Constipation (ဝမ်းချုပ်ခြင်း)

Constipation (ဝမ်းချုပ်ခြင်း)

ဝမ်းချုပ်ခြင်းဆိုသည်မှာ ‌တစ်ပတ်အတွင်း (၃) ကြိမ်နှင့်အောက် ဝမ်းသွားခြင်းနှင့် ဝမ်းသွားရခက်ခဲခြင်းတို့ကို ဆိုလိုသည်။ ဝမ်းချုပ်ခြင်းသည် လူတော်တော်များများ ဖြစ်လေ့ဖြစ်ထရှိသော လက္ခဏာတစ်ခု‌ဖြစ်သော်လည်း အခြားရောဂါအခံတစ်ခုခုကြောင့်လည်း ဝမ်းချုပ်ခြင်း ဖြစ်နိုင်သည်။ နာတာရှည်ဝမ်းချုပ်ခြင်းကို ခံစားနေရလျှင် ဆေးရုံ၊ ဆေးခန်းပြသသင့်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

လူတစ်ဦးနှင့် တစ်ဦး အူလမ်းကြောင်း အလုပ်လုပ်ပုံခြင်း မတူညီကြပါ။ လူတစ်ဦးသည် တစ်နေ့ (၃)ကြိမ်မှ တစ်ပတ် (၃)ကြိမ်အထိ ဝမ်းသွားလျှင် ပုံမှန်ဝမ်းသွားခြင်းဟု သတ်မှတ်နိုင်သည်။ မိမိ၏ ပုံမှန် ဝမ်းသွားသည့် အကြိမ်အရေအ‌တွက်ကို မှတ်ထားရန် အရေးကြီးသည်။

ယေဘုယျအားဖြင့် ဝမ်းချုပ်ခြင်းသည် အူမကြီးလှုပ်ရှားမှု နှေးကွေးလွန်းသောကြောင့် ဖြစ်ရခြင်း ဖြစ်သည်။ ထိုသို့ လှုပ်ရှားမှုနှေးကွေးလာလျှင် အူလမ်းကြောင်းရှိ ရေများကို ပိုမိုစုပ်ယူခြင်းကြောင့် ဝမ်းသည်မာ၍ ခြောက်သွေ့ပြီး ဝမ်းချုပ်ခြင်းကို ‌ဖြစ်စေသည်။

ရေလုံလောက်စွာ မသောက်ခြင်း၊ အမျှင်ဓာတ် အလုံအလောက် မစားခြင်း၊ လေ့ကျင့်ခန်း ပုံမှန်မလုပ်ခြင်း၊ ဝမ်းသွားချင်သော်လည်း ထိန်းချုပ်ထားခြင်းနှင့် သက်ကြီးရွယ်အိုများတွင် အူမကြီးလှုပ်ရှားမှု နှေးကွေးခြင်းများကြောင့် ဖြစ်နိုင်သည်။

ဝမ်းချုပ်ခြင်းကို ဖြစ်စေသည့် အခြားအကြောင်းရင်းများမှာ

  1. အူလမ်း‌ကြောင်းလှုပ်ရှားမှု မမှန်သည့်ရောဂါ (Irritable Bowel Syndrome)
  2. ဆီးချိုရောဂါ
  3. ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ရောဂါများ
  4. သိုင်းရွိုက်ဟော်မုန်းနည်းခြင်း
  5. အူမကြီးကင်ဆာ
  6. ကိုယ်ဝန်ဆောင်ချိန်ကာလ
  7. တချို့သော ဆေးဝါးများ (အကိုက်ခဲပျောက်ဆေး၊ သွေးပေါင်ကျဆေး၊ အတက်ကျဆေး၊ သံဓာတ် အားဆေး) စသည်တို့ကြောင့် ဝမ်းချုပ်ခြင်းကို ဖြစ်ပေါ်စေနိုင်သည်။
ယှဉ်တွဲလာတတ်သောလက္ခဏာများ
  1. တစ်ပတ်လျှင် ဝမ်းသွားခြင်း (၃)ကြိမ်နှင့်အောက်ရှိခြင်း
  2. ဝမ်းမာပြီး ခြောက်သွေ့ခြင်း၊ အတုံးအခဲလေးများ ဖြစ်ခြင်း
  3. ဝမ်းသွားချိန် ဝမ်းအလွန်ညှစ်ရခြင်း၊ ဗိုက်နာခြင်း
  4. ဝမ်းသွားပြီးနောက် ဝမ်းကျန်သေးသည်ဟု ခံစားရခြင်း
  5. အူမကြီးတွင် တစ်ခုခုပိတ်နေသည်ဟု ခံစားရခြင်း
  6. ဝမ်းသွားရန်အတွက် လက်ချောင်းနှင့် ကော်ထုတ်ရခြင်း စသည်တို့ခံစားနေရလျှင် ဝမ်းချုပ်နေခြင်း ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသခြင်း

ဝမ်းချုပ်နေသည်ဟု မိမိဘာသာ ခံစားနေရလျှင် အစားအသောက်၊ အနေအထိုင်ကို ပြုပြင်၍ ဝမ်းမှန်အောင် ပြုလုပ်နိုင်သည်။ ထိုသို့ပြုလုပ်သည့်တိုင် မသက်သာခဲ့လျှင် ဝမ်းပျေ့ာဆေးများကို ခေတ္တခဏ သုံးစွဲကြည့်နိုင်သည်။

ဝမ်းချုပ်ခြင်းနှင့်တွဲ၍ အောက်ပါ ရောဂါလက္ခဏာများ ခံစားရပါက မိမိ၏ မိသားစုဆရာဝန်နှင့် သေချာစွာတိုင်ပင်ဆွေးနွေးပြီး ရောဂါရှာဖွေကုသသင့်သည်။

  1. ဝမ်းချုပ်ခြင်းနှင့် ဆက်စပ်လက္ခဏာများ ခံစားရနေသည်မှာ သုံးပတ်နှင့် အထက်ရှိခြင်း
  2. စအိုမှ သွေးထွက်ခြင်း သို့မဟုတ် အိမ်သာသုံး တစ်ရှူးတွင် သွေးစွန်းနေခြင်း
  3. ဝမ်းသွားလျှင်သွေးပါခြင်း သို့မဟုတ် ဝမ်းအမဲရောင်သွားခြင်း
  4. အလွန်အမင်း ဗိုက်အောင့်ခြင်း
  5. ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်းများ တလှည့်စီဖြစ်ခြင်း
  6. ဝမ်းသွားစဉ် အကျိအချွဲများသွားခြင်း
  7. ကိုယ်အလေးချိန် ကျဆင်းခြင်း

မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

ဝမ်းချုပ်ခြင်းနှင့် ဆက်စပ်သည့် ရောဂါများကို ရှာဖွေရန် လူနာ၏ ရောဂါရာဇဝင်ကို မေးမြန်းခြင်း၊ နေထိုင် စားသောက်မှုပုံစံများကို မေးမြန်းခြင်းနှင့် လူနာကို စမ်းသပ်စစ်ဆေးခြင်းတို့ကို ပြုလုပ်မည်။ လူနာကို အထွေထွေစမ်းသပ်ခြင်း၊ ဝမ်းဗိုက်ကို အလေးထားစမ်းသပ်ခြင်းတို့အပြင် တစ်ခါတစ်ရံ စအိုကို လက်ညှိုးဖြင့် စမ်းသပ်ခြင်းများ ပြုလုပ်ရန် လိုအပ်နိုင်သည်။

ဝမ်းချုပ်ခြင်းသည် အခြားရောဂါတစ်ခုခုနှင့် ဆက်စပ်နေသည်ဟု သံသယရှိပါက ဆရာဝန်မှ သွေးစစ်ခြင်း၊ ဝမ်းဗိုက်ဓာတ်မှန်ရိုက်ခြင်းနှင့် လိုအပ်ပါက အူမကြီးအတွင်း မှန်ပြောင်းကြည့်ခြင်း စသည်တို့ကို ပြုလုပ်ခြင်းဖြင့် ရောဂါရှာဖွေနိုင်သည်။

ကုသခြင်း
  1. အစားအသောက် နေထိုင်မှုပုံစံ ပြောင်းလဲခြင်းဖြင့် ကုသခြင်း
    • အမျှင်ဓာတ်ကြွယ်ဝသည့် အစားအစာများနှင့် အသီးအနှံ၊ ဟင်းသီးဟင်းရွက် များစွာ စားသုံးပါ။
    • တစ်နေ့လျှင် ရေ (သို့မဟုတ်) အခြားဖျော်ရည်ကို ဖန်ခွက် (၈)ခွက်မှ (၁၀)ခွက်ခန့်သောက်ပါ။
    • ကော်ဖီ၊ အရက် လျှော့သောက်ပါ သို့မဟုတ် ရှောင်ပါ။
    • ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
    • ဝမ်းသွားချင်သည့်အချိန်တွင် ထိန်းချုပ်မထားပါနှင့်။
  2. ဆေးဝါးများဖြင့် ကုသခြင်း
    အထက်ပါအတိုင်း အစားအသောက် နေထိုင်မှု ပြောင်းလဲသော်လည်း ဝမ်းချုပ်ခြင်း ဆက်လက်ခံစားနေရပါက ဝမ်းပျော့ဆေးကို သောက်သုံးကြည့်နိုင်သည်။ လူတစ်ဦးနှင့် တစ်ဦး ဝမ်းပျေ့ာဆေးအပေါ် တုံ့ပြန်မှု မတူညီသဖြင့် အကောင်းဆုံးဝမ်းပျေ့ာဆေးဟူ၍ မရှိပါ။ မိမိနှင့်အဆင်ပြေနိုင်မည့် ဝမ်းပျေ့ာဆေးကို မိမိ၏ မိသားစုဆရာဝန်နှင့် တိုင်ပင်၍ သောက်သုံးနိုင်သည်။
    Lactulose, Bisacodyl, MOM (Milk of magnesia) စသည့် ဆေးများသည် အသုံးများသော ဝမ်းပျော့ဆေးများဖြစ်သည်။ ဝမ်းပျော့ဆေးများကို နှစ်ရှည်လများ စွဲမသောက်သင့်ပါ။ နှစ်ရှည်လများ စွဲသောက်ခြင်းဖြင့် ခန္ဓာကိုယ်တွင်း ဆားဓာတ်များ မျှတမှုမရှိခြင်း၊ အူလမ်းကြောင်း လှုပ်ရှားမှု နှေးကွေးသွားခြင်း၊ ဝမ်းပျေ့ာဆေး ဖြတ်လိုက်ပါက ပြန်၍ဝမ်းချုပ်ခြင်းတို့ ဖြစ်လာနိုင်သည်။ ဝမ်းမှန်လာပါက ဝမ်းပျေ့ာဆေးများကို ချက်ချင်းမရပ်ဘဲ အနည်းဆုံး တစ်လခန့် ဆက်လက်သောက်သုံးပြီးမှ တဖြည်းဖြည်း ရပ်နားရမည်။ အလွန်ဝမ်းချုပ်ပါက ဝမ်းချူဆေး (Enema and Suppositories) များဖြင့် တစ်ခါတစ်ရံ ကုသနိုင်သည်။
    မကြာခဏဝမ်းချုပ်ခြင်း မဖြစ်စေရန် ၎င်းကိုဖြစ်စေသောအကြောင်းရင်းကို ရှာဖွေကုသရမည်။
  3. လိုအပ်ပါက ခွဲစိတ်ကုသခြင်း
    ပုံမှန်အားဖြင့် ဝမ်းချုပ်ခြင်းသည် ခွဲစိတ်ကုသရန် မလိုအပ်ပါ။ သို့သော် အူလမ်းကြောင်းပိတ်ခြင်း၊ အူလမ်းကြောင်းကျဉ်းခြင်း၊ စအိုကွဲခြင်း စသည်တို့ဖြစ်ပါက ခွဲစိတ်ကုသရန် လိုအပ်နိုင်သည်။
ကာကွယ်ခြင်း

အောက်ပါနည်းလမ်းများကို လုပ်ဆောင်ခြင်းဖြင့် ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်သည်။

  • အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်သော ဟင်းသီးဟင်းရွက်များ၊ အသီးအနှံများနှင့် ပဲအမျိုးမျိုးတို့ စားသုံးခြင်း
  • အမျှင်ဓာတ်ပါဝင်မှုနည်းသည့် ဆီကြော်မုန့်များ၊ အသားများစားသုံးခြင်းကို လျှော့ချခြင်း
  • ရေများများသောက်ခြင်း
  • လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း
  • ဝမ်းသွားချင်နေသည့်အချိန်တွင် ဝမ်းသွားခြင်း
  • ဝမ်းသွားခြင်းကို အလေ့အကျင့်ပြုလုပ်ခြင်း စသည်တို့ကို လုပ်ဆောင်ခြင်းဖြင့် ဝမ်းချုပ်ခြင်းမှ ကင်းဝေးနိုင်သည်။

References:

  1. Constipation – Symptoms and causes. (n.d.). Mayo Clinic. Retrieved June 3, 2024, from https://www.mayoclinic.org/diseases-conditions/constipation/symptoms-causes/syc-20354253
  2. Constipation – Diagnosis and treatment – Mayo Clinic. (n.d.). Retrieved June 3, 2024, from https://www.mayoclinic.org/diseases-conditions/constipation/diagnosis-treatment/drc-20354259
  3. What Is Constipation? (2023). WebMD. Retrieved June 3, 2024, from https://www.webmd.com/digestive-disorders/digestive-diseases-constipation

Share

Category

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.