ရိုးတွင်းခြင်ဆီ စစ်ဆေးခြင်းဆိုသည်မှာ သွေးနှင့်ရိုးတွင်းခြင်ဆီတွင် သံသယရှိသော ရောဂါအခြေအနေများကို ရှာဖွေဖော်ထုတ်ရန် ရိုးတွင်းခြင်ဆီအတွင်းမှ အရည်နှင့်အသားစယူ၍ စစ်ဆေးသည့် နည်းလမ်းဖြစ်သည်။ ရိုးတွင်းခြင်ဆီသည် အရိုးများ၏အလယ်အတွင်းပိုင်းတွင် တည်ရှိပြီး ပျော့ပြောင်းနူးညံ့သော တစ်ရှူးအလွှာမျိုးဖြစ်သည်။ ခန္ဓာကိုယ်၏ သွေးဆဲလ်များ ထုတ်လုပ်ရာနေရာဖြစ်ပြီး
- သွေးနီဥများ (ခန္ဓာကိုယ်အနှံ့သို့ အောက်ဆီဂျင်သယ်ဆောင်ပေးသည့် ဆဲလ်များ)
- သွေးဖြူဥများ (ခန္ဓာကိုယ်ကို ပိုးမွှားများနှင့် ကူးစက်ရောဂါများမှ ကာကွယ်ပေးသော ဆဲလ်များ)
- သွေးဥမွှားများ (သွေးကြောများ ပျက်စီးသွားသောအခါတွင် သွေးထွက်ခြင်းကို ရပ်တန့်ရန် သွေးခဲများ ဖြစ်ပေါ်လာစေသော ဆဲလ်များ)
- ခြင်ဆီပင်မဆဲလ်များ
- အဆီတစ်ရှုးများ
- သွေးကြောများဖြင့် ဖွဲ့စည်းထားသည်။
ရိုးတွင်းခြင်ဆီအတွင်းမှ ဆဲလ်များပါ၀င်သော အရည်နှင့်တစ်ရှူးအသားစကို ဓာတ်ခွဲစစ်ဆေးခြင်းဖြင့် ရောဂါများစွာကို ရှာဖွေတွေ့ရှိနိုင်သောကြောင့် အကျိုးရှိသော စမ်းသပ်စစ်ဆေးမှုမျိုး ဖြစ်သည်။
ပြုလုပ်ရန် လိုအပ်သော ရောဂါနှင့် အခြေအနေများ
လူနာကို စမ်းသပ်စစ်ဆေးရာတွင် သွေးရောဂါလက္ခဏာများ (သို့မဟုတ်) ကင်ဆာရောဂါလက္ခဏာများ တွေ့ရှိလျှင် ဖြစ်စေ၊ သွေးအဖြေတွင် ပုံမှန်မဟုတ်သော သွေးဆဲလ်များကို တွေ့ရှိလျှင်ဖြစ်စေ ရိုးတွင်းခြင်ဆီနှင့် ဆက်စပ်သည်ဟုယူဆပါက ရိုးတွင်းခြင်ဆီစစ်ဆေးခြင်းအား ပြုလုပ်လေ့ ရှိသည်။ ရိုးတွင်းခြင်ဆီစစ်ဆေးခြင်း အားဖြင့် ရှာဖွေဖော်ထုတ် သိရှိနိုင်သော ရောဂါများမှာ
- သွေးအားနည်းရောဂါတစ်ချို့
- သွေးဥမွှားနည်းရောဂါတစ်ချို့
- ရိုးတွင်းခြင်ဆီ အားနည်းသောရောဂါ
- သွေးကင်ဆာ
- ပြန်ရည်ကျိတ်ကင်ဆာ
- ခန္ဓာကိုယ် အခြားနေရာမှ ပျံ့နှံ့လာသော ကင်ဆာများ
- ရောဂါ ရှာဖွေရန် ခက်ခဲသော ရက်ရှည် အဖျားရောဂါများ စသည်တို့ဖြစ်သည်။
ထို့ပြင် ကင်ဆာအဆင့် ခွဲခြားခြင်း နှင့် ကင်ဆာကုသမှု၏ တုံ့ပြန်မှု၊ တိုးတက်မှုတို့ကိုလည်း သိရှိနိုင်သလို ရိုးတွင်းခြင်ဆီ လှူဒါန်းလိုသော အလှူရှင်များအတွက်လည်း အလှူရှင်နှင့် လက်ခံမည့်သူ ကိုက်ညီမှု ရှိမရှိ စစ်ဆေးဆုံးဖြတ်နိုင်သည်။
ကြိုတင်သိရှိထားရမည့် အချက်များ
ယေဘုယျအားဖြင့် ရိုးတွင်းခြင်ဆီ စစ်ဆေးခြင်းသည် လွယ်ကူရိုးရှင်းသော စစ်ဆေးမှုတစ်ခုဖြစ်ပြီး အသက်အန္တရာယ်၊ ခန္ဓာကိုယ်ချည့်နဲ့ခြင်းများ အတွက် စိုးရိမ်ရန်မလိုပါ။ ကျွမ်းကျင်သော ဆရာ၀န်များမှ ရိုးတွင်းခြင်ဆီ စစ်ဆေးခြင်းကို လုပ်ဆောင်ပေးလေ့ ရှိပါသည်။ အချိန်ကြာမြင့်စွာ ကြိုတင်အစာဖြတ်ရန်လည်း မလိုအပ်ပါ။ သို့သော် အချို့သောအခြေအနေများတွင် နာရီပိုင်းခန့် အစာမစားရန် လိုအပ်သည်။ စစ်ဆေးမှု မပြုလုပ်မီ နောက်ဆက်တွဲ အန္တရာယ်ကင်းစေရန်အတွက် လူနာရာဇဝင်မေးမြန်းခြင်း၊ စမ်းသပ်ခြင်း၊ လိုအပ်သောစစ်ဆေးခြင်းများ ပြုလုပ်ရသည်။ သောက်လက်စဆေး၀ါးများ၊ ရောဂါအခံများ၊ ဓာတ်မတည့်သည့်အရာများကို ဆရာ၀န်အား အသိပေးထားသင့်သည်။
ရိုးတွင်းခြင်ဆီစစ်ဆေးမှုသည် အကြမ်းအားဖြင့် မိနစ် (၃၀) ခန့် ကြာမြင့်နိုင်သည်။ အသားစယူမည့် နေရာသည် တင်ပါးဆုံရိုး၏ နောက်ဘက်ပိုင်းနေရာတွင် အများဆုံးယူလေ့ရှိသည်။ တစ်ခါတစ်ရံ တင်ပါးဆုံရိုး၏ အရှေ့ ဘက် (သို့မဟုတ်) ရင်ညွန့်ရိုးမှ စစ်ဆေးနိုင်ပြီး အသက်တစ်နှစ်ခွဲအောက် ကလေးများတွင် ခြေထောက်ရိုးမှ စစ်ဆေးနိုင်သည်။
စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်
ရိုးတွင်းခြင်ဆီ စစ်ဆေးမှုကို ပိုးသတ်ထားသော သီးသန့်အခန်းတွင် ပြုလုပ်သည်။ စစ်ဆေးမှုပြုလုပ်မည့်သူနှင့် လူနာသည် ပိုးသတ်ထားသောအဝတ်များကို ဝတ်ဆင်ရသည်။ လူနာသည် မှောက်လျက် (သို့မဟုတ်) ဘေးတစောင်းအနေအထားတွင် လှဲလျောင်းရမည်။ စစ်ဆေးမှုပြုလုပ်မည့် ခါးနေရာကို ပိုးသတ်ခြင်း ပြုလုပ်သည်။ လိုအပ်ပါက အိပ်ဆေး၊ ထုံဆေး ပေးနိုင်သည်။ ဆေးအာနိသင်ရပြီး မကြာခင် ခြင်ဆီယူရန် အထူးပြုလုပ်ထားသော ဆေးထိုးအပ်ကို တင်ပါးဆုံရိုးအတွင်းထဲသို့ ဖြည်းဖြည်းချင်းထည့်ပြီး ရိုးတွင်းခြင်ဆီအရည် နှင့် အသားစနမူနာများကို စုဆောင်းသည်။ နမူနာများယူပြီးပါက အပ်ကိုဖယ်ပြီး အပ်ဖောက်ထားသောနေရာကို ပိုးသတ်ထားသောအဝတ်ဖြင့် ဖိအုပ်ထားရသည်။ ထို့နောက် ပက်လက်ပြန်လှန်၍ (၁၀) မိနစ်မှ (၁၅) မိနစ်အထိ အသားစယူသည့်နေရာကို ဖိထားကာ ခေတ္တလှဲလျောင်းနေရသည်။ လေ့ကျင့်ခန်း (သို့မဟုတ်) ပြင်းထန်ကြမ်းတမ်းသော ကိုယ်လက်လှုပ်ရှားမှုများကို အနည်းဆုံး (၂၄) နာရီ ရှောင်ကြဉ်ရမည်။ ပတ်တီးအုပ်ထားသော ဒဏ်ရာကို အနည်းဆုံး (၂၄) နာရီကြာအောင် ရေမထိစေဘဲ ခြောက်သွေ့အောင်ထားရမည်။ အဆိုပါထုတ်ယူထားသော ရိုးတွင်းခြင်ဆီ အရည်နှင့် အသားစကို ဓာတ်ခွဲခန်းသို့ပို့၍ လိုအပ်သော စမ်းသပ်ချက်များပြုလုပ်သည်။
သိရှိနိုင်သောအဖြေများ
ရိုးတွင်းခြင်ဆီ အရည်နှင့် အသားစကို ဓာတ်ခွဲခန်းတွင် ရောဂါဗေဒဆရာဝန်မှ အဓိကစစ်ဆေးပြီး အဖြေထုတ်ပေးလေ့ရှိသည်။ ရိုးတွင်းခြင်ဆီ စစ်ဆေးခြင်းဖြင့် ခြင်ဆီမှထုတ်လုပ်သည့် သွေးဆဲလ်များဖြစ်သော သွေးနီဥ၊ သွေးဖြူဥနှင့် သွေးဥမွှားများ နည်းခြင်း၊ များခြင်းနှင့် ရိုးတွင်းခြင်ဆီခန်းခြောက်ခြင်း ရောဂါတို့ကို တိတိကျကျ သိရှိနိုင်သည်။ ထို့ပြင် သွေးကင်ဆာရောဂါများတွင် တွေ့ရတတ်သော ပုံမမှန်သွေးဖြူဥများကိုလည်း တွေ့ရှိနိုင်ပြီး သွေးကင်ဆာအမျိုးအစားကိုလည်း အသေးစိတ်ခွဲခြားနိုင်သည်။ လိုအပ်ပါက သွေးကင်ဆာ ဖြစ်စေသော မျိုးရိုးဗီဇများကို ထပ်ဆင့်စစ်ဆေးနိုင်သည်။ သွေးကင်ဆာများသာမက ပြန်ရည်ကျိတ်ကင်ဆာဆဲလ်များနှင့် အခြားကိုယ်တွင်းအင်္ဂါများမှ ပျံ့နှံ့လာသော ကင်ဆာဆဲလ်များကိုလည်း ရှာဖွေတွေ့ရှိနိုင်သည်။ ဓာတ်ခွဲခန်းပို့စစ်ဆေးရာတွင် အခြေခံအဖြေများကို (၂၄)နာရီ မှ (၄၈) နာရီအတွင်း သိရှိနိုင်ပြီး၊ မျိုးရိုးဗီဇစစ်ဆေးသောအဖြေများမှာ အခြေအနေပေါ် မူတည်၍ နှစ်ပတ်မှ သုံးပတ်ခန့်အထိ ကြာမြင့်နိုင်ပါသည်။
နောက်ဆက်တွဲဆိုးကျိုးများ
ရိုးတွင်းခြင်ဆီ စစ်ဆေးခြင်းသည် ယေဘုယျအားဖြင့် အန္တရာယ်ကင်းသော စမ်းသပ်မှုတစ်ခု ဖြစ်သည်။ သို့သော် တစ်ခါတစ်ရံ အောက်ပါလက္ခဏာများ ကြုံတွေ့ရတတ်သည်။
- စစ်ဆေးသည့် နေရာတစ်ဝိုက် နာကျင်ခြင်း၊ ခါးနာခြင်း – ခေတ္တနားနေပါ၊ ပါရာစီတမောကဲ့သို့သောဆေးများ သောက်သုံးနိုင်သည်
- စမ်းသပ်သည့်နေရာမှ ပိုးဝင်နိုင်ခြင်း – ပိုးမဝင်နိုင်ရန် ရိုးတွင်းခြင်ဆီ စစ်ဆေးခြင်းကို ပိုးသတ်ထားသော သီးသန့်အခန်းတွင် ပြုလုပ်သည်၊ အပ်ထိုးမည့် အရေပြားနေရာတွင် အနာရှိနေပါက ပြုလုပ်လေ့မရှိပါ
- အပ်ထိုးသောနေရာတွင် သွေးထွက်ခြင်း – သွေးဥမွှား (platelet)ပမာဏ နည်းခြင်း၊ သွေးခဲဓာတ်များ ပုံမှန်မဟုတ်ခြင်းများရှိပါက သတိထား၍ ပြုလုပ်သင့်သည်
အထက်ပါ နောက်ဆက်တွဲလက္ခဏာများ ခံစားရ၍ သက်သာပျောက်ကင်းခြင်းမရှိလျှင် မိသားစုဆရာဝန်နှင့်လည်းကောင်း၊ သက်ဆိုင်ရာဆေးရုံ၊ ဆေးခန်းနှင့် လည်းကောင်း တိုင်ပင်ပြသရန် လိုအပ်သည်။
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.