Bronchiolitis (ကလေး အဆုတ်လေပြွန်ရောင် ‌ရောဂါ)

Bronchiolitis (ကလေး အဆုတ်လေပြွန်ရောင် ‌ရောဂါ)

ကလေးအဆုတ်လေပြွန်ရောင်ရောဂါသည် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်တတ်သော ဗိုင်းရပ်စ်ပိုးများကြောင့် အဆုတ်အတွင်းရှိ လေပြွန်လေးများ ရောင်ရမ်းသည့် ကူးစက်မြန်ရောဂါတစ်မျိုး ဖြစ်သည်။
အဆိုပါရောဂါသည် အသက် (၂) နှစ်အောက် ကလေးများတွင် ဖြစ်ပွါးလေ့ရှိပြီး အသက် (၃) လနှင့် (၆) လကြားတွင် အများဆုံးတွေ့ရသည်။ မိုးရာသီနှင့်ဆောင်းရာသီကဲ့သို့ အေးသောရာသီဥတုတွင် ပိုမိုတွေ့ရတတ်သည်။ အသက်ရှူကျပ်သော လက္ခဏာများ ဖြစ်ပေါ်စေနိုင်ပြီး တစ်ခါတစ်ရံ အသက်အန္တရာယ် စိုးရိမ်ရသည်အထိ ပြင်းထန်နိုင်သည်။

Bronchiolitis IMG 1
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အသက်ရှူလမ်းကြောင်း ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်သော Respiratory syncytial virus (RSV) ကြောင့် ဖြစ်ပွါးမှု အများဆုံးဖြစ်ပြီး Influenza virus, Adenovirus, Parainfluenza virus ကဲ့သို့ အခြားဗိုင်းရပ်စ်ပိုးများကြောင့်လည်း ဖြစ်နိုင်သည်။ ဗိုင်းရပ်စ်ပိုးရှိသူ နှာချေ၊ ချောင်းဆိုးရာမှ ထွက်လာသော အစက်အမှုန်လေးများ လေထုထဲသို့ပျံ့နှံ့ပြီး အခြားသူထံသို့ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်သောရောဂါဖြစ်သည်။ အဆိုပါဗိုင်းရပ်စ်ပိုးများကြောင့် အဆုတ်အတွင်းရှိ လေပြွန်လေးများ ရောင်ရမ်း၍ ကျဉ်းလာခြင်း၊ ချွဲများပိတ်ဆို့ခြင်း စသည်တို့ ဖြစ်ပေါ်လာသည်။

အောက်ပါကလေးများတွင် ကလေးအဆုတ်လေပြွန်ရောင်ရောဂါ ဖြစ်နိုင်ခြေ ပိုများသည်။

  • လမစေ့ဘဲ မွေးခဲ့သော ကလေးများ [အထူးသဖြင့် ကိုယ်ဝန် (၃၂)ပတ် ‌အောက်တွင် မွေးဖွားခဲ့သော ကလေးများ]
  • အသက် (၃) လအောက် ကလေးများ
  • မွေးရာပါ နှလုံးရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ အာရုံကြောနှင့် ကြွက်သား အားနည်းရောဂါ၊ ကိုယ်ခံအားနည်း‌ ရောဂါရှိသော ကလေးများ
  • ဆေးလိပ်ငွေ့ ပုံမှန်ထိတွေ့နေသော ကလေးငယ်များ
ရောဂါလက္ခဏာများ

ပထမ (၃) ရက်အတွင်းတွင် ရာသီတုပ်‌ကွေးလက္ခဏာများကဲ့သို့ နှာစေးခြင်း၊ ချောင်းဆိုးခြင်း၊ ဖျားခြင်းတို့ စတင်ဖြစ်ပေါ်လာတတ်သည်။ (၃)ရက် မှ (၅)ရက်အတွင်း အဖျားကြီးလာတတ်သည်။ ထိုအချိန်တွင် ပြင်းထန်သော အဆုတ်ရောင်လက္ခဏာများဖြစ်သည့်

  • ချောင်းအဆက်မပြတ်ဆိုးခြင်း
  • အသက်ရှူမြန်ခြင်း
  • အသက်ရှူလျှင် တရွှီရွှီမြည်ခြင်း
  • ရင်ဘတ်အောက်နှင့် နံရိုးကြားချိုင့်ဝင်ခြင်း စသည့်လက္ခဏာများ တွေ့ရတတ်သည်။
နောက်ဆက်တွဲပြဿနာများ

ကလေးအဆုတ်လေပြွန်ရောင်ရောဂါ အများစုသည် မပြင်းထန်သော်လည်း

  • တစ်ခါတစ်ရံ ဘက်တီးရီးယားပိုးများ ထပ်မံဝင်ရောက်လာခြင်းကြောင့် အဆုတ်ရောင်ခြင်း
  • အဆုတ်လေပြွန်များတွင် ချွဲများပိတ်ဆို့ပြီး လေမဝင်နိုင်သဖြင့် အောက်ဆီဂျင်ဓာတ်ကျဆင်းခြင်း
  • အဆုတ်လုပ်ငန်းပျက်စီးခြင်း စသည့်နောက်ဆက်တွဲပြဿနာများ ပေါ်လာတတ်သည်။

အသက်ရှူကျပ်သောကြောင့် နို့ကောင်းစွာမစို့နိုင်ခြင်း၊ အစားအသောက် သိသိသာသာလျော့သွားခြင်းတို့ ဖြစ်လာပြီး ရေဓာတ်ခန်းခြောက်ခြင်း လက္ခဏာများ ပေါ်ပေါက်တတ်သည်။ အသက် (၃) လအောက် အရွယ်ကလေးများတွင် ရုတ်တရက် အသက်ရှူရပ်တတ်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ပြင်းထန်သော အဆုတ်ရောင်လက္ခဏာများဖြစ်သော အသက်ရှူအလွန်မြန်ခြင်း၊ ရင်ဘတ်အောက်နှင့် နံရိုးကြား ချိုင့်ဝင်အောင် အသက်ရှူခြင်း၊ နို့မစို့နိုင်ခြင်း၊ ရေဓာတ်ခန်းခြောက်သည့် လက္ခဏာများ ပေါ်ပေါက်ခြင်း၊ နှုတ်ခမ်းနှင့်လျှာတို့ ပြာလာခြင်း၊ မှိန်းလာခြင်းတို့ ဖြစ်ပေါ်လာပါက အရေးပေါ်အခြေအနေဖြစ်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ ကုသမှုခံယူရန်လိုသည်။

ရောဂါရှာဖွေခြင်း

အများအားဖြင့် ဓာတ်ခွဲစမ်းသပ်မှုများ မလိုအပ်ပါ။ သို့သော် ပြင်းထန်အဆုတ်ရောင် လက္ခဏာများရှိပါက ဓာတ်မှန်ရိုက်ခြင်း၊ သွေးစစ်ခြင်းများ ပြုလုပ်နိုင်သည်။ နှာခေါင်းနှင့် လည်ချောင်းတို့ပတ်ယူပြီး ဗိုင်းရပ်စ်ပိုးကို ရှာဖွေနိုင်သည်။

ကုသခြင်း

ဗိုင်းရပ်စ်ပိုး‌ကြောင့်ဖြစ်သော ကူးစက်ရောဂါဖြစ်သည့်အတွက် သီးခြားကုသဆေးမလိုဘဲ ဖြစ်ပေါ်လာသောလက္ခဏာများကို ကုသ၍ သက်သာလာချိန်အထိ အိမ်တွင်စောင့်ကြည့်ရန်သာ လိုအပ်သည်။

  • အဖျားသက်သာစေရန် ပါရာစီတမော တိုက်ခြင်း
  • ရေဓာတ်လုံလောက်အောင် မကြာခဏ နို့တိုက်ခြင်း၊ အစားအစာကို ပမာဏနည်းနည်းနှင့် မကြာခဏ ကျွေးပေးခြင်း
  • နှာခေါင်းပိတ်သော ကလေးငယ်များအတွက် နှာခေါင်းအစက်ချဆေး (Normal Saline Nasal Drop) ထည့်ပေးခြင်း စသည်တို့ကို ပြုလုပ်ပေးနိုင်သည်
  • ရောဂါပြင်းထန်၍ ဆေးရုံတက်ရသော ကလေးငယ်များအတွက် အောက်ဆီဂျင်နှင့် အဆုတ်လေပြွန်အတွက် ရှူဆေးများ လိုအပ်နိုင်ပြီး တစ်ခါတစ်ရံ အလွန်ပြင်းထန်လျှင် အသက်ရှူကူစက် (CPAP) တပ်ရသည်အထိ လိုအပ်နိုင်သည်
ကာကွယ်ခြင်း

ရောဂါကူးစက်မှုကို ကာကွယ်ရန် အောက်ပါအချက်များကို လိုက်နာသင့်သည်။

  • ရောဂါဖြစ်နေသည့် ကလေးငယ်များကို ကိုင်တွယ်သော လူကြီးများ မကြာခဏလက်ဆေးပါ
  • ဗိုင်းရပ်စ်ပိုးများ ကပ်ကျန်နိုင်သောနေရာများကို ပိုးသတ်သန့်ရှင်းရေးလုပ်ပါ
  • နှာချေ၊ ချောင်းဆိုးလျှင် လက်ဖဝါး၊ တံတောင်ဆစ်နှင့် လက်ကိုင်ပဝါများကို အသုံးပြုပါ
  • ပတ်ဝန်းကျင်တွင် လေဝင်လေထွက် ကောင်းစေရန် ပြုလုပ်ပေးပါ
  • ကလေး၏ ပတ်ဝန်းကျင်တွင် ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဥ်ပါ
  • ရောဂါလက္ခဏာရှိသူနှင့် နီးကပ်စွာနေခြင်းကို ရှောင်ကြဉ်ပါ
  • ကလေးငယ်များကို လူထူထပ်သောနေရာများသို့ခေါ်ဆောင်သွားခြင်းမပြုသင့်ပါ
  • ကလေးများကို ရာသီတုပ်ကွေး ကာကွယ်ဆေးထိုးနှံခြင်းဖြင့်လည်း ရောဂါပြင်းထန်မှု လျော့ကျအောင် ကာကွယ်ပေးနိုင်သည်
ပဋိပစ္စည်း (Monoclonal antibodies) အသုံးပြု၍ ကာကွယ်ခြင်း
  • အသက် (၈)လအောက် ကလေးများ – RSV ဗိုင်းရပ်စ်ပိုး‌ကြောင့် ပြင်းထန်အဆုတ်လေပြွန်ရောင်ရောဂါဖြစ်ခြင်းမှ ကာကွယ်နိုင်ရန် RSV ရာသီမတိုင်မီ (သို့မဟုတ်) RSV ရာသီအတွင်း Nirsevimab ကို တစ်ကြိမ်ထိုးနိုင်သည်
  • အသက် (၈)လ မှ (၁၉)လကြား ပြင်းထန် RSV ရောဂါဖြစ်နိုင်ခြေ မြင့်မားသော ကလေးများ (High-risk infants) တွင်လည်း Nirsevimab တစ်ကြိမ်ထိုးနိုင်သည်
ကာကွယ်ဆေးထိုးခြင်း

ကိုယ်ဝန်ဆောင်မိခင်များတွင်လည်း ကိုယ်ဝန် (၃၂)ပတ် မှ (၃၆)ပတ်အတွင်း RSV ကာကွယ်ဆေး တစ်ကြိမ်ထိုး၍ ကာကွယ်နိုင်သည်။ မိခင်သည် ကာကွယ်ဆေးအချိန်မီထိုးထားလျှင် ၎င်း၏ကလေးတွင် Nirsevimab ဆေးထိုးရန် မလိုအပ်ပါ။

ဆေးရုံတွင်းကူးစက်မှု (cross-infection) မှ ကာကွယ်ခြင်း
  • အဆုတ်လေပြွန်ရောင်ကလေးများကို တတ်နိုင်သမျှ သီးသန့်အခန်းခွဲထားရမည် (ဖြစ်နိုင်လျှင် အခန်း၏ အကျယ်အဝန်း၊ လေဝင်လေထွက်စနစ်များကိုပါ ပြုပြင်ပြင်ဆင်ထားသင့်သည်)
  • ထိုအခန်းတွင်းသို့ ဝင်ရောက်ပြုစုကုသမည့် ဆရာဝန်၊ သူနာပြုနှင့် လူနာစောင့် လူဦးရေကို ကန့်သတ်ထားသင့်သည်
  • အခန်းထဲသို့ ဝင်သည့်အခါတိုင်း နှာခေါင်းစည်း (facemask) စနစ်တကျ တပ်ဆင်အသုံးပြုရမည်
  • ကလေးကို မကိုင်တွယ်မီနှင့် ကိုင်တွယ်ပြီးတိုင်း စနစ်တကျ လက်ဆေးရမည်
  • အသုံးပြုသောပစ္စည်းကိရိယာများ (ဥပမာ_အောက်ဆီဂျင်ပိုက်၊ အသက်ရှူကူစက်၊ ချွဲစုပ်စက်တို့မှ ပိုက်များ၊ အောက်ဆီဂျင်တိုင်းတာစက်များ)၊ သုံးစွဲသည့် အသုံးအဆောင်များကို သေချာစွာ ဆေးကြောသန့်စင် ပိုးသတ်ရမည်
  • တစ်ခါသုံးပစ္စည်းများ၊ အမှိုက်အညစ်အကြေးများကို စနစ်တကျ စွန့်ပစ်ရမည်

References:

  1. NICE. (2015). Bronchiolitis in children: Diagnosis and management (NICE guideline NG9). National Institute for Health and Care Excellence. Retrieved June 19, 2025, from https://www.nice.org.uk/guidance/ng9
  2. Cleveland Clinic. (n.d.). Bronchiolitis: Causes & symptoms. Cleveland Clinic. Retrieved June 19, 2025, from https://my.clevelandclinic.org/health/diseases/8272-bronchiolitis
  3. Royal Children’s Hospital Melbourne. (n.d.). Clinical practice guidelines: Bronchiolitis. Retrieved June 17, 2025, from https://www.rch.org.au/clinicalguide/guideline_index/Bronchiolitis/
  4. Mayo Clinic. (n.d.). Bronchiolitis – Symptoms and causes. Retrieved June 17, 2025, from https://www.mayoclinic.org/diseases-conditions/bronchiolitis/symptoms-causes/syc-20351565

Published: 30 August 2024

Last updated: 16 July 2025

Share

26 June 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.