ဆီးထွက်ကျခြင်း (Urinary incontinence) သည် အသက်အရွယ်ကြီးသူများတွင် အဖြစ်များပြီး နေ့စဥ် သွားလာလှုပ်ရှား ဆောင်ရွက်မှုအပေါ် စိတ်အနှောင့်အယှက်ဖြစ်ရသည်။ ချောင်းဆိုးနှာချေခြင်းကြောင့် ဆီးထွက်ကျခြင်းရှိသကဲ့သို့ ဆီးပေါက်ချင်စိတ်ပေါ်လာသည်နှင့် အိမ်သာသို့အချိန်မီမရောက်နိုင်ဘဲ ဆီးထွက်ကျသည်များလည်း ရှိတတ်သည်။ အစားအသောက်နှင့် လူနေမှုပုံစံပြောင်းလဲခြင်း သို့မဟုတ် ဆေးဝါးများဖြင့် ကုသနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ဆီးထွက်ကျခြင်းသည် နေ့စဥ်အမူအကျင့်၊ ရှိရင်းစွဲရောဂါအခြေအနေများနှင့် ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းမှု ပြဿနာများကြောင့် ဖြစ်ပေါ်နိုင်သည်။
ယာယီ ဆီးထွက်ကျခြင်း (Temporary urinary incontinence)
ယာယီ ဆီးထွက်ကျခြင်းသည် အောက်ပါရောဂါအခြေအနေများကြောင့် ဖြစ်ပေါ်နိုင်သည်။
- အစားအသောက်နှင့်ဆေးဝါး
အရက်၊ ကဖိန်းဓာတ်၊ ကစီဓာတ်များသောအရည်၊ စပါကလင်ရည်၊ အချိုဓာတ်များအောင် ပြုပြင်ထားသော ချိုချဥ်များ၊ ချောကလက်၊ စပ်သောငရုပ်ကောင်းများ၊ အက်စစ်ဓာတ် များသော ရှောက်သီး၊ သံပရာသီးများ၊ သကြား၊ ဟင်းခတ်အမွှေးအကြိုင် များများဖြင့် ချက်ပြုတ်ထားသော အစားအစာများ၊ ဆီးဆေး၊ သွေးပေါင်ကျဆေးများ၊ အိပ်ဆေးများ၊ ကြွက်သားပြေလျော့စေသော ဆေးများနှင့် ဗီတာမင် စီ ပမာဏ များစွာသောက်သုံးခြင်းတို့သည် ဆီးထွက်ကျခြင်းကို ဖြစ်စေသည်။ - ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI)
ပိုးကြောင့် ဆီးအလွန်သွားချင်စိတ် ဖြစ်လာပြီး တစ်ခါတစ်ရံ ဆီးထွက်ကျသည်။ - ဝမ်းချုပ်ခြင်း (Constipation)
ဆီးအိမ်နှင့်အစာဟောင်းအိမ်သည် နီးကပ်စွာတည်ရှိပြီး ၎င်းတို့ကို ထိန်းချုပ်ထားသော အချို့အာရုံကြောများသည် တူညီကြသည်။ ဝမ်းအမာများသည် ဝမ်းအိမ်တွင် ရှိနေလျှင် ထိုအာရုံကြောများကို ပိုမိုလှုံ့ဆော်သဖြင့် မကြာခဏဆီးသွားစေသည်။
နာတာရှည် ဆီးထွက်ကျခြင်း (Persistent urinary incontinence)
နာတာရှည် ဆီးထွက်ကျခြင်းသည် ရှိရင်းစွဲ ကိုယ်ခန္ဓာပြောင်းလဲမှုပြဿနာများနှင့် တချို့သောရောဂါများကြောင့်ဖြစ်သည်။
- ကိုယ်ဝန်ဆောင်ခြင်း _ ဟော်မုန်းပြောင်းလဲမှုများနှင့် သန္ဓေသားကိုယ်အလေးချိန် တိုးလာမှုကြောင့် ဆီးထွက်ကျခြင်းကို ဖြစ်စေသည်
- ကလေးမွေးဖွားခြင်း _ သဘာဝအတိုင်းကလေးမွေးဖွားခြင်းသည် ဆီးအိမ်ကိုထိန်းပေးသော ကြွက်သားများ လျော့ရဲလာခြင်း၊ ဆီးအိမ်အာရုံကြောများ ပျက်စီးခြင်း၊ တင်ပါးဆုံအရိုးကွင်းအတွင်း ထောက်ပံ့ပေးထားသော တစ်ရှူးများကို ပျက်စီးစေသောကြောင့် ဆီးအိမ်၊ အစာဟောင်းအိမ်၊ သားအိမ်ကျွံကျခြင်းနှင့်အတူ ဆီးထွက်ကျခြင်းကိုပါ ဖြစ်စေသည်
- အသက်အရွယ်ကြောင့်ပြောင်းလဲမှုများ _ အသက်အရွယ်ကြီးလာသည်နှင့်အမျှ ဆီးသိုလှောင်နိုင်ခြင်းနှင့် အာရုံကြောစွမ်းဆောင်ရည်များ ကျဆင်းလာသည်၊ သူ့အလိုလိုဆီးအိမ်ညှစ်ခြင်းများ ဖြစ်တတ်သည်
- မီးယပ်သွေးဆုံးခြင်း _ အီစတိုဂျင်ထုတ်လုပ်မှု လျော့ကျလာခြင်းသည် ဆီးအိမ်နှင့် ဆီးပြွန်အတွင်းနံရံ တစ်ရှူးများ ကျန်းမာသန်စွမ်းမှုကို ကျဆင်းစေသဖြင့် ဆီးထွက်ကျခြင်းကို ပို၍ဖြစ်စေသည်
- ဆီးကျိတ်ကြီးခြင်း (Prostate gland enlargement) _ အထူးသဖြင့် အသက်အရွယ်ကြီးလာသော အမျိုးသားများတွင် ဆီးကျိတ်ကြီးလာခြင်းကြောင့် ဆီးထွက်ကျခြင်းဖြစ်သည်
- ဆီးကျိတ်ကင်ဆာ (Prostate cancer) _ ဆီးကျိတ်ကင်ဆာကို မကုဘဲနေလျှင်သော်လည်းကောင်း၊ ကုသမှု၏ဆိုးကျိုးအဖြစ်လည်းကောင်း ဆီးထွက်ကျခြင်းဖြစ်သည်
- ဆီးလမ်းကြောင်းပိတ်ခြင်း _ ဆီးကျောက်ကြောင့်ဖြစ်စေ၊ ဆီးပုံမှန်စီးဆင်းမှုကို ပိတ်ဆို့သော အကျိတ်ကြောင့်ဖြစ်စေ ဆီးထွက်ကျခြင်းဖြစ်သည်
- အာရုံကြောချို့ယွင်းခြင်း _ ပါကင်ဆန်ရောဂါ၊ အာရုံကြောဖုံးအဆီလွှာ ပျက်စီးသောရောဂါ (Multiple sclerosis)၊ လေဖြတ်ခြင်း၊ ဦးနှောက်အကျိတ်၊ ကျောရိုးမ ထိခိုက်မှုများ၊ ဆီးချိုရောဂါနှင့် အခြားအာရုံကြောရောဂါများကြောင့် ဆီးအိမ်အာရုံကြောများ ထိခိုက်မှုရှိပြီး ဆီးထွက်ကျခြင်းဖြစ်သည်
- အဝလွန်ခြင်း _ အဝလွန်ခြင်းကြောင့် ဆီးအိမ်နှင့် အနီးအနားရှိ ကြွက်သားများကို ဖိအားများစေပြီး ချောင်းဆိုး၊ နှာချေသည့်အခါ ကြွက်သားများလျော့ရဲလာကာ ဆီးထွက်ကျသည်
- ဆေးလိပ်သောက်ခြင်း _ ဆေးလိပ်နှင့်ဆေးရွက်ကြီးတွင် ပါဝင်သောပစ္စည်းများသည် ဆီးထွက်ကျခြင်းကို ပိုမိုဖြစ်စေသည်
- မိသားစုတွင် ဆီးထွက်ကျခြင်း ဖြစ်ဖူးသူများ ရှိခြင်း
- Long COVID နှင့် ဆီးအိမ်ပြဿနာများ
- ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွါးပြီးနောက် အာရုံကြောစနစ် ထိခိုက်မှုကြောင့် ဆီးအိမ်တုံ့ပြန်မှု လွန်ကဲခြင်းနှင့် ဆီးမထိန်းနိုင်ခြင်းတို့ကို နောက်ဆက်တွဲပြဿနာအဖြစ် တွေ့ရှိလာရသည်။
- Microbiome (ဆီးလမ်းကြောင်းအတွင်းရှိ ပိုးမွှားဂေဟစနစ်) ဖောက်ပြန်ခြင်း
- ဆီးအိမ်အတွင်းရှိ ကောင်းကျိုးပြု ဘက်တီးရီးယားများ ဟန်ချက်ပျက်ယွင်းခြင်းသည် ဆီးအိမ်တုံ့ပြန်မှု လွန်ကဲခြင်း (Overactive Bladder) ကို ပိုမိုဆိုးရွားစေနိုင်သည်။
အမျိုးသမီးအများစုသည် တစ်ခါတစ်ရံမှ ဆီးအနည်းငယ် ထွက်ကျတတ်သော်လည်း အနည်းစု၌ ဆီး မကြာခဏ ထွက်ကျနိုင်သည်။ ထွက်ကျသည့် ဆီးပမာဏ ပိုများနိုင်သည်။
ဆီးထွက်ကျခြင်းအမျိုးအစားများ
ဆီးထွက်ကျခြင်း အမျိုးအစားများကို အောက်ပါအတိုင်း ခွဲခြားနိုင်သည်။
- ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ ရယ်မောခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း သို့မဟုတ် လေးလံသော အရာဝတ္ထုပစ္စည်းများ မ ခြင်းအားဖြင့် ဆီးအိမ်ပေါ်ဖိအားရှိလာသောအခါ ဆီးထွက်ကျခြင်း (Stress incontinence)
- ဆီးသွားချင်စိတ် ရုတ်တရက်ဖြစ်ပေါ်လာပြီးနောက် မထိန်းနိုင်ဘဲ ဆီးထွက်ကျခြင်း (Urge incontinence)
ညအချိန်တွင် ဆီးမကြာခဏသွားရန်လိုအပ်ပြီး ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ဆီးချိုရောဂါ သို့မဟုတ် အာရုံကြောချို့ယွင်းမှု စသည်တို့ကြောင့် ဆီးအိမ်တုံ့ပြန်မှုလွန်ကဲပြီး (overactive bladder) ဆီးထွက်ကျခြင်း ဖြစ်သည်။ - ဆီးကုန်စင်အောင် မပေါက်နိုင်သောကြောင့် ဆီးအိမ်တွင် ဆီးများကျန်ရှိနေပြီး မကြာခဏ သို့မဟုတ် ဆီးတောက်လျှောက်ထွက်ကျခြင်း (Overflow incontinence)
- အထက်ပါ ဆီးလမ်းကြောင်း၊ အာရုံကြော စသောရောဂါများကြောင့်မဟုတ်ဘဲ ခန္ဓာကိုယ်ကျန်းမာရေး သို့မဟုတ် စိတ်ကျန်းမာရေးပြဿနာများကြောင့် အိမ်သာသို့ အချိန်မီ မရောက်နိုင်ဘဲ ဆီးထွက်ကျခြင်း (Functional incontinence)
- အထက်ဖော်ပြပါ ဆီးထွက်ကျခြင်းအမျိုးအစားများ တစ်ခုထက်ပို၍ ရှိနေခြင်း (Mixed incontinence)
(Stress incontinence နှင့် Urge incontinence နှစ်မျိုး မကြာခဏတွဲရှိနေတတ်သည်)
နောက်ဆက်တွဲပြဿနာများ
- ဆီးထွက်ကျခြင်းကြောင့် နေ့စဥ်လူမှုဘဝလုပ်ငန်းဆောင်တာများနှင့် အရည်အသွေးကို ထိခိုက်ခြင်း၊ လူမှုတွေ့ဆုံမှုများကို သွားရန် တွန့်ဆုတ်ခြင်း
- အသက်ကြီးသောအမျိုးသမီးများသည် ဆီးထွက်မကျစေရန် အိမ်သာသို့ အလျင်အမြန် သွားရသောကြောင့် ချော်လဲနိုင်ခြေ ပိုများခြင်း
- နာတာရှည် ဆီးထွက်ကျခြင်းကြောင့် လိင်အင်္ဂါအနီးရှိ အရေပြားများ အမြဲစိုစွတ်ပြီး ပိုးဝင်ခြင်း၊ အရေပြားအပူနာဖြစ်ခြင်းနှင့် အနီကွက်ပေါ်ခြင်း
- ဆီးလမ်းကြောင်း မကြာခဏပိုးဝင်ခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်
ဆီးထွက်ကျသောကြောင့် နေ့စဥ်လူမှုဘဝလုပ်ဆောင်မှုများနှင့် အရည်အသွေးကို ထိခိုက်လာလျှင် မိမိ၏မိသားစုဆရာဝန် သို့မဟုတ် အထူးကုဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေး၍ ကုသမှု ခံယူရမည်။
ရောဂါရှာဖွေခြင်း
ဆီးထွက်ကျခြင်းအမျိုးအစားကို သေချာမှန်ကန်စွာ ခွဲခြားသိနိုင်ရန် အရေးကြီးသည်။ မိသားစုဆရာဝန် သို့မဟုတ် အထူးကုဆရာဝန်များမှ ရောဂါရာဇဝင်မေးမြန်းပြီး ချောင်းဆိုးခိုင်း၍ ဆီးထွက်ကျခြင်း ရှိမရှိ သေချာစွာကြည့်ရှု စမ်းသပ်မည်။ အခြားသောခန္ဓာကိုယ်စမ်းသပ်ခြင်းများလည်း လိုအပ်သလိုပြုလုပ်မည်။
ထို့နောက် ဆီးစစ်ခြင်း (urinalysis)၊ ဆီးအိမ်အမူအကျင့်လေ့လာဆန်းစစ်ခြင်း (Bladder diary)၊ ဆီးသွားပြီးနောက် ဆီးအိမ်တွင် ဆီးလက်ကျန် ပမာဏတိုင်းတာခြင်း (Postvoid residual measurement)၊ လိုအပ်ပါက တင်ပါးဆုံရိုးကွင်းအတွင်းသို့ အာထရာဆောင်းရိုက်ကြည့်ခြင်း (Pelvic ultrasound) နှင့် ဆီးအိမ်စွမ်းဆောင်ရည်ကို အထူးတိုင်းတာစစ်ဆေးခြင်း (Urodynamic testing) များကို ပြုလုပ်၍ ဆီးထွက်ကျခြင်းအမျိုးအစားကို သေချာစွာ ဆန်းစစ်ရှာဖွေသည်။ ဆီးမထိန်းနိုင်ဖြစ်ရသော ရောဂါအခြေအနေများကိုလည်း လိုအပ်သလို ရှာဖွေရသည်။
MRI Dynamic Pelvic Floor Imaging – တင်ပါးဆုံရိုးကွင်းအတွင်းရှိ ကြွက်သားများနှင့် အင်္ဂါများ လှုပ်ရှားမှုကို MRI စက်ဖြင့် အသေးစိတ် ကြည့်ရှုစစ်ဆေးခြင်းဖြင့် ခွဲစိတ်ရန် လိုအပ်မှုကို ပိုမိုတိကျစွာ ဆုံးဖြတ်နိုင်သည်။
မိုဘိုင်းဖုန်း အပလီကေးရှင်းများမှတစ်ဆင့် ဆီးသွားသည့်အကြိမ်ရေနှင့် အရည်သောက်သုံးမှုကို မှတ်တမ်းတင်ပြီး (AI စနစ်ဖြင့်) ဆန်းစစ်ခြင်းဖြင့် ပိုမိုတိကျသော ရောဂါအမျိုးအစားကို ခွဲခြားနိုင်သည်။
ကုသခြင်း
ဆီးထွက်ကျခြင်းကို ကုသရာတွင် ဆီးထွက်ကျခြင်း အမျိုးအစား၊ ပြင်းထန်သော လက္ခဏာခံစားရမှုနှင့် ရှိရင်းစွဲရောဂါများပေါ်တွင် မူတည်သည်။ အကယ်၍ ရှိရင်းစွဲရောဂါကြောင့်ဖြစ်လျှင် ပထမဦးစွာ ရှိရင်းစွဲရောဂါကို ကုသရမည်။
အမူအကျင့်ဖြင့်ကုသခြင်း (Behavioral techniques)
- ဆီးအိမ်လေ့ကျင့်ပေးခြင်း (Bladder training)
- ဆီးသွားချင်စိတ်ဖြစ်လျှင် ချက်ချင်းမသွားသေးဘဲ (၁၀)မိနစ်ကြာ ထိန်းထားနိုင်အောင်လေ့ကျင့်သည်
- ဤသို့လေ့ကျင့်ခြင်းကို (၂)နာရီခွဲ မှ (၃)နာရီခွဲ ခြား၍ ဆီးတစ်ကြိမ်သွားနိုင်သည်အထိ လေ့ကျင့်သည်
- ဆီးနှစ်ခါသွားခြင်း (Double voiding)
- ဆီးအိမ်တွင် ဆီးများမကုန်ဘဲ ကျန်ရှိနေပြီး ဆီးထွက်ကျခြင်း (overflow incontinence) မဖြစ်စေရန် ဆီးတစ်ကြိမ်သွားတိုင်း ပထမတစ်ခါဆီးထွက်ပြီး မိနစ်အနည်းငယ်စောင့်ကာ နောက်တစ်ခါ ဆီးထပ်သွားပါ
- အချိန်သတ်မှတ်၍ ဆီးသွားခြင်း (Scheduled toilet trips)
- ဆီးသွားချင်စိတ်ဖြစ်ပေါ်သည်အထိ မစောင့်ဘဲ (၂) နာရီ တစ်ခါ သို့မဟုတ် (၄) နာရီ တစ်ခါ ဆီးအမြဲသွားကျင့်ပါ
- အစားအသောက်ထိန်းခြင်း
- ဆီးအိမ်ကို ထိန်းနိုင်ရန် အရက်၊ ကဖိန်းနှင့် အက်ဆစ်များသော အစားအသောက်များရှောင်ကြဥ်ပါ
- အရည်သောက်သော ပမာဏလျှော့ချခြင်း၊ ကိုယ်အလေးချိန် လျှော့ချခြင်းနှင့် ကိုယ်ခန္ဓာလှုပ်ရှားမှုများ နေ့စဥ်ပြုလုပ်ပေးခြင်းဖြင့် ပြုမူနေထိုင်ပါ
တင်ပါးဆုံရိုးကွင်းအတွင်းရှိ ကြွက်သားများ တင်းရင်းစေသောလေ့ကျင့်ခန်း (Kegal exercise)
- ပထမဦးစွာ တင်ပါးဆုံရိုးကွင်းအတွင်းရှိ ကြွက်သားတည်နေရာကို သိရှိရမည်၊ ထိုင်ပြီး ဆီးသွားနေစဥ် ဆီးခဏအောင့်ရန် ထိန်းချုပ်သည့်အခါ သို့မဟုတ် လေမလည်အောင် ဟန့်တားရသည့်အခါ အသုံးပြုရသော ကြွက်သားကို ခံစားသိရှိခြင်းဖြင့် ကြွက်သားတည်နေရာကို သိရှိနိုင်မည်၊ ထို့ပြင် မိမိ၏လက်ချောင်းကို မိန်းမကိုယ်ထဲသို့ထည့်ပြီး ညှစ်ကြည့်သည့်အခါ လက်ချောင်းကို ကြွက်သားများက ပင့်မလိုက်သည်ကို ခံစားသိရှိမည်
- ကြွက်သားတည်နေရာကို သိရှိပြီးပါက (၃) စက္ကန့်မျှ ထိုကြွက်သားကို ညှစ်ထားလိုက်ပါ၊ ထို့နောက် ညှစ်ထားသောကြွက်သားကို (၃) စက္ကန့်မျှ ဖြေလျှော့ပေးပါ၊ ဤသို့ ပြုလုပ်ခြင်းသည် တင်ပါးဆုံရိုးကွင်း အတွင်းရှိကြွက်သားများ တင်းရင်းစေသောလေ့ကျင့်ခန်း တစ်ခါပြုလုပ်ခြင်းဖြစ်သည်
- တင်ပါးဆုံအရိုးကွင်း ကြွက်သားလေ့ကျင့်ခန်းတစ်ကြိမ်တွင် ကြွက်သားကို (၃) စက္ကန့်မျှညှစ်ခြင်းနှင့် (၃) စက္ကန့်ဖြေလျော့ခြင်း (၁၀) ခါ ပြုလုပ်ပေးရသည်၊ (၁၀) ခါကို ပြင်းထန်သည်ဟုယူဆလျှင် (၅) ခါဖြင့် စတင်နိုင်သည်
- တင်ပါးဆုံရိုးကွင်းအတွင်းရှိ ကြွက်သားများ တင်းရင်းစေသောလေ့ကျင့်ခန်းကို မနက် တစ်ကြိမ်၊ ည တစ်ကြိမ် ပြုလုပ်ရသည်
- လေ့ကျင့်ခန်းပြုလုပ်ပြီး ကျင့်သားရလာသောအခါ ကြွက်သားလေ့ကျင့်ခန်း တစ်ကြိမ်ကို တစ်ခါလျှင် (၃)စက္ကန့် မှ (၅)စက္ကန့်ထိတိုးပြီး၊ တစ်နေ့ကို (၂)ကြိမ် မှ (၃)ကြိမ်ထိ တိုးလုပ်ရသည်
- တင်ပါးဆုံရိုးကွင်းအတွင်းရှိ ကြွက်သားများ တင်းရင်းစေသောလေ့ကျင့်ခန်းပြုလုပ်ရန် အခက်အခဲရှိပါက ဇီဝတုံ့ပြန်မှုပြုလုပ်ခြင်းနှင့် ကြွက်သားကို လျှပ်စစ်ဖြင့်လှုံ့ဆော်ခြင်းများ ပြုလုပ်နိုင်သည်
- တင်ပါးဆုံရိုးကွင်းအတွင်းရှိ ကြွက်သားများ တင်းရင်းစေသောလေ့ကျင့်ခန်း ပြုလုပ်ပေးခြင်းဖြင့် ကြွက်သားများ သန်စွမ်းလာကာ ဆီးထိန်းနိုင်ပြီး ဆီးထွက်ကျခြင်းမရှိတော့ပါ၊ အထူးသဖြင့် Stress incontinence ဆီးထွက်ကျခြင်းအမျိုးအစားတွင် ပို၍အကျိုးကျေးဇူးရရှိသည်
- Magnetic Stimulation (HIFEM technology)
- လေ့ကျင့်ခန်း ကိုယ်တိုင်လုပ်ရန် ခက်ခဲသူများအတွက် လျှပ်စစ်သံလိုက်လှိုင်းကို အသုံးပြုသည့် အထူးကုလားထိုင်တွင် ထိုင်ရုံဖြင့် တင်ပါးဆုံရိုးကွင်း ကြွက်သားများကို အကြိမ်ပေါင်းများစွာ ကျုံ့ဆန့်စေပြီး သန်စွမ်းစေသည့် နည်းပညာဖြစ်သည်
ဆေးဝါးဖြင့်ကုသခြင်း
- Anticholinergics _ Urge incontinence ဆီးထွက်ကျခြင်းအမျိုးအစားကို သက်သာစေနိုင်သည်
- Oxybutynin
- Tolterodine
- Fesoterodine
- Solifenacin
- Darifenacin
- Trospium chloride ဆေးများ ပါဝင်သည်။
- Adrenergic agonist (Mirabegron)
ထိုဆေးကိုလည်း Urge incontinence ဆီးထွက်ကျခြင်း အမျိုးအစားကို ကုသရာတွင် အသုံးပြုသည်။ - Alpha blockers
Urge incontinence ဆီးထွက်ကျခြင်း အမျိုးအစား သို့မဟုတ် Overflow incontinence ဆီးထွက်ကျခြင်း အမျိုးအစား ခံစားနေရသော အမျိုးသားများတွင် သုံးသည်။- Tamsulosin
- Alfuzosin
- Silodosin
- Doxazosin ဆေးများပါဝင်သည်။
- အီစတိုဂျင်လိမ်းဆေး (Topical estrogen)
အီစတိုဂျင်လိမ်းဆေး၊ ကပ်ခွာပလတ်စတာနှင့် ယောနိလမ်းကြောင်းအတွင်းထည့်ရသော ဟော်မုန်းကွင်းတို့ကို အသုံးပြုလျှင် ယောနိလမ်းကြောင်းနှင့် ဆီးစွန့်ပြွန်အနီးအနားရှိ တစ်ရှူးများ ပြန်လည်သန်စွမ်းလာသည်။ - Vibegron (Gemtesa)
၎င်းသည် နောက်ဆုံးပေါ် Adrenergic agonist ဆေးသစ်တစ်မျိုးဖြစ်ပြီး ဆီးအိမ်ကြွက်သားများကို ပြေလျော့စေကာ ဆီးမကြာခဏသွားခြင်းနှင့် ဆီးထွက်ကျခြင်းတို့ကို ဘေးထွက်ဆိုးကျိုး နည်းပါးစွာဖြင့် သက်သာစေသည်။
လျှပ်စစ်ဖြင့်လှုံ့ဆော်ခြင်း (Electrical stimulation)
Electrodes ဟုခေါ်သော လျှပ်စစ်ဓာတ်ခေါင်းလေးများကို စအိုနှင့် ယောနိလမ်းကြောင်းထဲသို့ထည့်၍ တင်ပါးဆုံရိုးကွင်းအတွင်းရှိ ကြွက်သားများကို ညင်ညင်သာသာ လှုံ့ဆော်ပေးခြင်းဖြင့် Stress incontinence နှင့် Urge incontinence ဆီးထွက်ကျခြင်း အမျိုးအစားများကို သက်သာစေသည်။ သို့သော် လပေါင်းများစွာ အကြိမ်ရေများများ ပြုလုပ်ပေးရန်လိုသည်။
အခြားကုသနည်းများ
- အောက်ပါဆေးပစ္စည်းများသည် အမျိုးသမီးဆီးထွက်ကျခြင်းအတွက် ကုသရန် အထူးပြုလုပ်ထားခြင်းဖြစ်သည်
- ဆီးစွန့်ပြွန်အတွင်းထည့်ရသောပစ္စည်း _ ဆီးထွက်ကျစေနိုင်သောအပြုအမူ (ဥပမာ_တင်းနစ်ကစားခြင်း) မပြုလုပ်မီ ဆီးစွန့်ပြွန်ထဲထည့်၍ ဆီးမထွက်ကျစေရန် ဟန့်တားထားပြီး ဆီးမသွားမီ ပြန်လည်ထုတ်ပေးရသည်
- ယောနိလမ်းကြောင်းထဲထည့်ရသောပစ္စည်း _ ထည့်ရလွယ်သော ဆီလီကွန်နှင့် ပြုလုပ်ထားသော ကွင်းများကို သားအိမ်ကျွံကျသောအမျိုးသမီးများတွင် နေ့စဥ်ထည့်ထားခြင်းဖြင့် ဆီးထွက်ကျခြင်းကိုလည်းကာကွယ်နိုင်သည်
- Bulking material injection
- အထူးပြုလုပ်ထားသောဆေးရည်ကို ဆီးစွန့်ပြွန်ပတ်လည်တွင် ထိုးခြင်းဖြင့် Stress incontinence အမျိုးအစားဆီးထွက်ကျခြင်းကို သက်သာစေသည်
- တစ်ကြိမ်ထက်ပို၍ ကုသရနိုင်ပြီး ခွဲစိတ်ကုသသောနည်းလမ်းလောက် အောင်မြင်မှုရလဒ်မကောင်းပါ
- Botulinum toxin injections (Botox)
- ဆီးအိမ်ကြွက်သားများကို botox ဆေးထိုးပေးခြင်းဖြင့် ကုသသည်
- Urge incontinence အမျိုးအစားဆီးထွက်ကျခြင်းကို အကျိုးရှိစေသော်လည်း အခြားနည်းလမ်းများဖြင့် ကုသမှုမအောင်မြင်မှသာ ဤနည်းလမ်းကိုသုံးသည်
- Nerve stimulators
- ယောနိလမ်းကြောင်းအတွင်း သို့မဟုတ် တင်ပါးဆုံအရေပြားပေါ်နှင့် နောက်ကျောတွင် လျှပ်စစ်ခလုတ်လေးများထား၍ မြီးညောင်းပိုင်းရှိ အာရုံကြောများ (sacral nerves) ကို နာကျင်မှုမရှိသော လျှပ်စစ်လှိုင်းများလွှတ်ကာ လှုံ့ဆော်ပေးခြင်းဖြင့် ကုသသည်
- Urge incontinence အမျိုးအစားဆီးထွက်ကျခြင်းများအတွက် အကျိုးရှိစေသော်လည်း အခြားနည်းလမ်းများဖြင့် ကုသမှုမအောင်မြင်မှသာ ဤနည်းလမ်းကိုသုံးသည်
ခွဲစိတ်ကုသခြင်း
- Sling procedure
- Stress incontinence ဆီးထွက်ကျခြင်းအမျိုးအစား ကုသရာတွင်သုံးသည်၊ အထူးပြုလုပ်ဖန်တီးထားသောစကာ (mesh) သို့မဟုတ် ခန္ဓာကိုယ်တစ်ရှူးဖြင့် ပြုလုပ်ထားသော သိုင်းကြိုး (strips) ကို ဆီးအိမ်လည်တံနေရာရှိ ထူသောကြွက်သားနှင့် ဆီးစွန့်ပြွန်အောက်တွင် သိုင်းလွယ်ထားခြင်းဖြစ်အောင် ခွဲစိတ်ထည့်သွင်းခြင်းဖြင့် ချောင်းဆိုး၊ နှာချေ သည့်အခါ ဆီးမထွက်ကျအောင် ဆီးစွန့်ပြွန်ကို ပိတ်ဆို့သည်
- Bladder neck suspension
- မေ့ဆေး သို့မဟုတ် ခါးရိုးထုံဆေးကို အသုံးပြု၍ ဝမ်းဗိုက်တွင် ခွဲကြောင်းရာပေးပြီး ဆီးအိမ်လည်တံရှိ ထူသောကြွက်သားများကို ပင့်မထားခြင်းခြင့် ဆီးစွန့်ပြွန်မှ ဆီးမထွက်ကျအောင် ပြုလုပ်ပေးသည်
- Prolapse surgery
- ဆီးအိမ်၊ အစာဟောင်းအိမ်ကျွံကျခြင်းနှင့်အတူ ဆီးထွက်ကျခြင်းအမျိုးအစား တစ်ခုထက်ပို၍ ရှိနေသောအမျိုးသမီးတွင် ကျွံကျနေသောအင်္ဂါများကို ခွဲစိတ်ပြုပြင်ပေးခြင်းအပြင် Sling procedure ကိုပါ တစ်ပါတည်း လုပ်ဆောင်ပေးသည်
- Artificial urinary sphincter
- ဆီးအိမ်လည်တံအနားတွင် အရည်အနည်းငယ်ဖြည့်ထားသော ကွင်းကို ထည့်သွင်းပေးခြင်းဖြစ်သည်
- ဆီးသွားချင်လာလျှင် အရေပြားအောက်၌ ထည့်မြှုပ်ထားသော ခလုတ်ကိုဖွင့်ပေးလိုက်ပါက ဆီးအိမ်လည်တံနား ထည့်ထားသောကွင်းသည် လေလျော့သွားသကဲ့သို့ဖြစ်ပြီး၊ ဆီးအိမ်ထဲမှဆီးကို ဆီးစွန့်ပြွန်မှထွက်စေသည်
- Robotic-Assisted Surgery
- စက်ရုပ်လက်တံ အကူအညီဖြင့် ခွဲစိတ်ခြင်းကြောင့် ပိုမိုတိကျပြီး သွေးထွက်နည်းခြင်း၊ အနာကျက်မြန်ခြင်းနှင့် ဆီးထိန်းအား ပိုမိုကောင်းမွန်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်သည်
ဆေးဖြင့် ဆီးထွက်ကျခြင်းကို ပျောက်ကင်းအောင် မကုသနိုင်ပါက အရည်စုပ်လွယ်သောအခုအခံဖြင့် အောက်ခံဘောင်းဘီ၊ ဒိုင်ပါ (သေးခံ) ဝတ်ခြင်း၊ ပျော့ပျောင်းသော ဆီးပိုက်ဖြင့် ဆီးမကြာခဏချူပေးခြင်း (ဆီးပိုက်ကို သန့်သန့်ရှင်းရှင်းနှင့် အန္တရာယ်ကင်းစွာ ပြန်လည်အသုံးပြုနိုင်ရန် သေချာသင်ယူထားရန် အရေးကြီးသည်) စသည်တို့ပြုလုပ်နိုင်သည်။
ကာကွယ်ခြင်း
ဆီးထွက်ကျခြင်းကို အမြဲကာကွယ်ရန် မဖြစ်နိုင်သော်လည်း ဖြစ်နိုင်ခြေကို လျှော့ချရန် အောက်ပါတို့ကို လိုက်နာကျင့်သုံးဆောင်ရွက်ပါ။
- မိမိ၏ ကိုယ်အလေးချိန်ကို ပုံမှန်ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း (BMI) အတွင်း ထိန်းသိမ်းပါ
- တင်ပါးဆုံရိုးကွင်းအတွင်းရှိ ကြွက်သားများ တင်းရင်းစေသောလေ့ကျင့်ခန်းကို လေ့ကျင့်လုပ်ဆောင်ပါ
- အရက်၊ ကဖိန်းဓာတ်နှင့် အက်ဆစ်များသော အစားအစာများကို ရှောင်ကြဥ်ပါ
- ဝမ်းမချုပ်စေရန် အမျှင်ဓာတ်များသော အစားအစာများကို စားပေးပါ
- ဆေးလိပ်မသောက်ပါနှင့်၊ ဆေးလိပ်ဖြတ်ပါ
References:
- Mayo Clinic. (n.d.). Urinary incontinence: Symptoms and causes. Retrieved January 25, 2026, from https://www.mayoclinic.org/diseases-conditions/urinary-incontinence/symptoms-causes/syc-20352808
- Mayo Clinic. (n.d.). Urinary incontinence: Diagnosis and treatment. Retrieved January 25, 2026, from https://www.mayoclinic.org/diseases-conditions/urinary-incontinence/diagnosis-treatment/drc-20352814
- Cleveland Clinic. (n.d.). Urinary incontinence. Retrieved January 25, 2026, from https://my.clevelandclinic.org/health/diseases/17596-urinary-incontinence
- Gormley, E. A., Lightner, D. J., Burgio, K. L., Chai, T. C., Clemens, J. Q., Culkin, D. J., et al. (2025). Diagnosis and treatment of overactive bladder (non-neurogenic) in adults: AUA/SUFU guideline update. The Journal of Urology, 213(1), 34–42.
- Downey, A., & Inman, R. D. (2019). Recent advances in surgical management of urinary incontinence. F1000Research, 8, F1000 Faculty Rev-1294. https://doi.org/10.12688/f1000research.16356.1
- Zhao, K., Zhou, Z., Wang, W., Xiao, X., Liu, S., & Dong, Z. (2025). Safety and outcome assessment of robot-assisted artificial urinary sphincter implantation in the treatment of urodynamic stress incontinence: A systematic review and single-arm meta-analysis. Journal of Robotic Surgery, 20(1), 16. https://doi.org/10.1007/s11701-025-02975-1
- Kobashi, K. C., Albo, M. E., Dmochowski, R. R., Ginsberg, D. A., Goldman, H. B., Gomelsky, A., Kraus, S. R., Sandhu, J. S., Shepler, T., Treadwell, J. R., Vasavada, S., & Lemack, G. E. (2017). Surgical treatment of female stress urinary incontinence: AUA/SUFU guideline (Amended 2023). American Urological Association; Society of Urodynamics, Female Pelvic Medicine & Urogenital Reconstruction.
Published: 18 January 2025
Last updated: 4 January 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.