ရိုးတွင်းခြင်ဆီမှ ထုတ်လုပ်သော သွေးဖြူဥဆဲလ် တစ်မျိုးဖြစ်သည့် ပလပ်စ်မာဆဲလ်တွင်ဖြစ်ပေါ်သော ကင်ဆာရောဂါဖြစ်သည်။ ကျန်းမာသန်စွမ်းသော ပလပ်စ်မာဆဲလ်များသည် ကင်ဆာဆဲလ်များအဖြစ် ပြောင်းလဲကာ ပုံမှန်မဟုတ်သော ပဋိပစ္စည်းများ ပွါးများထုတ်လုပ်ပြီး၊ ခန္ဓာကိုယ်၏ အခြားသော သွေးဆဲလ်များ ထုတ်လုပ်နိုင်စွမ်း၊ ကျောက်ကပ်နှင့် အရိုးတို့ကို ထိခိုက်ခြင်းဖြစ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်း
ပလပ်စ်မာဆဲလ်များသည် ရိုးတွင်းခြင်ဆီမှ ထုတ်လုပ်သော သွေးဖြူဥဆဲလ်တစ်မျိုးဖြစ်သည်။ ထိုပလပ်စ်မာဆဲလ်များသည် ပုံမှန်အားဖြင့် ခန္ဓာကိုယ်ထဲသို့ ရောဂါပိုးဝင်ရောက်လျှင် ပဋိပစ္စည်း (အင်မြူနိုဂလိုဗျူလင်-Immunoglobulin) ကို ထုတ်လုပ်ပြီး ရောဂါပိုးများကို တိုက်ထုတ်ပေးသည်။ သို့သော် အချို့အခြေအနေများတွင် ကျန်းမာသန်စွမ်းသော ပလပ်စ်မာဆဲလ်များသည် ကင်ဆာဆဲလ်များအဖြစ် ရုတ်တရက် ပြောင်းလဲသွားတတ်သည်။ ပုံမှန်ဆဲလ်များသည် တဖြည်းဖြည်း ကြီးထွားပြီး အချိန်တန်လျှင် သေဆုံးသွားသော်လည်း ကင်ဆာဆဲလ်များသည် ထိန်းချုပ်မရဘဲ အလွန်အမင်း ပွါးများလာကာ သေဆုံးခြင်းမရှိဘဲ ဆက်လက်ရှင်သန်နေတတ်သည်။
ထိုကင်ဆာဆဲလ်များမှ ပုံမှန်မဟုတ်သော ပဋိပစ္စည်းများ (M Proteins သို့မဟုတ် Monoclonal Proteins) ကို အလွန်အကျွံထုတ်လုပ်သဖြင့် ခန္ဓာကိုယ်မှ ဤပရိုတင်းများကို အသုံးမပြုနိုင်ဘဲ စုပုံလာကာ ကျောက်ကပ်ပျက်စီးခြင်း၊ အရိုးများ အားနည်းပျက်စီးခြင်းနှင့် အခြားသွေးဆဲလ်များ ထုတ်လုပ်မှုကို ထိခိုက်စေနိုင်သည်။ ပလပ်စ်မာဆဲလ်ကင်ဆာ၏ အစောပိုင်းအဆင့် (MGUS -Monoclonal Gammopathy of Undetermined Significance) တွင် သွေးထဲ၌ M Protein ပမာဏ အနည်းငယ်သာ ရှိသောကြောင့် ခန္ဓာကိုယ်ကို ထိခိုက်မှုမရှိသေးဘဲ ရောဂါလက္ခဏာများလည်း မတွေ့ရပေ။ သို့သော် အချို့လူနာများတွင် နောင်တွင် ပလပ်စ်မာဆဲလ်ကင်ဆာအဖြစ်သို့ ကူးပြောင်းနိုင်သည့် အလားအလာ အနည်းငယ်ရှိသည်။
ပလပ်စ်မာဆဲလ်ကင်ဆာ ဖြစ်ပွါးရသည့် တိကျသော အကြောင်းရင်းကို အတိအကျ မသိရသေးသော်လည်း အောက်ပါအချက်များက ဤရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ကြောင်း လေ့လာတွေ့ရှိရသည်။
- အသက်အရွယ် ကြီးခြင်း (အသက် ၆၀ နောက်ပိုင်းတွင် အဖြစ်များသည်)
- အမျိုးသားများတွင် အမျိုးသမီးများထက် ဖြစ်နိုင်ခြေပိုများခြင်း
- မိသားစု မျိုးရိုးတွင် ပလပ်စ်မာဆဲလ်ကင်ဆာ ရှိသူများ
- ဓာတ်ရောင်ခြည်နှင့် ထိတွေ့မှုရှိသူများ
- ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ဓာတုပစ္စည်းတို့ဖြင့် ထိတွေ့မှုရှိသူများ
- ပလပ်စ်မာဆဲလ်ကင်ဆာ အစောပိုင်းအဆင့် (MGUS) ရှိသူများ ဖြစ်ကြသည်။
ရောဂါလက္ခဏာများ
ဤရောဂါသည် တဖြည်းဖြည်းချင်း ပွါးများလာသော ကင်ဆာရောဂါဖြစ်သောကြောင့် အစပိုင်းတွင် မည်သည့်ရောဂါ လက္ခဏာမှမပြဘဲ ရှိနေနိုင်သည်။ ဖြစ်ပေါ်နိုင်သော ရောဂါလက္ခဏာများမှာ_
- အရိုးများ နာကျင်ခြင်း (အထူးသဖြင့် ကျောရိုးမကြီး၊ ရင်ဘတ်နှင့် တင်ပါးဆုံရိုး)
- အရိုးအားနည်းပြီး အရိုးကျိုးလွယ်ခြင်း
- ကျောရိုးမကြီးကို ထိခိုက်လျှင် ထုံကျဥ်ခြင်း၊ ခြေလက် အားနည်းခြင်း၊ ဆီး၊ ဝမ်း မထိန်းနိုင်ခြင်း
- အစားအသောက်ပျက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း
- သွေးအားနည်းသောကြောင့် နုံးနယ်ခြင်း၊ မောပန်းခြင်း
- သွေးထွက်လွယ်ခြင်း၊ သွေးခြည်ဥလွယ်ခြင်း
- ရောဂါပိုး မကြာခဏဝင်ခြင်း
- အရိုးပျက်စီးမှု များပြားလာသဖြင့် သွေးတွင်း ကယ်လ်ဆီယမ်ဓာတ် များသောကြောင့် ရေငတ်ခြင်း၊ ဆီးမကြာခဏသွားခြင်း၊ အစာအိမ်နာခြင်း၊ ဝမ်းချုပ်ခြင်း၊ သတိလစ်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်။
နောက်ဆက်တွဲပြဿနာများ
- အရိုးပြဿနာများ (အရိုးအားနည်းပြီး ကျိုးလွယ်ခြင်း)
- သွေးနီဥလုံလောက်အောင် မထုတ်လုပ်နိုင်သောကြောင့် သွေးအားနည်းခြင်း၊ သွေးဖြူဥလုံလောက်အောင် မထုတ်လုပ်နိုင်သောကြောင့် ကိုယ်ခံအားကျဆင်းပြီး ရောဂါပိုးများ မကြာခဏဝင်ရောက်ခြင်း၊ သွေးဥမွှား ပမာဏနည်းသောကြောင့် သွေးမခဲနိုင်ဘဲ သွေးထွက်ခြင်း
- သွေးပျစ်သောကြောင့် ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်းနှင့် အမြင်အာရုံဝေဝါးခြင်း
- ကျောက်ကပ်ထိခိုက်ပျက်စီးခြင်း
- ပုံမှန်မဟုတ်သော ပရိုတင်းများ ကိုယ်တွင်းအင်္ဂါများ၌ စုပုံခြင်း (Amyloidosis)၊ သွေးကြောများ ပျက်စီးစေခြင်း (Cryoglobulinemia) တို့ဖြစ်ပေါ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်တွင်ဖော်ပြထားသော ရောဂါလက္ခဏာများ ဖြစ်ပေါ်လျှင် မိသားစုဆရာဝန်နှင့် တိုင်ပင်၍ စမ်းသပ်စစ်ဆေးမှုများ ခံယူပြီး လိုအပ်သောဆေးကုသမှုများကို ဆက်လက်ခံယူနိုင်ရန် သွေးရောဂါအထူးကု ဆရာဝန်ကြီးများနှင့် ဆက်လက်ဆွေးနွေးတိုင်ပင် ကုသရန် လိုအပ်သည်။
ရောဂါရှာဖွေခြင်း
ပလပ်စ်မာဆဲလ်ကင်ဆာရောဂါကို သိရှိနိုင်ရန် ရောဂါရာဇဝင်များ သေချာစွာမေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်ပြီး အောက်ဖော်ပြပါ စစ်ဆေးမှုများကို ဆက်လက်ပြုလုပ်၍ ရောဂါရှာဖွေနိုင်သည်။
- သွေးစစ်ဆေးခြင်း
- သွေးတွင်း (M protein) ပရိုတင်းပမာဏ စစ်ဆေးခြင်း
- သွေးဆဲလ်ပမာဏ စစ်ဆေးခြင်း (Complete blood count)
- ကျောက်ကပ်လုပ်ငန်းစစ်ဆေးခြင်း
- သွေးတွင်း ကယ်လ်ဆီယမ်ဓာတ် စစ်ဆေးခြင်း
- ဆီးထဲတွင် ပုံမှန်မဟုတ်သောပရိုတင်းများ ရှိမရှိ စစ်ဆေးခြင်း (Urinary Bence Jones protein)
- အရိုးနှင့် ရိုးတွင်းခြင်ဆီ စစ်ဆေးခြင်း
- အရိုးဓာတ်မှန်ရိုက်ခြင်း (Bone X-ray) (အရိုးပါးခြင်းနှင့် အရိုးပျက်စီးမှုများ ရှာဖွေခြင်း)
- ရိုးတွင်းခြင်ဆီ စစ်ဆေးခြင်း (Bone marrow aspiration and biopsy)
- ပုံရိပ်ဖော်စစ်ဆေးမှုများပြုလုပ်ခြင်း (Imaging tests)
- မျိုးဗီဇစစ်ဆေးခြင်း (Genetic testing)
- ရိုးတွင်းခြင်ဆီအသားစကို မျိုးဗီဇ စစ်ဆေးခြင်း ပြုလုပ်ပြီး ကင်ဆာကြီးထွားမှု မြန်စေသော မျိုးဗီဇချို့ယွင်းမှုများကို ဆန်းစစ်ခြင်း
ကင်ဆာအဆင့်သတ်မှတ်ခြင်း
ပလပ်စ်မာဆဲလ် သွေးကင်ဆာရောဂါ အတည်ပြုပြီးနောက် ရောဂါပြင်းထန်မှုကို Revised International Staging System (R-ISS) စနစ်ဖြင့် အဆင့်သတ်မှတ်သည်။ သွေးထဲရှိ Beta-2 microglobulin နှင့် albumin ပရိုတင်းများ၊ LDH အင်ဇိုင်းပမာဏနှင့် ခရိုမိုဆုမ်း ချို့ယွင်းမှုများကို အခြေခံ၍ အဆင့် (၁) မှ (၃) ထိ ပြင်းထန်မှု အနည်းဆုံးမှ အများဆုံးထိ သတ်မှတ်သည်။
ကုသခြင်း
ပလပ်စ်မာဆဲလ် ကင်ဆာအများစုသည် ပျောက်ကင်းအောင်ကုသ၍ မရသော်လည်း အချိန်မီကုသလျှင် ရောဂါလက္ခဏာများကို ထိန်းချုပ်နိုင်သည်။ ဤရောဂါသည် တဖြည်းဖြည်းချင်း ကြီးထွားလာသော ကင်ဆာရောဂါ ဖြစ်သောကြောင့် အစောပိုင်းရောဂါလက္ခဏာ မပေါ်သေးသောအချိန်တွင် ပုံမှန် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်၍ ကင်ဆာရောဂါကို စောင့်ကြည့်ရန်လိုအပ်သည်။ ရောဂါလက္ခဏာများ ဖြစ်ပေါ်လာသည့်အချိန်တွင် ဆေးကုသမှုစတင်ရန် လိုအပ်သည်။ ကုသနိုင်သော နည်းလမ်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
- ကင်ဆာဆဲလ် သီးသန့်ပစ်မှတ်ထားကုထုံး (Targeted therapy)
ကင်ဆာဆဲလ်များ၏ သီးခြားဝိသေသလက္ခဏာများ၊ ဓာတ်ပစ္စည်းများ (ဥပမာ_ပရိုတင်း၊ မျိုးဗီဇ၊ တစ်ရှူးများ)၊ အားနည်းချက်များကို အဓိကအခြေခံ၍ ဖျက်ဆီးချေမှုန်းသောဆေးဝါးများ အသုံးပြုကုသခြင်းဖြစ်သည်။ ကင်ဆာဆဲလ်များကိုသာ တိုက်ရိုက်ပစ်မှတ်ထားပြီး အခြားကျန်းမာသော ပုံမှန်ဆဲလ်များကို ထိခိုက်မှုလျော့နည်းစေရန် ရည်ရွယ်သည်။ - ကိုယ်ခံအားကုထုံး (Immunotherapy)
ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ကင်ဆာဆဲလ်များကို တိုက်ခိုက်စေသည်။ ကင်ဆာဆဲလ်များကို ခုခံအားစနစ်မှ မှတ်မိစေရန် ပြုပြင်ပေးခြင်းဖြစ်သည်။ လက်ရှိကုထုံးများအပြင် CAR T-cell ကုထုံးသည် ကုထုံးသစ်သုတေသနများတွင် ကုသမှုရလဒ်ကောင်းများ ရစေကြောင်း တွေ့ရှိရသည်။ - ကင်ဆာဆေးသွင်းကုသခြင်း (Chemotherapy)
ကင်ဆာဆဲလ်များကို ဖျက်ဆီးရန် အစွမ်းထက်သော ဆေးဝါးများကို အသုံးပြုခြင်းဖြစ်သည်။ ခန္ဓာကိုယ်တစ်ခုလုံးရှိ ကင်ဆာဆဲလ်များကို ထိရောက်စွာ နှိမ်နင်းနိုင်သည်။ - စတီးရွိုက်ဆေးများပေးခြင်းဖြင့် ရောင်ရမ်းမှုကိုသက်သာစေခြင်း (Corticosteroids)
ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုကို လျော့နည်းစေပြီး ကင်ဆာဆဲလ်များကို တိုက်ဖျက်ရာတွင် အထောက်အကူပြုသည်။ - ရိုးတွင်းခြင်ဆီ အစားထိုးကုသခြင်း (Bone marrow transplant)
ကင်ဆာရောဂါဖြစ်နေသော ရိုးတွင်းခြင်ဆီကို ကျန်းမာသော ရိုးတွင်းခြင်ဆီဖြင့် အစားထိုးကုသခြင်းဖြစ်သည်။ ပင်မဆဲလ်အစားထိုးကုသခြင်း (Stem cell transplant) ဟုလည်း ခေါ်ကြသည်။ - ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiation therapy)
ပြင်းထန်သော ဓာတ်ရောင်ခြည်ကို အသုံးပြု၍ ကင်ဆာဆဲလ်များကို သေစေခြင်းဖြစ်သည်။
ဖြစ်ပေါ်လာသော နောက်ဆက်တွဲပြဿနာများကိုလည်း အောက်ပါအတိုင်း ကုသပေးရန် လိုအပ်သည်။
- အရိုးနာကျင်ခြင်းကို သက်သာစေရန် အကိုက်အခဲပျောက်ဆေးများပေးခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းနှင့် ခွဲစိတ်ကုသခြင်း
- ကျောက်ကပ်ပြင်းထန်စွာ ထိခိုက်သူများတွင် လိုအပ်လျှင် ကျောက်ကပ်ဆေးခြင်း (Dialysis)
- ခုခံအားကျဆင်းပြီး ရောဂါပိုး ဝင်ရောက်လျှင် လိုအပ်သော ပဋိဇီဝပိုးသတ်ဆေးများပေးခြင်း၊ ရောဂါပိုး မကြာခဏဝင်ရောက်ခြင်းမှ ကာကွယ်နိုင်ရန် ကာကွယ်ဆေးများထိုးခြင်း၊ အရိုးကျိုးခြင်းမှ ကာကွယ်နိုင်ရန် ဆေးများပေးခြင်း
- သွေးအားနည်းလျှင် သွေးတွင်းသွေးနီဥ ပမာဏမြင့်တက်စေနိုင်သော ဆေးများပေးခြင်းတို့ဖြင့် ကုသနိုင်သည်။
ရောဂါရလဒ်ခန့်မှန်းချက်
ပလပ်စ်မာဆဲလ်ကင်ဆာသည် နာတာရှည်ရောဂါတစ်ခုဖြစ်ပြီး လက်ရှိအချိန်တွင် အပြီးတိုင်ပျောက်ကင်းအောင် ကုသနိုင်ခြင်းမရှိသေးသော ကင်ဆာရောဂါဖြစ်သည်။ ဤရောဂါသည် ပြန်လည်ကောင်းမွန်သည့်ကာလ (Remission) နှင့် ရောဂါပြန်လည်ဖြစ်ပေါ်သည့်ကာလ (Relapse) တို့ အလှည့်ကျဖြစ်ပေါ်လေ့ရှိပြီး ကာလကြာရှည်စွာ ဆက်လက်ကုသမှုခံယူရန် လိုအပ်နိုင်သည်။
ပလပ်စ်မာဆဲလ်ကင်ဆာ၏ ရောဂါရလဒ်နှင့် သက်တမ်းခန့်မှန်းချက်ကို သက်ရောက်မှုရှိသော အဓိကအချက်များမှာ ရောဂါရှာဖွေတွေ့ရှိချိန်တွင် ဖြစ်ပေါ်နေသော ရောဂါအဆင့်၊ ကင်ဆာ၏ မျိုးဗီဇပြောင်းလဲမှုများ၊ လူနာ၏ အသက်အရွယ်နှင့် လက်ရှိကျန်းမာရေးအခြေအနေ၊ ခံယူမည့် ကုသမှုအမျိုးအစားနှင့် တုံ့ပြန်မှုတို့အပေါ်တွင် မူတည်သည်။
ပလပ်စ်မာဆဲလ်ကင်ဆာဖြစ်လျှင် အသက်ရှင်သန်နိုင်မှုကာလသည် ပျမ်းမျှအားဖြင့် (၅)နှစ် မှ (၁၀)နှစ်ဖြစ်သော်လည်း အထက်ဖော်ပြပါ အချက်များပေါ်မူတည်၍ လူနာတစ်ဦးချင်းစီ၏ သက်တမ်းခန့်မှန်းချက်များ ကွဲပြားနိုင်သည်။ ယခုနောက်ပိုင်းနှစ်များအတွင်း ကုသမှုနည်းလမ်းများ တိုးတက်လာခြင်းကြောင့် လူနာများ၏ အသက်ရှင်သန်နိုင်မှုနှုန်း (Survival rate) နှင့် လူနေမှုဘဝအရည်အသွေး (Quality of life) တို့ သိသိသာသာ ကောင်းမွန်လာကြောင်း တွေ့ရှိရသည်။
ကာကွယ်ခြင်း
ပလပ်စ်မာဆဲလ် ကင်ဆာရောဂါကို ကာကွယ်နိုင်သောနည်းလမ်း ယနေ့ထိမရှိသေးပါ။
References:
- Mayo Clinic. (n.d.). Multiple myeloma: Symptoms and causes. Retrieved May 1, 2026, from https://www.mayoclinic.org/diseases-conditions/multiple-myeloma/symptoms-causes/syc-20353378
- Cleveland Clinic. (n.d.). Multiple myeloma. Retrieved May 1, 2026, from https://my.clevelandclinic.org/health/diseases/6178-multiple-myeloma
- WebMD. (n.d.). Multiple myeloma: Symptoms, causes, and treatment. Retrieved May 1, 2026, from https://www.webmd.com/cancer/multiple-myeloma/multiple-myeloma-symptoms-causes-treatment
- NHS. (n.d.). Multiple myeloma. Retrieved May 1, 2026, from https://www.nhs.uk/conditions/multiple-myeloma/
Published: 3 June 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.