Vaccination In Pregnancy (ကိုယ်ဝန်ဆောင်စဉ် ကာကွယ်ဆေးထိုးနှံခြင်း)

Vaccination In Pregnancy (ကိုယ်ဝန်ဆောင်စဉ် ကာကွယ်ဆေးထိုးနှံခြင်း)

ကိုယ်ဝန်ဆောင်စဥ် ကာကွယ်ဆေးထိုးနှံခြင်း (Vaccination in pregnancy) သည် ကိုယ်ဝန်ဆောင်မိခင်၏ ကိုယ်ခံအားကို မြင့်တက်စေသည့် အပြင် သန္ဓေသားရောဂါဖြစ်ခြင်းကိုပါ ကာကွယ်ပေးသည်။ မိခင်ကိုယ်ခန္ဓာအတွင်း၌ ကာကွယ်ဆေးကြောင့် ဖြစ်ပေါ်လာသည့် ပဋိပစ္စည်း (antibody) များသည် အချင်းမှတစ်ဆင့် သန္ဓေသားဆီသို့ ရောက်ရှိသွားပြီး၊ ကာကွယ်ဆေး မထိုးနိုင်သေးသည့် မွေးကင်းစကာလ ပထမ လအနည်းငယ်တွင် သန္ဓေသားကို ရောဂါများမှ ကာကွယ်ပေးနိုင်သည်။

ကိုယ်ဝန်ဆောင်စဥ်ကာလအတွင်း ရောဂါပိုးအသေမှ ပြုပြင်ထုတ်လုပ်ထားသော ကာကွယ်ဆေး (Killed Vaccine) များကို ထိုးနှံလျှင် ယေဘုယျအားဖြင့် ဘေးကင်းသော်လည်း ပိုးအရှင်၏ တစ်စိတ်တစ်ပိုင်းမှ ပြုပြင်ပြောင်းလဲ ထုတ်လုပ်ထားသည့် ကာကွယ်ဆေး (Live Vaccine) များကိုမူ ရှောင်ကြဥ်ရမည်။

ကိုယ်ဝန်ဆောင်စဥ် ကာကွယ်ဆေးထိုးနှံခြင်း၏ အကျိုးကျေးဇူးများ

ကိုယ်ဝန်ဆောင်စဥ် ကာကွယ်ဆေးထိုးနှံခြင်းသည် မိခင်နှင့်သန္ဓေသား နှစ်ဦးစလုံးအတွက် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများစွာကို ရရှိစေသည်။

  • ကိုယ်ဝန်ဆောင်ချိန်တွင် ကိုယ်ခံအားစနစ် အနည်းငယ် ပြောင်းလဲတတ်သဖြင့် တုပ်ကွေး သို့မဟုတ် ကိုဗစ် (၁၉) ကဲ့သို့သော ရောဂါပိုးများကြောင့်ဖြစ်သော နောက်ဆက်တွဲ ရောဂါလက္ခဏာများ (ဥပမာ-အဆုတ်ရောင်ခြင်း၊ဆေးရုံတက်ရခြင်း) ပြင်းထန်နိုင်သည်၊ ကာကွယ်‌ဆေးထိုးခြင်းဖြင့် နောက်ဆက်တွဲ ပြင်းထန်ရောဂါလက္ခဏာများ ဖြစ်ပွါးမှုနှုန်းကို လျှော့ချပေးသည်
  • အချို့သော ရောဂါပိုးကူးစက်မှုကြောင့် လမစေ့ဘဲ မွေးဖွားခြင်း သို့မဟုတ် ကိုယ်ဝန်ပျက်ကျခြင်း စသည့် ကိုယ်ဝန်ဆောင် နောက်ဆက်တွဲဆိုးကျိုးများကို လျှော့ချပေးသည်
  • မွေးကင်းစကလေးငယ်များသည် မွေးဖွားပြီးမှသာ ကာကွယ်ဆေးများကို စတင်ထိုးနှံနိုင်သဖြင့် ပထမ လအနည်းငယ်အတွင်း ရောဂါပိုးအန္တရာယ်နှင့် ကြုံတွေ့ရနိုင်သည်၊ ကိုယ်ဝန်ဆောင်စဥ် ကာကွယ်‌ဆေးထိုးခြင်းဖြင့် မိခင်ထံမှ ရရှိသော ပဋိပစ္စည်းများက သန္ဓေသားအား ပြင်းထန်သော ရောဂါများမှ ကာကွယ်ပေးသည်၊ ဥပမာအားဖြင့် ကိုယ်ဝန်ဆောင်စဥ် ဆုံဆို့၊ မေးခိုင်၊ ကြက်ညှာ ကာကွယ်ဆေး (Tdap) ထိုးခြင်းဖြင့် အသက် (၂) လအောက် ကလေးငယ်များတွင် ကြက်ညှာချောင်းဆိုးရောဂါ ဖြစ်ပွါးမှုကို များစွာကာကွယ်ပေးနိုင်သည်
ကိုယ်ဝန်ဆောင်စဥ်တွင် ထိုးနှံသင့်သော အကြုံပြုကာကွယ်ဆေးများ
  • ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ရောဂါ ကာကွယ်ဆေး (Tdap)
    • ဤကာကွယ်ဆေးကို ကိုယ်ဝန် (၂၇ – ၃၆) ပတ်အတွင်း စောနိုင်သမျှ ထိုးနှံပေးခြင်းသည် ကလေးကိုပါ ရောဂါမဖြစ်စေရန် ရက်သတ္တပတ် အနည်းငယ်ထိ ကာကွယ်ပေးနိုင်သည်
    • သုံးမျိုးပေါင်းစပ်ထားသော ကာကွယ်ဆေးမရရှိပါက မေးခိုင်ကာကွယ်‌ဆေးတစ်မျိုးတည်းကို မဖြစ်မနေ ထိုးနှံရန်လိုသည်
    • အမေရိကန် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဗဟိုဌာန (CDC) မှ ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ကိုယ်ဝန်ဆောင်ချိန်တိုင်းတွင် Tdap ကာကွယ်ဆေး တစ်ကြိမ် ထိုးနှံရန် အကြံပြုထားသည်၊ ထိုသို့ထိုးနှံထားခြင်းဖြင့် အသက် (၂) လအောက် ကလေးငယ်များတွင် ကြက်ညှာချောင်းဆိုးရောဂါ ဖြစ်ပွါးမှု၏ (၇၈%) ခန့်၊ အသက် (၂) လအောက် ကြက်ညှာချောင်းဆိုးရောဂါရှိသော ကလေးငယ်များ ဆေးရုံတက်ရခြင်း၏ (၉၀%) ခန့် ကို ကာကွယ်မှုပေးနိုင်သည်
  • တုပ်‌ကွေးကာကွယ်ဆေး (Flu Vaccine)
    • တုပ်ကွေးကာကွယ်ဆေးကို တုပ်ကွေးရာသီတွင် ကိုယ်ဝန်ဆောင်ပါက ထိုးသင့်သည်
    • ကိုယ်ဝန်ဆောင်ကာလတွင် တုပ်ကွေးရောဂါဖြစ်ပါက ပြင်းထန်သော‌ ရောဂါလက္ခဏာများ ခံစားရနိုင်သည်
    • ထို့ကြောင့် ကိုယ်ဝန်ဆောင်မိခင်သည် တုပ်ကွေးကာကွယ်ဆေးကို တစ်နှစ်လျှင် တစ်ကြိမ်စီ နှစ်စဥ်ထိုးပေးခြင်းဖြင့် မွေးလာမည့်ကလေးကိုပါ တုပ်ကွေး၏ ပြင်းထန်လက္ခဏာများကို ကာကွယ်ပေးနိုင်သည်
  • ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေး (Covid 19 Vaccine)
    • ယေဘုယျအားဖြင့် ကျန်းမာသည့် မည်သူမဆို ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံထားသင့်သည်
    • ထိုနည်းတူစွာ ကိုယ်ဝန်ဆောင်ကာလအတွင်း ထိုးနှံလျှင် မိခင်ရော၊ မွေးဖွားလာမည့် ကလေးကိုပါ ပြင်းထန်လက္ခဏာများမှ ကာကွယ်ပေးနိုင်သည်
    • ထိုးနှံရမည့် ကာကွယ်ဆေး အမျိုးအစားများကို သက်ဆိုင်ရာဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ရန်လိုသည်
  • အသည်းရောင်အသားဝါ ဘီ ပိုး ကာကွယ်ဆေး (Hepatitis B vaccine)
    • ထိုကာကွယ်ဆေးသည် ပိုးအသေမှ ပြုပြင်ထုတ်လုပ်ထားသော ကာကွယ်ဆေး (Killed Vaccine) ဖြစ်သောကြောင့် ကိုယ်ဝန်မဆောင်ခင်၊ ကိုယ်ဝန်ဆောင်စဥ်ကာလနှင့် ကိုယ်ဝန်ဆောင်ပြီးကာလများတွင် ထိုးနှံနိုင်သည်
    • အသည်းရောင်အသားဝါ ဘီ ရောဂါသည် ကူးစက်မှုနှုန်း အလွန်မြင့်မားသောကြောင့် ကာကွယ်‌ဆေးထိုးထားခြင်းသည် မိခင်ရောကလေးကိုပါ ကာကွယ်ပေးနိုင်သည်
  • အသက်ရှူလမ်းကြောင်း ဗိုင်းရပ်စ်ပိုး (Respiratory syncytial virus-RSV) ကာကွယ်ဆေး
    • ဤကာကွယ်ဆေးသည်လည်း ကိုယ်ဝန်ဆောင်မိခင်များတွင် ထိုးနှံသင့်သော ကာကွယ်ဆေးတစ်မျိုးဖြစ်သည်
    • RSV ဗိုင်းရပ်စ်ပိုးသည် ကလေး လသားအရွယ်မှ အသက် (၂) နှစ်အောက်တွင် ပြင်းထန်သော အဆုတ်လေပြွန်ရောင်ရောဂါကို ဖြစ်စေသည်
    • ထို့ကြောင့် ကိုယ်ဝန်ဆောင်မိခင်အနေဖြင့် RSV ကာကွယ်ဆေးကို ကိုယ်ဝန် (၃၂)ပတ် မှ (၃၆) ပတ်အတွင်း စက်တင်ဘာလနှင့် ဇန်နဝါရီလကြား ဗိုင်းရပ်စ်ပိုး ကူးစက်မှုများသည့် ကာလတွင် ထိုးနှံသင့်သည်၊ မြန်မာနိုင်ငံတွင် လက်ရှိထိုးနှံနိုင်ခြင်း မရှိသေးပေ
ကိုယ်ဝန်ဆောင်စဥ် မထိုးသင့်သော ကာကွယ်ဆေးများ
  • ဝက်သက်၊ ဂျိုက်သိုး၊ ပါးချိတ်ရောင် ရောဂါကာကွယ်ဆေး (MMR) – ပိုးအရှင်၏ အစိတ်အပိုင်းဖြင့် ပြုလုပ်ထားသော ကာကွယ်ဆေး (Live vaccine) ဖြစ်သောကြောင့် ကိုယ်ဝန်ဆောင်စဥ် ကာလတွင် မထိုးနှံသင့်ပါ
  • ရေကျောက် ကာကွယ်ဆေး (Varicella) – MMR ကာကွယ်ဆေးကဲ့သို့ Live vaccine ဖြစ်သောကြောင့် မထိုးသင့်ပါ
  • သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV vaccine) – ကိုယ်ဝန်မဆောင်မီ သို့မဟုတ် မွေးပြီးမှသာ ထိုးရန် သင့်တော်သည်
လိုအပ်ချက်အရ ထိုးနှံနိုင်သော ကာကွယ်ဆေးများ
  • အဖြစ်များ၍ ရောဂါကူးစက်နိုင်ခြေမြင့်မားသော နေရာဒေသများမှ ကိုယ်ဝန်ဆောင် မိခင်များအနေဖြင့် ဦး‌နှောက်အမြှေးရောင် ကာကွယ်ဆေး (Meningococcal Vaccine)၊ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး (Pneumococcal Vaccine) များကို လိုအပ်လျှင် ထိုးနိုင်သည်
  • ခွေးရူးပြန်ကာကွယ်ဆေး (Rabies Vaccine) – လိုအပ်ပါက (ဥပမာ – တိရစ္ဆာန်ကိုက်ခံရပါက) ထိုးနှံနိုင်သည်
  • အသည်းရောင်အသားဝါ အေ ကာကွယ်ဆေး (Hepatitis A vaccine) ကို ပုံမှန်အားဖြင့် ထိုးနှံရန်မလိုဘဲ ရောဂါကူးစက်နိုင်ခြေ မြင့်မားသည့်အခြေအနေများ (ဥပမာ – ရောဂါအဖြစ်များသည့်ဒေသသို့ ခရီးသွားခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းသော ပတ်ဝန်းကျင်တွင် နေထိုင်ခြင်း၊ အလုပ်အကိုင် သို့မဟုတ် နေထိုင်မှုပုံစံအရ ပိုးနှင့်ထိတွေ့နိုင်ခြေရှိခြင်း) ရှိမှသာ ထိုးနှံရန် အကြံပြုသည်
ဘေးထွက်ဆိုးကျိုးများ
  • ယေဘုယျအားဖြင့် ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လေ့မရှိဘဲ ကာကွယ်ဆေးများ၏ သာမန်ဘေးထွက်ဆိုးကျိုးများသာ ဖြစ်နိုင်ပြီး အများအားဖြင့် (၂) ရက်အတွင်း သက်သာသွားနိုင်သည်။
  • ဖြစ်နိုင်သောဘေးထွက်ဆိုးကျိုးများမှာ_
    • ကာကွယ်ဆေးထိုးထားသောနေရာတွင် နီခြင်း၊ ရောင်ရမ်းခြင်း၊ နာကျင်ခြင်း
    • ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ မူးဝေခြင်း၊ မူးမေ့ခြင်း
    • ခေါင်းကိုက်ခြင်း၊ မအီမသာဖြစ်ခြင်း၊ ပျို့ခြင်း
    • ကြွက်သားနာကျင်ခြင်း၊ အရိုးအဆစ်နာကျင်ခြင်း အစရှိသည်တို့ ဖြစ်နိုင်သည်။

ကာကွယ်ဆေးမထိုးမီ မိမိ၏သားဖွားမီးယပ် အထူးကုဆရာ၀န်နှင့် သေချာတိုင်ပင် ဆွေးနွေးပြီးမှ ထိုးသင့်သည်။ အထက်ဖော်ပြပါ ထိုးနှံသင့်သော ကာကွယ်ဆေးများသည် ကိုယ်ဝန်ဆောင်မိခင်နှင့် သန္ဓေသားအတွက် ဘေးကင်းပြီး ထိရောက်မှုရှိကြောင်း သုတေသနများစွာမှ အတည်ပြုထားပြီးဖြစ်သည်။ ကိုယ်ဝန်ဆောင်စဉ် ကာကွယ်ဆေးထိုးနှံခြင်းသည် မိခင်နှင့် ရင်သွေးငယ်၏ ကျန်းမာရေးအတွက် ဘေးကင်းစိတ်ချရပြီး အလွန်အကျိုးကျေးဇူးများသော ကျန်းမာရေးစောင့်ရှောက်မှုတစ်ခုဖြစ်သည်။

References:

  1. Cleveland Clinic. (2024). Vaccinations during pregnancy: What you need and what to avoid. Retrieved March 23, 2026, from https://health.clevelandclinic.org/vaccinations-during-pregnancy
  2. Centers for Disease Control and Prevention. (2025). Guidelines for vaccinating pregnant women. Retrieved March 23, 2026, from https://www.cdc.gov/vaccines-pregnancy/hcp/vaccination-guidelines/index.html
  3. Centers for Disease Control and Prevention. (2024). Vaccine recommendations before, during, and after pregnancy. Retrieved March 23, 2026, from https://www.cdc.gov/vaccines-pregnancy/hcp/maternal-vaccines/index.html
  4. UNICEF. (n.d.). Vaccines during pregnancy: Which vaccinations are recommended and why. Retrieved March 23, 2026, from https://www.unicef.org/eca/stories/vaccines-during-pregnancy-which-vaccinations-are-recommended-and-why
  5. National Health Service. (n.d.). Vaccinations in pregnancy. Retrieved March 23, 2026, from https://www.nhs.uk/pregnancy/keeping-well/vaccinations/

Published: 22 April 2026

Share

22 April 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.