Nail Trephination (လက်သည်းခွံ/ခြေသည်းခွံအောက်ရှိ သွေးခဲများကို ဖောက်ထုတ်ကုသခြင်း)

Nail Trephination (လက်သည်းခွံ/ခြေသည်းခွံအောက်ရှိ သွေးခဲများကို ဖောက်ထုတ်ကုသခြင်း)

ပြင်းထန်သော ထိခိုက်ဒဏ်ရာများ (ဥပမာ – တံခါးညှပ်မိခြင်း သို့မဟုတ် အရာဝတ္ထုများ ပြုတ်ကျခြင်း) ကြောင့် လက်သည်းခွံ သို့မဟုတ် ခြေသည်းခွံ အောက်ဘက်တွင် သွေးကြောငယ်များ ပေါက်ပြဲပြီး သွေးများစုခဲကာ နာကျင်ခြင်း (Subungual Hematoma) ဖြစ်ပေါ်တတ်သည်။ ၎င်းအခြေအနေကို ကုသရန်အတွက် အသုံးများသောနည်းလမ်းမှာ လက်သည်းခွံ သို့မဟုတ် ခြေသည်းခွံပေါ်တွင် အပေါက်ငယ်တစ်ခုဖောက်၍ စုနေသောသွေးများကို စီးထွက်စေခြင်းဖြင့် အတွင်းဖိအားကို လျော့ကျစေကာ ဝေဒနာကို လျင်မြန်စွာ သက်သာစေသည့် နည်းလမ်း (Nail Trephination) ဖြစ်သည်။

ကုသမှုနည်းလမ်းများ (Types of Method)

ကုသမှုဆောင်ရွက်ရာတွင် ဆရာဝန်မှ လူနာ၏ လက်သည်းအခြေအနေနှင့် လိုအပ်ချက်ပေါ်မူတည်၍ အောက်ပါ နည်းလမ်းများထဲမှ တစ်မျိုးမျိုးကို ရွေးချယ်အသုံးပြုလေ့ရှိသည်။

  • လျှပ်စစ်အပူဖြင့် အပေါက်ဖောက်ခြင်း (Electrocautery Trephination)
    လျှပ်စစ်အပူလှိုင်းကို အသုံးပြုကာ သွေးစုခဲနေသည့်နေရာ၏ အလယ်ဗဟိုတည့်တည့်ကို အပေါက်ငယ်တစ်ခု ရရှိအောင် ပြုလုပ်သည့် ကုသမှုနည်းလမ်းဖြစ်သည်။
  • ဆေးထိုးအပ်ဖြင့် အပေါက်ဖောက်ခြင်း (Needle Trephination)
    ပိုးသတ်သန့်စင်ထားသည့်အပ်ကို အသုံးပြု၍ လက်သည်းခွံ သို့မဟုတ် ခြေသည်းခွံပေါ်တွင် ဖြည်းညှင်းစွာလှည့်၍ ဖောက်ခြင်းဖြင့် စုနေသော သွေးများကို စီးထွက်စေသည့် နည်းလမ်းဖြစ်သည်။
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
  • ပြင်းထန်စွာ နာကျင်ကိုက်ခဲခြင်း – ထိခိုက်မှုဖြစ်ပွားပြီး ၂၄ နာရီ မှ ၄၈ နာရီအတွင်း လက်သည်းအောက်တွင် သွေးစုခဲကာ ဝေဒနာပြင်းထန်စွာ ခံစားနေရသည့် အခြေအနေ
  • သွေးခြေဥသည့် ပမာဏ – လက်သည်း သို့မဟုတ် ခြေသည်း မျက်နှာပြင်၏ ၂၅ ရာခိုင်နှုန်း (၄ပုံ ၁ပုံ) နှင့်အထက် သွေးခြေဥနေပြီး နာကျင်နေခြင်း
မပြုလုပ်သင့်သော အခြေအနေများ

လိုအပ်ချက်အရ ပြုလုပ်ရမည်ဖြစ်သော်လည်း အောက်ပါအခြေအနေများတွင် အထူးသတိပြု၍ ဤကုသမှုကို မပြုလုပ်ဘဲ အခြားသော ကုသမှုများ ပြောင်းလဲခံယူရန် ဆုံးဖြတ်ရတတ်သည်။

  • လက်သည်းခွံ သို့မဟုတ် ခြေသည်းခွံ ပျက်စီးခြင်း – လက်သည်းမျက်နှာပြင်သည် ကွဲအက်ခြင်း၊ သို့မဟုတ် ပုံသဏ္ဌာန် ပျက်ယွင်းနေခြင်းမျိုး ရှိပါက လက်သည်းတစ်ခုလုံးကို ဖယ်ရှားပစ်ရန် လိုအပ်နိုင်ခြင်း
  • ပိုးဝင်သည့် လက္ခဏာများ တွေ့ရှိရခြင်း – ထိခိုက်ဒဏ်ရာ ရရှိထားသော နေရာဝန်းကျင်တွင် ပြည်တည်ခြင်း၊ နီရဲယောင်ကိုင်းနေခြင်း စသည့် ပိုးဝင်ခြင်း (Infection) လက္ခဏာများ ရှိနေခြင်း
  • အရိုးကျိုးခြင်း – လက်ချောင်း သို့မဟုတ် ခြေချောင်းထိပ်ရှိ အရိုးများ ကျိုးကြေခြင်း ရှိပါက ပိုးဝင်နိုင်ခြေ ပိုမိုမြင့်မားခြင်း
ကြိုတင်သိရှိထားရမည့် အရေးကြီးအချက်များ
  • ကုသမှု ခံယူရမည့် အချိန်ကာလ (Timing) – ထိခိုက်မှုဖြစ်ပွားပြီး ၄၈ နာရီကျော်မှ ဆေးခန်းသို့ ရောက်ရှိပါက အတွင်းရှိ သွေးများ ခဲသွားပြီဖြစ်သောကြောင့် ဖောက်ထုတ်ကုသရန် ခက်ခဲနိုင်ကြောင်း သတိပြုရန် လိုအပ်သည်
  • လက်သည်းအတု (Artificial nails) – လက်သည်းအတုများ တပ်ဆင်ထားပါက ၎င်းတို့တွင် ပါဝင်သည့် ဓာတုပစ္စည်းများသည် မီးလောင်လွယ်သောကြောင့် Electrocautery နည်းလမ်းဖြင့် မဖောက်မီ ၎င်းတို့ကို အရင်ဖယ်ရှားရမည် ဖြစ်သည်
  • မိမိဘာသာ မပြုလုပ်ရန် (Avoid Self-Treatment) – လက်သည်းခွံ/ခြေသည်းခွံအောက်ရှိ သွေးခဲများကို ဖောက်ထုတ်ကုသခြင်း (Nail Trephination) အား ဆေးရုံ သို့မဟုတ် ဆေးခန်းတွင် ​ကျွမ်းကျင်သော ဆရာဝန်များကသာ လုပ်ဆောင်ရမည်ဖြစ်သည်၊ အိမ်တွင်း၌ ကိုယ်တိုင်ပြုလုပ်ခြင်းကို လုံးဝ ရှောင်ကြဉ်ရမည်
ကုသပုံအဆင့်ဆင့်

ကုသမှုအား ဆေးရုံသုံး ပိုးသတ်သန့်စင်ထားသည့် ကိရိယာများကို အသုံးပြုကာ စနစ်တကျ လုပ်ဆောင်ရန် လိုအပ်သည်။

  1. ဒဏ်ရာကို ပြင်ဆင်သန့်စင်ခြင်း (Preparation)
    • ပိုးမွှားများ ကူးစက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန် ဒဏ်ရာရှိသော လက်ချောင်း သို့မဟုတ် ခြေချောင်းအား ရေ သို့မဟုတ် ဆားရည် (Normal saline) ကို အသုံးပြု၍ ဖုန်မှုန့်နှင့် အညစ်အကြေးများ စင်ကြယ်သွားအောင် ဦးစွာ ဆေးကြောသန့်စင်ရမည်
    • ဆေးကြောပြီးနောက် Betadine၊ Alcohol သို့မဟုတ် Chlorhexidine ကဲ့သို့သော ပိုးသတ်ဆေးရည် တစ်မျိုးမျိုးကို အသုံးပြုကာ ထိခိုက်မိသော နေရာအား စနစ်တကျ ပိုးသတ်သန့်စင်ခြင်းများ ဆောင်ရွက်မည်
  2. အပေါက်ဖောက်ခြင်း (Trephination)
    • ကျွမ်းကျင်ဆရာဝန်မှ Electrocautery သို့မဟုတ် ပိုးသတ်ပြီးသား အတွင်းပေါက် ကျယ်သောအပ် (18-gauge needle) ကို အသုံးပြုကာ လက်သည်းပေါ်ရှိ သွေးစုခဲနေသည့် အလယ်ဗဟိုတည့်တည့်ကို အပေါက်ငယ်လေးဖြစ်အောင် ဖြည်းညှင်းစွာ လှည့်၍ ဖောက်သည်
    • ထိုသို့ပြုလုပ်ရာတွင် လက်သည်းအောက်ရှိ နုနယ်သော အသားလွှာ (Nail bed) အား မထိခိုက်စေရန် အထူးသတိပြုရမည်
  3. သွေးများ ဖောက်ထုတ်ခြင်း (Drainage)
    • အပေါက်ပွင့်သွားသည်နှင့် တစ်ပြိုင်နက် ပိတ်မိနေသော သွေးများ ထွက်လာခြင်းကြောင့် အတွင်းဖိအား လျော့ကျသွားမည်ဖြစ်သည်
    • သွေးခဲများ အကြွင်းအကျန်မရှိစေရန် အသာအယာ ညှစ်ထုတ်ပေးမည်ဖြစ်သည်
  4. အနာကို ပတ်တီးစည်းခြင်း (Dressing)
    • သွေးများ ကုန်စင်အောင် ဖယ်ရှားပြီးနောက် ဒဏ်ရာကို ပိုးသတ်ဆေးရည်ဖြင့် ထပ်မံသန့်စင်ကာ ပိုးသတ်ထားသော ဂွမ်းနှင့် ပတ်တီး (Sterile dressing) ဖြင့် စနစ်တကျ ဖုံးအုပ် စည်းနှောင်ပေးသည်
နောက်ဆက်တွဲပြဿနာများ

ကုသမှုသည် ရိုးရှင်းလွယ်ကူသော်လည်း အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာအချို့ ဖြစ်ပေါ်လာနိုင်ခြေရှိသည်။

  • ပိုးဝင်ခြင်း (Infection) – ဖောက်ထားသော အပေါက်ငယ်မှတစ်ဆင့် ဘက်တီးရီးယားများ ဝင်ရောက်ကာ ပြည်တည်ခြင်း သို့မဟုတ် ပိုးဝင်သည့် လက္ခဏာများ ခံစားရနိုင်ခြင်း
  • လက်သည်းပုံသဏ္ဌာန် ပျက်ယွင်းခြင်း (Nail Deformity) – ဖောက်ထုတ်စဉ်တွင် လက်သည်း အောက်ခြေရှိ နုနယ်သော အသားလွှာ (Nail bed) ကို အပ်ဖြင့် မတော်တဆ ထိခိုက်မိပါက နောက်ပိုင်းတွင် ထွက်လာသော လက်သည်းအသစ်သည် ပုံစံမမှန်ဘဲ ဖြစ်တတ်ခြင်း
  • သွေးများ ပြန်လည်စုခဲခြင်း (Re-accumulation of Blood) – ဖောက်ထားသည့်အပေါက်သည် သတ်မှတ်ချိန်ထက် စောစီးစွာပိတ်သွားပါက အတွင်း၌ သွေးများ ပြန်လည်ပိတ်မိပြီး နာကျင်မှု ဝေဒနာများ တစ်ကျော့ပြန် ခံစားရနိုင်ခြင်း
လိုက်နာဆောင်ရွက်ရမည့်အချက်များ

ကုသမှုအပြီးတွင် ဘေးကင်းပြီး မြန်ဆန်စွာ ပြန်လည်သက်သာလာစေရန်အတွက် အောက်ပါအချက်များကို စနစ်တကျ လိုက်နာဆောင်ရွက်ရမည်။

  • အနာကို ခြောက်သွေ့အောင် ထားရှိခြင်း
    • ကုသမှုခံယူပြီးနောက် ၂၄နာရီ မှ ၄၈နာရီအတွင်း ဒဏ်ရာရှိသောနေရာကို ရေမထိစေရန် အထူးသတိပြုရမည်
    • ရေချိုးသည့်အခါ ဒဏ်ရာကို ပလတ်စတစ်အိတ်ဖြင့် လုံခြုံစွာ ဖုံးအုပ်ထားရန် လိုအပ်သည်
  • ပတ်တီးလဲလှယ်ခြင်း
    • တာဝန်ကျဆရာဝန်၏ လမ်းညွှန်ချက်အတိုင်း ပတ်တီးကို ပုံမှန်လဲလှယ်ပေးရမည်
    • ပတ်တီးတွင် သွေးစိမ့်ခြင်း သို့မဟုတ် အရည်များထွက်လာခြင်း ရှိပါက အသစ်တစ်ခုဖြင့် ချက်ချင်းလဲလှယ်ပေးရမည်
  • နာကျင်ခြင်းနှင့် ရောင်ရမ်းမှုအား လျှော့ချစေခြင်း
    • ထိခိုက်မှုဖြစ်ပွားသည့် လက်ချောင်း/ ခြေချောင်းအား မြှင့်တင်ထားခြင်း (Elevation) ပြုလုပ်ပေးခြင်းဖြင့် အကိုက်အခဲ သက်သာစေနိုင်သည်
    • အကယ်၍ ဝေဒနာ ပြင်းထန်နေပါက ဆရာဝန်မှ ညွှန်ကြားထားသည့် အကိုက်အခဲပျောက်ဆေးများအား သောက်သုံးနိုင်သည်
  • လက်သည်းအသစ် ပြန်လည်ထွက်ရှိခြင်း
    • ရက်အနည်းငယ်အတွင်း လက်သည်း/ ခြေသည်းအဟောင်းသည် အလိုအလျောက် ကွာကျသွားမည်ဖြစ်ပြီး အောက်ခြေမှ လက်သည်းအသစ် ပြန်လည်ထွက်လာပါလိမ့်မည် (၃လ မှ ၆လအထိ ကြာမြင့်နိုင်သည်)
    • လက်သည်းကို အတင်းအဓမ္မ ဆွဲခွာခြင်း မပြုလုပ်ရပါ
  • အရေးပေါ် ပြန်လည်ပြသရန် လိုအပ်သည့် လက္ခဏာများ
    • ဒဏ်ရာတွင် ပြည်တည်ခြင်း၊ နီရဲယောင်ရမ်းမှု ပိုမိုဆိုးရွားလာခြင်း၊ ကိုယ်အပူချိန်တက်ခြင်း သို့မဟုတ် ကုသမှုခံယူပြီးသော်လည်း နာကျင်မှု လုံးဝမသက်သာဘဲ ပိုမိုပြင်းထန်လာပါက နီးစပ်ရာ ဆေးရုံ သို့မဟုတ် ဆေးခန်းသို့ အမြန်ဆုံး သွားရောက်ပြသရမည်။

References:

  1. Cleveland Clinic. (n.d.). Nail trephination. Retrieved July 9, 2026, from https://my.clevelandclinic.org/health/procedures/nail-trephination
  2. MSD Manuals Professional Edition. (n.d.). How to do nail trephination. Retrieved July 9, 2026, from https://www.msdmanuals.com/professional/injuries-poisoning/how-to-do-skin-soft-tissue-and-minor-surgical-procedures/how-to-do-nail-trephination

Published: 28 July 2026

Share

28 July 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.