ပုံမှန်မဟုတ်သော ဆူညံအသက်ရှူသံများ (Noisy breathing) သည် အသက်အရွယ်မရွေး ဖြစ်ပွါးနိုင်သော်လည်း ကလေးငယ်များတွင် ပို၍အဖြစ်များသည်။ အချို့သည် မွေးရာပါဖြစ်နိုင်ပြီး ရောဂါအခြေအနေများစွာ၏ လက္ခဏာတစ်ခုလည်း ဖြစ်နိုင်သည်။ စောင့်ကြည့်နိုင်သည့် သာမန်အခြေအနေများ ဖြစ်နိုင်သကဲ့သို့ အရေးပေါ်ကုသမှု လိုအပ်သည့် အခြေအနေများလည်း ဖြစ်နိုင်သည်။
ပုံမှန်မဟုတ်ဘဲ ဆူညံစွာ အသက်ရှူခြင်းသည် အများအားဖြင့် အသက်ရှူလမ်းကြောင်းအတွင်း တစ်စိတ်တစ်ပိုင်းပိတ်ဆို့ခြင်း သို့မဟုတ် ကျဉ်းမြောင်းသွားခြင်းကြောင့် လေဝင်လေထွက် ပုံမမှန်ခြင်း၏ နောက်ဆက်တွဲအသံများဖြစ်သည်။ ပါးစပ်၊ နှာခေါင်း၊ လည်ချောင်း၊ အသံအိုး၊ လေပြွန်နှင့် အဆုတ်စသည့် အသက်ရှူလမ်းကြောင်းတစ်လျှောက်ရှိ နေရာများတွင် ဖြစ်နိုင်သည်။
ရောဂါဖြစ်သည့်နေရာပေါ် မူတည်၍ ဆူညံအသက်ရှူသံများအား အောက်ပါအတိုင်းခွဲခြားနိုင်သည်။
- ဟောက်သံကဲ့သို့တရွှီရွှီမြည်သံ (Stridor)
Stridor သည် အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းရှိ လေပြွန်မကြီး သို့မဟုတ် အသံအိုးနေရာတွင် ကျဉ်းမြောင်းခြင်း သို့မဟုတ် ပိတ်ဆို့ခြင်းကြောင့် ဖြစ်ပေါ်လာသည့် အသံဖြစ်သည်။ ၎င်းကို မည်သည့်အသက်ရှူချိန်တွင် ကြားရသည်ကို အခြေခံ၍ အောက်ပါအတိုင်း ခွဲခြားနိုင်သည်။- အသက်ရှူသွင်းချိန်တွင် ကြားရသောအသံ (Inspiratory stridor) _ လေပြွန်မကြီးအပေါ်ပိုင်း သို့မဟုတ် အသံအိုး ပိတ်ဆို့ခြင်းကြောင့် ဖြစ်တတ်သည်
- အသက်ရှူထုတ်ချိန်တွင် ကြားရသောအသံ (Expiratory stridor) _ လေပြွန်မကြီး၏အောက်ပိုင်းတွင် ပိတ်ဆို့ခြင်းကြောင့် ဖြစ်တတ်သည်
- အသက်ရှူသွင်းချိန်နှင့် ရှူထုတ်ချိန်နှစ်ခုလုံးတွင် ကြားရသောအသံ (Biphasic stridor) _ ပိုမိုပြင်းထန်သော သို့မဟုတ် ပြန်ပွင့်ချိန်မရှိသလောက် ကျဉ်းမြောင်းနေသည့် အသက်ရှူလမ်းကြောင်းပြဿနာကို ညွှန်ပြသည်
- လေချွန်သံကဲ့သို့တရွှီရွှီမြည်သံ (Wheezing)
- ထိုအသံသည် အသက်ရှူလမ်းကြောင်းအောက်ပိုင်း (အထူးသဖြင့် အဆုတ်အတွင်းရှိ လေပြွန်ငယ်များ) ကျဉ်းမြောင်းခြင်းကြောင့် ဖြစ်ပေါ်လာသည်
- အောက်ပါအကြောင်းရင်းများကြောင့် ဖြစ်ပေါ်တတ်သည်
- အသက်ရှူလမ်းကြောင်းရှိ တစ်ရှူးများ ရောင်ရမ်းခြင်း
- အသက်ရှူလမ်းကြောင်းနံရံရှိ ကြွက်သားများ ကျုံ့ခြင်း
- အသက်ရှူလမ်းကြောင်းအတွင်း ချွဲများ စုပုံလာခြင်း
- အဆိုပါ Wheezing အသံသည် ပန်းနာရင်ကျပ် (Asthma)၊ လေပြွန်ငယ်များရောင်ရမ်းခြင်း (Bronchiolitis) စသည့်ရောဂါများနှင့် ဆက်စပ်လေ့ရှိသည်
- နှာခေါင်းပိတ်သည့်အသံ (Stertor)
ထိုအသံသည် အာခေါင် သို့မဟုတ် နှာခေါင်းတွင် ပိတ်ဆို့ခြင်းကြောင့် ဖြစ်လာသောအသံဖြစ်သည်။ ဖြစ်သည့်အခြေအနေပေါ်မူတည်၍ ဟောက်သံ သို့မဟုတ် နှာခေါင်းပိတ်သည့်အသံများအနေဖြင့် ကြားရသည်။
ဖြစ်ပေါ်ရသော အကြောင်းရင်းများနှင့် ယှဥ်တွဲလာတတ်သော လက္ခဏာများ
ပုံမှန်မဟုတ်သော ဆူညံစွာအသက်ရှူခြင်းသည် မွေးရာပါရောဂါအခြေအနေများ၊ ရောဂါပိုးများ၊ ပန်းနာရင်ကျပ်ရောဂါ စသည်တို့တွင် အတွေ့ရများသော လက္ခဏာများဖြစ်သည်။
ဟောက်သံကဲ့သို့ တရွှီရွှီမြည်သံ (Stridor) အဓိကဖြစ်စေသော အကြောင်းရင်းများ
- မွေးရာပါအခြေအနေများ
- မွေးရာပါလေပြွန်ပျော့ခြင်း (Laryngomalacia)
- လေပြွန်နံရံကို ထောက်ပံ့ပေးထားသော ကြွက်သားအားနည်းခြင်း သို့မဟုတ် အသက်ရှူသွင်းချိန်တွင် လေပြွန်၏လှုပ်ရှားမှု ပုံမှန်မဟုတ်ခြင်းတို့ကြောင့်ဖြစ်သည်
- မွေးကင်းစကလေးငယ်များတွင် အဖြစ်အများဆုံးဖြစ်ပြီး ကလေးအသက် (၁) နှစ်ဝန်းကျင်တွင် သက်သာ ပျောက်ကင်းသွားလေ့ရှိသည်
- အလွန်ဆိုးဝါးသော လေပြွန်ပျော့ခြင်းအခြေအနေတွင် ကလေး၏ အသက်ရှူခြင်းနှင့် ကိုယ်အလေးချိန်တို့ကို ဆိုးဆိုးရွားရွားထိခိုက်လာပါက ခွဲစိတ်ကုသမှု လိုအပ်နိုင်သည်၊ သို့သော် ခွဲစိတ်ရမည့်အခြေအနေမှာ အလွန်ရှားသည်
- မွေးရာပါလေပြွန်မတစ်လျှောက် ကျဥ်းမြောင်းခြင်း (Congenital Tracheal Stenosis)
- လေပြွန်မတစ်လျှောက် ကျဥ်းမြောင်းခြင်းကို မွေးပြီး လအနည်းငယ်တွင် သိနိုင်သည်
- အထူးသဖြင့် အအေးမိခြင်း၊ ဗိုင်းရပ်စ်ပိုးဝင်ခြင်းများဖြစ်လျှင် ပို၍ဆိုးနိုင်သည်
- ကလေးအများစုသည် ကုသမှုပြုလုပ်ရန် မလိုအပ်ဘဲ ကောင်းသွားနိုင်သော်လည်း အချို့တွင် ခွဲစိတ်ကုသမှု လိုအပ်နိုင်သည်
- မွေးရာပါ အသံအိုးအဖုံးအောက်ခြေနား ကျဥ်းမြောင်းခြင်း (Congenital Subglottis Stenosis)
- မွေးရာပါ အသံအိုးအဖုံးအောက်ခြေနားတွင် ကျဥ်းမြောင်းခြင်းသည် လေပြွန်မတစ်လျှောက် ကျဥ်းမြောင်းသည့်အခြေအနေနှင့် ဆင်တူသည်
- သို့သော် ပြင်းထန်နိုင်ခြေနည်းပါးပြီး ခွဲစိတ်ရန်မလိုဘဲ အလိုအလျောက် သက်သာပျောက်ကင်းနိုင်ခြေရှိသည်
- လေပြွန်အတွင်း သွေးကြောထုံးဖြစ်ခြင်း (Congenital Haemangioma)
- သွေးကြောများစုစည်းရာမှ ဖြစ်ပေါ်လာသည့်အလုံးဖြစ်၍ ကလေး အသက် (၃)လ မှ (၆)လကြားတွင် လက္ခဏာများ ပေါ်လာတတ်သည်
- အစောပိုင်းကာလများတွင် လျင်မြန်စွာကြီးထွားနိုင်ပြီး အသက် (၁) နှစ်နောက်ပိုင်းတွင် ပြန်၍ကျုံ့သွားနိုင်သည်
- သွေးကြောကွင်းဖြစ်ခြင်း (Congenital vascular ring)
- သွေးပြန်ကြော သို့မဟုတ် သွေးလွှတ်ကြောမှ လေပြွန်ကို အပြင်မှ ကွင်းပုံစံပတ်၍ ဖိထားခြင်းဖြစ်သည်။ ထိုအခြေအနေမျိုးတွင် ခွဲစိတ်ကုသမှု လိုအပ်နိုင်သည်
- မွေးရာပါလေပြွန်ပျော့ခြင်း (Laryngomalacia)
- ရောဂါပိုးဝင်ခြင်း
- ဗိုင်းရပ်စ်ပိုးကြောင့် လေပြွန်မကြီး ရောင်ရမ်းခြင်း (Acute Laryngotracheobronchitis – ALTB or Croup)
- Parainfluenza virus ဗိုင်းရပ်စ်ပိုးကြောင့် အဖြစ်များဆုံးဖြစ်ပြီး အသံအိုး၊ လေပြွန်မကြီးနှင့် လေပြွန်ခွဲများကိုပါ ရောင်ရမ်းစေသောကြောင့် လေပြွန်ကို ကျဥ်းမြောင်းစေပြီး အသက်ရှူသွင်းတိုင်း ဟောက်သံကဲ့သို့ တရွှီရွှီမြည်သံကို ကြားရတတ်သည်
- အသံအိုးဖုံးရောင်ရမ်းခြင်း (Epiglottitis)
- Haemophilus influenzae ဘက်တီးရီးယား ပိုးဝင်ခြင်းကြောင့်ဖြစ်ပြီး အသက်အန္တရာယ်ရှိသော ပြင်းထန်သည့် အခြေအနေတစ်ခုဖြစ်သည်
- လေပြွန်များရောင်ရမ်း၍ ရုတ်တရက်ကျဥ်းလာနိုင်သောကြောင့် အရေးပေါ်ကုသမှုခံယူရန် လိုအပ်သည်၊ ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သည့်ရောဂါဖြစ်သည်
- ပြင်းထန်သောအာသီးရောင်ခြင်း (Tonsillitis)
- ပုံမှန်အားဖြင့် အာသီးတွင် ပိုးဝင်ခြင်းကြောင့် အာသီးရောင်လျှင် အသက်ရှူလမ်းကြောင်း ပိတ်နိုင်ခြေနည်းသော်လည်း အာသီးများ အလွန်ကြီးမားလာပါက အလယ်တွင်စုလာပြီး အသက်ရှူလမ်းကြောင်း ပိတ်နိုင်သည်
- အာသီးပတ်လည်ရှိ တစ်ရှူးတွင် ပြည်တည်နာဖြစ်ခြင်း (Peritonsillar abscess)
- အာသီးအနီးရှိ ရောင်ရမ်းနေသော တစ်ရှူးပတ်လည်တွင် ပြည်များစုဝေးလာခြင်းဖြစ်သည်
- ပြည်တည်နာ အလွန်ကြီးလာပါက အသက်ရှူလမ်းကြောင်းတွင် ပိတ်ဆို့မှုဖြစ်နိုင်သည်
- ဗိုင်းရပ်စ်ပိုးကြောင့် လေပြွန်မကြီး ရောင်ရမ်းခြင်း (Acute Laryngotracheobronchitis – ALTB or Croup)
- နှာခေါင်းနှင့်ပါးစပ်အတွင်းသို့ ပြင်ပမှအရာဝတ္ထုပစ္စည်းများ ဝင်ရောက်ခြင်းကြောင့် လေပြွန်ပိတ်ဆို့အသက်ရှူကျပ်ခြင်း (Choking in children)
ကလေးများတွင် အတွေ့ရများသော၊ အသက်အန္တရာယ်ရှိနိုင်သော အခြေအနေဖြစ်သည်။ - ထိခိုက်ဒဏ်ရာရခြင်း
- လေပြွန်ကို ထိခိုက်မှုဖြစ်စေနိုင်သော အန္တရာယ်ရှိသည့် အရာများအား သောက်မိခြင်း၊ မျိုချမိခြင်း
- မေးရိုး သို့မဟုတ် လည်ပင်းတွင် ထိခိုက်ဒဏ်ရာရခြင်း
- ဓာတ်မတည့်မှုဖြစ်ပွါးခြင်း စသည်တို့သည် ရုတ်တရက် လေပြွန်ပိတ်ဆို့မှုကို ဖြစ်စေသော အသက်အန္တရာယ်ရှိသည့် အခြေအနေများဖြစ်သည်
ထို့အပြင် မွေးရာပါအခြေအနေလည်းမဟုတ်၊ ရောဂါပိုးဝင်ခြင်းကြောင့်လည်း မဟုတ်သော အခြားအကြောင်းရင်းများစွာ ရှိနိုင်သည်။ ဥပမာအားဖြင့်_
- အသက်ရှူကူစက်နှင့် လေပြွန်ပိုက်များ ကာလကြာရှည်စွာ ထည့်ထားခြင်းကြောင့် နောက်ဆက်တွဲပြဿနာများ ဖြစ်သော အသံအိုးအဖုံးအောက်ခြေနား ကျဥ်းမြောင်းခြင်း (Acquired subglottis stenosis) နှင့် လေပြွန်မကြီး ကျဥ်းမြောင်းခြင်း (Acquired tracheal stenosis)
- အသံအိုးအားနည်းခြင်း (Vocal cord paralysis) သို့မဟုတ် အသံအိုး လုပ်ဆောင်မှု ပုံမမှန်ခြင်း
- HPV ဗိုင်းရပ်ကြောင့် အသက်ရှူလမ်းကြောင်းတစ်လျှောက် ကင်ဆာမဟုတ်သည့် အကျိတ်များဖြစ်လာခြင်း (Recurrent Respiratory Papillomatosis)
- စီပီရောဂါ (Cerebral Palsy) ရှိသော ကလေးများတွင် တွေ့ရလေ့ရှိသော ကြွက်သားများ ပုံမှန်ထက်တောင့်တင်းခြင်း (Dystonia) စသည်တို့ကြောင့်လည်း ဆူညံသောအသက်ရှူခြင်းကို ဖြစ်စေသည်။
လေချွန်သံကဲ့သို့ တရွှီရွှီမြည်သံ (Wheezing) အဓိကဖြစ်စေသော အကြောင်းရင်းများ
- အဆုတ်လေပြွန်ရောင်ရောဂါ (Bronchiolitis)
အထူးသဖြင့် တစ်နှစ်အောက် ကလေးငယ်များတွင် ဖြစ်ပွါးတတ်ပြီး အသက်ရှူလမ်းကြောင်း ဗိုင်းရပ်စ်ပိုးများကြောင့် အဖြစ်များသည်။ ရောဂါပိုးဝင်ရောက်လာပြီးနောက် လေပြွန်ငယ်များအား ရောင်ရမ်းကျဉ်းမြောင်းစေပြီး တရွှီရွှီမြည်သံများ ကြားရနိုင်သည်။ - ပန်းနာရင်ကျပ်ရောဂါ (Asthma in children)
ပတ်ဝန်းကျင်ရှိ ဓာတ်မတည့်စေသောအရာများနှင့် ထိတွေ့မိသည့်အခါ အဆုတ်လေပြွန်များ ရောင်ရမ်းခြင်း၊ လေပြွန်တွင်း ချွဲများထွက်လာခြင်းတို့ကြောင့် လေပြွန်ကျဉ်းသွားပြီး အသက်ရှူရခက်စေသော နာတာရှည် အဆုတ်ရောဂါတစ်မျိုးဖြစ်သည်။ ထိုသို့ဖြစ်ခြင်းကြောင့် အသက်ရှူလျှင် တရွှီရွှီမြည်ခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှူကျပ်ခြင်း၊ မောခြင်းများကို ဖြစ်စေသည်။ - အဆုတ်ရောင်ခြင်း (Pneumonia)
ဗိုင်းရပ်စ် သို့မဟုတ် ဘက်တီးရီးယားပိုးများကြောင့် အဆုတ်၏ တစ်စိတ်တစ်ပိုင်း သို့မဟုတ် အဆုတ်တစ်ဖက် သို့မဟုတ် နှစ်ဖက်စလုံးတွင် ပိုးဝင်ခြင်းဖြစ်သည်။ ပိုးဝင်ခြင်းကြောင့် အဆုတ်လေအိတ်ငယ်များ (Alveoli) နှင့် လေပြွန်ငယ်များ (Bronchioles) ရောင်ရမ်းလာပြီး ချွဲများပို၍ထွက်လာသည်။ ထိုချွဲများသည် လေပြွန်များနှင့်အဆုတ်လေအိတ်ငယ်များကို ပိတ်ဆို့မှု ဖြစ်စေပြီး တရွှီရွှီမြည်သံများ ကြားရနိုင်သည်။
ထို့အပြင် ဓာတ်မတည့်မှုကို ဖြစ်စေသောအရာများဖြင့် ထိတွေ့ခြင်း (Allergens) (ဥပမာ _ ကျပ်ခိုး၊ ပန်းဝတ်မှုန်၊ အမွှေးနံ့များ၊ မီးခိုးငွေ့များ)၊ အဆုတ်တွင်းသို့ ပြင်ပမှ အရာဝတ္ထုပစ္စည်းများ ဝင်ရောက်ခြင်း၊ စားချဥ်ပြန်ခြင်းများနှင့် နှလုံးအမောဖောက်ခြင်းများကြောင့်လည်း လေချွန်သံကဲ့သို့ တရွှီရွှီမြည်သံ ဖြစ်နိုင်သည်။
နှာခေါင်းပိတ်သည့်အသံ (Stertor) အဓိကဖြစ်စေသော အကြောင်းရင်းများ
ထိုအသံများသည် အာသီးအလွန်ကြီးလာခြင်း (Adenotonsillar hypertrophy) ကြောင့် အိပ်ပျော်နေစဥ် အသက်ရှူလမ်းကြောင်းပိတ်ဆို့ အသက်ရှူရပ်ခြင်း (Obstructive sleep apnea)၊ အအေးမိခြင်းနှင့် ဓာတ်မတည့်ခြင်းကြောင့် နှာခေါင်းပိတ်ခြင်း၊ နှာခေါင်းအသားပိုများ၊ နှာနုရိုးစောင်းနေခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကြွက်သားများအားနည်းခြင်းကို ဖြစ်စေသည့် အချို့သော အာရုံကြောဆိုင်ရာရောဂါများ (ဥပမာ – Myasthenia gravis) စသည့် ရောဂါအခြေအနေများနှင့် ဆက်စပ်လေ့ရှိသည်။ ဖြစ်သည့်အခြေအနေပေါ် မူတည်၍ ဟောက်သံ သို့မဟုတ် နှာခေါင်းပိတ်သည့်အသံများအနေဖြင့် ကြားရသည်။
အထက်ဖော်ပြပါ အခြေအနေအမျိုးမျိုးတွင် ဆူညံအသက်ရှူသံများအပြင် ဖြစ်စေသည့် အကြောင်းအရာပေါ် မူတည်၍ အနီပြင်များထွက်ခြင်း၊ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ သွားရည်ကျခြင်း၊ ညဥ်းသံထွက်ခြင်း၊ အစားမဝင်ခြင်း၊ မှိန်းခြင်း၊ နုံးနယ်ခြင်း၊ အသက်ရှူမြန်ခြင်း၊ အသက်ရှူရခက်ခြင်း၊ ပြာခြင်း၊ သတိကောင်းစွာမရခြင်း စသည့်လက္ခဏာများနှင့်တွဲ၍ တွေ့နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်းဖြင့် ရောဂါရှာဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ဆူညံအသက်ရှူသံနှင့်အတူ အသက်ရှူရပ်ခြင်း၊ နှုတ်ခမ်းပြာခြင်း၊ လက်ချောင်းများပြာခြင်း၊ ရင်ဘတ်ချိုင့်ဝင်ခြင်း၊ နံရိုးကြားချိုင့်ဝင်ခြင်း၊ မှိန်းနေခြင်း၊ နို့ကောင်းစွာမစို့နိုင်ခြင်း၊ အစားအသောက် သိသိသာသာလျော့သွားခြင်း စသည့်လက္ခဏာများသည် အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှု သို့မဟုတ် ခွဲစိတ်ကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသကုသမှု ခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း
သက်ဆိုင်ရာဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်း၊ အောက်ဆီဂျင်ပမာဏ တိုင်းတာခြင်းတို့ ပြုလုပ်ပေး၍ လိုအပ်လျှင် နားနှာခေါင်းလည်ချောင်းဆရာဝန်များထံ လွှဲပြောင်းပြသ၍ ထပ်မံစစ်ဆေးကြည့်ရှုနိုင်သည်။ ဆူညံအသက်ရှူသံများ ဖြစ်စေသည့် အကြောင်းရင်းကို ရှာဖွေရန် ပုံရိပ်ဖော်စစ်ဆေးမှုများနှင့် မှန်ပြောင်းကြည့်စစ်ဆေးမှုများ လိုအပ်နိုင်သည်။
- လည်ပင်းနှင့် အဆုတ်ဓာတ်မှန် (X ray) များရိုက်ခြင်း၊ လိုအပ်ပါက သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်း
- အသက်ရှူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်း (Bronchoscopy)
- နား၊ နှာခေါင်း၊ လည်ချောင်းတစ်လျှောက် မှန်ပြောင်းကြည့်ခြင်း (Nasopharyngoscopy)
- အသံအိုးနှင့် အသံကြိုးများ၏ လုပ်ဆောင်ချက်များစစ်ဆေးခြင်း (Flexible Laryngoscopy)
- အိပ်စက်ချိန် ဇီဝကမ္မပြောင်းလဲမှုအခြေအနေများအား စစ်ဆေးခြင်း (Sleep study) စသည်တို့ကို ပြုလုပ်နိုင်သည့်အပြင်
- လေချွန်သံကဲ့သို့ တရွှီရွှီမြည်သံ (Wheezing) ဖြစ်စေသော အကြောင်းရင်းအတွက် အဆုတ်၏ လုပ်ဆောင်နိုင်စွမ်းကို တိုင်းတာခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေနိုင်သည်။
ကုသခြင်း
ကုသရာတွင် ထိုလက္ခဏာများဖြစ်ပေါ်စေသည့် အခြေအနေပေါ်မူတည်၍ ကုသမှုပေးရမည်ဖြစ်သည်။
- တစ်ခါတစ်ရံ အခြေအနေကိုသာ စောင့်ကြည့်၍ ဖြစ်ပေါ်လာသည့် လက္ခဏာများအား ကုသမှုပေးရန်သာ လိုအပ်သည်
- အချို့သောရောဂါများတွင် ပဋိဇီဝပိုးသတ်ဆေးများ၊ စတီးရွိုက်ဆေးဝါးများပေးခြင်း၊ လေပြွန်ကျယ်စေသည့် ဆေးများသောက်ခြင်း၊ ရှူခြင်းဖြင့် သက်သာစေနိုင်သည်
- ပြင်ပမှပစ္စည်းများ ဝင်ခြင်းကြောင့်ဖြစ်လျှင် အရေးပေါ်ရှေးဦးသူနာပြုစုနည်း (First aids for choking in children) ပြုလုပ်ပေးခြင်း၊ မှန်ပြောင်းကြည့်၍ ပစ္စည်းကို ဖယ်ထုတ်ခြင်း၊ လိုအပ်လျှင် ခွဲစိတ်ကုသမှု ခံယူရခြင်းများလည်း ပြုလုပ်နိုင်သည်
- မွေးရာပါနှင့် မွေးရာပါမဟုတ်သော အသံအိုးအဖုံးအောက်ခြေနား ကျဥ်းမြောင်းခြင်း အတွက် လမ်းကြောင်းပြန်ချဲ့ပေးခြင်း (Balloon dilatation)၊ ကျဥ်းနေသော နေရာအား ဖြတ်ထုတ်၍ ပြန်လည်တည်ဆောက်ခြင်း [Laryngotracheal reconstruction (LTR) or cricotracheal resection (CTR)], လေပြွန်တစ်လျှောက်ကျဥ်းမြောင်းခြင်းအတွက် ကျဥ်းနေသော နေရာအား ဖြတ်ထုတ်၍ ပြင်ပမှ ပစ္စည်းများ ပြန်လည်အစားထိုးဖြည့်ဆည်းပေးခြင်း (Slide tracheoplasty or tracheal resection) တို့ကို လုပ်ဆောင်ပေးနိုင်သည်။
ကာကွယ်ခြင်း
အတိအကျကာကွယ်ရန် နည်းလမ်းမရှိပါ။ သို့သော် ရောဂါပိုးဝင်ခြင်းနှင့် ဓာတ်မတည့်မှုများကြောင့်ဖြစ်သော အချို့သောအခြေအနေများတွင် အောက်ပါနည်းလမ်းများဖြင့် ရောဂါကူးစက်မှုများကို လျှော့ချနိုင်သည်။
- ပုံမှန်ကာကွယ်ဆေးများ ထိုးနှံခြင်း
- နှာခေါင်းစည်းတပ်ခြင်း
- တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများကို သင်ကြားပေးခြင်း
- အိမ်တွင်းလေထုညစ်ညမ်းမှုကို လျှော့ချရန် လေဝင်လေထွက်ကောင်းစေရန် ပြုလုပ်ခြင်း
- ကလေးအနီးတစ်ဝိုက်နှင့် အိမ်ထဲတွင် ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဥ်ခြင်း
- လူစုလူဝေးရှောင်ကြဥ်ခြင်း
- ဓာတ်မတည့်သည့်အရာများကို ရှောင်ကြဥ်ခြင်း စသည်တို့ကိုလည်း ပြုလုပ်နိုင်သည်။
ထို့အပြင် လည်ပင်းလေပြွန်ပိတ်ဆို့အသက်ရှူကျပ်ခြင်းမှ ကာကွယ်နိုင်ရန်
- စားသောက်ရာတွင် ထိုင်လျက်အေးဆေးစွာ စားစေရန်၊ အိပ်လျက်စားသောက်ခြင်း မပြုစေရန်
- ကလေးငယ်ကို အစားအသောက်များ အတင်းအကျပ်စားသောက်စေခြင်းနှင့် အမြန်မျိုချစေခြင်း မပြုရန်
- သစ်သီးများကျွေးရာတွင် အလုံးလိုက်မကျွေးဘဲ သေးငယ်အောင်စိတ်ပြီး၊ အစေ့ထုတ်ပြီးမှ ကျွေးရန်
- အသားငါး၊ ဟင်းသီးဟင်းရွက်များကို နူးညံ့အောင်ချက်၍ စားရလွယ်သော အတုံးငယ်များအဖြစ် ကျွေးရန်
- အစားအသောက်များအပြင် အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့စေနိုင်သော သေးငယ်သော အရာဝတ္ထုများ (အရုပ်များနှင့် အသုံးအဆောင်ပစ္စည်းများ) ကို ကလေးလက်လှမ်းမမီသည့် နေရာတွင်ထားရန်
- ကလေးများကို တစ်ဦးတည်းဖြစ်စေ၊ ကလေးကြီးများနှင့် ဆော့ကစားနေစဥ်တွင်ပင် စိတ်ချလက်ချ မလွှတ်ထားဘဲ အမြဲစောင့်ကြည့်နေရန် လိုအပ်သည်။
References:
- StatPearls Publishing. (2023). Stridor in children. Retrieved March 10, 2026, from https://www.ncbi.nlm.nih.gov/books/NBK564399/
- Nationwide Children’s Hospital. (n.d.). Noisy breathing (stridor). Retrieved March 10, 2026, from https://www.nationwidechildrens.org/conditions/noisy-breathing-stridor
- Cincinnati Children’s Hospital Medical Center. (n.d.). Stridor (noisy breathing). Retrieved March 10, 2026, from https://www.cincinnatichildrens.org/health/s/stridor-noisy-breathing
- Newport Children’s Medical Group. (n.d.). Noisy breathing. Retrieved March 10, 2026, from https://www.newportchildren.com/conditions/noisy-breathing/
- Rady Children’s Hospital. (n.d.). Subglottic and tracheal stenosis. Retrieved March 10, 2026, from https://www.rchsd.org/programs-services/aerodigestive-center/conditions-treated/subglottic-and-tracheal-stenosis/
Published: 22 March 2025
Last updated: 23 April 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.