်ဆွေးနွေး၍ မျိုးဗီဇဆိုင်ရာ အကြံဉာဏ်များ ရယူနိုင်သည်။

ကုသခြင်း

မားဖန်းရောဂါလက္ခဏာစုသည် မျိုးဗီဇဆိုင်ရာ ရောဂါဖြစ်သောကြောင့် ရောဂါအလျင်းပျောက်ကင်းအောင် ကုသနိုင်သောနည်းလမ်း မရှိပါ။ သို့သော် ရောဂါလက္ခဏာများကို ထိန်းချုပ်ရန်နှင့် နောက်ဆက်တွဲပြဿနာများကို တတ်နိုင်သမျှ ကြိုတင်ကာကွယ်ရန် ကုသမှုများစွာကို ပြုလုပ်နိုင်သည်။ ယခင်က မားဖန်းရောဂါရှိသူများသည် အသက်တိုလေ့ရှိကြသော်လည်း ပုံမှန် စောင့်ကြည့်စစ်ဆေးမှုများနှင့် ခေတ်မီကုသမှုများဖြင့် မားဖန်းရောဂါရှိသူ အများစုသည် ယခုအခါ ပုံမှန်သက်တမ်းနီးပါး နေထိုင်နိုင်ရန် မျှော်လင့်ချက်ရှိလာကြသည်။

မားဖန်းရောဂါလက္ခဏာစုသည် ကိုယ်တွင်းအင်္ဂါစနစ်များစွာကို ထိခိုက်သောရောဂါဖြစ်သောကြောင့် သက်ဆိုင်ရာ အထူးကုဆရာဝန်များစွာ စုပေါင်းညှိနှိုင်းကုသရန် လိုအပ်သည်။

  • ကလေးအထူးကုဆရာဝန် (Pediatrician) – ရောဂါလက္ခဏာများပြင်းထန်မှုအခြေအနေနှင့် နောက်ဆက်တွဲပြဿနာများကို စောင့်ကြည့်ကုသရန်
  • နှလုံးခွဲစိတ်အထူးကုဆရာဝန် (Cardiac surgeon) – နှလုံးနှင့် သွေးကြောဆိုင်ရာ ခွဲစိတ်ရန်လိုအပ်သည့် အခြေအနေများကို စစ်ဆေးကုသရန်
  • မျက်စိအထူးကုဆရာဝန် (Ophthalmologist) – အမြင်အာရုံဆိုင်ရာ ပြဿနာများကို စစ်ဆေးကုသရန်
  • အရိုးအထူးကုဆရာဝန် (Orthopedic surgeon) – အရိုးဆိုင်ရာ ပြဿနာများ (ဥပမာ – Scoliosis) ကို ကုသရန်
  • မျိုးဗီဇဆိုင်ရာ အထူးကုဆရာဝန် (Geneticist) – မျိုးဗီဇဆိုင်ရာ အကြံဉာဏ်များ ပေးရန်

နှလုံးဆိုင်ရာပြဿနာများအား ဆေးဝါးများဖြင့် ကုသခြင်း
သွေးလွှတ်ကြောမကြီး ဖောင်းလာခြင်းကို နှေးကွေးစေရန်နှင့် သွေးကြောကွဲထွက်ခြင်းနှင့် ပေါက်ထွက်ခြင်း အန္တရာယ်ကို လျှော့ချရန်အတွက် Beta-blockers နှင့် ARBs ကဲ့သို့ သွေးကျဆေးများဖြင့် ကုသနိုင်သည်။

မျက်လုံးပြဿနာများအား ကုသခြင်း
မှန်ဘီလူးနေရာရွေ့ခြင်းကြောင့် ဖြစ်သော အမြင်အာရုံဆိုင်ရာပြဿနာများကို မျက်မှန် သို့မဟုတ် မျက်ကပ်မှန်များ တပ်ဆင်ခြင်းဖြင့်ကုသနိုင်သည်။

ပုံမှန်စောင့်ကြည့်စစ်ဆေးခြင်း
နှလုံးနှင့် သွေးကြောများ၊ မျက်လုံးနှင့် အရိုးအဆစ်တို့၏ အခြေအနေများကို ပုံမှန်စောင့်ကြည့်စစ်ဆေးပေးပြီး လက္ခဏာများ ဖြစ်ပေါ်လာပါက သို့မဟုတ် ပြင်းထန်လာပါက အချိန်မီကုသမှုပေးရန် လိုအပ်သည်။

ခွဲစိတ်ကုသခြင်း

သွေးလွှတ်ကြောမကြီးဖောင်းခြင်းကို ပြုပြင်ခြင်း (Aortic aneurysm repair)
အကယ်၍ သွေးလွှတ်ကြောမကြီး၏ အချင်းသည် (၂) လက်မ (၅၀ မီလီမီတာ) ခန့်အထိ ကျယ်၍ ဖောင်းလာပါက သို့မဟုတ် ရုတ်တရက် လျင်မြန်စွာ ဖောင်းလာပါက သွေးလွှတ်ကြောမကြီး၏ ဖောင်းနေသော အစိတ်အပိုင်းကို ပြင်ပမှ သီးသန့်ပြုပြင်ထားသော အစားထိုးပိုက်ဖြင့် အစားထိုးသည့် ခွဲစိတ်မှုကို ပြုလုပ်နိုင်သည်။ နှလုံးခွဲစိတ်အထူးကုဆရာဝန်များမှ ခွဲစိတ်ကုသပေးလေ့ရှိပြီး နှလုံးအတွင်းမှ လုပ်ဆောင်ချက်ချို့ယွင်းနေသော နှလုံးအဆို့ရှင်များကိုလည်း အစားထိုးလဲလှယ်ပေးနိုင်သည်။
ကျောရိုးကွေးကောက်ခြင်းအတွက် ခွဲစိတ်ပြုပြင်ခြင်း
ကျောရိုးသိသိသာသာ ကောက်နေပါက၊ နေ့စဥ်ဘဝ လှုပ်ရှားသွားလာမှုများ ခက်ခဲလာပါက ခါးပတ်စည်းခြင်း (Bracing) နှင့် ကျောရိုးခွဲစိတ်မှု (surgery) များ ပြုလုပ်ရန် လိုအပ်နိုင်သည်။
ရင်ညွန့်ရိုးပုံမမှန်ခြင်းအတွက် ခွဲစိတ်ပြုပြင်ခြင်း
ရင်ဘတ် ချိုင့်ခွက်ဝင်နေခြင်း သို့မဟုတ် ရင်ဘတ် ကားထွက်နေခြင်းများအတွက်လည်း ခွဲစိတ်နိုင်သည်။
မျက်လုံးခွဲစိတ်မှုများ
မျက်ကြည်လွှာ ကွာကျခြင်း၊ စုတ်ပြဲသွားခြင်းများအတွက် ခွဲစိတ်ပြုပြင်နိုင်သကဲ့သို့ ရေတိမ်နှင့် အတွင်းတိမ်များအတွက် မှန်ဘီလူးအစားထိုးခြင်း၊ လေဆာဖြင့် တိမ်ဖယ်ရှားခြင်းတို့ကိုလည်း ပြုလုပ်နိုင်သည်။

ကာကွယ်ခြင်း

မွေးရာပါ မျိုးဗီဇဆိုင်ရာ ရောဂါဖြစ်သောကြောင့် မဖြစ်အောင် ကြိုတင်ကာကွယ်၍ မရပါ။ သို့သော် မားဖန်းရောဂါလက္ခဏာစုရှိကြောင်း စောစီးစွာ သိရှိထားခြင်းဖြင့် ပုံမှန်စောင့်ကြည့်စစ်ဆေးနိုင်ပြီး နောက်ဆက်တွဲပြဿနာများကို ကြိုတင်ကာကွယ်နိုင်မည်ဖြစ်သည်။ သွေးလွှတ်ကြောမကြီး ဖောင်းနေခြင်းအတွက် ဖိအားကျစေရန် သွေးကျဆေးများဖြင့် ထိန်းညှိခြင်း၊ အလေးအပင်များကို အားစိုက်မခြင်းများကို ရှောင်ကြဥ်ခြင်း၊ အရိုးအဆစ်များ လွဲခြင်း၊ ကျိုးခြင်းများမဖြစ်စေရန် ပြင်းထန်သော အားကစားနည်းများကို ‌ရှောင်ရှားခြင်းစသည်တို့ ပြုလုပ်ခြင်းဖြင့် အန္တရာယ်ရှိသော နောက်ဆက်တွဲအခြေအနေများကို ကာကွယ်နိုင်သည်။

References:

  • Cleveland Clinic. (2025). Marfan syndrome. Retrieved September 22, 2025, from https://my.clevelandclinic.org/health/diseases/17209-marfan-syndrome
  • Centers for Disease Control and Prevention. (2024). About Marfan syndrome. Retrieved September 22, 2025, from https://www.cdc.gov/heart-disease/about/marfan-syndrome.html
  • NHS. (2023). Marfan syndrome. Retrieved September 22, 2025, from https://www.nhs.uk/conditions/marfan-syndrome/
  • Mayo Clinic. (n.d.). Marfan syndrome: Symptoms and causes. Retrieved September 22, 2025, from https://www.mayoclinic.org/diseases-conditions/marfan-syndrome/symptoms-causes/syc-20350782
  • Mayo Clinic. (n.d.). Marfan syndrome: Diagnosis and treatment. Retrieved September 22, 2025, from https://www.mayoclinic.org/diseases-conditions/marfan-syndrome/diagnosis-treatment/drc-20350787

Published: 16 October 2025

Share

16 October 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
Addiction (စွဲလမ်းမှု)
Oct 21, 2025
Diseases and Conditions

Addiction (စွဲလမ်းမှု)

စွဲလမ်းမှု (Addiction) ဆိုသည်မှာ ကာယကံရှင်၏ ဘဝအပေါ် ဆိုးကျိုးများ...

Trigger finger (လက်ချောင်း အကြောညပ်ခြင်း)
Oct 21, 2025
Diseases and Conditions

Trigger finger (လက်ချောင်း အကြောညပ်ခြင်း)

လက်ချောင်းအကြောညပ်ခြင်းသည် အသက်အရွယ်ကြီးသူများနှင့် လက်ကို...

Halitosis (Bad breath) (ခံတွင်းနံ့ဆိုးခြင်း)
Oct 17, 2025
Diseases and Conditions

Halitosis (Bad breath) (ခံတွင်းနံ့ဆိုးခြင်း)

ခံတွင်းနံ့ဆိုးခြင်း (Halitosis) သည် ယေဘုယျအားဖြင့် ခံတွင်းသန့်ရှင်းမှု...