Polycythemia or Erythrocytosis (သွေးနီဥများ၍ သွေးပျစ်ခြင်း)

Polycythemia or Erythrocytosis (သွေးနီဥများ၍ သွေးပျစ်ခြင်း)

သွေးနီဥများခြင်း (Erythrocytosis) ဆိုသည်မှာ လူတစ်ဦး၏ သွေးထဲတွင် သွေးနီဥပမာဏသည် (Erythrocytes) ပုံမှန်ထက်များနေခြင်းကို ဆိုလိုသည်။ ပုံမှန်အားဖြင့် လူ၏သွေးတွင် သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှားကဲ့သို့သော အခဲအစိတ်အပိုင်း (Solid parts) နှင့် သွေးရည်ကြည် (Plasma) ဟုခေါ်သော အရည်အစိတ်အပိုင်း (Liquid portion) များပါဝင်ပြီး အရည်အစိတ်အပိုင်းသည် အနည်းငယ်ပိုများသည်။ သွေးနီဥများသည့်အခြေအနေတွင်မူ သွေးရည်ကြည်ပမာဏနှင့် နှိုင်းယှဥ်ပါက သွေးနီဥပမာဏမှာ ပို၍များနေသည်ကို တွေ့ရသည်။ သွေးနီဥများခြင်းကို သွေးပျစ်ခြင်း (Polycythemia) ဟုလည်း များသောအားဖြင့် ခေါ်ဝေါ်လေ့ရှိသည်။

သွေးနီဥများကို ကိုယ်ခန္ဓာတွင် ရိုးတွင်းခြင်ဆီ (Bone marrow) မှ ထုတ်လုပ်ပေးပြီး ထို့သို့ထုတ်လုပ်ရန် Erythropoietin (EPO) ဟော်မုန်းမှ ရိုးတွင်းခြင်ဆီကို လှုံ့ဆော်ပေးသည်။ EPO ဟော်မုန်းကို အဓိကအားဖြင့် ကျောက်ကပ်မှ ထုတ်ပေးသည်။ သွေးတွင်းသွေးနီဥပမာဏ များလာခြင်းကို သိရှိရန် သွေးစစ်ဆေးခြင်း (Complete blood count) ပြုလုပ်နိုင်ပြီး၊ သွေးအဖြေတွင် Hematocrit (သွေးနီဥ အချိုးအစား) နှင့် Hemoglobin (ဟီမိုဂလိုဘင်) များ ပုံမှန်ထက်များနေသည်ကို တွေ့ရမည်ဖြစ်သည်။

  • Hematocrit (Hct) – သွေးထဲရှိ သွေးနီဥနှင့် သွေးရည်ကြည်တို့၏ အချိုးအစားဖြစ်သည်
    • ဥပမာအားဖြင့် Hematocrit – ၄၅ ဆိုသည်မှာ သွေးထဲတွင် သွေးနီဥ (၄၅%)၊ သွေးရည်ကြည် (၅၅%) ရှိသည်ဟု အဓိပ္ပါယ်ဖွင့်နိုင်သည်
    • အမျိုးသားများတွင် ပုံမှန်အားဖြင့် Hematocrit သည် (၄၁ – ၅၀ %) ကြား ရှိတတ်ပြီး၊ အမျိုးသမီးများတွင် (၃၆ – ၄၄ %) ကြား ပုံမှန်ရှိတတ်သည်
    • ပုံမှန်ရှိသင့်သည့် ပမာဏထက် နည်းနေပါက သွေးအားနည်းခြင်းကြောင့် ဖြစ်နိုင်ပြီး၊ ပုံမှန်ပမာဏထက် များနေပါက သွေးပျစ်ခြင်းဟု သတ်မှတ်သည်
  • Hemoglobin (Hb) – သွေးနီဥများအတွင်းရှိ အောက်ဆီဂျင်သယ်ဆောင်ရန် အရေးကြီးသည့် ပရိုတင်းဓာတ်တစ်မျိုးဖြစ်သည်
ပမာဏအညွှန်းကိန်းများ

သွေးနီဥပမာဏသည် အသက်၊ ကျား/မ နှင့် နေထိုင်ရာဒေသ၏ အမြင့်ပေအပေါ် မူတည်၍ ကွဲပြားနိုင်သည်။ သွေးစစ်ဆေးမှုများတွင် အောက်ပါပမာဏများထက် မြင့်တက်နေပါက သွေးနီဥများခြင်း (Erythrocytosis) ဟု သတ်မှတ်သည်။

အမျိုးအစားHematocrit (Hct)Hemoglobin (Hb)
အမျိုးသား50%17.5 g/dL
အမျိုးသမီး (ကိုယ်ဝန်မရှိသောအခြေအနေ)45%15.3 g/dL

သွေးနီဥများခြင်း၏ ကိုယ်ခန္ဓာအပေါ် သက်ရောက်မှု
သွေးနီဥများသည် အဓိကအားဖြင့် ခန္ဓာကိုယ်ရှိ တစ်ရှူးများကို အောက်ဆီဂျင် ရရှိစေရန်၊ အာဟာရ ပြည့်ဝစေရန် နှင့် ကျန်းမာစေရန် ကူညီပေးသည်။ သို့ရာတွင် သွေးနီဥများ အလွန်အမင်းများလာပါက ခန္ဓာကိုယ်အပေါ် သက်ရောက်မှုအမျိုးမျိုး ဖြစ်ပေါ်နိုင်သည်။ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းစသော မပြင်းထန်သည့် သက်ရောက်မှုများ ခံစားရနိုင်သကဲ့သို့ သွေးပျစ်ခြင်းကြောင့် သွေးခဲခြင်း၊ သွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်းစသော ပြင်းထန်သည့် ဆိုးကျိုးများလည်း ဖြစ်နိုင်သည်။ ထို့ကြောင့် ရောဂါလက္ခဏာများကို သက်သာစေရန်နှင့် နောက်ဆက်တွဲဆိုးကျိုးများကို ကာကွယ်ရန်အတွက် သွေးနီဥများခြင်း၏ အကြောင်းရင်းကို သိရှိရန်လိုသဖြင့် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးကာ လိုအပ်သော ကုသမှုများ ခံယူရန် အရေးကြီးသည်။

သွေးနီဥများခြင်း အမျိုးအစားများ
အမျိုးအစားများကို သွေးထဲတွင် သွေးနီဥပမာဏ မည်ကဲ့သို့များပြားလာပုံပေါ် မူတည်၍ ခွဲခြားသတ်မှတ်သည်။

  1. အချိုးအစားအရ သွေးနီဥများခြင်း (Relative Erythrocytosis)
    သွေးနီဥအရေအတွက် အမှန်များလာခြင်း မဟုတ်ဘဲ သွေးရည်ကြည် (Plasma) ပမာဏ နည်းသွားခြင်းကြောင့် သွေးနီဥများ များနေသယောင် တွေ့ရခြင်းဖြစ်သည်။ ဥပမာအားဖြင့် ခန္ဓာကိုယ်တွင် အကြောင်းရင်းတစ်ခုခုကြောင့် ရေဓာတ်ခန်းခြောက်ပြီး သွေးထဲတွင် သွေးရည်ကြည် သို့မဟုတ် အရည်ပမာဏ နည်းသွားလျှင် သွေးနီဥ များနေသကဲ့သို့ တွေ့ရသည်။
  2. သွေးနီဥ အမှန်စင်စစ်များခြင်း (Absolute Erythrocytosis)
    ခြင်ဆီမှ သွေးနီဥထုတ်လုပ်မှု အမှန်တစ်ကယ် များလာခြင်းကြောင့် သွေးထဲ၌ သွေးနီဥပမာဏ မြင့်တက်လာခြင်းကို ဆိုလိုသည်။ ဤအခြေအနေကို ဖြစ်ပွါးရသည့် အကြောင်းရင်းပေါ် မူတည်၍ ခြင်ဆီရောဂါ (Primary) နှင့် ခြင်ဆီပြင်ပရောဂါ (Secondary) ဟူ၍ ထပ်မံခွဲခြားထားသည်။
    • ခြင်ဆီရောဂါကြောင့် သွေးနီဥများခြင်း (Primary Erythrocytosis)
      • သွေးနီဥများ ထုတ်လုပ်ရာ ပင်မရင်းမြစ်ဖြစ်သော ရိုးတွင်းခြင်ဆီရှိ ရောဂါအခြေအနေများကြောင့်ဖြစ်သည်
      • သွေးနီဥများအဖြစ် ပြောင်းလဲမည့် ပင်မဆဲလ်များ (Stem cells) တွင် မျိုးဗီဇချို့ယွင်းချက် (Genetic defects) များ ဖြစ်ပေါ်ကာ ရိုးတွင်းခြင်ဆီမှ သွေးနီဥများကို ထိန်းချုပ်မရအောင် အဆမတန် ထုတ်လုပ်ခြင်းဖြစ်သည်
      • မျိုးဗီဇပြောင်းလဲမှုသည် မွေးရာပါချို့ယွင်းခြင်း (Inherited) ဖြစ်နိုင်သကဲ့သို့ မွေးရာပါမဟုတ်သော ချို့ယွင်းခြင်း (Acquired) လည်း ဖြစ်နိုင်သည်။
    • ခြင်ဆီပြင်ပရောဂါများကြောင့် သွေးနီဥများခြင်း (Secondary Erythrocytosis)
      • ရိုးတွင်းခြင်ဆီပြင်ပရှိ ရောဂါအခြေအနေများကြောင့် ဖြစ်ပွါးသည်
      • သွေးနီဥများ ထုတ်လုပ်ရန် ရိုးတွင်းခြင်ဆီကို လှုံ့ဆော်သော Erythropoietin (EPO) ဟော်မုန်းကို ခန္ဓာကိုယ်မှ အလွန်အမင်း ထုတ်လုပ်ခြင်းကြောင့်ဖြစ်သည်
      • ခန္ဓာကိုယ်အတွင်း အောက်ဆီဂျင် မလုံလောက်ခြင်းကို ဖြစ်စေသော အခြေအနေများတွင် ခန္ဓာကိုယ်က EPO ဟော်မုန်းကို ပိုမိုထုတ်လုပ်ခြင်းဖြင့် တုံ့ပြန်သည်
      • EPO သည် ရိုးတွင်းခြင်ဆီကို သွေးနီဥများ ပိုထုတ်ရန် တွန်းအားပေးပြီး တစ်ရှူးများဆီသို့ အောက်ဆီဂျင် ပိုမိုသယ်ဆောင်ပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်၊ ထိုအခြေအနေမျိုးတွင် သွေးနီဥထုတ်လုပ်မှုသည် လိုအပ်သော အတိုင်းအတာထက် ကျော်လွန်များပြားသွားခြင်းဖြစ်သည်
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
  1. အချိုးအစားအရ သွေးနီဥများခြင်းကို ဖြစ်စေသော အကြောင်းများ
    • ခန္ဓာကိုယ်တွင် အရည်ဓာတ် မလုံလောက်ခြင်းကြောင့် ဖြစ်ပွါးသည်
    • အော့အန်ခြင်း၊ ဝမ်းလျှောခြင်းနှင့် ရေဓာတ်ဖယ်ရှားပေးသော ဆီးဆေးများ သောက်သုံးရခြင်းတို့ကြောင့် သွေးထဲတွင် အရည်ပမာဏ နည်းသွားတတ်သည်
  2. အမှန်တစ်ကယ် သွေးနီဥများခြင်းကို ဖြစ်စေသော အကြောင်းများ
    ခြင်ဆီကြောင့်ဖြစ်သော သွေးနီဥများခြင်း (Primary) နှင့် ခြင်ဆီပြင်ပကြောင့်ဖြစ်သော သွေးနီဥများခြင်း (Secondary) တို့တွင် ဖြစ်ပွါးရသည့် အကြောင်းရင်းများ ကွဲပြားသည်။
    • ခြင်ဆီရောဂါကြောင့် သွေးနီဥများခြင်း (Primary Erythrocytosis)
      များသောအားဖြင့် ရိုးတွင်းခြင်ဆီကို ထိခိုက်စေသည့် မျိုးဗီဇပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်သည်။ အကြောင်းရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
      • ရိုးတွင်းခြင်ဆီမှ သွေးဆဲလ်များ အဆမတန်ထုတ်လုပ်သော ရောဂါများ (Myeloproliferative disorders)
        • ဤရောဂါများသည် ခြင်ဆီတွင် မွေးရာပါမဟုတ်သော မျိုးဗီဇပြောင်းလဲခြင်းကြောင့် သွေးဆဲလ်များကို အထိန်းအကွပ်မရှိ အဆမတန်ထုတ်လုပ်သော သွေးရောဂါအမျိုးအစားဖြစ်သည်
        • ၎င်းတို့အနက် Polycythemia vera သည် အဖြစ်အများဆုံးဖြစ်သည်
        • ၎င်းသည် JAK-2 မျိုးဗီဇချို့ယွင်းခြင်းကြောင့် သွေးနီဥ၊ သွေးဖြူဥနှင့် သွေးဥမွှားစသည့် သွေးဆဲလ်များကို အဆမတန်ထုတ်လုပ်စေသည်
      • မျိုးရိုးလိုက်သည့် ဗီဇပြောင်းလဲမှုများ
        • မိဘများထံမှ မျိုးဗီဇချို့ယွင်းမှုကို လက်ခံရရှိပြီး ရိုးတွင်းခြင်ဆီမှ သွေးနီဥများ အများအပြား ထုတ်စေသော အခြေအနေဖြစ်သည်
    • ခြင်ဆီပြင်ပရောဂါများကြောင့် သွေးနီဥများခြင်း (Secondary Erythrocytosis)
      Erythropoietin (EPO) ဟော်မုန်းပမာဏ များစေသော အကြောင်းရင်းများမှာ_
      • တစ်ရှူးများတွင် အောက်ဆီဂျင် ပြတ်လပ်စေသော ရောဂါအခြေအနေများ
        • ဤအခြေအနေများတွင် အောက်ဆီဂျင် မလုံလောက်သောအခါ EPO ဟော်မုန်းများ ထွက်လာပြီး သွေးနီဥများ ပိုမိုထုတ်လုပ်စေသည်
          • ဆေးလိပ်အလွန်အကျွံ သောက်ခြင်း
          • ပင်လယ်ရေမျက်နှာပြင်အထက် အလွန်မြင့်သော အရပ်ဒေသတွင် နေထိုင်ခြင်း
          • အဆုတ်ရောဂါ၊ နှလုံးရောဂါ
          • အိပ်နေစဉ် အသက်ရှူရပ်ခြင်း (Obstructive Sleep Apnea)
          • ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်ခြင်းတို့ကြောင့် ဖြစ်ပွါးလေ့ရှိပြီး တစ်ခါတစ်ရံ ဟီမိုဂလိုဘင်ပရိုတင်း ချို့ယွင်းသည့်ရောဂါစု (Hemoglobinopathy) များကြောင့်လည်း ဖြစ်နိုင်သည်
      • ကျောက်ကပ်ရောဂါများနှင့် ကျောက်ကပ်အစားထိုးကုသမှုများ
        ကျောက်ကပ်သွေးလွှတ်ကြော ကျဉ်းခြင်း (Renal artery stenosis)၊ ကျောက်ကပ်ဖောင်းခြင်း (Hydronephrosis) နှင့် ကျောက်ကပ်အစားထိုးပြီးနောက်ပိုင်းတွင်လည်း တွေ့ရနိုင်သည်။
      • ကင်ဆာအကျိတ်များ
        အချို့သော ကင်ဆာအကျိတ်များ (ဥပမာ _ ကျောက်ကပ်ကင်ဆာ၊ အသည်းကင်ဆာ) နှင့် ကင်ဆာမဟုတ်သောအကျိတ်များ (ဥပမာ _ သားအိမ်အသားလုံး) သည် EPO ဟော်မုန်းကို ပုံမှန်ထက်ပို၍ ထုတ်ပေးသည်။
      • ဆေးဝါးများ
        စတီးရွိုက်ဆေးများ၊ တက်စတိုစတီရုန်း (Testosterone) ဟော်မုန်းဆေးများ သောက်သုံးခြင်းသည်လည်း သွေးနီဥများစေသည်။
ရောဂါလက္ခဏာများ

ရောဂါလက္ခဏာများသည် ဖြစ်ပွါးရသည့် အကြောင်းရင်းနှင့် ပြင်းထန်မှုအပေါ် မူတည်သည်။

ခြင်ဆီပြင်ပအကြောင်းများကြောင့် ဖြစ်ပွါးပါက တွေ့ရလေ့ရှိသော လက္ခဏာများမှာ_

  • ခေါင်းကိုက်ခြင်း
  • စိတ်ရှုပ်ထွေးခြင်း
  • အိပ်ပျော်ရန် ခက်ခဲခြင်း
  • အားနည်းခြင်းနှင့် နုံးချိခြင်း စသည်တို့ဖြစ်သည်။

ခြင်ဆီကြောင့် သွေးနီဥများခြင်းဖြစ်ပါက တွေ့ရနိုင်သော ပိုမိုပြင်းထန်သည့် လက္ခဏာများမှာ_

  • သွေးတိုးခြင်း
  • ညဘက်တွင် ချွေးထွက်ခြင်း
  • အကြောင်းရင်းမရှိဘဲ ပိန်သွားခြင်း
  • အဆစ်များ အလွန်အမင်းနာကျင်ခြင်း၊ ရောင်ရမ်းခြင်းနှင့် ဂေါက်ရောဂါများဖြစ်ခြင်း
  • သွေးထွက်လွယ်ခြင်း (ဥပမာ _ နှာခေါင်းသွေး မကြာခဏလျှံခြင်း၊ အညိုအမည်း စွဲလွယ်ခြင်း)
  • ရေနွေးနှင့် ထိတွေ့ပါက အရေပြား ပြင်းထန်ဆိုးရွားစွာ ယားယံခြင်း
  • ခြေလက်များတွင် ကျဉ်ခြင်း၊ စူးခနဲဖြစ်ခြင်း
  • မျက်နှာ၊ လက် သို့မဟုတ် ခြေထောက်များတွင် နီမြန်းပြီး ပူစပ်ပူလောင်ဖြစ်ခြင်းတို့ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ

နောက်ဆက်တွဲပြဿနာများသည် များသောအားဖြင့် သွေးနီဥများ၍ သွေးပျစ်ခြင်းကြောင့် ဖြစ်ပေါ်သည်။

  • သွေးခဲများဖြစ်ပေါ်ခြင်း
    သွေးပျစ်ခြင်းကြောင့် သွေးစီးဆင်းမှုနည်းခြင်း၊ တွဲ၍ ဖြစ်ပေါ်တတ်သော ပုံမှန်မမှန်သည့် သွေးဥမွှားများကြောင့် သွေးခဲများဖြစ်ပေါ်စေပြီး လေဖြတ်ခြင်း၊ နှလုံးသွေးကြော ပိတ်ခြင်းတို့ကို ဖြစ်စေသည်။ အဆုတ်သွေးကြောပိတ်ခြင်း၊ ခြေထောက်သွေးကြောပိတ်ခြင်း၊ ဝမ်းဗိုက်တွင်းရှိ သွေးကြောများ ပိတ်ခြင်းတို့ကိုလည်း ဖြစ်စေနိုင်သည်။
  • ဘေလုံးကြီးခြင်း
    • ပိုလျှံနေသော သွေးနီဥ များကို ပုံမှန်ဖျက်ဆီးရသော ဘေလုံးသည် နဂိုထက် ပို၍အလုပ်လုပ်ရသဖြင့် ဘေလုံးကြီးခြင်းကို ဖြစ်စေသည်။
  • အစာအိမ်၊ အစာရေမျိုပြွန်နှင့် အူလမ်းကြောင်းတစ်လျှောက် အနာများဖြစ်ခြင်း
  • အခြားသွေးရောဂါများ ဖြစ်ပွါးခြင်း
    ခြင်ဆီပြဿနာကြောင့်ဖြစ်သော Polycythemia vera သည် အခြား သွေးရောဂါများဖြစ်သော ခြင်ဆီခြောက်ခန်းခြင်း (Aplastic anaemia)၊ သွေးကင်ဆာရောဂါများကို ဖြစ်စေနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါလက္ခဏာများ ခံစားရပါက မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များ၊ သွေးရောဂါဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

အောက်ပါ သွေးကြောပိတ်ဆို့သော လက္ခဏာများကို ခံစားရပါက အရေးပေါ်ဌာနသို့ ချက်ချင်းသွားရောက်၍ ဆေးကုသမှု ခံယူသင့်သည်။

  • ရင်ဘတ်အောင့်ခြင်း
  • အသက်ရှူရခက်ခြင်း
  • ခေါင်းမူးဝေခြင်း
  • ရုတ်တရက် ဟန်ချက်မထိန်းနိုင်ခြင်း သို့မဟုတ် ကိုယ်လက်လှုပ်ရှားမှု မပြုနိုင်ခြင်း
  • ခန္ဓာကိုယ်တွင် ကြွက်သားအားနည်းခြင်း သို့မဟုတ် ထုံကျဉ်ခြင်း
  • ခြေထောက်တစ်ဖက်တည်းတွင် ရောင်ရမ်းခြင်း၊ နာကျင်ခြင်း သို့မဟုတ် နီမြန်းခြင်း
ရောဂါရှာဖွေခြင်း

ဆရာဝန်မှ သွေးနီဥများရခြင်း၏ အကြောင်းရင်းကို သိရှိနိုင်ရန် ရောဂါရာဇဝင်မေးမြန်းခြင်း၊ လက်ရှိသောက်နေသော ဆေးဝါးများ၊ လူနေမှုပုံစံနှင့် လက္ခဏာများကို မေးမြန်းခြင်း၊ လိုအပ်ပါက ကိုယ်ခန္ဓာ စမ်းသပ်စစ်ဆေးခြင်းတို့ဖြင့် သွေးရည်ကြည်နည်း၍ သွေးနီဥများခြင်း ဟုတ်မဟုတ် ဦးစွာစစ်ဆေးမည်ဖြစ်သည်။ ထို့နောက် သွေးနီဥ အမှန်တစ်ကယ်များခြင်းအတွက် ခြင်ဆီရောဂါ သို့မဟုတ် ခြင်ဆီပြင်ပရောဂါကြောင့် ဖြစ်ပွါးသည်ကို ခွဲခြားရန် အောက်ပါစစ်ဆေးမှုများကို ပြုလုပ်မည်ဖြစ်သည်။

  • သွေးစစ်ခြင်း (Complete blood count – CBC)
    • သွေးနီဥအရေအတွက် (Red cell count)၊ ဟီမိုဂလိုဘင် (Hb) နှင့် သွေးနီဥ အချိုးအစား (Haematocrit) တို့ကို တိုင်းတာသည်
  • သွေးကို အဏုကြည့်မှန်ဘီလူးအောက်တွင် ကြည့်၍ စစ်ဆေးခြင်း (Peripheral blood smear – PBS)
    • သွေးဆဲလ်များ၏ ပုံသဏ္ဌာန်နှင့် အရွယ်အစားကို စစ်ဆေးသည်
    • Polycythemia vera ရောဂါတွင် ရိုးတွင်းခြင်ဆီရောဂါများ၏ လက္ခဏာဖြစ်သော ပုံမှန်အရွယ်အစား မဟုတ်သော သွေးဆဲလ်များ (ဥပမာ_ အရွယ်အစားကြီးသော သွေးဥမွှား) ကို တွေ့ရနိုင်သည်
  • ကျောက်ကပ်နှင့် အသည်း လုပ်ငန်းစစ်ဆေးခြင်း
    • ကျောက်ကပ်ရောဂါ သို့မဟုတ် EPO ဟော်မုန်းကို အများအပြားထုတ်နေသည့် အကျိတ်များအတွက် စစ်ဆေးနိုင်သည်
  • လက်ထိပ်တွင် အောက်ဆီဂျင်တိုင်းခြင်း (Pulse oximetry)
    • သွေးထဲရှိ အောက်ဆီဂျင်ပမာဏကို တိုင်းတာခြင်းဖြစ်သည်
    • နှလုံးရောဂါ သို့မဟုတ် အဆုတ်ရောဂါကြောင့် အောက်ဆီဂျင်ကျဆင်းခြင်း၏ နောက်ဆက်တွဲ သွေးနီဥများခြင်းကို သိရှိနိုင်သည်
  • Erythropoietin (EPO) စစ်ဆေးခြင်း
    • EPO ပမာဏ နည်းနေပါက ခြင်ဆီရောဂါ (Primary) ဖြစ်နိုင်ပြီး၊ EPO ပမာဏ များနေပါက ခြင်ဆီပြင်ပရောဂါ (Secondary) ဟု သတ်မှတ်နိုင်သည်
  • ဆီးစစ်ခြင်း (Urinalysis)
    • ကျောက်ကပ်ရောဂါအခံကြောင့် ဆီးထဲ၌ သွေးနီဥများ ပါနေခြင်း ရှိမရှိ စစ်ဆေးနိုင်သည်
  • ပုံရိပ်ဖော်စစ်ဆေးမှုများ (Imaging)
    • ကင်ဆာအကျိတ်များကို ရှာဖွေရန် စစ်ဆေးနိုင်သည်
  • ရိုးတွင်းခြင်ဆီ စစ်ဆေးခြင်း (Bone marrow examination)
    • ခြင်ဆီကြောင့်ဖြစ်သော သွေးနီဥ များခြင်းကို သိရှိနိုင်ရန် ခြင်ဆီမှ အသားစယူ၍ စစ်ဆေးနိုင်သည်
    • Polycythemia vera ရောဂါတွင် ခြင်ဆီတွင်း၌ သွေးဆဲလ်များ ပုံမှန်ပမာဏထက် အလွန်များနေသည်ကို တွေ့နိုင်သည်
  • မျိုးဗီဇစစ်ဆေးခြင်း
    • ခြင်ဆီရောဂါ (Polycythemia vera) အတည်ပြုရန် JAK-2 မျိုးဗီဇ ချို့ယွင်းမှုကို စစ်ဆေးနိုင်သည်
ကုသခြင်း

သွေးနီဥများခြင်းကို ဖြစ်စေသော အကြောင်းရင်းအများစုသည် အပြီးတိုင်ပျောက်ကင်းရန် ခက်ခဲသည်။ သို့ရာတွင် သွေးနီဥများခြင်း၏ လက္ခဏာများ သက်သာစေရန်နှင့် နောက်ဆက်တွဲ သွေးခဲများဖြစ်ပေါ်ပိတ်ဆို့ခြင်းကို ကာကွယ်ရန် ကုသမှုများ ခံယူနိုင်သည်။ ပြင်းထန်သော အခြေအနေများ (ဥပမာ_ ခြင်ဆီကြောင့်ဖြစ်သော Polycythemia vera) တွင် သွေးရောဂါဆရာဝန်များက သင့်တော်သော ဆေးဝါးများဖြင့် ကုသမှုပေးမည်ဖြစ်သည်။

  1. သွေးဖယ်ထုတ်၍ ကုသခြင်း (Phlebotomy / Venesection)
    • သွေးနီဥ အမှန်တစ်ကယ်များသော ရောဂါများ (ဥပမာ_ Polycythemia ရောဂါကြောင့် သွေးပျစ်ခြင်း) အတွက် အဓိကပြုလုပ်သော ကုသမှုဖြစ်သည်
    • ပိုလျှံနေသော သွေးနီဥများကို ဖယ်ရှားရန်နှင့် သွေးပမာဏကို လျှော့ချရန်အတွက် ပုံမှန်သွေးထုတ်ခြင်း ပြုလုပ်ရသည်
    • တစ်ကြိမ်လျှင် ဖယ်ထုတ်ရမည့် သွေးပမာဏကို လူနာတစ်ဦးချင်းစီ၏ ရောဂါပြင်းထန်မှုပေါ် မူတည်၍ ဆုံးဖြတ်သည်
    • သွေးဖယ်ထုတ်ရန်သာမက သွေးပျစ်ခြင်းကို သက်သာစေရန် ရေဓာတ်ပြည့်ဝအောင် ဖြည့်ပေးရန်လည်း လိုအပ်သည်
    • ခြင်ဆီရောဂါများတွင် အဓိကပြုလုပ်လေ့ရှိပြီး၊ ခြင်ဆီပြင်ပကြောင့် ဖြစ်ပါက အကြောင်းရင်းရောဂါများကိုသာ အဓိကထား၍ ကုသလေ့ရှိသည်
    • သွေးရည်ကြည်နည်းသော ရောဂါများတွင်မူ အဆိုပါကုသမှု ပြုလုပ်လေ့မရှိပါ
  2. ဆေးဝါးများဖြင့် ကုသခြင်း
    • သွေးပျစ်ခြင်းကြောင့် သွေးခဲနိုင်ခြေများသူများအတွက် သွေးခဲပိတ်ဆို့၍ လေဖြတ်ခြင်းကို ကာကွယ်ရန် Aspirin ဆေးပမာဏ အနည်းငယ်ကို နေ့စဥ်သောက်ရန် လိုအပ်နိုင်သည်၊ Aspirin ဆေးသည် ခြေ၊ လက်များ နီမြန်းပြီး ပူစပ်ပူလောင်ဖြစ်ခြင်းကို သက်သာစေနိုင်သည်
    • သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ သွေးအဆီများသောရောဂါ၊ နှလုံးသွေးကြောကျဥ်းရောဂါရှိသူများသည် အခံရောဂါကို ထိရောက်စွာ ကုသမှု ခံယူသင့်သည်
    • အရေပြား ပြင်းထန်စွာ ယားယံခြင်းများအတွက် ဟစ်စ်တမင်းဆန့်ကျင်ဆေးများ၊ UV အလင်းကုထုံး ခံယူခြင်းတို့ဖြင့် သက်သာစေနိုင်သည်၊ စိတ်ကျရောဂါအတွက် ကုသသော SSRI ဆေးများ (Paroxetine, Fluoxetine) ဆေးများသည်လည်း အရေပြားယားယံခြင်းကို သက်သာစေသည့် အာနိသင်ရှိသည်ဟု လေ့လာတွေ့ရှိရသည်
    • Polycythemia vera လူနာများတွင် သွေးဖယ်ထုတ်ခြင်း ပြုလုပ်သော်လည်း မသက်သာပါက သွေးနီဥပမာဏကို လျှော့ချရန်အတွက် Hydroxyurea, Busulfan, Interferon alfa-2b သို့မဟုတ် Ruxolitinib ကဲ့သို့ ဆေးဝါးများကိုလည်း အသုံးပြုနိုင်သည်
    • အလွန်ပြင်းထန်သောအဆင့် သို့မဟုတ် သွေးကင်ဆာပြောင်းသောအဆင့်များတွင် ပင်မဆဲလ် အစားထိုးခြင်း (Stem cell transplant) ဖြင့် ကုသနိုင်သည်
  3. နေထိုင်မှုပုံစံ ပြင်ဆင်ခြင်း
    • ဆေးလိပ်လုံးဝဖြတ်ခြင်း
    • သွေးခဲခြင်းကို ကာကွယ်ရန် ကိုယ်လက်လှုပ်ရှားမှုများကို ပုံမှန်ပြုလုပ်ခြင်း
    • အဝမလွန်စေရန်၊ ကိုယ်အလေးချိန် ပုံမှန်ဖြစ်အောင် ထိန်းသိမ်းခြင်း
    • အလွန်မြင့်မားသော တောင်ပေါ်ဒေသများကို ရှောင်ကြဥ်ခြင်း
    • သွေးတိုး၊ ဆီးချိုရောဂါများအတွက် အငန်နှင့် ချိုလွန်းသော အစားအစာများကို ရှောင်ကြဥ်ခြင်း
    • အရေပြားလက္ခဏာများအတွက် ရေခပ်အေးအေးဖြင့် ချိုးခြင်း၊ ဆပ်ပြာအပျော့စား သုံးခြင်း၊ အရေပြားကို ခြောက်သွေ့အောင်ထားခြင်း ပြုလုပ်ပြီး၊ ရေနွေးစိမ်ခြင်း၊ အရေပြားကုတ်ခြင်းများ မပြုလုပ်သင့်ပါ
    • ရာသီဥတု အပူအအေးပေါ် မူတည်၍ သင့်လျော်သော အဝတ်အစားများကို ဝတ်ဆင်ခြင်း
    • ခြေ၊ လက်များတွင် အနာ ရှိမရှိ မကြာခဏစစ်ဆေးခြင်း
ကာကွယ်ခြင်း

ခြင်ဆီရောဂါများကြောင့် ဖြစ်ပွါးခြင်းကို ကြိုတင်ကာကွယ်၍ မရနိုင်သော်လည်း ခြင်ဆီပြင်ပရောဂါများ မဖြစ်အောင် ဆေးလိပ်လုံးဝ ရှောင်ကြဥ်ခြင်း၊ ကျန်းမာရေး ပုံမှန်စစ်ဆေးခြင်း၊ ဆေးဝါးများကို သုံးစွဲရာတွင် သတိပြု၍ သုံးစွဲခြင်းတို့ကို ပြုလုပ်သင့်သည်။

References:

  1. Cleveland Clinic. (n.d.). Erythrocytosis. Retrieved January 26, 2026, from https://my.clevelandclinic.org/health/diseases/23468-erythrocytosis
  2. American Red Cross. (n.d.). Hematocrit and blood donation. Retrieved January 26, 2026, from https://www.redcrossblood.org/donate-blood/dlp/hematocrit.html
  3. WebMD. (n.d.). What is erythrocytosis? Retrieved January 26, 2026, from https://www.webmd.com/a-to-z-guides/what-is-erythrocytosis
  4. National Center for Biotechnology Information. (2019). Erythrocytosis. In StatPearls. Retrieved January 26, 2026, from https://www.ncbi.nlm.nih.gov/books/NBK526081/
  5. NHS. (n.d.). Erythrocytosis. Retrieved January 26, 2026, from https://www.nhs.uk/conditions/erythrocytosis/
  6. Cleveland Clinic. (n.d.). Polycythemia vera. Retrieved January 26, 2026, from https://my.clevelandclinic.org/health/diseases/17742-polycythemia-vera
  7. Mayo Clinic. (n.d.). Polycythemia vera: Symptoms & causes. Retrieved January 26, 2026, from https://www.mayoclinic.org/diseases-conditions/polycythemia-vera/symptoms-causes/syc-20355850
  8. Mayo Clinic. (n.d.). Polycythemia vera: Diagnosis & treatment. Retrieved January 26, 2026, from https://www.mayoclinic.org/diseases-conditions/polycythemia-vera/diagnosis-treatment/drc-20355855

Published: 21 February 2026

Share

21 February 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.