ရေကျောက်ရောဂါသည် ကလေးများတွင်အဖြစ်များသည်သာမက အသက်အရွယ်မရွေးဖြစ်ပွားနိုင်သော အလွန်ကူးစက်လွယ်သည့်ရောဂါတစ်မျိုးဖြစ်သည်။ ရောဂါပိုးအထိအတွေ့ရှိသူများ၏ (၉၀%) ခန့်တွင် ရောဂါ ဖြစ်ပွားစေနိုင်သည်။ သို့သော် ရောဂါဖြစ်သူအများစုတွင် ရောဂါပြင်းထန်ခြင်းနှင့် နောက်ဆက်တွဲပြဿနာများမရှိဘဲ အလိုအလျောက် သက်သာပျောက်ကင်းနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်း
ရေကျောက်ရောဂါသည် ရေကျောက်ရောဂါဗိုင်းရပ်စ်ပိုး (varicella-zoster virus)ကြောင့် ဖြစ်ပွားသည်။ အရေပြားအဖု၊ အနာများမှထွက်သော သားငံရည်များနှင့်ထိတွေ့မိခြင်း၊ ရောဂါရှိသူ နှာချေ၊ ချောင်းဆိုးရာမှထွက်သော အမှုန်၊ အမွှားများနှင့်ထိတွေ့ခြင်းများမှတစ်ဆင့် လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်သည်။
ရောဂါလက္ခဏာများ
ရောဂါပိုးနှင့်ထိတွေ့ပြီး (၁၄) ရက်မျှအကြာတွင် အောက်ဖော်ပြပါ ရောဂါလက္ခဏာများ စတင်ခံစားရလေ့ရှိသည်။ အနီစက်၊ အရည်ကြည်ဖုများ မထွက်မီရက်အနည်းငယ်အလိုတွင် ဖျားခြင်း၊ နုံးခြင်း၊ မအီမသာဖြစ်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ အစားအသောက်ပျက်ခြင်းများ ခံစားရတတ်သည်။ ထို့နောက် အလွန်ယားယံသော အနီစက်၊ အရည်ကြည်ဖုများသည် အောက်ဖော်ပြပါ ပုံစံအဆင့် (၃)မျိုးအတိုင်း ထွက်ပေါ်လာသည်။
- ပန်းရောင်၊ အနီရောင်၊ နီညိုရောင်အဖုများ စတင်ထွက်ခြင်း
- အချိန်အနည်းငယ်အတွင်း အရည်ကြည်ဖုများအဖြစ်ပြောင်းလဲလာခြင်း
- တစ်ရက်-နှစ်ရက်အတွင်း အရည်ကြည်ဖုများပေါက်ထွက်ကာ အနာဖေးများဖြစ်ပေါ်လာခြင်း
အရေပြားပြောင်းလဲမှုမှာ အလွန်လျင်မြန်သဖြင့် အထက်ပါအဆင့်(၃)မျိုးလုံးကို တပြိုင်နက်တည်း တွေ့ရတတ်သည်။ ကျော၊ရင်ဘတ်တို့တွင် စတင်ဖြစ်ပေါ်ပြီး မျက်နှာနှင့် ခြေလက်များကို ပျံ့နှံ့သွားလေ့ရှိသည်။
အထက်ပါလက္ခဏာများသည် ရေကျောက်ရောဂါ၏ ထူးခြားသောဝိသေသများ ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ
ရေကျောက်သည် ပုံမှန်အားဖြင့် ပြင်းထန်ခြင်းမရှိဘဲ အလိုအလျောက် ပျောက်ကင်းနိုင်သော ရောဂါဖြစ်သည်။ သို့သော် ပေါင်မပြည့်၊လမစေ့သော ကလေးငယ်များ၊ ကိုယ်ခံအားစနစ် ချို့ယွင်းနေသူများ၊ ကာကွယ်ဆေးမထိုးရသေးသူများတွင် ရောဂါပြင်းထန်ခြင်း၊ နောက်ဆက်တွဲဆိုးကျိုး များပြားခြင်းတို့ကို တွေ့ရတတ်သည်။
အဖြစ်များသော နောက်ဆက်တွဲလက္ခဏာများမှာ
- ရေဓါတ်ခန်းခြောက်ခြင်း၊ ဓါတ်ဆားဓါတ်များ မညီမမျှဖြစ်ခြင်း
- ဘက်တီးရီးယားပိုးဝင်ခြင်း၊ ပြည်တည်နာဖြစ်ခြင်း၊ ပိုးဆိပ်ပြန့်ခြင်း
- အဆုတ်ရောင်ခြင်း(pneumonia)
အဖြစ်နည်းသော နောက်ဆက်တွဲလက္ခဏာများမှာ
- ဦးနှောက်ရောင်ခြင်း(encephalitis)၊ အာရုံကြောများရောင်ခြင်း
- နှလုံး၊ ကျောက်ကပ်၊ ပန်ကရိယရောင်ခြင်း
- မျက်ကြည်လွှာရောင်ခြင်း၊ မျက်စိအာရုံကြောရောင်ခြင်း
- ခန္ဓာကိုယ်မှသွေးယိုစီးခြင်း စသည်တို့ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
ရေကျောက်ရောဂါသေချာပြီး ရောဂါပြင်းထန်မှု နှင့် နောက်ဆက်တွဲပြဿနာများမရှိလျှင် နေအိမ်၌ပင်လျှင် ပြုစုနိုင်သည်။ သို့သော် အောက်ပါအခြေအနေများရှိလျှင် မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။
- ရေကျောက် ရောဂါဟု မသေချာခြင်း
- မျက်လုံးများသို့ ကူးစက်ခြင်း
- အဖုများ၊ အနာများသည် အလွန်ပူခြင်း၊ နာခြင်း
- ကိုယ်ဝန်ဆောင်မိခင်များ ရေကျောက်ဖြစ်ခြင်း
- အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ခံအားစနစ်ချို့ယွင်းခြင်း
- နောက်ဆက်တွဲဝေဒနာများ ခံစားရခြင်း
မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓါတ်ခွဲစစ်ဆေးခြင်း၊ ဓါတ်မှန်ရိုက်ခြင်းစသည်တို့ဖြင့် ရောဂါရှာဖွေကုသပေးနိုင်ပါသည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးပါမည်။
ရောဂါရှာဖွေခြင်း
ရေကျောက်ရောဂါဖြစ်သူနှင့် ထိတွေ့မှုရာဇဝင်နှင့် အရေပြားလက္ခဏာများအရ ရေကျောက်ရောဂါ ဖြစ်ကြောင်း ရှင်းလင်းစွာ သိသာနိုင်သည်။ အများအားဖြင့် ဓါတ်ခွဲစမ်းသပ်မှုများမလိုအပ်ပါ။ သို့သော် အသေးစိတ် ပိုမိုတိကျစွာ စစ်ဆေးသိရှိလိုပါက ဓာတ်ခွဲခန်းတွင် ပဋိပစ္စည်း(Ig M antibody)ကို သွေးဖောက် စစ်ဆေးခြင်းဖြင့် ရှာဖွေနိုင်ပါသည်။
ကုသခြင်း
ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော ကူးစက်ရောဂါဖြစ်သည့်အတွက် သီးခြားကုသဆေး မလိုဘဲ ဖြစ်ပေါ်လာသော လက္ခဏာများကိုကုသ၍ သက်သာလာချိန်အထိ အိမ်တွင် စောင့်ကြည့်ရန်သာလိုအပ်ပါသည်။
- ရေ၊ အရည်များများတိုက်ကျွေးပါ
- ကိုယ်ပူဖျားခြင်းအတွက် ပါရာစီတမောတိုက်ပါ၊ ရေဖတ်တင်ပါ
- ယားယံခြင်းအတွက် ဆီထရီဇင်း (cetirizine)၊ ဘာမီတွန် (burmeton) ကဲ့သို့ ဆေးများ တိုက်ကျွေးပါ
- ယားယံမှုသက်သာရန်နှင့် ပိုးဝင်မှုလျှော့ချရန် ရေအေးနှင့် ရေချိုးပေးပါ၊ ရေချိုးစဉ် ချေးတွန်းခြင်းနှင့် ရေချိုးပြီးချိန်များတွင် ခန္ဓာကိုယ်ကို ခြောက်သွေ့အောင် မျက်နှာသုတ်ပဝါဖြင့် ရေသုတ်ခြင်းများမပြုရပါ
- ချောင်ချိသော အဝတ်အထည်များသာ ဝတ်ပါ
- အယားသက်သာ၍ အရေပြားကိုအေးစေသော Cooling cream, calamine lotion များလိမ်းနိုင်သည်
- ယားယံသည့်နေရာအား တတ်နိုင်သမျှ မကုတ်မိစေရန် သတိထားပါ
- ကလေး၏လက်သည်းများကို တိုတိုညှပ်ပေးပါ
- အက်စပရင် (aspirin) ကဲ့သို့ အနာသက်သာပျောက်ဆေးများ မသောက်ရပါ
ဗိုင်းရပ်စ်ပိုးသတ်ဆေးများကို သက်ဆိုင်ရာဆရာဝန်က ညွှန်ကြားမှသာ တိုက်ကျွေးရမည်။
ရေကျောက်ရောဂါဖြစ်ပွားသူသည် အရေပြားအနာများအားလုံးခြောက်မှသာ လူထူထပ်သောနေရာများ၊ အလုပ်၊ ကျောင်းစသည့် အများပြည်သူနှင့် သက်ဆိုင်သောနေရာများသို့ ပြန်လည်သွားရောက်သင့်သည်။
ကာကွယ်ခြင်း
ရေကျောက်သည် အရေပြားအဖုများမထွက်ပေါ်မီ (၂) ရက်ခန့်အလိုမှစ၍ အရေပြားအနာများအားလုံး ခြောက်သည်အထိ ကူးစက်နိုင်ပါသည်။
ရောဂါကူးစက်မှုကိုကာကွယ်ရန်အောက်ပါအချက်များကိုလိုက်နာသင့်သည်။
- ရောဂါပိုးနှင့် ထိတွေ့နိုင်ခြေရှိလျှင် လက်ကို ဆပ်ပြာ (သို့မဟုတ်) လက်ဆေးရည်ဖြင့် အနည်းဆုံး စက္ကန့်(၂၀)ကြာ စနစ်တကျ လက်ဆေးရန်
- တကိုယ်ရည်သန့်ရှင်းရေး အလေ့အထကောင်းများ သင်ကြားပေးရန်
- ချောင်းဆိုး၊ နှာချေလျှင် လက်ကိုင်ပုဝါဖြင့် အုပ်ရန်၊ တံတောင်ဖြင့်ကာရန်
- မိမိအသုံးအဆောင်ပစ္စည်းများကို တခြားသူများနှင့် မျှဝေသုံးစွဲခြင်းမပြုရန်
- ရောဂါပိုးကပ်ငြိနေနိုင်သော ပစ္စည်း၊ မျက်နှာပြင်များကို မကြာခဏ ပိုးသတ်သန့်ရှင်းရန် စသည်တို့ဖြစ်သည်။
အထိရောက်ဆုံး ကာကွယ်နည်းမှာ ရောဂါမဖြစ်ပွားမီ ကာကွယ်ဆေးထိုးနှံခြင်းဖြစ်သည်။ ရေကျောက်ကာကွယ်ဆေးကို ကလေးအသက် (၁)နှစ်မှစ၍ (၂) ကြိမ်ထိုးရမည်။ ကာကွယ်ဆေးထိုးခြင်းသည် ရောဂါဖြစ်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်သည့်အပြင် အကယ်၍ ရောဂါဖြစ်ပွားခဲ့လျှင် ရောဂါပြင်းထန်မှုနှင့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပွားမှုကို သိသိသာသာ လျော့ကျစေသည်။
References:
- Website, N. (2024). Chickenpox. nhs.uk. Retrieved May 27, 2024, from https://www.nhs.uk/conditions/chickenpox
- Chickenpox (Varicella). (2024). Chickenpox (Varicella). Retrieved May 27, 2024, from https://www.cdc.gov/chickenpox/index.html
- Medical Diseases & Conditions – Mayo Clinic. (n.d.). Mayo Clinic. Retrieved May 27, 2024, from https://www.mayoclinic.org/diseases
- Chickenpox. (2024). Cleveland Clinic. Retrieved May 27, 2024, from https://my.clevelandclinic.org/health/diseases/4017-chickenpox
- Gomella, Tricia Lacy, and M. Douglas Cunningham. Gomella’s Neonatology, Eighth Edition. McGraw Hill Professional, 2020, varicella-zoster infection, pg 1211-1215
Published: 30 August 2024
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.