Vertebroplasty/ Kyphoplasty (ကျောရိုးဆစ်ကျိုး၍ပြားခြင်းကို စီးမန့်ကော်ဖြင့် ပြုပြင်ကုသခြင်း)

Vertebroplasty/ Kyphoplasty (ကျောရိုးဆစ်ကျိုး၍ပြားခြင်းကို စီးမန့်ကော်ဖြင့် ပြုပြင်ကုသခြင်း)

ကျောရိုးဆစ်ကျိုး၍ပြားခြင်း (Compressed vertebra fracture) ကို ကုသရန် ကျောရိုးဆစ်အတွင်းသို့ အရိုးစီးမန့်ကော် (Bone cement) ထည့်သွင်းခြင်းဖြင့် ကျောရိုးဆစ်၏ အမြင့်နှင့် ခိုင်ခံ့မှုကို ပြန်လည်ရရှိစေသည်။ အရိုးစီးမန့်ကော်သည် ဓာတုပစ္စည်းတစ်မျိုးဖြစ်သည့် Polymethylmethacrylate (PMMA) ဖြင့် ပြုလုပ်ထားပြီး အမှုန့်နှင့်အရည် ပေါင်းစပ်အသုံးပြုရသည်။ အရိုးပွရောဂါကြောင့် ကျောရိုးဆစ်ကျိုး၍ပြားခြင်း ကျောရိုးဆစ်အတွင်း ကင်ဆာရောဂါဖြစ်ပွါးခြင်းကို အရိုးစီးမန့်ကော် အသုံးပြု၍ ပြုပြင်ခြင်းဖြင့် နာကျင်မှုကို သက်သာစေသည်။ ခွဲစိတ်ခန်းသုံး လှုပ်ရှားဓာတ်မှန် (Fluoroscopy) ကို အသုံးပြု၍ အရိုးစီးမန့်ကော်ကို အရိုးပြားသည့် ကျောရိုးဆစ်နေရာသို့ တိုက်ရိုက်ထိုးသွင်းခြင်းဖြစ်သည်။ အရိုးစီးမန့်ကော်သည် အရိုးအတွင်းသို့ ထိုးသွင်းစအချိန်တွင် ပျော့နေသော်လည်း လျင်မြန်စွာမာခဲလာပြီး ကျောရိုးဆစ်ကို တည်ငြိမ်စေကာ နာကျင်မှု သက်သာစေသည်။ ဤနည်းလမ်းဖြင့် ကုသမှုသည် ခန္ဓာကိုယ်အား ထိခိုက်မှုနည်းပါးစေကာ ဆေးရုံတက်ရန်မလိုဘဲ ကုသခံယူသည့်နေ့တွင်ပင် အိမ်သို့ပြန်နိုင်သည်။ ကုသမှုခံယူအပြီး (၄၈) နာရီအတွင်း နာကျင်မှုမှ သက်သာလာမည်။

ကုသရန်လိုအပ်သော ရောဂါအခြေအနေများ

အရိုးစီးမန့်ကော်ဖြင့် ကျောရိုးဆစ်ပြုပြင်ခြင်းကို အောက်ပါအကြောင်းရင်းများကြောင့်ဖြစ်သော ကျောရိုးဆစ်ကျိုး၍ပြားခြင်းတွင် ကုသသည်။

  • အရိုးပွရောဂါ (Osteoporosis)
  • ကျောရိုးဆစ်ထိခိုက်ဒဏ်ရာရခြင်း (Spinal Injury)
  • သွေးကင်ဆာတစ်မျိုးဖြစ်သော ပလပ်စ်မာဆဲလ်ကင်ဆာ (Multiple Myeloma)

ကျောရိုးဆစ်ကျိုး၍ပြားခြင်းကို အနားယူခြင်း၊ ဆေးပေးကုသခြင်း၊ ပြန်လည်သန်စွမ်းရေး ကာယကုထုံးများနှင့် ကုသသော်လည်း သက်သာမှုမရှိခြင်း၊ နာကျင်မှုသည် (၂) လကျော် ကြာမြင့်နေခြင်းတို့တွင် ဤနည်းလမ်းကို အသုံးပြုသည်။

အောက်ပါလက္ခဏာများခံစားနေရသူများမှာ အရိုးစီးမန့်ကော်ဖြင့် ပြုပြင်ခြင်း မပြုလုပ်သင့်ပေ။

  • ကျောရိုးအာရုံကြောမကြီး ဖြတ်သွားသည့်လမ်းကြောင်း ကျဉ်းခြင်း၊ အာရုံကြော ထိခိုက်ဒဏ်ရာရခြင်း
  • ခန္ဓာကိုယ်တစ်နေရာ၌ ရောဂါပိုးမွှားကူးစက်မှု ခံစားနေရခြင်း
  • သွေးမတိတ်ရောဂါရှိခြင်း
  • အရိုးစီးမန့်ကော်၏ ပါဝင်ပစ္စည်းများနှင့် ဓာတ်မတည့်ခြင်း
ကြိုတင်သိရှိထားရမည့်အချက်များ

အရိုးစီးမန့်ကော်ဖြင့် ကျောရိုးဆစ်ပြုပြင်ခြင်းနှင့် ပတ်သက်၍ ကောင်းကျိုး၊ ဆိုးကျိုးများကို သက်ဆိုင်ရာဆရာဝန်မှ ရှင်းပြမည်။ ကုသမှုအတွက် ကြိုတင်ပြင်ဆင်ရမည့်အပိုင်းကို ပြုလုပ်ပြီးပါက ကုသမှုခံယူမည့်နေ့ရက်ကို ကြိုတင်ချိန်းဆိုမည်။ ကုသပြီးနောက် လိုက်နာရမည့် အချက်များကို ခွဲစိတ်ဆရာဝန်မှ ညွှန်ကြားသွားမည်ဖြစ်ပြီး ၎င်းတွင် အောက်ပါတို့ ပါဝင်နိုင်သည်။

  • သွေးကျဲဆေးကဲ့သို့သော ဆေးဝါးအချို့ သောက်သုံးခြင်းကို ရပ်တန့်ပါ
  • ကုသမှုမတိုင်မီ ခွဲစိတ်ဆရာဝန်ညွှန်ကြားထားသော ဆေးဝါးများကို သောက်သုံးပါ
  • ကုသမှုမစမီ နာရီအနည်းငယ်အတွင်း မည်သည့်အစာမှ မစားပါနှင့်၊ ခွဲစိတ်မည့်နေ့တွင် ဆေးသောက်ရန် ရေကို အနည်းငယ် သောက်သုံးနိုင်သည်
  • ကုသမည့်နေ့တွင် ချောင်ချောင်ချိချိရှိသော အဝတ်အစားများကို ဝတ်ဆင်ပါ၊ လက်ဝတ်ရတနာများ မဝတ်ဆင်ပါနှင့်
  • ဆေးလိပ်သောက်သုံးခြင်းကို ရပ်တန့်ပါ
  • ကုသမှုအပြီး နေထိုင်ရာအိမ်သို့ ပြန်ပို့ပေးမည့်သူကို ကြိုတင်စီစဉ်ထားပါ
  • ကျောရိုးဆစ်တစ်ခု အရိုးစီးမန့်ကော် ထိုးသွင်းရန် အချိန် (၁) နာရီခန့် ကြာနိုင်သည်
အရိုးစီးမန့်ကော်ထည့်သွင်းပုံအဆင့်ဆင့်

မပြုလုပ်မီကြိုတင်ပြင်ဆင်ခြင်း

  • လူနာ၏ ရောဂါရာဇဝင်မေးခြင်းနှင့် စမ်းသပ်စစ်ဆေးခြင်းကို ပြုလုပ်မည်
  • ကျောရိုးဆစ်ကျိုး၍ပြားသည့် အခြေအနေကို သိရှိနိုင်ရန်နှင့် အာရုံကြောထိခိုက်မှုကို ဆန်းစစ်နိုင်ရန် ကျောရိုးဓာတ်မှန်၊ ကွန်ပျူတာဓာတ်မှန် (CT scan)၊ သံလိုက်ဓာတ်မှန် (MRI) ကို လိုအပ်သလိုရိုက်၍ စစ်ဆေးသည်
  • အရိုးပါးခြင်း၊ အရိုးပွခြင်းအခြေအနေကို သိရှိနိုင်ရန် အရိုးသိပ်သည်းဆ တိုင်းတာခြင်း ပြုလုပ်နိုင်သည်
  • သွေးဆဲလ်များစစ်ဆေးခြင်း၊ ရောဂါပိုးကူးစက်ခြင်းနှင့် သွေးခဲခြင်းပြဿနာများ ရှိမရှိကို ကြိုတင်စစ်ဆေးမည်
  • အရိုးစီးမန့်ကော်နှင့် ထည့်သွင်းရာတွင် အသုံးပြုရမည့် ဆက်စပ်ပစ္စည်းများကို ကြိုတင်စုဆောင်းမည်
  • လှုပ်ရှားဓာတ်မှန် (Fluoroscopy) သို့မဟုတ် ကွန်ပျူတာဓာတ်မှန် (CT guidance) ကို အဆင်သင့် ရှိနေစေမည်

အရိုးစီးမန့်ကော် ထည့်သွင်းခြင်း

  • လူနာကို နာကျင်မှုသက်သာစေရန် ထုံဆေး သို့မဟုတ် စိတ်ငြိမ်ဆေး အသုံးပြု၍ ပြုလုပ်မည်၊ တစ်ခါတစ်ရံတွင် မေ့ဆေးအသုံးပြုခြင်းလည်း ရှိနိုင်သည်
  • လူနာကိုမှောက်လျက် အနေအထားဖြင့်ထားမည်
  • ခွဲစိတ်ခန်းတွင် အသုံးပြုသည့် လှုပ်ရှားဓာတ်မှန် (Fluoroscopy) ဖြင့် ပြားနေသော ကျောရိုးဆစ်ထဲသို့ အပ်ငယ်တစ်ချောင်း (Trocar) ကို အရေပြားမှတစ်ဆင့် ထိုးသွင်းထားသည်
  • ကျောရိုးဆစ်ပြားခြင်းကို အရိုးစီးမန့်ကော်ဖြင့် ပြုပြင်ခြင်း နည်းလမ်း (၂) မျိုးရှိသည်
  • အရိုးစီမန့်ကော်ကို ပြားနေသောကျောရိုးဆစ်အတွင်းသို့ တိုက်ရိုက်ထိုးသွင်းခြင်းနည်းလမ်း (Vertebroplasty) _ ပူဖောင်းကို အသုံးပြုခြင်းမရှိပါ
  • ပူဖောင်းငယ်အသုံးပြု၍ အရိုးစီးမန့်ကော် ထိုးသွင်းခြင်းနည်းလမ်း (Kyphoplasty) _ အသုံးပိုများသည့် နည်းလမ်းဖြစ်သည်၊ ပြားနေသောကျောရိုးဆစ်၏ မူလအမြင့်ကို ပြန်လည်ရရှိရန် ပူဖောင်းငယ်တစ်ခုကို ထည့်ပြီး လေဖြည့်သွင်းအားဖြင့် အရိုးစီးမန့်ကော် ထည့်သွင်းရန် နေရာကွက်လပ်ရရှိစေသည်၊ ထို့နောက် ပူဖောင်းငယ်ကို လေလျှော့ကာ အပြင်သို့ပြန်ထုတ်လိုက်ပြီး အရိုးစီးမန့်ကော်ကိုဖြည့်သွင်းသည်
  • အရိုးအတွက် အထူးပြုလုပ်ထားသော အရိုးစီးမန့်ကော် (PMMA) အမှုန့်နှင့် အရည်ကို ရောစပ်ပြီး အရိုးအတွင်း လိုအပ်သည့်နေရာသို့ ရောက်ရှိစေရန်နှင့် မလိုအပ်သည့် အခြားနေရာများသို့ မရောက်ရှိစေရန် ခွဲစိတ်ခန်းအတွင်း အသုံးပြုသည့် ဓာတ်မှန်ဖြင့် ကြည့်ကာ တဖြည်းဖြည်း ထိုးသွင်းသည်
  • မိနစ်ပိုင်းအတွင်း အရိုးစီးမန့်ကော်သည် မာကျောသွားပြီး ကျိုးနေသော အရိုးကို မြဲမြံစေသည်
  • အပ်ကို ပြန်ထုတ်ကာ အပ်ပေါက်ရာကို ခွဲစိတ်ဒဏ်ရာများတွင် အသုံးပြုသည့် ပလတ်စတာဖြင့် ကပ်ပေးသည်

ခွဲစိတ်မှုအပြီးကုသမှုပေးခြင်း

  • ခွဲစိတ်ကုသမှု ပြီးဆုံးသွားပါက ဆရာဝန်မှ အပ်ကို ပြန်ထုတ်ပြီး ထိုးသွင်းခဲ့သော နေရာတွင် ပလတ်စတာကပ်ပေးထားမည်၊ ဆရာဝန်ညွှန်ကြားထားသည့်အတိုင်း ပလတ်စတာကို ၂ ရက်ခန့် ဆက်၍ကပ်ထားရန် လိုအပ်သည်၊ ပလတ်စတာခွါရမည့် အချိန်ရောက်လျှင် တစ်ဦးဦးမှ ပလတ်စတာခွါပေးရန် လိုသည်
  • ခွဲစိတ်ကုသမှုအပြီးတွင် နေထိုင်ရာအိမ်သို့ ပြန်ပို့ပေးမည့်သူ လိုအပ်သည်၊ အရိုးစီးမန့်ကော်ထည့်သွင်းသောနေ့တွင်ပင် အိမ်ပြန်နိုင်ပြီး (၂၄) နာရီခန့် အနားယူရန် လိုအပ်သည်
  • အရိုးစီးမန့်ကော်ထည့်သွင်းကုသမှုအပြီး ရက်သတ္တပတ် အနည်းငယ်အတွင်း ပြင်းထန်သော ကိုယ်ကာယလှုပ်ရှားမှုများနှင့် အလေးအပင်များ မခြင်းကို ရှောင်ကြဉ်ရမည်
ခွဲစိတ်ကုသမှု၏ ကောင်းကျိုးများ
  • နာကျင်မှုကို သက်သာပျောက်ကင်းစေခြင်း
    • အရိုးစီးမန့်ကော်ဖြင့် တိုက်ရိုက်ထည့်သွင်းခြင်း (Vertebroplasty) တွင် လူနာအားလုံး၏ (၈၇) ရာခိုင်နှုန်းခန့်သည် နာကျင်မှုသက်သာစေသည်
    • ပူဖောင်းအသုံးပြု အရိုးစီးမန့်ကော်ဖြင့် ထည့်သွင်းခြင်း (Kyphoplasty) တွင် လူနာအားလုံး၏ (၉၂) ရာခိုင်နှုန်းခန့်သည် နာကျင်မှုသက်သာစေသည်
  • ကျောရိုးကုန်းခြင်း (Kyphosis) ကို ပိုမဆိုးလာစေရန် ကာကွယ်ပေးခြင်း
  • ခန္ဓာကိုယ်အား ထိခိုက်မှုနည်းပါးစေခြင်း
  • ခွဲစိတ်ကုသချိန် တိုတောင်းခြင်း
  • ခွဲစိတ်ပြီးနောက် ကိုယ်ကာယပြန်လည်သန်စွမ်းရေး ကုထုံး မလိုအပ်ခြင်း
နောက်ဆက်တွဲဆိုးကျိုးများ

အခြားခွဲစိတ်မှုများကဲ့သို့ နောက်ဆက်တွဲဆိုးကျိုးရှိနိုင်သော်လည်း ဖြစ်နိုင်ခြေ နည်းပါးသည်။

  • အနာမှသွေးထွက်ခြင်း
  • အနာပိုးဝင်ခြင်း
  • အရိုးစီးမန့်ကော်နှင့် ဓာတ်မတည့်ခြင်း
  • အာရုံကြောထိခိုက်မှုဖြစ်ခြင်း
  • အရိုးစီးမန့်ကော်သည် အခြားနေရာသို့ ရွေ့လျားသွားခြင်းတို့ဖြစ်သည်။
လိုက်နာဆောင်ရွက်ရမည့်အချက်များ

ကျေားရိုးဆစ်ပြားခြင်းကို အရိုးစီးမန့်ကော်ဖြင့် ထည့်သွင်းပြုပြင်ခြင်းဖြင့် ပြန်လည်နာလန်ထချိန် မြန်ဆန်သည်။ ကုသမှုပြီးနောက် (၂၄) နာရီခန့် အနားယူပြီးနောက် ပုံမှန်လုပ်ငန်းဆောင်တာများကို ပြန်လည်လုပ်ကိုင်နိုင်သည်။ ခြောက်ပတ်အတွင်း ပြင်းထန်သောကိုယ်လက်လှုပ်ရှားမှု အလုပ်များကို ရှောင်ကြဉ်ရမည်

အိမ်တွင်းပြုစုစောင့်ရှောက်မှု

  • အပ်ထိုးသွင်းသော နေရာတွင် ရေခဲကပ်ပေးခြင်းဖြင့် ကိုက်ခဲနာကျင်မှုကို သက်သာစေနိုင်သည်
  • ဆရာဝန်ညွှန်ကြားသည့် အကိုက်အခဲပျောက်ဆေးများကို လိုအပ်သလို သောက်ပါ
  • ခန္ဓာကိုယ်အနေအထားပုံစံကို မှန်ကန်စွာထားပြီး ရုတ်တရက် ခါးလှည့်ခြင်း၊ ခါးကုန်းခြင်းများ မပြုလုပ်ပါနှင့်
  • အရိုးပါးခြင်း၊ အရိုးပွခြင်း ရှိပါက ကယ်လ်ဆီယယ်၊ ဗီတာမင် ဒီ၊ အရိုးပွရောဂါကုဆေးဝါးများကို ဆရာဝန်ညွှန်ကြားချက်နှင့်အညီ သောက်ပါ

သတိထားရမည့်အချက်များ
အောက်ပါအချက်များကို သတိပြုမိပါက ကျန်းမာရေးစောင့်ရှောက်သူများနှင့် ပြန်လည်ပြသရမည်။

  • ကျောရိုးဆစ် နာကျင်မှု ပြန်လည်ပြင်းထန်လာခြင်း
  • အနာပိုးဝင်ခြင်း လက္ခဏာများ သတိထားမိခြင်း (ဖျားခြင်း၊ အပ်ထိုးသွင်းထားသည့်နေရာ၌ ရောင်ရမ်းခြင်း၊ အရေပြားအရောင်ပြောင်းခြင်း)
  • အပ်ထိုးသွင်းသည့်နေရာမှ သွေးထွက်လွန်ခြင်း
  • ခြေထောက်ကြွက်သား အားနည်းခြင်း၊ ထုံကျဉ်ခြင်း သို့မဟုတ် ဆီး၊ ဝမ်း ထိန်းချုပ်နိုင်မှု ပြောင်းလဲခြင်း
  • အသက်ရှူမဝခြင်း သို့မဟုတ် ရင်ဘတ်အောင့်ခြင်း စသည်တို့ရှိလျှင် ချက်ချင်းပြန်လည်ပြသပါ

References:

  1. Cleveland Clinic. (2025). Vertebroplasty. Retrieved October 17, 2025, from https://my.clevelandclinic.org/health/procedures/vertebroplasty
  2. Cleveland Clinic. (2025). Kyphoplasty. Retrieved October 17, 2025, from https://my.clevelandclinic.org/health/procedures/kyphoplasty
  3. Mayo Clinic. (n.d.). Vertebroplasty. Retrieved October 17, 2025, from https://www.mayoclinic.org/tests-procedures/vertebroplasty/about/pac-20385207
  4. WebMD. (2024). Treatment for spinal compression fractures. Retrieved October 17, 2025, from https://www.webmd.com/pain-management/spinal-compression-fractures-treatments

Published: 29 October 2025

Share

29 October 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
Coombs test (သွေးနီဥများကို ထိခိုက်ပျက်စီးစေသော ပဋိပစ္စည်းများကို စစ်ဆေးခြင်း)
Aug 31, 2026
Tests and Procedures

Coombs test (သွေးနီဥများကို ထိခိုက်ပျက်စီးစေသော ပဋိပစ္စည်းများကို စစ်ဆေးခြင်း)

Coombs test သည် သွေးနီဥများကို ထိခိုက်ပျက်စီးစေနိုင်သော ပဋိပစ္စည်းများကို...

Root canal treatment (သွားအမြစ်ထုတ်ကုသခြင်း)
Aug 30, 2026
Tests and Procedures

Root canal treatment (သွားအမြစ်ထုတ်ကုသခြင်း)

သွားအမြစ်ထုတ်ကုသခြင်းသည် ပိုးဝင်ရောင်ရမ်းနေသော သွား၏ မွသွားလွှာကို...

PET Scan (Positron emission tomography scan) (ပီအီးတီစကင်န်)
Aug 30, 2026
Tests and Procedures

PET Scan (Positron emission tomography scan) (ပီအီးတီစကင်န်)

PET Scan သည် ရေဒီယိုသတ္တိကြွ tracer အနည်းငယ်ကို အသုံးပြု၍...