Dry skin (အသားအရေခြောက်ခြင်း)

Dry skin (အသားအရေခြောက်ခြင်း)

အသားအရေခြောက်ခြင်း (Dry skin) ဆိုသည်မှာ အရေပြား၏ သဘာဝရေဓာတ်နှင့် အဆီဓာတ် လျော့နည်းပြီး အရေပြား၏ ကာကွယ်ရေးအတားအဆီး (Skin barrier) လုပ်ဆောင်ချက် အားနည်းလာခြင်းကြောင့် အရေပြားခြောက်သွေ့၊ ကြမ်းတမ်း၊ အဖတ်ထ သို့မဟုတ် ယားယံလာသော အခြေအနေဖြစ်သည်။ အသားအရေခြောက်သွေ့ခြင်းကို ဆေးပညာရပ်ဆိုင်ရာ အသုံးအနှုန်းအားဖြင့် Xeroderma ဟုခေါ်ဆိုပြီး၊ အလွန်အမင်းခြောက်သွေ့သော အခြေအနေကို Xerosis ဟုခေါ်ဆိုသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အသားအရေခြောက်ခြင်းသည် အရေပြား၏ အပြင်ဘက်ဆုံးအလွှာဖြစ်သော Stratum corneum တွင် ရေဓာတ်လျော့နည်းပြီး အရေပြားကာကွယ်ရေးအတားအဆီး (skin barrier) ၏ လုပ်ဆောင်ချက် အားနည်းလာခြင်းကြောင့် ဖြစ်ပေါ်သည်။

ပုံမှန်အားဖြင့် Stratum corneum သည် အရေပြားအတွင်းရှိ ရေဓာတ်ဆုံးရှုံးမှုကို ထိန်းချုပ်ပေးသည့်အပြင် ပြင်ပမှ ယားယံစေသောပစ္စည်းများ၊ ဓာတုပစ္စည်းများနှင့် ရောဂါပိုးများ ဝင်ရောက်လာခြင်းမှလည်း ကာကွယ်ပေးသည်။ ယင်းအလွှာရှိ အဆီဓာတ်များ (Lipids) နှင့် သဘာဝအစိုဓာတ်ထိန်းပစ္စည်းများ (Natural Moisturising Factors or NMF) လျော့နည်းလာသောအခါ အရေပြားမှ ရေဓာတ်ကို ကောင်းစွာ မထိန်းသိမ်းနိုင်တော့ဘဲ အရေပြားအတွင်းမှ ရေဓာတ်ဆုံးရှုံးမှု (Transepidermal Water Loss or TEWL) မြင့်တက်လာသည်။

ထို့အပြင် Ceramides၊ cholesterol နှင့် free fatty acids တို့၏ ပမာဏ သို့မဟုတ် အချိုးအစား ပြောင်းလဲခြင်းနှင့် အရေပြားဆဲလ်များ ပုံမှန်အတိုင်း ကွာကျလဲလှယ်သည့်ဖြစ်စဉ် အနှောင့်အယှက်ဖြစ်ခြင်းတို့ကြောင့် အရေပြားအပေါ်ယံ၌ သေဆုံးသွားသော ဆဲလ်များ စုပုံလာနိုင်သည်။ ယင်းပြောင်းလဲမှုများကြောင့် အရေပြားခြောက်သွေ့ခြင်း၊ ကြမ်းတမ်းခြင်း၊ အဖတ်ထခြင်း၊ အက်ကွဲခြင်းနှင့် ယားယံခြင်းတို့ ဖြစ်ပေါ်လာနိုင်သည်။

အသားအရေခြောက်ခြင်းကို ဖြစ်စေနိုင်သော သို့မဟုတ် ပိုမိုဆိုးရွားစေနိုင်သော အချက်များမှာ_

  • အသက်အရွယ်ကြီးလာခြင်း – အသက်ကြီးလာသည်နှင့်အမျှ အရေပြား၏ သဘာဝအဆီနှင့် အစိုဓာတ်ထိန်းသိမ်းနိုင်စွမ်း လျော့နည်းလာပြီး အရေပြားပိုမိုပါးလွှာ၍ ခြောက်သွေ့လွယ်လာနိုင်သည်
  • အေးမြခြောက်သွေ့သော ရာသီဥတု – လေထုစိုထိုင်းဆနည်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတို့က အရေပြား၏ ရေဓာတ်ဆုံးရှုံးမှုကို ပိုများစေနိုင်သည်
  • လေအေးပေးစက်နှင့် အပူပေးစက်များ – လေအေးပေးစက်၊ အိမ်တွင်းအပူပေးစက်၊ မီးဖိုနှင့် မီးလင်းဖိုများကို အချိန်ကြာမြင့်စွာ အသုံးပြုခြင်းသည် လေထုစိုထိုင်းဆကို လျော့နည်းစေပြီး အရေပြားခြောက်သွေ့မှုကို ပိုမိုဆိုးရွားစေနိုင်သည်
  • အလွန်အကျွံရေချိုးခြင်း – ရေပူဖြင့် အချိန်ကြာမြင့်စွာ ရေချိုးခြင်း၊ ရေစိမ်ခြင်း သို့မဟုတ် မကြာခဏရေချိုးခြင်းသည် အရေပြား၏ သဘာဝအဆီဓာတ်များကို ဖယ်ရှားပစ်နိုင်သည်
  • အရေပြားကို ကြမ်းတမ်းစွာ ပွတ်တိုက်ခြင်း – ရေချိုးစဉ် သို့မဟုတ် ရေချိုးပြီးနောက် အရေပြားကို ကြမ်းတမ်းစွာပွတ်တိုက်ခြင်းသည် skin barrier ကို ထိခိုက်စေနိုင်သည်
  • ဆပ်ပြာနှင့် သန့်စင်ဆေးအပြင်းစားများ – ဆပ်ပြာ၊ ဆပ်ပြာရည်၊ detergent၊ shampoo နှင့် alcohol ပါဝင်သော ထုတ်ကုန်အချို့သည် အရေပြားရှိ သဘာဝအဆီနှင့် အစိုဓာတ်ကို လျော့နည်းစေနိုင်သည်
  • အလုပ်အကိုင်နှင့် ဆက်စပ်သော ထိတွေ့မှုများ – ရေ၊ ဆပ်ပြာ၊ သန့်စင်ဆေးရည်၊ ဘိလပ်မြေ၊ မြေဆီလွှာ၊ ဓာတုပစ္စည်း သို့မဟုတ် solvent များနှင့် မကြာခဏထိတွေ့ကိုင်တွယ်ရသူများတွင် အထူးသဖြင့် လက်အရေပြား ခြောက်သွေ့ရောင်ရမ်းနိုင်ခြေ ပိုများသည်
  • အရေပြားရောဂါများ – နှင်းခူရောဂါ (Eczema/Atopic dermatitis)၊ Psoriasis နှင့် Ichthyosis ကဲ့သို့သော အရေပြားရောဂါများကြောင့် အသားအရေခြောက်သွေ့ခြင်း ဖြစ်ပေါ်နိုင်သည်
  • အခြားကျန်းမာရေးပြဿနာများ – သိုင်းရွိုက်ဟော်မုန်းနည်းခြင်း (Hypothyroidism)၊ နာတာရှည်ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါ၊ အာဟာရချို့တဲ့ခြင်းနှင့် ကိုယ်အလေးချိန် အလွန်အမင်းကျဆင်းခြင်းတို့နှင့် ဆက်စပ်၍လည်း အသားအရေခြောက်သွေ့နိုင်သည်
  • ဆေးဝါးများနှင့် ဆေးကုသမှုများ – Oral retinoids၊ ဆီးဆေးအချို့ (diuretics)၊ ကင်ဆာကုသဆေးအချို့နှင့် ကျောက်ကပ်ဆေးခြင်းကဲ့သို့သော ကုသမှုများကြောင့်လည်း အသားအရေခြောက်သွေ့နိုင်သည်

ထို့ကြောင့် အသားအရေခြောက်ခြင်းသည် ရာသီဥတုနှင့် နေ့စဉ်အလေ့အထများကြောင့်သာမက အရေပြားရောဂါ၊ နောက်ခံကျန်းမာရေးပြဿနာ သို့မဟုတ် ဆေးဝါးအသုံးပြုမှုကြောင့်လည်း ဖြစ်ပေါ်နိုင်သည်။

ရောဂါလက္ခဏာများ

အသားအရေခြောက်သွေ့ခြင်း (Dry skin/Xerosis) ကြောင့် အောက်ပါလက္ခဏာများကို ခံစားရနိုင်သည်။

  • အရေပြား တင်းကြပ်ခြင်း – အထူးသဖြင့် ရေချိုးသန့်စင်ပြီးနောက် ပိုမိုသိသာစွာ ခံစားရနိုင်သည်
  • အသားအရေကြမ်းတမ်းခြင်း – အသားအရေ မညီညာ ဖြစ်လာနိုင်သည်
  • ယားယံခြင်း – အနည်းငယ်ယားယံခြင်းမှ အလွန်အမင်း ပြင်းထန်စွာ ယားယံခြင်းအထိ ဖြစ်နိုင်သည်
  • အဖြူရောင်အဖတ်များကွာခြင်း
  • အရေပြားပေါ်တွင် ပါးလွှာသော အကြောင်းလိုင်းများ ပေါ်လာခြင်း
  • အရေပြားကွဲခြင်း
  • အရေပြားအရောင် ပြောင်းလဲခြင်း – အသားဖြူသူများတွင် နီရဲနိုင်ပြီး အသားညို သို့မဟုတ် မည်းသူများတွင် မီးခိုးရောင် သို့မဟုတ် ဖြူဖွေးဖွေး ဖြစ်လာနိုင်သည်
  • နာကျင်ခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း သို့မဟုတ် အရေပြားပူလောင်သည်ကို ခံစားရခြင်း
နောက်ဆက်တွဲပြဿနာများ

အသားအရေခြောက်ခြင်းသည် အများအားဖြင့် အန္တရာယ်ကြီးမားသော အခြေအနေမဟုတ်ပါ။ သို့သော် အလွန်ခြောက်သွေ့ခြင်း သို့မဟုတ် အချိန်ကြာမြင့်စွာ မသက်သာဘဲရှိနေခြင်းကြောင့် အရေပြားကာကွယ်ရေးအတားအဆီး (skin barrier) ပိုမိုပျက်စီးလာပါက အောက်ပါပြဿနာများ ဖြစ်ပေါ်နိုင်သည်။

  • အရေပြားအက်ကွဲခြင်းနှင့် သွေးထွက်ခြင်း – အလွန်ခြောက်သွေ့သောအရေပြားတွင် နက်ရှိုင်းသောအက်ကြောင်းများ ဖြစ်ပေါ်၍ နာကျင်ခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း သို့မဟုတ် သွေးထွက်ခြင်းတို့ ဖြစ်နိုင်သည်
  • ယားယံခြင်းနှင့် ကုတ်ခြစ်မှုသံသရာ – ယားယံသောကြောင့် မကြာခဏကုတ်ခြစ်ရာမှ အရေပြားပိုမိုပျက်စီးပြီး ယားယံမှု ထပ်မံပြင်းထန်လာနိုင်သည်၊ ကြာရှည်စွာ ကုတ်ခြစ်နေပါက အရေပြားထူလာခြင်း၊ ကြမ်းတမ်းလာခြင်းနှင့် အရောင်ပြောင်းခြင်းတို့ ဖြစ်ပေါ်နိုင်သည်
  • နှင်းခူရောဂါ ပိုမိုဆိုးရွားခြင်း – နှင်းခူရောဂါ (Atopic dermatitis/Eczema) ဖြစ်နိုင်ခြေရှိပြီးသားသူများတွင် အသားအရေအလွန်ခြောက်သွေ့ခြင်းကြောင့် ရောဂါလက္ခဏာများ ပိုမိုဆိုးရွားနိုင်သည်၊ အသားအရေခြောက်ခြင်းတစ်ခုတည်းကြောင့် နှင်းခူရောဂါကို တိုက်ရိုက်ဖြစ်စေသည်ဟု မဆိုလိုပါ
  • အရေပြားပိုးဝင်ခြင်း (Skin infection) – အရေပြားအက်ကွဲခြင်း၊ အနာဖြစ်ခြင်းနှင့် မကြာခဏကုတ်ခြစ်ခြင်းတို့ကြောင့် ဘက်တီးရီးယားနှင့် အခြားရောဂါပိုးများ အရေပြားအတွင်းသို့ ဝင်ရောက်ကာ အောက်ပါလက္ခဏာများ ဖြစ်ပေါ်လာနိုင်သည်
    • အရေပြားနီရဲခြင်း၊ ပူနွေးခြင်း သို့မဟုတ် ရောင်ရမ်းခြင်း
    • နာကျင်မှု ပိုမိုပြင်းထန်လာခြင်း
    • အရည် သို့မဟုတ် ပြည်ထွက်ခြင်း
    • အနာ သို့မဟုတ် နီရဲသောဧရိယာ တဖြည်းဖြည်းကျယ်လာခြင်း
    • ဖျားခြင်း သို့မဟုတ် နေမကောင်းဖြစ်ခြင်း
  • နေ့စဉ်ဘဝကို ထိခိုက်ခြင်း – ပြင်းထန်သော ယားယံမှုနှင့် နာကျင်မှုတို့ကြောင့် အိပ်စက်ခြင်း၊ အာရုံစူးစိုက်ခြင်းနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများ ထိခိုက်နိုင်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်

အောက်ပါအခြေအနေများရှိပါက ဆရာဝန် သို့မဟုတ် အရေပြားအထူးကုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး ကုသမှုခံယူသင့်သည်။

  • Moisturiser ပုံမှန်သုံးသော်လည်း မသက်သာခြင်း သို့မဟုတ် ပိုမိုဆိုးလာခြင်း
  • ယားယံမှု အလွန်ပြင်းထန်ပြီး အိပ်စက်ခြင်း သို့မဟုတ် နေ့စဉ်လုပ်ငန်းများကို ထိခိုက်လာခြင်း
  • အရေပြားအလွန်နီရဲပြီး ရောင်ရမ်းခြင်း
  • အရေပြားကွဲပြီး သွေးထွက်ခြင်း သို့မဟုတ် အနာဖြစ်လာခြင်း
  • တစ်ကိုယ်လုံး အလွန်ခြောက်သွေ့ခြင်း
  • အခြားကျန်းမာရေးလက္ခဏာများ ပေါ်လာခြင်း
  • ကလေးတွင် မွေးကတည်းက သို့မဟုတ် ငယ်စဉ်ကတည်းက အရေပြားအလွန်ခြောက်ခြင်းနှင့်အတူ အခြားပုံမှန်မဟုတ်သော လက္ခဏာများ ရှိခြင်း
  • ဆေးအသစ်စတင်သောက်ပြီးနောက် ရုတ်တရက်ဖြစ်လာခြင်း
ရောဂါရှာဖွေခြင်း

အသားအရေခြောက်သွေ့ခြင်းကို အများအားဖြင့် ရောဂါရာဇဝင် မေးမြန်းစစ်ဆေးခြင်းနှင့် အရေပြားအား စစ်ဆေးကြည့်ရှုခြင်းတို့ဖြင့် ရောဂါအမည်တပ် သတ်မှတ်နိုင်သည်။

  • ရောဂါလက္ခဏာ စတင်ဖြစ်ပေါ်သည့်အချိန်၊ ဖြစ်ပွားသည့်နေရာနှင့် ယားယံမှုအခြေအနေများ
  • ရေချိုးသည့်အလေ့အထ၊ အသုံးပြုသော ဆပ်ပြာနှင့် လက်ရှိသောက်သုံးနေသော ဆေးဝါးများ
  • အလုပ်အကိုင်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ထိတွေ့ဆက်ဆံမှုများ
  • မိသားစုဝင်များ၏ ဆေးရာဇဝင်နှင့် အခြားအရေပြားရောဂါ ဖြစ်ပွားဖူးခြင်းများစသည်တို့ကို အသေးစိတ် မေးမြန်းစစ်ဆေးမည်ဖြစ်သည်။

ပုံမှန်အားဖြင့် အထူးစမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ရန် မလိုအပ်ပါ။ အခြားရောဂါတစ်ခုနှင့် တွဲဖြစ်သည်ဟု သံသယဖြစ်မှသာ လိုအပ်သော စစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်မည်ဖြစ်သည်။

ကုသခြင်း

အသားအရေခြောက်သွေ့ခြင်း (Dry skin) အတွက် အဓိကကုသမှုမှာ Moisturiser သို့မဟုတ် Emollient အသုံးပြုခြင်း ဖြစ်သည်။ Moisturiser ကို လုံလောက်စွာနှင့် မကြာခဏ ပုံမှန်လိမ်းပေးခြင်းဖြင့် အောက်ပါ အကျိုးကျေးဇူးများကို ရရှိနိုင်သည်။

  • ယားယံမှုဝေဒနာကို လျှော့ချပေးခြင်း
  • အရေပြား၏ ကာကွယ်ရေးအတားအဆီး (skin barrier) ကို ခိုင်မာအားကောင်းစေခြင်း
  • အရေပြားကို ထိခိုက်စေနိုင်သော အရာများနှင့် ဘက်တီးရီးယားများ ဝင်ရောက်မှုကို လျော့နည်းစေခြင်း
  • အရေပြားမှ ရေဓာတ်ဆုံးရှုံးမှုကို ကာကွယ်ပေးခြင်း

Moisturiser များကို အရေပြားစိုစွတ်နေသောအချိန် (ဥပမာ – ရေချိုးပြီးစ) တွင် လိမ်းပေးပါက ပိုမိုထိရောက်မှုရှိသည်။ ထို့အပြင် Urea သို့မဟုတ် propylene glycol ကဲ့သို့သော ရေဓာတ်ကို ဆွဲယူထိန်းသိမ်းပေးသည့် ပစ္စည်းများ (humectants) ပါဝင်သော Moisturiser များသည်လည်း အကျိုးရှိသည်။

ထို့အပြင် အသားအရေခြောက်သွေ့၍ ယားယံခြင်း သို့မဟုတ် အရေပြားရောင်ရမ်းခြင်း (Dermatitis) ခံစားရပါက ဆရာဝန်မှ စတီးရွိုက်လိမ်းဆေးများ (Topical Steroid) ကို သင့်တော်သလို ညွှန်ကြားမည်ဖြစ်သည်။ Steroid လိမ်းဆေးများကို မိမိသဘောဖြင့် ရေရှည်သုံးစွဲခြင်းမပြုဘဲ ဆရာဝန်၏ ညွှန်ကြားချက်အတိုင်းသာ လိမ်းရမည်။

ကာကွယ်ခြင်း

အသားအရေခြောက်သွေ့ခြင်းကို ကာကွယ်စောင့်ရှောက်ရာတွင် အဓိကရည်ရွယ်ချက်မှာ အရေပြားအတွင်းရှိ အစိုဓာတ်ကို ထိန်းသိမ်းရန်နှင့် အရေပြား၏ သဘာဝ ကာကွယ်ရေးအတားအဆီး (skin barrier) ကို ကျန်းမာကြံ့ခိုင်စေရန်ဖြစ်သည်။

  1. Moisturiser ပုံမှန်လိမ်းပါ
    Moisturiser သည် အရေပြားအတွင်း အစိုဓာတ်ကို ထိန်းသိမ်းပေးပြီး အရေပြား ကာကွယ်ရေး အတားအဆီး (skin barrier) ကို ကြံ့ခိုင်ကောင်းမွန်စေသည်။
    • တစ်နေ့တာအတွင်း လိုအပ်သလို မကြာခဏ ပုံမှန်လိမ်းပေးပါ
    • လက်အသားအရေကို မကြာခဏ moisturiser လိမ်းပေးပါ
    • ရေချိုးပြီးနောက် အရေပြားအနည်းငယ် စိုစွတ်နေချိန်တွင် moisturiser ချက်ချင်းလိမ်းပေးပါ
    • ပြင်ပသို့ ထွက်ခွာမည်ဆိုပါက SPF 30 နှင့်အထက် broad-spectrum sunscreen ကို အသုံးပြုပါ
  2. ရေနှင့်ထိတွေ့သည့် ကြာချိန်ကို လျှော့ချပါ
    • ရေချိုးချိန်ကို ၁၀ မိနစ်အတွင်း ထားပါ
    • ရေပူမသုံးဘဲ နွေးရုံသာရှိသောရေ အသုံးပြုပါ
    • တစ်နေ့လျှင် အကြိမ်များစွာ ရေချိုးခြင်းကို ရှောင်ပါ
    • ရေချိုးပြီးနောက် အရေပြားကို မပွတ်ဘဲ ပဝါဖြင့် ညင်သာစွာ ဖိသုတ်၍ ခြောက်သွေ့စေပါ
  3. နူးညံ့သော Cleanser ကို အသုံးပြုပါ
    ပြင်းထန်သော ဆပ်ပြာများသည် အရေပြား၏ သဘာဝအဆီဓာတ်များကို ပျက်စီးစေပြီး ခြောက်သွေ့မှုကို ပိုမိုဆိုးရွားစေနိုင်သည်။
    • နူးညံ့သော သန့်စင်ဆေး (Gentle cleanser)၊ cleansing cream သို့မဟုတ် shower gel များကို ပြောင်းလဲအသုံးပြုသင့်သည်
    • အမွှေးနံ့မပါဝင်သော (Fragrance-free) နှင့် အရေပြားယားယံမှုကို မဖြစ်စေသော ထုတ်ကုန်များကို ရွေးချယ်အသုံးပြုရမည်
    • ရေချိုးပြီးစ အရေပြားစိုစွတ်နေချိန်တွင် အစိုဓာတ်ထိန်းခရမ် (Moisturiser) ကို ချက်ချင်း လိမ်းပေးရမည်
  4. အမွှေးရိတ်ရာတွင် ဂရုစိုက်ပါ
    အမွှေးရိတ်ခြင်းသည် အရေပြားခြောက်သွေ့မှုကို ဖြစ်ပေါ်စေနိုင်သည်။
    • အမွှေးမရိတ်မီ shaving gel/cream သို့မဟုတ် အခြားချောမွေ့စေသော ထုတ်ကုန်ပစ္စည်း (lubricating product) ကို အသုံးပြုပါ
    • ထက်မြက်သော မုတ်ဆိတ်ရိတ်ဓား (razor) ကို အသုံးပြုပါ
    • ရိတ်ပြီးပါက ရေနွေးနွေးဖြင့် စနစ်တကျ သန့်စင်ပါ
    • နောက်ဆုံးတွင် အစိုဓာတ်ထိန်းခရမ် (moisturiser) ကို လိမ်းပေးပါ
  5. အေးပြီး လေပြင်းသော ရာသီဥတုတွင် အရေပြားကို ကာကွယ်ပါ
    အေးစက်သော ရာသီဥတုနှင့် လေပြင်းတိုက်ခတ်ခြင်းတို့သည် အရေပြားခြောက်သွေ့မှုကို ပိုမိုဆိုးရွားစေနိုင်သည်။
    • ပတ်ဝန်းကျင် လေထုခြောက်သွေ့သော အချိန်များတွင် Humidifier တပ်ဆင်အသုံးပြုနိုင်သည်
    • လေအေးပေးစက် (Air conditioner) အသုံးပြုခြင်းကြောင့် လေထုစိုထိုင်းဆ လျော့နည်းလာပါက အရေပြားခြောက်သွေ့မှု ပိုမိုဖြစ်ပေါ်နိုင်သည်
    • ပြင်ပသို့ ထွက်ခွာသည့်အခါ ဦးထုပ်၊ ပဝါ၊ အင်္ကျီလက်ရှည် သို့မဟုတ် လက်အိတ် စသည်တို့ကို အသုံးပြု၍ အရေပြားကို စနစ်တကျ ဖုံးအုပ်ကာကွယ်သင့်သည်။
  6. လက်ကို ကာကွယ်ပါ
    အောက်ပါလုပ်ငန်းများကို ဆောင်ရွက်ရာတွင် လက်အရေပြား ခြောက်သွေ့ခြင်း မဖြစ်ပေါ်စေရန် သင့်လျော်သော အကာအကွယ်လက်အိတ်များ (protective gloves) ကို စနစ်တကျ အသုံးပြုရမည်။
    • ဥယျာဉ်စိုက်ပျိုးပြုပြင်သည့် လုပ်ငန်းများ ဆောင်ရွက်ခြင်း
    • ပြင်းအားမြင့် ဆပ်ပြာနှင့် သန့်စင်ဆေးရည်များ အသုံးပြုခြင်း
    • Detergent (အဝတ်လျှော်ဓာတ်ဆီ/သန့်စင်ဆေး) များနှင့် မကြာခဏ ထိတွေ့ကိုင်တွယ်ရသည့် လုပ်ငန်းများ ဆောင်ရွက်ခြင်း
    • ရေနှင့် အချိန်ကြာမြင့်စွာ ထိတွေ့လုပ်ကိုင်ရသည့် လုပ်ငန်းများ ဆောင်ရွက်ခြင်း
  7. ရေဓာတ်ဖြည့်တင်းခြင်း
    နေ့စဉ် ရေ သို့မဟုတ် ကဖင်းဓာတ် မပါသောအရည်များ လုံလောက်စွာ သောက်ပေးခြင်းသည် ခန္ဓာကိုယ် တစ်ရှူးများနှင့် အရေပြားစိုစွတ်မှုကို ထိန်းသိမ်းပေးသည်။
    • ထိတွေ့မှုလျှော့ချခြင်း၊ အကာအကွယ်လက်အိတ်ဝတ်ခြင်းနှင့် Moisturiser ပုံမှန်လိမ်းခြင်းဖြင့် သက်သာစေနိုင်သည်။

References:

  1. American Academy of Dermatology Association. (n.d.). Dermatologists’ tips to relieve dry skin. Retrieved October 9, 2026, from https://www.aad.org/public/everyday-care/skin-care-basics/dry/dermatologists-tips-relieve-dry-skin
  2. Augustin, M., Wilsmann-Theis, D., Körber, A., Kerscher, M., Itschert, G., Dippel, M., & Staubach, P. (2019). Diagnosis and treatment of xerosis cutis—A position paper. Journal der Deutschen Dermatologischen Gesellschaft, 17(Suppl. 7), 3–33. https://doi.org/10.1111/ddg.13906
  3. Cleveland Clinic. (n.d.). Dry skin (xerosis). Retrieved October 9, 2026, from https://my.clevelandclinic.org/health/diseases/16940-dry-skin
  4. DermNet. (n.d.). Dry skin (xerosis). Retrieved October 9, 2026, from https://dermnetnz.org/topics/dry-skin
  5. Mayo Clinic. (n.d.). Dry skin: Diagnosis and treatment. Retrieved October 9, 2026, from https://www.mayoclinic.org/diseases-conditions/dry-skin/diagnosis-treatment/drc-20353891

Published: 11 November 2026

Share

17 October 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.