စီပီရောဂါသည် မြန်မာကလေးများတွင်အတွေ့ရများသော၊ ဖြစ်ပြီးလျှင် ပုံမှန်အတိုင်း ပြန်မကောင်းနိုင်ဘဲ၊ အကြောင်းရင်း တချို့ကို ကာကွယ်၍ရနိုင်သော ရောဂါတစ်ခုဖြစ်သည်။ တစ်ကိုယ်လုံးတွင်ရှိသော ကြွက်သားများ၏ လှုပ်ရှားမှုကို ဦးနှောက်အစိတ်အပိုင်းများမှ ထိန်းချုပ်ထားသည်။ ရောဂါ အခြေအနေ တစ်ခုခုကြောင့် ဖွံ့ဖြိုးဆဲ ဦးနှောက်၏ အစိတ်အပိုင်းများကို ထိခိုက်ခဲ့လျှင် ကိုယ်ခန္ဓာကြွက်သားများ၏ လှုပ်ရှားမှု၊ ခြေလက်များ၏အနေအထား စသည်တို့ ပုံမှန်ဖွံ့ဖြိုးမှုမရှိခြင်း၊ ကြွက်သားများအားနည်းခြင်း (သို့မဟုတ်) ပိုမိုတောင့်တင်းခြင်း၊ ပုံမမှန်လှုပ်ရှားမှုများ ပေါ်လာခြင်းတို့ကို တွေ့ရသည်။ ဤအခြေအနေကို CP ရောဂါဟု သတ်မှတ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ကလေးတစ်ဦး၏ ဦးနှောက်ဖွံ့ဖြိုးစဉ် ဖြစ်ပေါ်လာသော ရောဂါအခြေအနေများကြောင့် CP ရောဂါဖြစ်လာရသည်။ ကလေးဦးနှောက်သည် ကိုယ်၀န်ရှိစဉ် အစောပိုင်းကတည်းက စတင်ဖွံ့ဖြိုးပြီး မွေးဖွားပြီး အသက် (၂) နှစ်ခန့်အထိ ကောင်းစွာဖွံ့ဖြိုးသည်။ ထိုကာလတွင် အောက်ပါရောဂါအခြေအနေများ ဖြစ်ခဲ့လျှင် CP ရောဂါ ဖြစ်လာနိုင်သည်။
- မွေးရာပါ ဦးနှောက်အစိတ်အပိုင်းပုံမှန်မဟုတ်ခြင်း
- မိခင်မှ ပိုးမွှားများ သန္ဓေသားဆီ ရောက်ရှိခြင်း
- မွေးဖွားစဉ်ခက်ခဲခြင်း၊ မွေးချိန်ကြာခြင်း
- လမစေ့ပေါင်မပြည့်ဘဲ မွေးခြင်း
- မျိုးရိုးဗီဇ ပုံမမှန်မှုများ
- မွေးဖွားနေစဥ် အချိန်ပိုင်းတစ်ဝိုက်တွင် လေဖြတ်ခြင်း
- မွေးပြီးချိန် အလွန်အမင်းအသားဝါခြင်း
- မွေးပြီးနောက်ပိုင်း ဦးနှောက်အမြှေးရောင်၊ ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားခြင်း
အထက်ပါအကြောင်းရင်းများသည် CP ဖြစ်နိုင်သော အကြောင်းတစ်ခုချင်း ဖြစ်သော်လည်း လက်တွေ့တွင်မူ အကြောင်းရင်းတစ်ခုထက်မက ပါဝင်ပတ်သက် နေတတ်သည်။
ရောဂါလက္ခဏာများ
CP ရောဂါ၏ အဓိကလက္ခဏာများမှာ –
- ကလေးငယ်၏ ပုံမှန်လှုပ်ရှားမှုနှင့် ကိုယ်အနေအထားပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုများ (motor developmental milestones) နောက်ကျခြင်း (ဥပမာ – ဦးခေါင်းထောင်နိုင်ခြင်း၊ မှောက်နိုင်လှန်နိုင်ခြင်း၊ အထိုင်အထ လမ်းလျှောက် စသည်တို့နောက်ကျခြင်း)
- ကလေးငယ်၏ ကြွက်သားများသာမန်ထက် ပိုပျော့ခြင်း (သို့မဟုတ်) ပိုမိုတောင့်တင်းနေခြင်း၊ အကြောဆွဲခြင်း
- ကိုယ်ခန္ဓာ၏ ညာဘက်အခြမ်းနှင့် ဘယ်ဘက်အခြမ်း လှုပ်ရှားမှုမတူခြင်း စသည်တို့ဖြစ်သည်။
CP အမျိုးအစားများ
- ကြွက်သားတောင့်တင်းသည့် CP (spastic CP)
အထက်ပါအမျိုးအစားကို ကိုယ်ခန္ဓာအစိတ်အပိုင်းများ သန်စွမ်းမှု ရှိမရှိပေါ် မူတည်ပြီး အောက်ပါအတိုင်း ထပ်မံခွဲခြားနိုင်သည်။- Spastic diplegic CP – ခြေနှစ်ဖက်စလုံး သိသိသာသာ ပို၍မသန်သော အမျိုးအစား
- Spastic hemiplegic CP – ကိုယ်တစ်ခြမ်း မသန်သော အမျိုးအစား
- Spastic quadriplegic CP – ခြေလက်လေးဖက်စလုံး မသန်သော အမျိုးအစား
- ပုံမမှန်လှုပ်ရှားမှုများရှိသည့် CP (Dyskinetic CP)
- အထက်ပါအမျိုးအစားကို ပုံမမှန်လှုပ်ရှားမှုပေါ်မူတည်ပြီး အောက်ပါအတိုင်း ထပ်မံခွဲခြားနိုင်သည်
- Choreoathetoid CP – chorea, athetosis စသော အကြောဆွဲခြင်းမျိုးရှိသည့် CP
- Dystonic CP – Dystonia ကြွက်သားတောင့်တင်း အကြောဆွဲခြင်းမျိုးရှိသည့် CP
- Ataxia ဟုခေါ်သော ဒယိမ်းဒယိုင်လှုပ်ရှားမှု ရှိတတ်သည့် CP (Ataxic CP)
နောက်ဆက်တွဲပြဿနာများ
CP အမျိုးအစားများကို မျိုးစုံခွဲခြားနိုင်သော်လည်း အဓိကအားဖြင့် ကြွက်သားများ၏အနေအထားနှင့် ပုံမမှန်လှုပ်ရှားမှုများရှိမရှိ ပေါ်မူတည်ပြီး အောက်ပါအတိုင်း ခွဲခြားနိုင်သည်။
- အကြောင်းအမျိုးမျိုးကြောင့် နာကျင်ကိုက်ခဲမှုများ – Chronic pain
- အသိဉာဏ်ဖွံ့ဖြိုးမှု အားနည်းခြင်း- Intellectual disability
- ပတ်ဝန်းကျင်နှင့် ပြောဆိုဆက်သွယ်မှု ပုံမှန်မဟုတ်ခြင်း (သို့မဟုတ်) နောက်ကျခြင်း – Speech and language disorders
- အမူအကျင့်ဆိုင်ရာ ပြဿနာများ – Behavior disorders
- အမြင်အာရုံ၊ အကြားအာရုံချို့တဲ့ခြင်း – Visual and hearing impairment
- အတက်ရောဂါ – Epilepsy
- ဆီးမထိန်းနိုင်ခြင်း- Bladder control problems
- အရိုးအဆစ်ပိုင်းဆိုင်ရာ ပြဿနာများ အထူးသဖြင့် ကျောရိုးနှင့် တင်ပါးဆုံရိုးအဆစ် – skeletal, spine and hip joint problems
- ကောင်းစွာအိပ်မပျော်ခြင်း- Sleep disorder
- သွားရည် အလွန်ကျခြင်း – Drooling
- အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ပြဿနာများ (ဥပမာ_အန်ခြင်း၊ ဝမ်းချုပ်ခြင်း – Gastrointestinal problems such as reflux, constipation )
- အစားအသောက် မစားမမျိုနိုင်ခြင်းနှင့် အာဟာရဆိုင်ရာပြဿနာများ – feeding problem and malnutrition
- အဆုတ် မကြာခဏရောင်ခြင်း – recurrent chest infections စသည်တို့ဖြစ်သည်။
CP ဖြစ်ကြောင်း ရှာဖွေစစ်ဆေးအတည်ပြုခြင်း
CP ရောဂါဖြစ်ကြောင်းသိရန် သွေးစစ်၊ ဓာတ်မှန်ရိုက်စသည့် စမ်းသပ်စစ်ဆေးခြင်းများ မလိုဘဲ လူနာကို ရောဂါရာဇဝင်မေးမြန်းခြင်း၊ ဦးနှောက်အာရုံကြောလက္ခဏာများ စမ်းသပ်စစ်ဆေးခြင်း စသည်တို့ဖြင့် ရောဂါသိရှိနိုင်သည်။ CPရောဂါဖြစ်ခဲ့သော အကြောင်းရင်းကို သိရှိရန်နှင့် CPရောဂါနှင့် တွဲ၍လာသော အခြားရောဂါအခြေအနေများကို ရှာဖွေရန် သွေးစစ်ခြင်း၊ EEG၊ ကွန်ပြူတာဓာတ်မှန်၊ သံလိုက်ဓာတ်မှန်ရိုက်ခြင်း စသည်တို့ကို လိုအပ်နိုင်သည်။
ကုသခြင်း
CP ရောဂါသည် ဖြစ်ပြီးမှ ကုသခြင်းထက် မဖြစ်အောင် ကာကွယ်ရန် ပို၍အရေးကြီးသည်။ ဦးနှောက်၏ ဖွံ့ဖြိုးဆဲ အစိတ်အပိုင်းများသည် နုနယ်သောကြောင့် မည်သည့်ဆေးနှင့်မဆို ကုသသော်လည်း လုံးဝ ပြန်မကောင်းနိုင်ပါ။ ဦးနှောက်ကောင်းဆေး၊ ဉာဏ်ကောင်းဆေးဟူ၍မရှိပါ။သို့သော် ဤသို့ထိခိုက်မှုကြောင့် ဖြစ်လာသော လှုပ်ရှားမှုပြဿနာများ၊ ခြေ၊ လက်၊ ခေါင်း စသည်တို့ ပုံမှန်အနေအထားမရှိခြင်းများကို လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် အခြေအနေပိုမိုတိုးတက်အောင်၊ ပိုမဆိုးအောင် ပြုလုပ်နိုင်သည်။
CP ကလေးများကိုကုသရာတွင် အောက်ပါအပိုင်းများပါဝင်သည်။
- ကျွမ်းကျင်သောဆရာ၊ဆရာမများဖြင့် စနစ်တကျ လေ့ကျင့်သင်ကြားမှုများ
- လှုပ်ရှားမှုလေ့ကျင့်ခန်းများ၊ စကားပြောလေ့ကျင့်ခန်းများကို စောစောစီးစီးအချိန်မှန်မှန် လေ့ကျင့်ရန်နှင့် မိဘများကပါ နားလည်ကူညီပေးနိုင်ရန် အရေးကြီးသည်။
- CP ရောဂါနှင့် တွဲလာသော အခြားရောဂါအခြေအနေများကို ကုသခြင်း
- ဥပမာ အတက်ရောဂါ၊ ကြွက်သားများတောင့်တင်းခြင်း၊ ဝမ်းချုပ်ခြင်း၊ အန်ခြင်း၊ မအိပ်ခြင်းစသည်တို့နှင့် တွဲ၍ဖြစ်လာပါက ဆေးဝါးများလိုအပ်နိုင်သည်။
- မိဘများကိုလည်း CP နှင့်ပတ်သက်၍မှန်ကန်သောအသိပညာပေးရန်နှင့် လိုအပ်သော အကူအညီများ ထောက်ပံ့ပေးခြင်း တို့ဖြစ်သည်။
ကာကွယ်ခြင်း
CP သည် အပြည့်အဝ ကာကွယ်၍ရသော ရောဂါမဟုတ်သော်လည်း မြန်မာနိုင်ငံ၌ အတွေ့ရများသော CPကလေးများ၏ အကြောင်းရင်းများသည် ကာကွယ်၍ရသောအခြေအနေများဖြစ်သည်။ ကိုယ်ဝန်ဆောင်ချိန်၊ ကလေးမီးဖွားချိန်နှင့် မွေးပြီးနောက်ပိုင်းတွင် သန္ဓေသားနှင့် ကလေးဦးနှောက်ဖွံ့ဖြိုးမှုတို့ကို ထိခိုက်နိုင်သော အခြေအနေများကြောင့် အဖြစ်များသောကြောင့် အောက်ပါတို့ကိုအကြံပြုလိုသည်။
- မိခင်လောင်းသည် အစာအာဟာရ ပြည့်စုံမှန်ကန်စွာ စားသောက်ပါ။ ဆေးလိပ်၊ အရက်မသောက်ပါနှင့်။ စိတ်အေးချမ်းတည်ငြိမ်နေရန် အရေးကြီးသည်။
- ကျန်းမာရေးဝန်ထမ်းများနှင့် ကိုယ်ဝန် စောစီးစွာအပ်နှံ၍ မှန်မှန် ပြပါ။
- ဆေးရုံ ဆေးခန်းများတွင် မွေးဖွားပါ။
- ကာကွယ်ဆေးများ အပြည့်ထိုးနှံပါ။
- CP ဖြစ်ကြောင်း သံသယရှိလျှင် တတ်ကျွမ်းနားလည်သူ ပညာရှင်များနှင့် အမြန်ပြသပါ။ စောစီးစွာ ကြိုတင်လေ့ကျင့် ပြုစုပျိုးထောင်ပါ။
CP ကလေးများ၏မိဘများကိုအကြံပေးချက်များ
- ရောဂါအကြောင်းကိုလေ့လာပါ၊ မေးမြန်းပါ၊ ဤရောဂါအကြောင်းကို ပိုသိသည်နှင့်အမျှ မိဘများကိုယ်တိုင် မိမိကလေးငယ်ကို ပိုမိုကူညီနိုင်မည်ဖြစ်သည်
- မိမိကလေးကို ချစ်ခင်ကြင်နာယုယစွာနှင့် အတူနေထိုင်ကစားပါ၊ သာမန်ကလေးလို သဘောထားပြီး ပြုမူပြောဆိုပါ
- သာမန်ကလေးများ နှစ်သက်သောနေရာများ (ဥပမာ_ပန်းခြံ၊ ကစားကွင်း) များသို့ သွားရောက်လည်ပတ်ပေးပါ၊ ရွယ်တူကလေးများနှင့် အတူတကွကစားပေးပါ
- အခြားမိသားစုများ၊ မိတ်ဆွေများ၏ အကူအညီကိုရယူပါ၊ CP ကလေးတစ်ယောက်ကို ပြုစုရခြင်းသည် အလွန်ပင်ပန်းသည်၊ ထို့ကြောင့် အခြားမိသားစု၀င်များအား ကလေးပြုစုနည်းများကို အလျင်းသင့်သလို သင်ပေးပြီး မိဘများအနေနှင့် အချို့အချိန်တွင် အနားယူသင့်သည်
- စိတ်ရှည်ပါ၊ သင့်မျှော်လင့်ချက်များကို မကုန်ဆုံးပါစေနှင့်၊ CP ကလေးများသည်လည်း သာမန်ကလေးများကဲ့သို့ ကြီးထွားဖွံ့ဖြိုးခွင့်၊ သင်ယူနိုင်ခွင့် အခွင့်အလမ်းများရှိသည်
- တတ်ကျွမ်းနားလည်သူ ဆရာ၀န်များ၊ ပညာရှင်များနှင့် ပုံမှန်အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ပါ၊ သူတို့၏လမ်းညွှန်မှုများကို တသွေမတိမ်းလိုက်နာပါ၊ သိလိုသမျှကို ပွင့်ပွင်းလင်းလင်း မေးမြန်းဆွေးနွေးပါ
- ကလေးကြီးလာလျှင် အမှီအခိုကင်းကင်းဖြင့် သူ့ကိုယ်သူရပ်တည်နိုင်ရန် ရည်ရွယ်ပြီး သင်ကြားလေ့ကျင့်ပေးပါ
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.