ငလျင်ကြောင့် အခြေခံအဆောက်အအုံများ ပျက်စီးခြင်း၊ သန့်ရှင်းရေး ချို့တဲ့ခြင်း၊ ရေနှင့်စားနပ်ရိက္ခာ မလုံလောက်ခြင်း၊ လူဦးရေထူထပ်စွာ နေထိုင်ရခြင်း၊ သောက်သုံးရေနှင့် အိမ်သာများ မလုံလောက်ခြင်း စသည်တို့သည် ကူးစက်ရောဂါများကို အလွယ်တကူ ပြန့်ပွါးစေနိုင်သည်။ ကူးစက်ရောဂါများသည် ကာကွယ်၍ရနိုင်သော၊ စောစီးစွာကာကွယ်ကုသခြင်းမရှိပါက ထိန်းချုပ်ကုသရန် ခက်ခဲသော ကျန်းမာရေးပြဿနာတစ်ခုဖြစ်သည်။ ထို့ကြောင့် ကြိုတင်ကာကွယ်ခြင်း၊ အချိန်မီသိရှိကုသခြင်းများ ဆောင်ရွက်ရန်အရေးကြီးသည်။
ငလျင်အပြီး အဖြစ်များသော ကူးစက်ရောဂါများ
ပြင်းထန်ငလျင်အပြီး အဖြစ်များသော ကူးစက်ရောဂါများမှာ_
- အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ (Respiratory Infections)
ဖုန်မှုန့်၊ မီးခိုးနှင့် အဆောက်အဦး အပျက်အစီးများမှ ထွက်လာသော အမှုန်၊ အနံ့များကြောင့် မသန့်ရှင်းသည့်လေထု၊ လူအများစုဝေးနေထိုင်ရခြင်း၊ ရောဂါကူးစက်မှု ကာကွယ်သည့် အလေ့အထများ အားနည်းမှု စသည်တို့သည် အအေးမိခြင်း (Common cold)၊ အဆုတ်ရောင်ခြင်း (Pneumonia)၊ ကိုဗစ် – ၁၉ ရောဂါ (COVID-19)၊ တီဘီရောဂါ (Tuberculosis) နှင့် ဝက်သက်ရောဂါ (Measles) စသည်တို့ကို ပြန့်ပွါးစေသည်။ - ရေနှင့်ဆိုင်သော ကူးစက်ရောဂါများ (Waterborne Diseases)
မသန့်ရှင်းသော ရေနှင့်အစားအစာများ စားသောက်မိခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းခြင်း၊ အညစ်အကြေးစွန့်ပစ်မှု စနစ်တကျမရှိနိုင်ခြင်း စသည်တို့ကြောင့် သာမန်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ကာလဝမ်းရောဂါ (Cholera)၊ အသည်းရောင်အသားဝါရောဂါ (Hepatitis A and Hepatitis E)၊ အူရောင်ငန်းဖျားရောဂါ (Typhoid) စသည်တို့ ဖြစ်ပွါးတတ်သည်။ - ရောဂါမျိုးသယ်ဆောင်သော ပိုးမွှားကောင်များမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ (Vector-borne diseases)
ခြင်၊ ယင် စသည့် အင်းစက်ပိုးမွှားများနှင့် ကြွက်ကဲ့သို့ တိရစ္ဆာန်များမှတစ်ဆင့် ကူးစက်သည့် သွေးလွန်တုပ်ကွေးရောဂါ (Dengue)၊ ငှက်ဖျားရောဂါ (Malaria)၊ ဂျပန်ဦးနှောက်ရောင်ရောဂါ (Japanese B Encephalitis) နှင့် အသည်းရောင်ရောဂါတစ်မျိုးဖြစ်သော Leptospirosis စသည့် ရောဂါများလည်း ဖြစ်ပွါးနိုင်သည်။ - အရေပြားရောဂါများ (Skin Infections)
ညစ်ညမ်းသောရေ၊ ဖုန်၊ အမှုန်များနှင့် ထိတွေ့မှု၊ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းမှုများကြောင့် ဝဲ၊ ယားနာရောဂါများ (Scabies)၊ မှိုရောဂါများ (Fungal infections)၊ ဘက်တီးရီးယားပိုးများကြောင့်ဖြစ်သော အရေပြားရောင်ရမ်းနာများ (Bacterial skin infections) များ လွယ်ကူစွာဖြစ်နိုင်သည်။ - ဒဏ်ရာများနှင့် ကူးစက်ရောဂါများ (Wounds & Infections)
ထိခိုက်ဒဏ်ရာများကို အချိန်မီ စနစ်တကျမကုသနိုင်လျှင် ရောဂါပိုးဝင်ခြင်း၊ ပိုးဆိပ်ပျံ့ခြင်းများ၊ မေးခိုင်ရောဂါ (Tetanus) စသည်တို့ ဖြစ်ပွါးနိုင်သည်။ - လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ
ကျန်းမာရေးစောင့်ရှောက်မှုများ မရှိခြင်း၊ အင်အားသုံး အနိုင်ကျင့်နှိပ်စက်ခြင်းများ စသည်တို့ကြောင့် လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများလည်း ပိုမိုများပြားလာနိုင်သည်။ - မျက်စိနာခြင်း (Conjunctivitis)
လက်မသန့်ခြင်း၊ ရေနှင့်လေထု ညစ်ညမ်းခြင်း စသည်တို့ကြောင့် ပိုမိုကူးစက်သည်။
ကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ခြင်း
ငလျင်ဘေးအန္တရာယ်အပြီး ကူးစက်ရောဂါများ မပြန့်ပွါးစေရန် ကာကွယ်ထိန်းချုပ်နည်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
ရေနှင့်အစားအသောက်
- သန့်စင်သောရေ (ကျိုချက်ခြင်း၊ ကလိုရင်းထည့်ခြင်း သို့မဟုတ် ရေသန့်ဘူး) သောက်သုံးခြင်း
- အဆိုပါ သန့်စင်သော ရေအရင်းအမြစ်များ ရရှိရန် စီစဥ်ထားရှိခြင်း [လူတစ်ဦးစာ သောက်သုံးရန်၊ ချက်ပြုတ်ရန်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် အသုံးပြုရန် တစ်ရက်လျှင် ရေ (၁၅)လီတာ မှ (၂၀)လီတာအထိ ရရှိရန် လိုအပ်သည်]
- စားသောက်ကုန်ပစ္စည်းများနှင့် ရေကို စနစ်တကျ သန့်ရှင်းစွာ သိုမှီးစားသုံးခြင်း
- လုံလောက်သော အာဟာရဓာတ်ရရှိမည့် အစားအစာများ စီစဥ်ပံ့ပိုးခြင်း
- ယာယီယင်လုံအိမ်သာများ ပြုလုပ်သုံးစွဲခြင်း
- လက်ကို ရေ၊ ဆပ်ပြာ သို့မဟုတ် လက်သန့်စင်ဆေးရည်ဖြင့် ဆေးကြောခြင်း (အနည်းဆုံး အစားအစာများ မကိုင်တွယ်မီနှင့် အညစ်အကြေးစွန့်ပြီးအချိန်တွင် မဖြစ်မနေ သန့်စင်ဆေးကြောသင့်သည်)
- တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ လိုက်နာကျင့်သုံးနိုင်ရန် အသိပညာပေးခြင်း၊ ပံ့ပိုးကူညီခြင်းများ
ရောဂါကူးစက်နိုင်ခြေလျော့နည်း၍ လုံခြုံစိတ်ချရသည့် ယာယီနားခိုရာနေရာများ စီစဥ်ခြင်း
- လေဒဏ်၊ မိုးဒဏ်၊ နေပူဒဏ်မှ ကာကွယ်ရန် ခိုင်ခံ့သော နားခိုရာနေရာများ ပြုလုပ်ခြင်း (ပြိုကျနိုင်သော အဆောက်အဦးများ၊ အန္တရာယ်ရှိသည့် နေရာများနှင့် ဝေးကွာရမည်)
- ယာယီနားခိုရာနေရာများတွင် လူတစ်ဦးအတွက် အနည်းဆုံး စတုရန်းမီတာ (၃.၅) မီတာ အကျယ်အဝန်းထားရှိခြင်း
- လေဝင်လေထွက် ကောင်းမွန်ရန် စီစဥ်ထားရှိခြင်း၊ နှာခေါင်းစည်းများ စနစ်တကျ အသုံးပြုခြင်း
ရောဂါပိုးသယ်ဆောင်သူများကို ထိန်းချုပ်ခြင်း
- ခြင်ပေါက်ဖွားနိုင်သည့် ရေခိုအောင်းရာနေရာများကို ရှင်းလင်းဖယ်ရှားခြင်း
- ဆေးစိမ်ခြင်ထောင်နှင့် ခြင်မကိုက်ဆေးများ အသုံးပြုခြင်း
- ကြွက် အစရှိသည့် ရောဂါသယ်ဆောင်နိုင်သည့် တိရစ္ဆာန်များကို ထိန်းချုပ်ရှင်းလင်းခြင်း
- အမှိုက်နှင့်စွန့်ပစ်ပစ္စည်းများကို ပုံမှန်သိမ်းဆည်းစွန့်ပစ်ခြင်း
ကူးစက်ရောဂါများအတွက် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း
- ဝမ်းပျက်ဝမ်းလျှော၊ ဝက်သက်နှင့် အသက်ရှူလမ်းကြောင်းရောဂါများစသည့် ကူးစက်ရောဂါများ ကပ်ရောဂါအသွင် ဖြစ်ပွါးလာနိုင်သည့်အတွက် အဆိုပါရောဂါများ ကူးစက်ပြန့်ပွါးမှု အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ မှတ်တမ်းယူစိစစ် စောင့်ကြပ်ခြင်း
- ကူညီကယ်ဆယ်ရေးပြုလုပ်သူများကို ကူးစက်ရောဂါများ၏ ကနဦး ရောဂါလက္ခဏာများ သိရှိစောင့်ကြည့်ရန်နှင့် အချိန်မီသတင်းပို့ရန် လေ့ကျင့်သင်ကြားပေးခြင်း
- ရောဂါပိုးသံသယရှိသူများကို အချိန်မီခွဲခြားသိရှိနိုင်မှုနှင့် ပြုစုစောင့်ရှောက်ရန် သီးခြားနေရာများ စီစဥ်ထားခြင်း
ကာကွယ်ဆေးထိုးခြင်း
- ဝက်သက်နှင့် မေးခိုင်ရောဂါများအတွက် ကာကွယ်ဆေးလွှမ်းခြုံမှုအားနည်းသည့် ဒေသများတွင် ထပ်ဆောင်းကာကွယ်ဆေးထိုးခြင်း
- ရောဂါကူးစက်နိုင်ခြေများသူများအတွက် COVID-19၊ ရာသီတုပ်ကွေးနှင့် ဦးနှောက်အမြှေးရောင် ကာကွယ်ဆေးများ ထိုးနှံခြင်း
- ကာကွယ်ဆေးများကို အပူချိန်ထိန်း သယ်ဆောင်သိုမှီး သုံးစွဲနိုင်ရန်အတွက် နေရောင်ခြည်စွမ်းအင်သုံး အအေးခန်းများ၊ ရွှေ့ပြောင်းနိုင်သော အအေးခန်းစနစ်များ စနစ်တကျစီစဥ်သုံးစွဲခြင်း
ကြွင်းကျန်ရစ်သော ရုပ်အလောင်းများကို စနစ်တကျ သင်္ဂြိုလ်ခြင်း
- တစ်ကိုယ်ရေသုံး အကာအကွယ်ပစ္စည်းများ (လက်အိတ်၊ လည်ရှည်ဖိနပ်၊ မျက်နှာဖုံး စသည်) အသုံးပြု၍ ကိုင်တွယ်ခြင်း (လေထုမှတစ်ဆင့် ရောဂါပိုးကူးစက်နိုင်ခြေများလျှင် N95 မျက်နှာဖုံးများ အသုံးပြုရန်)
- ရုပ်အလောင်းများကို ကိုင်တွယ်မည့်သူများတွင် အရေပြားအနာ သို့မဟုတ် ဒဏ်ရာများရှိလျှင် သေချာစွာ ဖုံးအုပ်ကာကွယ်ထားခြင်း
- မကိုင်တွယ်မီနှင့် ကိုင်တွယ်ပြီးအချိန်များတွင် လက်ကို သေချာစွာ ဆေးကြောသန့်စင်ခြင်း
- မလိုအပ်ဘဲ ကိုင်တွယ်ခြင်း၊ နေရာရွှေ့ပြောင်းခြင်းများ မပြုလုပ်ခြင်း
- ရုပ်ကြွင်းများမှ အရည်များ ယိုစီးခြင်းရှိပါက သတ်မှတ်ထားသော အရည်စုပ်ပစ္စည်းကိရိယာများ အသုံးပြုခြင်း၊ အရည်မဖောက်ဝင်နိုင်သော ပလတ်စတစ်စဖြင့် ပတ်၍ထုပ်ပိုးခြင်း သို့မဟုတ် ရုပ်အလောင်းထည့်အိတ် အသုံးပြုခြင်း
- အဆိုပါအိတ် သို့မဟုတ် အပြင်ဘက်အကာကို (၀.၅%) ကလိုရင်းပိုးသတ်ဆေးရည်ဖြင့် ပိုးသတ်ခြင်း
- ရနိုင်သမျှ ကိုယ်ပိုင်အမှတ်အသားများဖြင့် ရုပ်ကြွင်းများကို စနစ်တကျ ခွဲခြားမှတ်သားထားခြင်း
- ချက်ချင်းသင်္ဂြိုလ်ခြင်းမပြုနိုင်သေးပါက ရုပ်ကြွင်းများကို အေးမြ၍ အရိပ်ရသောနေရာများတွင် ထိန်းသိမ်းထားခြင်း
- ထိုသို့ထားရှိရာတွင် အစားအစာ၊ ဆေးဝါးများ သိုမှီးရာနေရာများနှင့် သီးခြားဝေးကွာသည့်နေရာများတွင် ရွေးချယ်ထိန်းသိမ်းခြင်း
- ရုပ်ကြွင်းမှထွက်သော အရည်များနှင့် ထိတွေ့ကူးစက်နိုင်သော မျက်နှာပြင်များ (ကိရိယာများ၊ သယ်ယူပို့ဆောင်ရေးယာဥ်များ စသည်)ကို ကောင်းစွာဆေးကြောပိုးသတ်ခြင်း (အထက်ဖော်ပြပါ ကလိုရင်းဆေးရည် သို့မဟုတ် အခြားသတ်မှတ်ထားသော ပိုးသတ်ဆေးရည်များဖြင့် ပိုးသတ်နိုင်သည်)
ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီနိုင်အောင်စီမံခြင်း
- ရွေ့လျားဆေးခန်း (Mobile clinics) များ ထူထောင်ကုသခြင်း
- ထိခိုက်သွားသော ဆေးရုံ၊ ဆေးခန်းများ အမြန်ပြင်ဆင်ဖွင့်လှစ်နိုင်ခြင်း
- မရှိမဖြစ်လိုအပ်သော အခြေခံဆေးဝါးများ၊ ကာကွယ်ဆေး၊ အဆိပ်ဖြေဆေးနှင့် ရောဂါပိုးကူးစက်မှု အကာအကွယ်ပစ္စည်းများ လုံလောက်စွာ ရရှိနိုင်ရန် စီစဥ်ထားခြင်း
- ကယ်ဆယ်ရေးလုပ်ဆောင်သူများ၊ စေတနာ့ဝန်ထမ်းများနှင့် ကျန်းမာရေးစောင့်ရှောက်သူများကို ရောဂါပိုးကူးစက်မှု တားဆီးရေး နည်းနာများ လေ့ကျင့်သင်ကြားပေးခြင်း
- အရေးပေါ်အခြေအနေအတွက် ဆေးဘက်ဆိုင်ရာအကူအညီ (Hotline) နံပါတ်များကို ကြိုတင်မှတ်သားထားခြင်း
လူထုကို ကျန်းမာရေး အသိပညာပေးခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း
- ရှင်းလင်းတိကျသော သတင်းစကားကို ရုံးသုံး၊ ဒေသသုံးဘာသာစကားများဖြင့် ဝေငှပေးခြင်း
- ဘာသာစကားနှင့် နားလည်နိုင်စွမ်း အခက်အခဲများအတွက် ရုပ်ပုံ၊ ပိုစတာများ၊ ဇာတ်လမ်းတို စသည်တို့ဖြင့် ထိရောက်စွာ အသိပညာပေးခြင်း
- ရောဂါများနှင့် ပတ်သက်သော ကောလာဟလ၊ ယုံတမ်းနှင့် အထင်အမြင်များကို အများလက်ခံနိုင်သော နည်းနာများဖြင့် ဖြေရှင်းချေပခြင်း
သဘာဝဘေးအန္တရာယ် ကျရောက်ပြီးနောက် ကူးစက်ရောဂါတားဆီးခြင်းသည် ကျန်းမာရေးဝန်ထမ်းများသာ ဆောင်ရွက်ရန် မဟုတ်ချေ။ တာဝန်ရှိ အုပ်ချုပ်သူ၊ ဦးဆောင်သူ၊ ကယ်ဆယ်ရေးလုပ်ကိုင်သူ၊ ဝိုင်းဝန်းထောက်ပံ့ ကူညီသူများနှင့် ဘေးဒဏ်သင့် မိသားစုများကိုယ်တိုင် လူထုလှုပ်ရှားမှုတစ်ရပ်အနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။
သန့်ရှင်းသော သောက်သုံးရေ၊ လုံခြုံစိတ်ချရသော နားခိုရာများရရှိအောင် ဆောင်ရွက်ခြင်း၊ ကာကွယ်ဆေးထိုးခြင်းနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး ထိန်းသိမ်းမှုများကို ဦးစားပေးဆောင်ရွက်ခြင်းဖြင့် ရောဂါကူးစက်မှုနှင့် နောက်ဆက်တွဲကပ်ရောဂါကို ကောင်းစွာ ထိန်းချုပ်တားဆီးနိုင်မည်။ သို့မှသာ အသက်ပေါင်းများစွာ ကယ်တင်နိုင်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းစဥ်ကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်နိုင်မည်ဖြစ်သည်။
ဆက်လက်ဖတ်ရှုရန်
References:
- Baran, A., & Özer, A. (2023). Prevention of infectious diseases after an earthquake. Cam & Sakura Medical Journal, 3, Article 9. https://doi.org/10.4274/csmedj.galenos.2023.2023-9-3
- Jafari, N., Shahsanai, A., Memarzadeh, M., & Loghmani, A. (2011). Prevention of communicable diseases after disaster: A review. Journal of Research in Medical Sciences, 16(7), 956–962.
- World Health Organization. (2006). Management of dead bodies after disasters: A field manual for first responders.
- World Health Organization. (2020). Infection prevention and control for the safe management of a dead body in the context of COVID-19.
Published: 7 April 2025
Last updated: 2 May 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.