ဦးနှောက်အမြှေးရောင်ရောဂါ (meningitis) ဆိုသည်မှာ ဦးနှောက်ကိုဖုံးအုပ်ထားသောအမြှေးပါးတွင် ရောဂါပိုးဝင်ရောက်၍ ရောင်ရမ်းခြင်းဖြစ်ပြီး၊ ဦးနှောက်ရောင်ရောဂါ (encephalitis) ဆိုသည်မှာ ဦးနှောက်တစ်ခုလုံး ရောင်ရမ်းခြင်းဖြစ်သည်။ လူတိုင်းတွင်ဖြစ်နိုင်သော်လည်း အသက်ငယ်သော ကလေးများနှင့် ကိုယ်ခံစွမ်းအား ကျဆင်းနေသူများတွင် ပိုမိုဖြစ်ပွားတတ်သည်။ အချိန်မီကုသမှု မခံယူပါက အသက်ဆုံးရှုံးနိုင်သကဲ့သို့ နောက်ဆက်တွဲပြဿနာများလည်း ခံစားရနိုင်သည်။ မြန်မာကလေးငယ်များအား ရုပ်ပိုင်း၊ စိတ်ပိုင်း၊ အသိဉာဏ်ပိုင်းဆိုင်ရာ မသန်စွမ်းဖြစ်စေသော အဓိကရောဂါအုပ်စုကြီးဖြစ်ပြီး ကာကွယ်ဆေးထိုး စီမံချက်များအတိုင်း ပုံမှန်ထိုးပေးနေသော ကာကွယ်ဆေးများဖြင့် ထိထိရောက်ရောက် ကာကွယ်နိုင်သည့် ရောဂါအုပ်စုလည်းဖြစ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
- ခန္ဓာကိုယ် တစ်နေရာရာမှ ဘက်တီးရီးယား၊ ဗိုင်းရပ်စ် အစရှိသောပိုးမွှားများ၊ တီဘီပိုး၊ မှိုပိုး စသည်တို့သည် သွေးမှတစ်ဆင့် သော်လည်းကောင်း၊ တိုက်ရိုက် သော်လည်းကောင်း ဦးနှောက်ဆီသို့ ပျံ့နှံ့ သွားနိုင်သည်။
- ကိုယ်ခံအားစနစ် ပုံမှန်မဟုတ်မှုကြောင့်လည်း ဦးနှောက်ရောင်နိုင်သည်။ အကြောင်း အမျိုးမျိုးကြောင့် ကိုယ်ခံအားကျဆင်းလျှင် ရောဂါပိုးမျိုးစုံ ဝင်လာနိုင်သကဲ့သို့ ကိုယ်ခံအား မူမမှန်၊ အလွန်အကျွံ တုံ့ပြန်မှုကြောင့်လည်း Immune encephalitis ဟုခေါ်သော ဦးနှောက်ရောင်ရောဂါတစ်မျိုး ဖြစ်နိုင်သည်။
ဘက်တီးရီးယားကြောင့် ဖြစ်သော ဦးနှောက်အမြှေးရောင်ခြင်း (Bacterial meningitis)
ဘက်တီးရီးယားကြောင့် ဖြစ်သော ဦးနှောက်အမြှေးရောင်ရောဂါသည် အချိန်မီမကုသပါက အသက်အန္တရာယ် ကြုံတွေ့နိုင်သည်။ နားပြည်ယိုခြင်း၊ ထိပ်ကပ်နာစသည့် ရောဂါများကြောင့်လည်း ဖြစ်ပေါ်တတ်သည်။ အဖြစ်များသော ဘက်တီးရီးယားများမှာ H. influenzae, S. pneumoniae, N. meningitidis, Group B Streptococcus စသည်တို့ ဖြစ်သည်။
တီဘီပိုးကြောင့်ဖြစ်သော ဦးနှောက်အမြှေးရောင်ခြင်း (TB Meningitis)
မြန်မာနိုင်ငံတွင် အတွေ့ရများသည်။ အထူးသဖြင့် တီဘီကာကွယ်ဆေး (ဘီစီဂျီ) ထိုးမထားသော ကလေးများ၊ မိသားစု (သို့မဟုတ်) တီဘီရောဂါရှိသော လူကြီးတစ်ယောက်ယောက်နှင့် နီးနီးကပ်ကပ်နေသည့် ကလေးများတွင် ပို၍ဖြစ်တတ်သည်။ အခြား တီဘီလက္ခဏာများဖြစ်သည့် ရက်ရှည်ဖျားခြင်း၊ အစားအသောက် ပျက်ခြင်း၊ ခန္ဓာကိုယ် ကြီးထွားမှုနှေးခြင်း၊ ကိုယ်အလေးချိန် ကျလာခြင်း၊ ရက်ရှည် ချောင်းဆိုးရင်ကျပ်ခြင်း၊ လည်ပင်းတွင် တီဘီကျိတ်များ ထွက်ခြင်း စသည်တို့နှင့်လည်း တွဲ၍တွေ့နိုင်သည်။
ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သော ဦးနှောက်အမြှေးရောင်ခြင်း (Viral meningitis)
ဘက်တီးရီးယားကြောင့် ဖြစ်သော ဦးနှောက်အမြှေးရောင်ရောဂါကဲ့သို့ ရောဂါလက္ခဏာ ပြင်းထန်မှု မရှိပါ။
ဗိုင်းရပ်စ်ပိုးကြောင့် ဦးနှောက်ရောင်ခြင်း (Viral encephalitis)
ဤဦးနှောက်ရောင်ခြင်းမှာ အဆိုးရွားဆုံးရောဂါဖြစ်ပြီး သတိလစ်ခြင်း၊ တက်ခြင်း၊ ခြေလက်များ အကြောဆွဲခြင်း စသည်တို့ အဖြစ်များသည်။ မြန်မာနိုင်ငံတွင် ဂျပန်ဦးနှောက်ရောင်ရောဂါ (Japanese encephalitis) မှာ အဖြစ်များပြီး ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ရောဂါတစ်ခုဖြစ်သည်။ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သော ဦးနှောက်ရောင်ရောဂါ အများစုအတွက် သီးသန့် ပဋိဇီဝပိုးသတ်ဆေးများ မရှိသော်လည်း ရေယုန်ဗိုင်းရပ်စ် (Herpes simplex)နှင့် ရေကျောက် (varicella) အတွက်မူ သီးသန့်ဆေးရှိသည်။
ကိုယ်ခံအားစနစ်ကြောင့် ဦးနှောက်ရောင်ခြင်း (Immune encephalitis)
အတွေ့များသော လက္ခဏာများမှာ တက်ခြင်း၊ ခြေလက်ပါးစပ် စသည်တို့ အကြောဆွဲခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်ခြင်း၊ အမူအကျင့် ပြောင်းလဲခြင်း၊ ပုံမှန်မအိပ်ခြင်း၊ စကားပုံမှန် မပြောနိုင်တော့ခြင်း စသည်တို့ဖြစ်ပြီး ပိုးမွှားကြောင့် ဖြစ်သောရောဂါများထက် ရောဂါလက္ခဏာ ပိုမိုကြာရှည်စွာ တွေ့ရှိရတတ်သည်။ ရောဂါအစပိုင်းတွင် ဤရောဂါမှန်းသိသာရန် ခက်ခဲသည်။ သို့သော် စတီးရွိုက်ဆေးများ၊ immunoglobulin ဆေးများ၊ သွေးလဲလှယ်ကုထုံးများဖြင့် ထိရောက်စွာ ကုသနိုင်သည်။
ရောဂါလက္ခဏာများ
အဓိကလက္ခဏာများမှာ
- ဖျား၍ တက်ခြင်း
- သတိလစ်ခြင်း
- မှိန်းခြင်း
- ခြေလက်များ အကြောဆွဲခြင်း စသည်တို့ဖြစ်သည်။ အခြား လက္ခဏာများဖြစ်သော ခေါင်းကိုက်ခြင်း၊ အန်ခြင်း၊ ဇက်ခိုင်ခြင်း၊ အနီကွက်များပေါ်လာခြင်း၊ ငယ်ထိပ်ဖောင်းခြင်း စသည်တို့ကို တွေ့ရှိနိုင်သည်။
ကလေးကြီးများတွင် ဦးနှောက်အမြှေးရောင်ခြင်းကြောင့် ဖြစ်သော လက္ခဏာများမှာ သိသာထင်ရှားသော်လည်း မွေးကင်းစနှင့် တစ်နှစ်အောက်ကလေးများတွင်မူ ရောဂါစတင်ဖြစ်ချိန်တွင် သာမန်လက္ခဏာများဖြစ်သည့်
- နို့စို့ သိသိသာသာ လျော့ခြင်း
- အလွန်အန်ခြင်း
- ကိုယ်ပူခြင်း (သို့မဟုတ်) သာမန်ကိုယ်အပူချိန်ထက် လျော့ကျသွားခြင်း စသည်တို့သာ တွေ့ရတတ်သည်။ ထို့ကြောင့် တစ်ခါတစ်ရံတွင် ဦးနှောက်အမြှေးရောင်နေသည်ကို မသိနိုင်ခြင်း ဖြစ်တတ်သည်။
Encephalitis ဟုခေါ်သော ဦးနှောက်ရောင်သည့် ရောဂါတွင်မူ ဦးနှောက်အမြှေးရောင်ရောဂါထက် ပိုမိုပြင်းထန်ပြီး ရောင်သော ဦးနှောက်အစိတ်အပိုင်းပေါ်မူတည်၍ ကြာရှည်စွာတက်ခြင်း၊ အကြောဆွဲခြင်း စသည်တို့ ဖြစ်တတ်ပါသည်။ ပို၍မြန်ဆန်စွာ သတိလစ်တတ်သည်။
နောက်ဆက်တွဲပြဿနာများ
- အသက် ဆုံးရှုံးနိုင်ခြင်း
- မသန်စွမ်း ဖြစ်ခြင်း
- ဉာဏ်ရည် ထိခိုက်ခြင်း
- အမြင်အာရုံ၊ အကြားအာရုံ ထိခိုက်ခြင်း
- အတက်ရောဂါ ဖြစ်ခြင်း
- ဦးနှောက်တွင်း အရည်စီးပတ်လမ်းကြောင်း ပိတ်ဆို့ပြီး ရေအိတ်တည်ခြင်း၊ ဦးနှောက် ပြည်တည်ခြင်း စသည်တို့ ဆက်လက်ဖြစ်ပွားနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ ဦးနှောက်အမြှေးရောင်ရောဂါနှင့် ဦးနှောက်ရောင် ရောဂါလက္ခဏာများရှိပါက အရေးပေါ် အခြေအနေဖြစ်နိုင်ပြီး အရေးပေါ်ဆေးကုသမှုခံယူရန် လိုအပ်သောကြောင့် ဆေးရုံအရေးပေါ် ဌာနများသို့ အချိန်မီပြသ ကုသမှုခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း
လိုအပ်သော စမ်းသပ်မှုများ (ဥပမာ – သွေးစစ်ခြင်း၊ ဦးခေါင်း ဓာတ်မှန်ရိုက်ခြင်း စသည်)ကို ကလေး၏ ရောဂါလက္ခဏာပေါ် မူတည်ပြီး ပြုလုပ်ရသည်။ ရောဂါသေချာရန်နှင့် ဖြစ်ပွားစေသောပိုး (သို့မဟုတ်) အခြားအကြောင်းရင်းကို သိရှိနိုင်ရန် ခါးဆစ်ကြားမှ စီအက်စ်အက်ဖ် – CSFအရည်ထုတ်ယူစစ်ဆေးခြင်း (lumbar puncture) ပြုလုပ်ရသည်။ စီအက်စ်အက်ဖ်အရည် စစ်ဆေးခြင်းသည် ဦးနှောက်အမြှေးပါးရောင်ခြင်းနှင့် ဦးနှောက်ရောင်ခြင်းတို့ကို သေချာအောင် ပြုလုပ်ပေးသည့် တစ်ခုတည်းသောစမ်းသပ်မှုဖြစ်သည်။
ကုသခြင်း
အဓိကအားဖြင့် ကုသခြင်း သုံးမျိုးရှိသည်။
- ဖြစ်ပွားစေသောပိုး (သို့မဟုတ်) အကြောင်းရင်းပေါ် မူတည်၍ ကုသခြင်း (ဥပမာ – ပဋိဇီဝပိုးသတ်ဆေး၊ တီဘီဆေး၊ စတီးရွိုက် အစရှိသော ဆေးများပေးရသည်)
ဦးနှောက် အတွင်းပိုင်းထိ ရောက်နေသော ရောဂါပိုးများ အမြစ်ပြတ်ရန် သတ်မှတ်ရက် ပြည့်သည်အထိ ဆေးကုသမှုခံရမည် (ဥပမာ – ဘက်တီးရီးယား ပိုးများအတွက် (၁၀)ရက်မှ (၂)ပတ်ခန့်၊ တီဘီအတွက် တစ်နှစ်ခန့် လိုအပ်သည်)။ သက်သာ ကောင်းမွန်သွားပြီဟု ယူဆ၍ သတ်မှတ်ရက် မပြည့်မီ ဆေးရပ်နားမိလျှင် ရောဂါလက္ခဏာများ ပြန်ပေါ်လာခြင်း၊ ရောဂါ နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပေါ်လာခြင်းတို့ ဖြစ်နိုင်သည်။
ဗိုင်းရပ်စ်ပိုး အများစုအတွက် ပိုးသတ်ဆေးပေးရန် မလိုသော်လည်း ရေယုန်ပိုး (Herpes simplex) နှင့် ရေကျောက်ပိုး (varicella) များအတွက် Acyclovir ဟုခေါ်သော ဗိုင်းရပ်စ်သတ်ဆေးကို သွေးကြောမှတစ်ဆင့် ဆေးသွင်းကုသရသည် - အခြား လက္ခဏာများပေါ် မူတည်၍ ကုသခြင်း (ဥပမာ- အတက်ကျဆေး၊ ကြွက်သားတောင့်တင်းမှု ပြေလျော့ဆေး စသည်များ)
- သတိလစ်နေသော ကလေးများအတွက် မိဘ (သို့မဟုတ်) သူနာပြုများ၏ အနီးကပ် ပြုစုမှုသည်လည်း အရေးကြီးပါသည် (ဥပမာ – တစ်ကိုယ်ရေ သန့်ရှင်းရေး၊ အစားအသောက်၊ လေ့ကျင့်ခန်းများ စသည်ဖြင့်)
ကာကွယ်ခြင်း
ရောဂါ ကြိုတင်ကာကွယ်ခြင်းသည် ရောဂါဖြစ်ပြီးမှ ကုသခြင်းထက် ပိုမိုထိရောက် ကောင်းမွန်သည်။ ကာကွယ်ဆေးများသည် ဦးနှောက်အမြှေးရောင်ခြင်းနှင့် ဦးနှောက်ရောင်ခြင်း ရောဂါများ ဖြစ်ပွားမှုကို သိသာစွာ လျှော့ချနိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။
လေးမျိုးစပ်/ ငါးမျိုးစပ် ကာကွယ်ဆေးများ၊ အဆုတ်ရောင် ကာကွယ်ဆေး၊ ဘီစီဂျီ၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်စသော ကလေးငယ်များကို ပုံမှန်ထိုးပေးနေသည့် ကာကွယ်ဆေးများတွင် အထက်ပါ ရောဂါပိုးအချို့ကို ကာကွယ်သောဆေးများ ပါဝင်သောကြောင့် ပုံမှန်ကာကွယ်ဆေးများ မဖြစ်မနေထိုးရန် လိုအပ်သည်။
ရောဂါ တိုက်ရိုက် မကူးစက်စေရန် ကာကွယ်သည့်အနေဖြင့် ရောဂါဖြစ်ပွားသူနှင့် နီးကပ်စွာနေသူများသည် ပဋိဇီဝပိုးသတ်ဆေးများ ကြိုတင်သောက်ခြင်း (Prophylaxis) ပြုလုပ်နိုင်သည်။ အထူးသဖြင့် H. influenzae, N. meningitidis ပိုးများကြောင့်ဖြစ်သော ဦးနှောက်အမြှေးရောင်ရောဂါများအတွက် ရောဂါဖြစ်သူနှင့် တိုက်ရိုက်ထိတွေ့ပြီးပြီးချင်း ကြိုတင်ကာကွယ်သင့်သည်။ ထိုသို့ ကာကွယ်ရန် လိုမလို၊ မည်သည့်ဆေးဖြင့် ကာကွယ်ရမည် စသည်တို့ကို မိသားစုဆရာဝန်က အကြံပေးလိမ့်မည်။
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.