Laryngomalacia (မွေးရာပါလေပြွန်ပျော့ခြင်း)

Laryngomalacia (မွေးရာပါလေပြွန်ပျော့ခြင်း)

အသံအိုးအပေါ်ရှိ လေပြွန်နံရံပျော့ခြင်းသည် မွေးရာပါရောဂါတစ်ခုဖြစ်သည်။ ထိုကလေးများသည် အသက်ရှူသွင်းချိန်တွင် လေပြွန်နံရံပျော့ပြီးကျဉ်းသွားခြင်းကြောင့် ဟောက်သံကဲ့သို့ အသံမြည်လာတတ်ပြီး ထိုအသံကို stridor ဟုခေါ်ပါသည်။ အဆိုပါ အသက်ရှူသွင်းသံမျိုးဖြစ်တတ်သည့် မွေးကင်းစကလေးရောဂါများအနက် မွေးရာပါလေပြွန်ပျော့ခြင်းသည် အတွေ့ရအများဆုံး ရောဂါတစ်ခုဖြစ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

လေပြွန်နံရံကို ထောက်ပံ့ပေးထားသော ကြွက်သားများအားနည်းခြင်း သို့မဟုတ် အသက်ရှူသွင်းချိန်တွင် လေပြွန်၏ လှုပ်ရှားမှု ပုံမှန်မဟုတ်ခြင်းစသည်တို့ကြောင့် ဤအခြေအနေဖြစ်ပေါ်လာသည်ဟု ယူဆကြသည်။ သို့သော်တိကျသော အကြောင်းရင်းကို မသိရှိသေးပါ။

Laryngomalacia img1
ရောဂါလက္ခဏာများ

မွေးရာပါအခြေအနေတစ်ခုဖြစ်သော်လည်း မွေးကင်းစကာလထက် မွေးပြီး (၂) ပတ်မှ (၄) ပတ်ခန့်တွင် လက္ခဏာစတင်ပေါ်လာလေ့ရှိသည်။ အဓိကလက္ခဏာမှာ အထက်ဖော်ပြပါအတိုင်း အသက်ရှူသွင်းချိန်တွင် ပေါ်လာတတ်သော ဟောက်သံကဲ့သို့ အသံမျိုးပင်ဖြစ်သည်။ အဆိုပါအသက်ရှူသံသည် အမြဲထွက်မနေတတ်ဘဲ အစာစားချိန်၊ ငိုချိန်၊ လှဲအိပ်ချိန်များတွင် ပို၍ကြားရလေ့ရှိသည်။ သို့သော် အသက်ရှူခြင်း၊ နို့စို့ခြင်း စသည်တို့ကို အနှောင့်အယှက်မပေးပါ။ ပုံမှန်အားဖြင့်ကောင်းစွာအိပ်နိုင်သည်။ မွေးပြီးလအနည်းငယ်ခန့်တွင် ပို၍အသံကျယ်လာနိုင်သော်လည်း ကလေးအသက် (၁) နှစ်ဝန်းကျင်တွင် သက်သာပျောက်ကင်းသွားလေ့ရှိသည်။

နောက်ဆက်တွဲပြဿနာများ

မွေးရာပါလေပြွန်ပျော့ခြင်းမှန်ပါက အများစုတွင် မည်သည့်နောက်ဆက်တွဲဆိုးကျိုးမျှ မရှိပါ။ အလွန်ဆိုးဝါးသော လေပြွန်ပျော့ခြင်းမျိုးဖြစ်လာမှသာ ကလေး၏ အသက်ရှူခြင်းနှင့် ကိုယ်အလေးချိန်တို့ကို ဆိုးဆိုးရွားရွား ထိခိုက်လာတတ်သည်။ သို့သော် အလွန်ရှားပါးသော အခြေအနေတစ်ခုဖြစ်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အောက်ပါအခြေအနေများသည် အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသကုသမှုခံယူရန်လိုသည်။ မွေးရာပါလေပြွန်ပျော့ခြင်းမဟုတ်ဘဲ ထိုရောဂါနှင့်မှားတတ်သော တခြားရောဂါအခြေအနေများကြောင့် ဖြစ်ပေါ်နိုင်သည်။

  • အစာမျိုရခက်ခြင်း၊ အစာသီးခြင်း
  • အသက်ရှူရပ်ခြင်း၊ အသက်ရှူရခက်ခြင်း၊ ပြာခြင်း
  • အသက်လျှင် ရင်ခေါင်း၊ ရင်ဘတ်ချိုင့်ဝင်ခြင်း

ထို့ပြင် ကိုယ်အလေးချိန်မတက်ခြင်း၊ အစာအိမ်တွင်းမှ နို့၊ အစာများ နေ့စဉ်နီးပါး ပျို့အန်ထွက်လာတတ်ခြင်း (Gastroesophageal reflux) စသည်တို့ဖြစ်ပေါ်လာပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

အထက်ဖော်ပြပါ ရောဂါလက္ခဏာများနှင့် သက်ဆိုင်သော ရောဂါရာဇဝင်မေးမြန်းခြင်း၊ စမ်းသပ် စစ်ဆေးခြင်းတို့ဖြင့် ဤအခြေအနေကို လွယ်ကူစွာ စမ်းသပ်သိရှိနိုင်သည်။ လိုအပ်ပါက နား၊ နှာခေါင်း၊ လည်ချောင်းဆရာဝန်များနှင့် ပြသ၍ လိုအပ်သလို ထပ်မံစစ်ဆေးကြည့်ရှူနိုင်သည်။ ဓာတ်မှန်ရိုက်ခြင်း၊ လေပြွန်မှန်ပြောင်းကြည့်ရှူခြင်း စသည်တို့လိုအပ်နိုင်သည်။

ကုသခြင်း

ပုံမှန်အားဖြင့် ကုသမှုပေးရန်မလိုဘဲ အလိုအလျောက် ပျောက်ကင်းနိုင်သည်။ မိမိ၏မိသားစုဆရာဝန်၊ ကလေးအထူးကုဆရာဝန်များမှ ပုံမှန်ခေါ်ယူကြည့်ရှုပြီး အဆုတ်နှင့်အသက်ရှူလမ်းကြောင်း လက္ခဏာများ၊ ကိုယ်အလေးချိန် စသည်တို့ကို စောင့်ကြည့်စစ်ဆေးပေးလိမ့်မည်။
အတူယှဉ်တွဲဖြစ်ပေါ်လာတတ်သည့် အစာအိမ်တွင်းမှနို့၊ အစာများ နေ့စဉ်နီးပါး ပျို့အန်ထွက်လာ တတ်ခြင်းမျိုးရှိပါက လိုအပ်သောကုသမှုပေးလိမ့်မည်။
အလွန်ဆိုးဝါးသော လေပြွန်ပျော့ခြင်းအခြေအနေတွင် ကလေး၏အသက်ရှူခြင်းနှင့် ကိုယ်အလေးချိန်တို့ကို ဆိုးဆိုးရွားရွားထိခိုက်လာပါက ခွဲစိတ်ကုသမှု လိုအပ်နိုင်သည်။ သို့သော် ခွဲစိတ်ကုသရမည့် အခြေအနေမျိုးမှာ အလွန်ရှားသည်။

ကာကွယ်ခြင်း

မွေးရာပါရောဂါဖြစ်သည့်အတွက် ကြိုတင်ကာကွယ်၍မရပါ။

References:

  1. Laryngomalacia. (2024). Johns Hopkins Medicine. Retrieved June 7, 2024, from https://www.hopkinsmedicine.org/health/conditions-and-diseases/laryngomalacia
  2. Laryngomalacia (for Parents). (n.d.). Retrieved June 7, 2024, from https://kidshealth.org/en/parents/laryngomalacia.html
  3. Philadelphia, C. H. O. (n.d.-a). Laryngomalacia. Children’s Hospital of Philadelphia. Retrieved June 7, 2024, from https://www.chop.edu/conditions-diseases/laryngomalacia#:~:text=Laryngomalacia%20is%20a%20congenital%20softening,opening%20and%20partially%20block%20it.
  4. Laryngomalacia. (2024). Cleveland Clinic. Retrieved June 7, 2024, from https://my.clevelandclinic.org/health/diseases/22076-laryngomalacia

Published: 30 August 2024

Share

30 August 2024
Last Medically reviewed on:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.