အဆီစုပ်ထုတ်ခြင်း (Liposuction) ဆိုသည်မှာ ဝမ်းဗိုက်၊ တင်ပါး၊ ပေါင်၊ လက်မောင်းနှင့် လည်ပင်းတစ်ဝိုက်ရှိ အဆီပိုများကို စုပ်ထုတ်ဖယ်ရှားပေးသည့် နည်းလမ်းတစ်ခုဖြစ်သည်။ အဆီစုပ်ခြင်းနှင့် ပတ်သက်၍ အရေးကြီးသောအချက်မှာ ဤကုသမှုသည် ခန္ဓာကိုယ်အလေးချိန် တစ်ခုလုံးကို လျှော့ချရန် သို့မဟုတ် ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်မှုပုံစံများကို အစားထိုးရန်အတွက် မဟုတ်ပါ။ အဆီစုပ်ထုတ်ခြင်းသည် အဝလွန်ရောဂါကို ကုသရန်မဟုတ်ဘဲ အစားအသောက်ထိန်းခြင်းနှင့် လေ့ကျင့်ခန်းလုပ်ခြင်းတို့ဖြင့် ဖယ်ရှား၍မရနိုင်သော အဆီစုပုံမှုများကိုသာ ဖယ်ရှားပေးခြင်းဖြစ်သည်။ ထို့ကြောင့် ခန္ဓာကိုယ် အလှပုံဖော်ခြင်း (Body Contouring) ပြုလုပ်လိုသူများအတွက်သာ အဓိက ရည်ရွယ်၍ ပြုလုပ်သည့် အလှအပဆိုင်ရာ ခွဲစိတ်ကုသမှုတစ်မျိုးဖြစ်သည်။
ကုသမှုအမျိုးအစားများ
- ဆေးရည်သွင်း အဆီစုပ်ထုတ်ခြင်း (Tumescent liposuction)
- အသုံးအများဆုံး နည်းလမ်းဖြစ်သည်
- ပထမဦးစွာ အဆီရှိသော နေရာများအတွင်းသို့ ပိုးသတ်ထားသော ဆားရည် (Saline) ၊ သွေးကြောကျဉ်းစေသည့် ဆေး (Epinephrine) နှင့် နာကျင်မှုသက်သာစေသော ဆေးဝါးများ ရောစပ်ထားသည့် ဖျော်ရည်ကို ထိုးသွင်းမည်ဖြစ်သည်
- ထို့နောက် သေးငယ်သောပြွန် (cannula) ကိုထိုးထည့်ကာ အဆီများကို စုပ်ထုတ်ဖယ်ရှားခြင်းဖြစ်သည်
- ဤနည်းစနစ်သည် အဆီများကို လွယ်ကူစွာ စုပ်ထုတ်ပေးသည့်အပြင် သွေးထွက်ခြင်းကိုလည်း ထိရောက်စွာ လျှော့ချပေးနိုင်သည်
- အာထရာဆောင်းအကူအညီသုံး အဆီစုပ်ထုတ်ခြင်း (Ultrasound-assisted liposuction – UAL)
- အရေပြားအောက်ခြေသို့ သတ္တုချောင်းငယ်တစ်မျိုး ထည့်သွင်းကာ အာထရာဆောင်း လှိုင်းပြင်းစွမ်းအင်ကို အသုံးပြု၍ အဆီခဲများ ဦးစွာအရည်ပျော်စေပြီးမှ စုပ်ထုတ်ဖယ်ရှားသည့် နည်းစနစ်ဖြစ်သည်
- ဗေဆာ အဆီစုပ်ထုတ်ခြင်း (VASER liposuction)
- ၎င်းသည် Ultrasound-Assisted Liposuction (UAL) နည်းပညာ၏ အမျိုးအစားတစ်ခုဖြစ်ပြီး အမြောင်းများပါဝင်သော Cannula ပြွန်ငယ်နှင့် အာထရာဆောင်းလှိုင်းများကို ပေါင်းစပ်အသုံးပြုကာ အဆီဆဲလ်များကို ထိရောက်စွာ ချေဖျက်စုပ်ထုတ်ပေးသည်
- လေဟာနယ်စုပ်စနစ်သုံး အဆီစုပ်ထုတ်ခြင်း (Suction-assisted liposuction)
- အဆီပိုများကို ဖယ်ရှားရန်အတွက် လေဟာနယ်စုပ်စက် (Vacuum pump) ကို အားပြု အသုံးပြုသည့် အဆီစုပ်နည်းလမ်းတစ်ခုဖြစ်သည်
- မော်တာကူစနစ်သုံး အဆီစုပ်ထုတ်ခြင်း (Power-assisted liposuction – PAL)
- ရှေ့နောက် တုန်ခါလှုပ်ရှားနိုင်သော Cannula ပြွန်ငယ်ကို အသုံးပြု၍ အဆီများကို လျင်မြန်စွာ ချေဖျက်ပြီး ဖယ်ရှားသည့်နည်းလမ်းဖြစ်သည်
- လေဆာအကူအညီသုံး အဆီစုပ်ထုတ်ခြင်း (Smartlipo™ နှင့် SlimLipo™)
- ပြင်းအားကောင်းသော လေဆာရောင်ခြည်ပါဝင်သည့် ပြွန်မျှင်ငယ်ဖြင့် အဆီများကို အရည်ပျော်စေပြီးမှ ဖယ်ရှားသည့် နည်းလမ်းဖြစ်သည်
အဆီစုပ်ထုတ်ခြင်း လိုအပ်နိုင်သော ရောဂါနှင့်အခြေအနေများ
အောက်ပါ အလှအပဆိုင်ရာနှင့် ဆေးဘက်ဆိုင်ရာ အခြေအနေများတွင် ပြုလုပ်လေ့ရှိသည်။
- အလှအပဆိုင်ရာ အဆီစုပ်ထုတ်ခြင်း – ဝမ်းဗိုက်၊ ပေါင်၊ တင်ပါး၊ လက်မောင်း၊ လည်ပင်းနှင့် မေးစေ့အောက်ရှိ Subcutaneous fat (အရေပြားအောက်ခြေ အဆီလွှာ) များကို ဖယ်ရှားခြင်း
- ဆေးဘက်ဆိုင်ရာ အခြေအနေများ
- ပြန်ရည်ကြောစီးဆင်းမှုချို့ယွင်း၍ ဖြစ်သော ဖောရောင်ခြင်း သို့မဟုတ် ရောင်ရမ်းခြင်း (Lymphoedema) – ပြန်ရည်ကြော ပိတ်ဆို့မှုကြောင့် ရောင်ရမ်းနေသော နေရာများတွင် အဆီများစုပုံလာခြင်းကို လျှော့ချရန်
- အဆီကျိတ်များ (Lipomas) – ခန္ဓာကိုယ်တွင် ဖြစ်ပွားတတ်သော ကင်ဆာမဟုတ်သည့် အဆီကျိတ်များကို ဖယ်ရှားရန်
- အမျိုးသား ရင်သားကြီးထွားခြင်း (Gynecomastia) – အမျိုးသားများတွင် ရင်သား အဆီတစ်ရှူးများ ပုံမှန်ထက် ကြီးထွားနေခြင်းကို ကုသရန်
- ခြေလက်အဆီပုံရောဂါ (Lipedema) – ခြေထောက် သို့မဟုတ် လက်များ၏ အရေပြားအောက်တွင် အဆီများ စုပုံလာပြီး လမ်းလျှောက်ခြင်းကဲ့သို့သော နေ့စဉ်လုပ်ငန်းဆောင်တာများကို အနှောင့်အယှက်ဖြစ်စေခြင်းကို ကုသရန်
အဆီစုပ်ထုတ်ခြင်း မပြုလုပ်သင့်သော အခြေအနေများ
- အလွန်အမင်း အဝလွန်နေသူများ – ကိုယ်အလေးချိန်သည် သတ်မှတ်ချက်ထက် ၃၀ ရာခိုင်နှုန်းကျော် ပိုများနေပါက ခွဲစိတ်မှုမပြုမီ သဘာဝအတိုင်း ဝိတ်လျှော့ရန် လိုအပ်သည်
- အရေပြား လျော့ရဲနေခြင်း – အရေပြား၏ ကျုံ့နိုင်ဆန့်နိုင်စွမ်း (Skin Elasticity) အားနည်းပါက အဆီဖယ်ရှားပြီးနောက် အရေပြား တွဲကျလာနိုင်သဖြင့် မပြုလုပ်သင့်ပါ
- ရောဂါအခံ ရှိသူများ – နှလုံး၊ ဆီးချို၊ အသည်းရောဂါ ရှိသူများ၊ ကိုယ်ခံအားနည်းသူများ သို့မဟုတ် သွေးမခဲသည့် ပြဿနာရှိသူများ မပြုလုပ်သင့်ပါ
- သွေးကျဲဆေး သောက်နေရသူများ – ခွဲစိတ်ကုသမှု ခံယူနေစဉ်အတွင်း သွေးထွက်လွန်နိုင်ခြေ အလွန်မြင့်မားနိုင်သည်
- လွဲမှားစွာ ယူဆထားခြင်း – ဤနည်းလမ်းသည် ကိုယ်အလေးချိန်ကို များစွာလျော့ကျစေမည် သို့မဟုတ် အရေပြားကို တင်းရင်းစေမည်ဟု လွဲမှားစွာ မျှော်လင့်မထားသင့်ပါ။
ကြိုတင်သိရှိထားရမည့် အရေးကြီးအချက်များ
ကုသမှုအဆင့်ဆင့်ကို မလုပ်ဆောင်မီနှင့် ကုသပြီးနောက်ပိုင်းတွင် အောက်ပါအချက်အလက်များကို သိရှိနားလည်ထားရန် အလွန်အရေးကြီးသည်။
- ကိုယ်အလေးချိန် ပြန်လည်မြင့်တက်လာနိုင်ခြင်း – အဆီစုပ်ထုတ်ပြီးသော်လည်း ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်နေထိုင်မှုပုံစံကို မထိန်းသိမ်းပါက အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းများတွင် အဆီပိုများ ပြန်လည်စုပုံလာနိုင်သည်ကို သတိပြုရမည်
- ရလဒ်များကို အချိန်ယူစောင့်ဆိုင်းရခြင်း – ခွဲစိတ်ပြီးစကာလတွင် ရောင်ရမ်းမှုများ ရှိနေနိုင်သဖြင့် ခန္ဓာကိုယ်အချိုးအစား သိသာစွာ ပြောင်းလဲသွားသည့် ရလဒ်ကောင်းကို မြင်တွေ့နိုင်ရန် ပုံမှန်အားဖြင့် ၃လ မှ ၆လအထိ အချိန်ပေးရန် လိုအပ်သည်
- လိုက်နာရမည့် ကန့်သတ်ချက်များ – ခွဲစိတ်မှု မစတင်မီ အနည်းဆုံး ၂ ပတ်ခန့် ကြိုတင်၍ ဆေးလိပ်ဖြတ်ထားရမည်၊ ထို့အပြင် သွေးကျဲဆေး သို့မဟုတ် သွေးမခဲဆေးကဲ့သို့သော ဆေးများ၊ အကိုက်အခဲပျောက်ဆေးများနှင့် အရက်သေစာ သုံးစွဲခြင်းကို အပြည့်အဝ ရှောင်ကြဉ်ရမည်။
ခွဲစိတ်ကုသမှုအဆင့်ဆင့်
အသုံးများဆုံးနည်းလမ်းဖြစ်သော ဆေးရည်သွင်း အဆီစုပ်ထုတ်ခြင်းလုပ်ငန်းစဉ်တွင် အောက်ပါ အဆင့်ဆင့်သော ကုသမှုများကို ဆောင်ရွက်မည်ဖြစ်သည်။
- အဆင့် ၁ – မေ့ဆေး သို့မဟုတ် ထုံဆေးပေးခြင်း (Anesthesia)
- ကုသရမည့်နေရာနှင့် အဆီပမာဏ အနည်းအများအပေါ် မူတည်၍ သင့်တော်သည့် မေ့ဆေး သို့မဟုတ် ထုံဆေး အမျိုးအစားကို အသုံးပြုမည်ဖြစ်သည်
- အဆင့် ၂ – ခွဲကြောင်းငယ်လေးများ ပြုလုပ်ခြင်း (Incisions)
- အဆီစုပ်ထုတ်ရန် သတ်မှတ်ထားသောနေရာများတွင် အမာရွတ် အလွန်သေးငယ်စေမည့် ခွဲကြောင်းငယ်လေးများကို လိုအပ်သလို ပြုလုပ်မည်ဖြစ်သည်
- အဆင့် ၃ – ဆေးရည်သွင်းခြင်း (Tumescent Technique)
- သွေးထွက်ခြင်းကို လျှော့ချရန်နှင့် အဆီစုပ်ထုတ်ရန် လွယ်ကူစေရန်အတွက် ပိုးသတ်ထားသော ဆားရည်၊ ထုံဆေး (Lidocaine) နှင့် သွေးကြောကျဉ်းဆေးများ ရောစပ်ထားသော ဆေးရည်ကို အဆိုပါနေရာထဲသို့ ဦးစွာထိုးသွင်းမည်ဖြစ်သည်
- အဆင့် ၄ – အဆီစုပ်ထုတ်ယူခြင်း (Suction)
- ပါးလွှာသော Cannula ပြွန်ငယ်လေးကို ခွဲကြောင်းငယ်များမှတစ်ဆင့် ထည့်သွင်းပြီး လေစုပ်စက် (Vacuum pump) ကို အသုံးပြုကာ အရေပြားအောက်ရှိ အဆီပိုများကို စုပ်ထုတ်ဖယ်ရှားမည်ဖြစ်သည်
- အဆင့် ၅ – ဒဏ်ရာကို ပိတ်ခြင်းနှင့် ပတ်တီးစည်းခြင်း (Closing)
- လုပ်ငန်းစဉ်ပြီးဆုံးပါက ခွဲကြောင်းများကို ပြန်လည်ချုပ်ပေးမည်ဖြစ်ပြီး လိုအပ်ပါက လက်ကျန်အရည်များ စွန့်ထုတ်ရန်ပိုက် (Drain) ထည့်သွင်းပေးမည်
- ထို့နောက် ရောင်ရမ်းမှုကို ကာကွယ်ရန် Compression Garment (တင်းကျပ်သည့် အထူးဝတ်စုံ) ကို ချက်ချင်း ဝတ်ဆင်ပေးမည်ဖြစ်သည်
နောက်ဆက်တွဲပြဿနာများ
အခြားသော ခွဲစိတ်မှုများကဲ့သို့ပင် ဤခွဲစိတ်မှုတွင် အောက်ပါနောက်ဆက်တွဲပြဿနာများ ဖြစ်ပွါးနိုင်ခြေရှိသည်။
- အဖြစ်များသော ယာယီဆိုးကျိုးများ – ခွဲစိတ်ပြီးစတွင် သွေးခြေဥခြင်း (Bruising)၊ အနာတဝိုက် ရောင်ရမ်းခြင်း (Swelling) နှင့် နာကျင်ကိုက်ခဲခြင်း
- အရေပြားအောက် အရည်စုခြင်း (Seroma) – အရေပြားအောက်တွင် အရည်စုခြင်း ဖြစ်ပေါ်လာတတ်ပြီး အပ်ဖြင့် ပြန်လည် စုပ်ထုတ်ရခြင်း
- ပိုးဝင်ခြင်း (Infection) – ခွဲစိတ်ဒဏ်ရာမှတစ်ဆင့် ဘက်တီးရီးယား ပိုးဝင်ခြင်း
- အရေပြား ညီညာမှုမရှိခြင်း (Contour Irregularities) – အဆီများကို ညီညာစွာ စုပ်မထုတ်နိုင်ခြင်း သို့မဟုတ် အရေပြား တင်းရင်းမှု အားနည်းခြင်းတို့ကြောင့် အရေပြားမျက်နှာပြင်သည် လှိုင်းတွန့်ထခြင်း၊ ဖုထခြင်း သို့မဟုတ် တွန့်လိပ်ခြင်းများ ဖြစ်ပွားနိုင်ပြီး အချို့မှာ အမြဲတမ်း ကျန်ရှိသွားတတ်သည်
- ထုံကျင်ခြင်း (Numbness) – ခွဲစိတ်ထားသော နေရာတဝိုက်တွင် ယာယီ သို့မဟုတ် အမြဲတမ်း ထုံကျင်သွားခြင်း၊ အာရုံကြော ခံစားမှုလွဲမှားခြင်းများ ရှိနိုင်သည်
- ရှားပါးသော်လည်း အသက်အန္တရာယ်ရှိသော ဆိုးကျိုးများ
- အဆီခဲ သွေးကြောပိတ်ခြင်း (Fat Embolism) – အဆီခဲငယ်များ သွေးကြောထဲသို့ မျောပါသွားပြီး အဆုတ် သို့မဟုတ် ဦးနှောက်သို့ ရောက်ရှိကာ ပိတ်ဆို့ခြင်း
- ထုံဆေးအဆိပ်သင့်ခြင်း (Lidocaine Toxicity) – အဆီစုပ်ရာတွင် သုံးသော ထုံဆေး (Lidocaine) ပမာဏ များသွားပါက နှလုံးနှင့် ဗဟိုအာရုံကြောစနစ်ကို ထိခိုက်စေခြင်း
- အတွင်းကလီစာများကို ပြွန်ချောင်းဖြင့် မှားယွင်းထိုးမိခြင်း (Internal Puncture) – အဆီစုပ်သောပြွန်ချောင်းသည် အရေပြားအောက်အဆီလွှာထက်ကျော်၍ အတွင်းဘက်သို့ ထိုးသွင်းမိသောအခါတွင် ဖြစ်တတ်သည်။
ခွဲစိတ်ပြီး လိုက်နာဆောင်ရွက်ရမည့် အချက်များ
ခွဲစိတ်ကုသမှုခံယူပြီးနောက် အနာကျက်မြန်စေရန်၊ နောက်ဆက်တွဲပြဿနာများကို လျှော့ချရန်နှင့် ရလဒ်ကောင်းမွန်စေရန်အတွက် အောက်ပါအချက်များကို အတိအကျ လိုက်နာသင့်သည်။
- တင်းကျပ်သည့် အထူးဝတ်စုံ ဝတ်ဆင်ခြင်း (Compression Garments)
ရောင်ရမ်းမှုကို လျှော့ချရန်၊ သွေးနှင့် အရည်များ စုပုံခြင်းကို ကာကွယ်ရန်နှင့် ခန္ဓာကိုယ်ပုံသဏ္ဌာန်အသစ်ကို ကောင်းမွန်စွာ ထိန်းသိမ်းပေးနိုင်ရန် ဆရာဝန်ညွှန်ကြားထားသော တင်းကျပ်သည့် အထူးဝတ်စုံ သို့မဟုတ် ပတ်တီးကို သတ်မှတ်ထားသော အချိန်အတိုင်း ပုံမှန်ဝတ်ဆင်ရမည်။ - ညွှန်ကြားထားသော ဆေးဝါးများကို စနစ်တကျ သောက်သုံးခြင်း
နာကျင်မှု သက်သာစေရန်၊ ပိုးဝင်ခြင်းကို ကာကွယ်ရန်နှင့် လိုအပ်ပါက ရောင်ရမ်းမှုကို လျှော့ချရန် ဆရာဝန်ညွှန်ကြားထားသော ဆေးဝါးများကို အချိန်မှန် သောက်သုံးရမည်။ - ခွဲစိတ်ဒဏ်ရာကို သန့်ရှင်းစွာ စောင့်ရှောက်ခြင်း
ခွဲစိတ်ဒဏ်ရာကို သန့်ရှင်းခြောက်သွေ့အောင် ထိန်းသိမ်းရမည်။ ပတ်တီးလဲခြင်း၊ ရေချိုးခြင်းနှင့် ဒဏ်ရာပြုစုခြင်းတို့ကို ဆရာဝန်ညွှန်ကြားချက်အတိုင်းသာ ပြုလုပ်သင့်သည်။ - ကိုယ်လက်လှုပ်ရှားမှုကို တဖြည်းဖြည်း ပြန်လည်စတင်ခြင်း
သွေးကြောအတွင်း သွေးခဲပိတ်ခြင်းကို ကာကွယ်ရန် ခွဲစိတ်ပြီးနောက် လမ်းလျှောက်ခြင်းကဲ့သို့သော လှုပ်ရှားမှုငယ်များကို စောစောစတင်သင့်သည်။ သို့သော် ပြင်းထန်သော လေ့ကျင့်ခန်းများ၊ အလေးအပင်မခြင်းနှင့် ခန္ဓာကိုယ်ကို ပြင်းထန်စွာ အသုံးပြုရသော လှုပ်ရှားမှုများကို အနည်းဆုံး ၄–၆ ပတ်ခန့် ရှောင်ကြဉ်သင့်သည်။ - ဆေးလိပ်နှင့် အရက် ရှောင်ကြဉ်ခြင်း
ဆေးလိပ်သောက်ခြင်းနှင့် နီကိုတင်းပါဝင်သော ထုတ်ကုန်များသည် သွေးလည်ပတ်မှုကို လျော့နည်းစေပြီး အနာကျက်နှုန်းကို နှေးကွေးစေသဖြင့် ခွဲစိတ်ပြီးနောက် အနည်းဆုံး ၄ပတ် မှ ၆ပတ်ခန့် ရှောင်ကြဉ်သင့်သည်။ အရက်သောက်ခြင်းကိုလည်း အနာကျက်ကာလအတွင်း ရှောင်ကြဉ်သင့်သည်။ - ရေလုံလောက်စွာ သောက်သုံးပြီး အာဟာရပြည့်ဝစွာ စားသောက်ခြင်း
ရေလုံလောက်စွာ သောက်သုံးခြင်းနှင့် ပရိုတင်းဓာတ်၊ ဗီတာမင် C နှင့် သွပ်ဓာတ် (Zinc) ကြွယ်ဝသော အစားအစာများကို စားသုံးခြင်းသည် အနာကျက်မြန်စေရန်နှင့် ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်လာစေရန် အထောက်အကူပြုသည်။ - ရလဒ်ကို အချိန်ယူစောင့်ဆိုင်းခြင်း
ခွဲစိတ်ပြီးစတွင် ရောင်ရမ်းမှုနှင့် သွေးခြေဥခြင်းများ ရှိနိုင်သဖြင့် နောက်ဆုံးရလဒ်ကို ချက်ချင်း မမြင်နိုင်ပါ။ ပုံမှန်အားဖြင့် ၃လ မှ ၆လအတွင်း ခန္ဓာကိုယ်ပုံသဏ္ဌာန်သည် တဖြည်းဖြည်း ပိုမိုသဘာဝကျလာပြီး အချို့သူများတွင် နောက်ဆုံးရလဒ်ကို ၆လ မှ ၁၂လအထိ စောင့်ဆိုင်းရနိုင်သည်။ - ကျန်းမာသော နေထိုင်မှုပုံစံကို ဆက်လက်ထိန်းသိမ်းခြင်း
အဆီစုပ်ထုတ်လိုက်သော နေရာရှိ အဆီဆဲလ်များသည် အများအားဖြင့် ပြန်လည်မဖြစ်ပေါ်လာသော်လည်း ကိုယ်အလေးချိန် ပြန်တက်လာပါက ကျန်ရှိသော အဆီဆဲလ်များ ကြီးထွားလာပြီး အခြားနေရာများတွင် အဆီစုပုံလာနိုင်သည်။ ထို့ကြောင့် ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်၊ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုနှင့် ကိုယ်အလေးချိန်ထိန်းသိမ်းခြင်းတို့ကို ရေရှည်ဆက်လက် လိုက်နာသင့်သည်။ - ချိန်းဆိုထားသော ပြန်လည်ပြသမှုများကို ပုံမှန်လာရောက်ခြင်း
အနာကျက်နှုန်း၊ ရောင်ရမ်းမှု၊ အရည်စုခြင်း သို့မဟုတ် အခြားနောက်ဆက်တွဲပြဿနာများ ရှိမရှိကို စောင့်ကြည့်နိုင်ရန် ဆရာဝန်ချိန်းဆိုထားသော ပြန်လည်ပြသမှုများကို မပျက်မကွက် လာရောက်သင့်သည်။
ဆေးရုံသို့ အမြန်ဆုံး ပြန်လည်ပြသသင့်သော အခြေအနေများ
အောက်ပါလက္ခဏာများ ဖြစ်ပေါ်လာပါက ဆေးရုံသို့ အမြန်ဆုံး ပြန်လည်ပြသသင့်သည်။
- အဖျားကြီးခြင်း
- ဒဏ်ရာနီရဲ၍ ရောင်ရမ်းလာခြင်း သို့မဟုတ် ပြည်ထွက်ခြင်း
- နာကျင်မှု ရုတ်တရက် ပိုမိုဆိုးရွားလာခြင်း
- အသက်ရှူရခက်ခြင်း၊ ရင်ဘတ်အောင့်ခြင်း
- ခြေထောက်တစ်ဖက် ရုတ်တရက် ရောင်ရမ်းနာကျင်ခြင်း
- ဒဏ်ရာနေရာမှ သွေးထွက်ခြင်း သို့မဟုတ် အရည်များ အလွန်အကျွံစီးထွက်ခြင်း တို့ဖြစ်သည်။
References:
- Cleveland Clinic. (n.d.). Liposuction. Retrieved July 14, 2026, from https://my.clevelandclinic.org/health/treatments/11009-liposuction
- Mayo Clinic. (n.d.). Liposuction. Retrieved July 14, 2026, from https://www.mayoclinic.org/tests-procedures/liposuction/about/pac-20384586
Published: 28 July 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.