Life Course Vaccination (ဘဝသက်တမ်းအလိုက် ကာကွယ်ဆေးထိုးခြင်း)

Life Course Vaccination (ဘဝသက်တမ်းအလိုက် ကာကွယ်ဆေးထိုးခြင်း)

အများပြည်သူကျန်းမာရေးအတွက် ကာကွယ်ဆေးများကို ရာစုနှစ်ပေါင်းများစွာ အသုံးပြုခဲ့ပြီးဖြစ်သည်။ လူတိုင်းသည် မည်သည့်အသက်အရွယ်တွင်ဖြစ်စေ၊ မည်သည့်လူမှုအသိုင်းအဝိုင်းတွင် နေထိုင်သည်ဖြစ်စေ ကြိုတင်ကာကွယ်နိုင်သောရောဂါများ (vaccine-preventable diseases)ကို ကာကွယ်ပြီး ကာကွယ်ဆေးများ၏ အမြင့်ဆုံးအကျိုးကျေးဇူးများ ရရှိနိုင်ရန် မွေးစအချိန်မှစ၍ အိုမင်းသည်အထိ ထိုးနှံသင့်သည်ဟု အကြံပြုထားသော ကာကွယ်ဆေးများအားလုံးကို လက်ခံထိုးနှံသင့်သည်။

ကာကွယ်ဆေး

ကာကွယ်ဆေးများသည် ကလေးလူကြီးအားလုံး ထိုးနှံသည့်အခါ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် အဆင့်ဆင့် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပြီး ပြည့်စုံအောင်မြင်ပြီးမှသာ သုံးစွဲထိုးနှံခွင့်ပြုထားသော ဆေးဝါးများဖြစ်သည်။ ထိုးဆေး၊ ပါးစပ်မှ အစက်ချဆေး၊ နှာခေါင်းအတွင်း ဖျန်းဆေးစသည်ဖြင့် ကာကွယ်ဆေး အမျိုးအစား များစွာရှိသည်။ ကာကွယ်ဆေးများကို ပိုးအသေ၏ အစိတ်အပိုင်းများမှလည်းကောင်း၊ ပိုးအရှင်၏ တစ်စိတ်တစ်ပိုင်းမှလည်းကောင်း ပြုပြင်ပြောင်းလဲ ထုတ်လုပ်ထားကြသည်။ အချို့ကာကွယ်ဆေးများကို ရောဂါပိုး၏ မျိုးဗီဇအစိတ်အပိုင်း အနည်းငယ်ဖြင့်လည်း ပြုပြင်ထုတ်လုပ်ထားသည်။

ပုံမှန်အားဖြင့် ကိုယ်ခန္ဓာအတွင်းသို့ ရောဂါပိုးများ ဝင်ရောက်လာလျှင် ၎င်းတို့သည် ပဋိလှုံ့ပစ္စည်း (antigen) အနေဖြင့် လုပ်ဆောင်ပြီး၊ ကိုယ်ခန္ဓာအတွင်းမှ ပဋိပစ္စည်း (antibody) များ ထွက်စေခြင်းဖြင့် ခန္ဓာကိုယ်၏ ကိုယ်ခံအားကို မြှင့်တင်ပေးသည်။ ထိုပဋိပစ္စည်းများသည် ရောဂါပိုးများကို တိုက်ခိုက်ပေးနိုင်ပြီး ရောဂါဒဏ်ကို ခံနိုင်ရည်ရှိစေရန် ကာကွယ်ပေးသည်။ ကာကွယ်ဆေးထိုးခြင်းသည် ရောဂါပိုးများ အမှန်တကယ် မကူးစက်သေးမီ ကိုယ်ခန္ဓာအတွင်း၌ ပဋိပစ္စည်း (antibody) များ ကြိုတင်ထွက်ရှိစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ ကာကွယ်ဆေးထိုးပြီးနောက် ပဋိပစ္စည်းများ ခန္ဓာကိုယ်အတွင်း ထွက်ရှိရန် ပျမ်းမျှအားဖြင့် (၂)ပတ် မှ (၄)ပတ်ခန့်အထိ ကြာတတ်သည်။

ဆေးပညာအရ ကူးစက်ရောဂါတစ်ခုခုသည်

  • အဖြစ်များခြင်း
  • ကူးစက်ခံရပါက သေဆုံးနိုင်ခြင်း သို့မဟုတ် ကိုယ်အင်္ဂါ အစိတ်အပိုင်းများ ထိခိုက်ပျက်စီးစေခြင်း
  • ကာကွယ်ဆေးထိုးခြင်းဖြင့် ထိုရောဂါပိုးကို ကာကွယ်နိုင်သည့် ကိုယ်ခံအားတုံ့ပြန်မှုကို ဖြစ်ပေါ်စေနိုင်ခြင်းဟူသော အခြေအနေ (၃) ရပ်နှင့် ကိုက်ညီပါက ကာကွယ်ဆေးဖြင့် ကြိုတင်ကာကွယ်ရန် ဦးစားပေးဆုံးဖြတ်သည်။
ကာကွယ်ဆေးများ၏ အကျိုးကျေးဇူးများ
  • အချို့သော ဗိုင်းရပ်စ်များနှင့် ဘက်တီးရီးယားများကြောင့် ဖြစ်သော ရောဂါအခြေအနေများကို ကာကွယ်ပေးသည်
  • ကိုယ်ခံအားတုံ့ပြန်မှုများ မရှိသေးသော၊ အားနည်းသော ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအတွက် ရောဂါကူးစက်နိုင်ခြေကို လျော့နည်းစေသည်
  • ကလေးသေဆုံးမှုများကို လျော့ကျစေသည်
  • ကိုယ်ခံအားနည်းစေသည့် ကင်ဆာရောဂါဝေဒနာရှင်များ၊ ကင်ဆာရောဂါအတွက် ကုသမှုခံယူနေသူများ၊ ကိုယ်ခံအားတုံ့ပြန်မှုကို နည်းစေသော ဆေးဝါးများ (ဥပမာ – စတီးရွိုက်ဆေးများ) သောက်သုံးနေသူများ၊ ကိုယ်တွင်းအင်္ဂါ အစားထိုးကုသမှု ခံယူထားသူများနှင့် ဆီးချိုရောဂါကဲ့သို့သော နာတာရှည် ရောဂါရှင်များကိုလည်း ရောဂါပိုးမွှားများ ကူးစက်ခြင်းမှ ကာကွယ်ပေးသည်

အချို့သော ကာကွယ်ဆေးများသည် ရောဂါပိုးမွှားများသာမက ၎င်း​ပိုးများနှင့်ဆက်စပ်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပွားနိုင်ခြေကိုလည်း လျှော့ချပေးနိုင်သည် (ဥပမာ _ သားအိမ်ခေါင်းကင်ဆာရောဂါကို ဖြစ်ပေါ် စေသော Human Papillomavirus ပိုးကာကွယ်ဆေး (HPV vaccine)၊ အသည်းကင်ဆာဖြစ်စေသော အသည်းရောင် အသားဝါ ဘီ ပိုးကာကွယ်ဆေးတို့ဖြစ်သည်)။

ကာကွယ်ဆေးထိုးရန် ပိုမိုလိုအပ်သူများ
  • မွေးကင်းစ ကလေးငယ်များ
  • အသက် (၁၈) နှစ်အောက် ကလေးများနှင့် ဆယ်ကျော်သက်များ
  • ကိုယ်ဝန်ဆောင်မိခင်များ
  • အသက် (၆၅) နှစ်အထက် သက်ကြီးရွယ်အိုများ
  • ကိုယ်ခံအားနည်းစေသော ရောဂါအခံရှိသူများ (ကင်ဆာရောဂါ၊ ကျောက်ကပ်ရောဂါ၊ သွေးချိုဆီးချို စသည့် ရောဂါများ)
  • ကိုယ်ခံအားနည်းစေသော ဆေးဝါးများကို သောက်သုံးနေရသူများ
  • ဘေလုံး (Spleen) ခွဲစိတ်ဖြတ်ထုတ် ဖယ်ရှားထားသော လူနာများ
  • ကျန်းမာရေးဝန်ထမ်းများ
  • နာတာရှည်လူနာများကို ပြုစုစောင့်ရှောက်နေရသူများ စသည်တို့သည် ကာကွယ်ဆေးထိုးမှု ခံယူရန် လိုအပ်သည့် ဦးစားပေးများဖြစ်သည်။
ဘဝတစ်လျှောက်တွင် ထိုးနှံသင့်သော အကြံပြု ကာကွယ်ဆေးများ
အသက် (၁၂) နှစ်အောက်ရှိ ကလေးများအတွက် ကာကွယ်ဆေးများ

ကာကွယ်ဆေးထိုးစီမံချက်များအတိုင်း အချိန်မီ ထိုးနှံပေးရန်လိုသည်။

အသက် (၁၂) နှစ်မှ (၁၈) နှစ်ကြား ကလေးများနှင့် ဆယ်ကျော်သက်များတွင် ထိုးသင့်သော ကာကွယ်ဆေးများ
  • ရာသီတုပ်ကွေး ကာကွယ်ဆေး (Influenza vaccine) – နှစ်စဥ်ထိုးနှံပေးရန် လိုအပ်သည်
  • ကိုဗစ် (၁၉) ရောဂါ ကာကွယ်ဆေး (COVID 19 vaccine)
  • မေးခိုင်၊ ဆုံဆို့၊ ကြက်ညှာ ကာကွယ်ဆေး (တီဒီပီ) (Tdap)
  • သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (အိတ်ချ်ပီဗီ) (HPV vaccine)
  • ကူးစက်မြန် ပြင်းထန်ဦးနှောက်အမြှေးရောင် ကာကွယ်ဆေး (Meningococcal vaccine)
  • မျောက်ကျောက် ကာကွယ်ဆေး (M Pox vaccine)
  • အသက် (၁၂) နှစ်အောက်တွင် အကြိမ်ရေအပြည့် မထိုးမိပါက ထပ်မံထိုးနိုင်သော ကာကွယ်ဆေးများ
    • ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး (Pneumococcal vaccine)
    • ပိုလီယိုအကြောသေ ကာကွယ်ဆေး (Polio vaccine)
    • အသည်းရောင်အသားဝါ ဘီ ကာကွယ်ဆေး (Hepatitis B vaccine)
    • အသည်းရောင်အသားဝါ အေ ကာကွယ်ဆေး (Hepatitis A vaccine)
    • ရေကျောက်ကာကွယ်ဆေး (Varicella vaccine)
    • ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုး ကာကွယ်ဆေး (Measles, Mumps, Rubella vaccine – MMR vaccine)
အသက် (၁၉) နှစ်နှင့်အထက်တွင် ပုံမှန်ထိုးသင့်သော ကာကွယ်ဆေးများ
ကာကွယ်ဆေးများ(၁၉ – ၂၆) နှစ်ကြား(၂၇ – ၄၉) နှစ်ကြား(၅၀ – ၆၄) နှစ်ကြား(၆၅) နှစ်နှင့်အထက်
ကိုဗစ် (၁၉) ကာကွယ်ဆေး 
(COVID (19) vaccine)
ရာသီတုပ်ကွေး ကာကွယ်ဆေး
(Influenza vaccine)
အဆုတ်လေပြွန်ရောင် ရောဂါ ကာကွယ်ဆေး
(RSV vaccine)
အသက် (၆၀) နှစ်နှင့်အထက်ရှိသူများတွင် ရောဂါဖြစ်နိုင်ခြေများပြီး ယခင်က ကာကွယ်ဆေး မထိုးထားဖူးသူများတွင် ထိုးထားသင့်သည်။
အသက် (၇၅) နှစ်နှင့်အထက် ရှိသူများ ကာကွယ်ဆေးမထိုးထားပါက ထိုးနှံရန်လိုသည်။
ဆုံဆို့၊မေးခိုင်၊ ကြက်ညှာ ကာကွယ်ဆေး
(Tdap or Td vaccine)
ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုး ကာကွယ်ဆေး 
(MMR vaccine)



အသက် (၆၉) နှစ်နှင့်အထက်တွင် ထိုးရန် ညွှန်ကြားချက် မရှိပါ။
ရေကျောက် ကာကွယ်ဆေး
(Varicella vaccine)
ခုခံစွမ်းအားရှိကြောင်း သက်သေအထောက်
အထား မရှိလျှင် ထိုးထားသင့်သည်
ခုခံစွမ်းအားရှိကြောင်း သက်သေအထောက်
အထား မရှိလျှင် ထိုးထားသင့်သည်
အသက် (၅၀) အထက်တွင် ထိုးနှံရန် ညွှန်ကြားချက်မရှိပါ
ဆင်ရေယုန် ကာကွယ်ဆေး
(Recombinant Zoster vaccine)
သားအိမ်‌ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး
(HPV vaccine)
ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေး၍ လိုအပ်လျှင် ထိုးနှံနိုင်သည်။
ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး 
(Pneumococcal vaccine)
အသက် (၁၉) နှစ်မှ (၄၉) နှစ် ရှိသူများတွင် အချို့ရောဂါအခံများရှိပါက ထိုးနှံသင့်သည်အသက် (၁၉) နှစ်မှ (၄၉) နှစ် ရှိသူများတွင် အချို့ရောဂါအခံများရှိပါက ထိုးနှံသင့်သည်
အသက် (၅၀) နှင့် အထက် ယခင်ဆေးမထိုးထားသူများတွင် ထိုးနှံသင့်သည်
အသည်းရောင်အသားဝါ ဘီ ကာကွယ်ဆေး
(Hepatitis B vaccine)
အသက် (၆၀) နှစ်နှင့်အထက်တွင် ရောဂါဖြစ်နိုင်ခြေ များသူများ၊ ဆေးထိုးရန် တောင်းဆိုသူများတွင် ထိုးနှံနိုင်သည်။

အထက်ပါကာကွယ်ဆေးများအပြင် အသက် (၁၉) နှစ်နှင့်အထက်တွင် အောက်ပါကာကွယ်ဆေးများကို လိုအပ်ချက်အရ ထိုးနှံနိုင်သည်။

အသည်း‌ရောင်အသားဝါ အေ ကာကွယ်ဆေး (Hepatitis A vaccine)ရောဂါဖြစ်နိုင်ခြေများခြင်း သို့မဟုတ် ခရီးသွားလာခြင်းအတွက် လိုအပ်လျှင် ထိုးနှံသင့်သည်။
ဦးနှောက်အမြှေးရောင် အဆုတ်ရောင် ကာကွယ်ဆေး
(Hib vaccine)
ရောဂါဖြစ်နိုင်ခြေများသူများတွင် ထိုးနှံသင့်သည်။
ကူးစက်မြန် ပြင်းထန် ဦးနှောက် အမြှေးရောင် ကာကွယ်ဆေး
(Meningococcal ACWY, B vaccine)
ရောဂါဖြစ်နိုင်ခြေများခြင်း သို့မဟုတ် ခရီးသွားခြင်းအတွက် လိုအပ်လျှင် ထိုးနှံသင့်သည်။
ပိုလီယိုအကြောသေ ကာကွယ်ဆေး 
(Inactivated Polio vaccine)
ယခင်က ကာကွယ်ဆေးကို အပြည့်အဝ မထိုးထားလျှင် ထိုးနှံသင့်သည်။
မျောက်ကျောက် ကာကွယ်ဆေး (Mpox vaccine)ရောဂါဖြစ်နိုင်ခြေများသူများတွင် ထိုးနှံသင့်သည်။
ကိုယ်ဝန်ဆောင်မိခင်များအတွက် ကာကွယ်ဆေးများ

ကိုယ်ဝန်ဆောင်စဥ် ကာကွယ်ဆေးထိုးနှံခြင်းသည် ကိုယ်ဝန်ဆောင်မိခင်၏ ကိုယ်ခံအားကို မြင့်တက်စေသည့်အပြင် သန္ဓေသားရောဂါဖြစ်ခြင်းကိုပါ ကာကွယ်ပေးသည်။ အောက်ပါတို့သည် ကိုယ်ဝန်ဆောင်စဉ် ထိုးနှံသင့်သော ကာကွယ်ဆေးများဖြစ်သည်။

  1. အသည်းရောင်အသားဝါ ဘီ ပိုးကာကွယ်ဆေးသည် ပိုးအသေမှ ပြုပြင်ထုတ်လုပ်ထားသော ကာကွယ်ဆေး (Killed Vaccine) ဖြစ်သောကြောင့် ကိုယ်ဝန်မဆောင်ခင်၊ ကိုယ်ဝန်ဆောင်စဥ်ကာလနှင့် ကိုယ်ဝန်ဆောင်ပြီးကာလများတွင် ထိုးနှံနိုင်သည်၊ ကူးစက်မှုနှုန်း အလွန်မြင့်မားသောကြောင့် ကာကွယ်‌ဆေးထိုးထားခြင်းသည် မိခင်ရော ကလေးကိုပါ ကာကွယ်ပေးနိုင်သည်
  2. ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ရောဂါ ကာကွယ်ဆေး (Tdap) ကို ကိုယ်ဝန် (၂၇ – ၃၆) ပတ်အတွင်း စောနိုင်သမျှ ထိုးနှံပေးခြင်းသည် ကလေးကိုပါ ရောဂါမဖြစ်စေရန် ရက်သတ္တပတ် အနည်းငယ်ထိ ကာကွယ်ပေးနိုင်သည်၊ သုံးမျိုးပေါင်းစပ်ထားသော ကာကွယ်ဆေးမရရှိပါက မေးခိုင်ကာကွယ်‌ဆေးကို မဖြစ်မနေ ထိုးနှံရန်လိုသည်၊ ကိုယ်ဝန်တစ်ခါဆောင်တိုင်း တစ်ခါထိုးနှံရန် လိုအပ်သည်
  3. တုပ်‌ကွေးကာကွယ်ဆေး (Flu Vaccine) ကို တုပ်ကွေးရာသီတွင် ကိုယ်ဝန်ဆောင်ပါက ထိုးရမည်၊ ကိုယ်ဝန်ဆောင်ကာလတွင် တုပ်ကွေးရောဂါဖြစ်ပါက ပြင်းထန်သော‌ ရောဂါလက္ခဏာများ ခံစားရနိုင်သည်၊ ထို့ကြောင့် ကိုယ်ဝန်ဆောင်မိခင်သည် တုပ်ကွေးကာကွယ်ဆေးကို တစ်နှစ်လျှင် တစ်ကြိမ်ဖြင့် နှစ်စဥ်ထိုးပေးခြင်းဖြင့် မွေးလာမည့်ကလေးကိုပါ တုပ်ကွေး၏ ပြင်းထန်လက္ခဏာများကို ကာကွယ်ပေးနိုင်သည်
  4. ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေး (Covid 19 Vaccine) သည် ကိုယ်ဝန်ဆောင်ကာလတွင် စိတ်ချ၍ အန္တရာယ်ကင်းပြီး မိခင်ရော၊ ကလေးကိုပါ ပြင်းထန်လက္ခဏာများကို ကာကွယ်ပေးနိုင်သည်၊ ထိုးနှံရမည့် ကာကွယ်ဆေးအမျိုးအစားများကို သက်ဆိုင်ရာဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ရန်လိုသည်
  5. အသက်ရှူလမ်းကြောင်း ဗိုင်းရပ်စ်ပိုး (Respiratory syncytial virus-RSV) ကာကွယ်ဆေးသည်လည်း ကိုယ်ဝန်ဆောင်မိခင်များတွင် ထိုးနှံသင့်သော ကာကွယ်ဆေးတစ်မျိုးဖြစ်သည်၊ RSV ဗိုင်းရပ်စ်ပိုးသည် ကလေးလသားအရွယ်မှ အသက် (၂) နှစ်အောက်တွင် ပြင်းထန်သော အဆုတ်လေပြွန်ရောင်ရောဂါကို ဖြစ်စေသည်၊ ထို့ကြောင့် ကိုယ်ဝန်ဆောင်မိခင်အနေဖြင့် RSV ကာကွယ်ဆေးကို ကိုယ်ဝန် (၃၂) ပတ် မှ (၃၆) ပတ်အတွင်း စက်တင်ဘာလနှင့် ဇန်နဝါရီလကြား ဗိုင်းရပ်စ်ပိုး ကူးစက်မှုများသည့် ကာလတွင် ထိုးနှံသင့်သည်၊ မြန်မာနိုင်ငံတွင် လက်ရှိထိုးနှံနိုင်ခြင်း မရှိသေးပေ

ကိုယ်ဝန်ဆောင်ချိန် မထိုးသင့်သောကာကွယ်ဆေး – ဝက်သက်၊ ဂျိုက်သိုး၊ ပါးချိတ်ရောင် ရောဂါကာကွယ်ဆေး (MMR) သည် အကောင်အရှင်၏ အစိတ်အပိုင်းဖြင့် ပြုလုပ်ထားသော ကာကွယ်ဆေး (Live vaccine) ဖြစ်သောကြောင့် ကိုယ်ဝန်ဆောင်စဥ် ကာလတွင် ထိုး၍ မရပါ။ ထို့ကြောင့် က‌လေးယူမည့် မိခင်လောင်းများအနေဖြင့် ကိုယ်ဝန်မဆောင်ခင် တစ်လအလို၌ ကြိုတင်ထိုးနှံထားပါက ပို၍အကျိုးရှိနိုင်သည်

ဆက်လက်ဖတ်ရှုရန်

References:

  1. Mayo Clinic. (n.d.). Vaccine guidance: Infectious diseases. Retrieved October 16, 2025, from https://www.mayoclinic.org/diseases-conditions/infectious-diseases/in-depth/vaccine-guidance/art-20536857
  2. Mayo Clinic. (n.d.). Vaccines: Adult health. Retrieved October 16, 2025, from https://www.mayoclinic.org/healthy-lifestyle/adult-health/in-depth/vaccines/art-20046750
  3. Cleveland Clinic. (n.d.). Vaccines. Retrieved October 16, 2025, from https://my.clevelandclinic.org/health/treatments/24135-vaccines
  4. Cleveland Clinic. (n.d.). Vaccines for adults. Retrieved October 16, 2025, from https://health.clevelandclinic.org/vaccines-for-adults
  5. Centers for Disease Control and Prevention. (n.d.). Adult immunization schedule (easy-read) [PDF]. Retrieved October 16, 2025, from https://www.cdc.gov/vaccines/schedules/downloads/adult/adults-schedule-easy-read.pdf
  6. Centers for Disease Control and Prevention. (n.d.). Childhood immunization schedule (0–18 years) [PDF]. Retrieved October 16, 2025, from https://www.cdc.gov/vaccines/schedules/downloads/child/0-18yrs-child-combined-schedule.pdf
  7. University of Illinois Chicago College of Pharmacy. (2025). What are the expanded recommendations for pneumococcal conjugate vaccine use in adults? Retrieved October 16, 2025, from https://dig.pharmacy.uic.edu/faqs/2025-2/june-2025-faqs/what-are-the-expanded-recommendations-for-pneumococcal-conjugate-vaccine-use-in-adults/

Published: 26 October 2024

Last updated: 3 January 2026

Share

26 October 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.