Arrhythmia (နှလုံးခုန်နှုန်း မမှန်ခြင်း)

Arrhythmia (နှလုံးခုန်နှုန်း မမှန်ခြင်း)

နှလုံးခုန်နှုန်းမမှန်ခြင်း (Arrhythmia) ဆိုသည်မှာ ပုံမှန်မဟုတ်သော နှလုံးခုန်နှုန်းများကို ခြုံငုံခေါ်ဆိုခြင်းဖြစ်ပြီး နှလုံးခုန်နှုန်းသည် အလွန်မြန်နေခြင်း၊ အလွန်နှေးနေခြင်း သို့မဟုတ် ပုံမှန်မဟုတ်သောစည်းချက်ဖြင့် ခုန်နေခြင်းစသဖြင့် အမျိုးမျိုးဖြစ်နိုင်သည်။ နှလုံးအစိတ်အပိုင်းများတွင် ဖြစ်ပွားသော ရောဂါများနှင့် နှလုံးလျှပ်စီးကြောင်း အချက်ပြမှုများ ချို့ယွင်းမှုတို့ကြောင့် နှလုံးစည်းချက် ချို့ယွင်းမှုများ ဖြစ်ပေါ်လာပြီး ရလဒ်အနေဖြင့် နှလုံးခုန် မြန်လွန်းခြင်း၊ နှေးလွန်းခြင်း သို့မဟုတ် စည်းချက်မမှန်စွာ ခုန်ခြင်းတို့ ဖြစ်‌ပေါ်လာသည်။ ထို့ကြောင့် ရင်တလှပ်လှပ် တုန်ခြင်း၊ ပြင်းထန်စွာ တုန်ခြင်း၊ တစ်ချက်တစ်ချက် သွေးခုန်နှုန်း ကျော်သွားသကဲ့သို့ ဟာသွားသကဲ့သို့ ခံစားရခြင်း၊ နှလုံးခုန်နှုန်း အချက်ပိုများကို ခံစားရခြင်းစသည့် လက္ခဏာများကို ခံစားရနိုင်သည်။ နှလုံးခုန်နှုန်းမမှန်ခြင်းသည် လူ ၁၀၀ တွင် ၅ ဦးအထိ ဖြစ်ပွားနိုင်ခြေရှိပြီး ဘေးဥပါဒ်မရှိသော အခြေအနေမှသည် ပြင်းထန်သော အခြေအနေအထိ ရှိနိုင်သလို ရောဂါလက္ခဏာများ ဖြစ်ပေါ်မှုသည်လည်း ကွာခြားနိုင်သည်။ နှလုံးခုန်နှုန်းမမှန်ခြင်းကို ကုသရန် နည်းလမ်းများစွာရှိသော်လည်း အချို့သူများတွင် ကုသမှုခံယူရန်ပင် မလိုတတ်ပါ။ ရောဂါ၏ ရလဒ် အလားအလာသည် ဖြစ်ပေါ်သည့် ရောဂါအမျိုးအစားပေါ် မူတည်၍ များစွာကွာခြားမှုရှိသည်။

အမျိုးအစားများ

နှလုံးခုန်နှုန်းမမှန်ခြင်း အမျိုးအစားများစွာရှိပြီး အချို့သည် ဘေးဥပါဒ်မရှိဘဲ ကုသမှုခံယူရန် မလိုသော်လည်း အချို့အမျိုးအစားများမှာမူ ရုတ်တရက်နှလုံးရပ်ခြင်း (Cardiac arrest) အန္တရာယ်ထိ ဖြစ်စေနိုင်သည်။ အများစုသည် ပြင်းထန်မှု အလယ်အလတ်ခန့်သာဖြစ်သည်။ ယေဘုယျအားဖြင့် ကလေးငယ်များတွင် ဖြစ်ပွားသော နှလုံးခုန်နှုန်းမမှန်ခြင်း အများစုသည် အလိုအလျောက် ပြန်လည်ကောင်းမွန်သွားတတ်သော်လည်း အချို့မှာမူ ထပ်ဆောင်းကုသမှု သို့မဟုတ် နီးကပ်စွာ စောင့်ကြည့်စစ်ဆေးမှု ခံယူရန် လိုအပ်နိုင်သည်။

နှလုံးခုန်နှုန်းမမှန်ခြင်းကို နှလုံး၏ မည်သည့်နေရာမှ စတင်ဖြစ်ပွားသည်ဟူသောအချက်ပေါ် မူတည်၍ အောက်ပါအတိုင်း ခွဲခြားသတ်မှတ်ကြသည်။

  • နှလုံးသွေးဝင်ခန်းများမှ စတင်ဖြစ်ပေါ်သော နှလုံးခုန်မမှန်ခြင်း (Supraventricular arrhythmias) – သွေးလွှတ်ခန်းများ၏ အထက်တွင်ရှိသော သွေးဝင်ခန်းများ (Atria) မှစတင်သော နှလုံးခုန်မမှန်ခြင်း ရောဂါများကို စုပေါင်းခေါ်ဆိုသည်
  • နှလုံးသွေးလွှတ်ခန်းများမှ စတင်ဖြစ်ပေါ်သော နှလုံးခုန်မမှန်ခြင်း (Ventricular arrhythmias) – နှလုံးအောက်ဘက် သွေးလွှတ်ခန်းများ (Ventricles) မှ စတင်ဖြစ်ပေါ်သော နှလုံးခုန်မမှန်ခြင်း ရောဂါများကို စုပေါင်းခေါ်ဆိုသည်
  • နှလုံးခုန်နှုန်းနှေးခြင်း ပြဿနာများ (Bradyarrhythmias နှင့် Junctional rhythms) – နှလုံး၏ လျှပ်စစ်စီးဆင်းမှုစနစ် (Conduction system) ဖြစ်သည့် Sinoatrial (SA) node၊ Atrioventricular (AV) node သို့မဟုတ် His-Purkinje network နေရာများကြောင့် ဖြစ်ပွားသော နှလုံးခုန်နှုန်း ‌နှေးလွန်းသည့်ရောဂါများကို ခြုံငုံခေါ်ဆိုသည်

ထို့အပြင် နှလုံးခုန်နှုန်းပေါ် မူတည်၍လည်း အောက်ပါအတိုင်း ခွဲခြားနိုင်သည်။

  • နှလုံးခုန်မြန်လွန်းခြင်း (Tachycardia) – နှလုံးခုန်နှုန်း အကြိမ် (၁၀၀) အထက်ကို ခေါ်ဆိုသည်၊ ဖြစ်စေသော အခြေအနေများမှာ _ Atrial flutter, Atrial fibrillation, Supraventricular tachycardia, Ventricular tachycardia, Ventricular fibrillation တို့ ပါဝင်သည်
  • နှလုံးခုန်နှေးလွန်းခြင်း (Bradycardia) – နှလုံးခုန်နှုန်း အကြိမ် (၆၀) အောက်ကို ခေါ်ဆိုသည်၊ နှလုံးခုန်နှေးတိုင်း အန္တရာယ်မရှိပါ၊ ကျန်းမာသောသူများနှင့် လေ့ကျင့်ခန်းပုံမှန်လုပ်သူများတွင် နှလုံးခုန်နှုန်းသည် ပုံမှန်အချိန်တွင် အကြိမ် (၆၀) အောက်တွင် ရှိနေနိုင်သည်၊ ပြင်းထန်လက္ခဏာများ ဖြစ်စေသော အခြေအနေများမှာ_ Sick sinus syndrome, Conduction block တို့ ပါဝင်သည်
  • နှလုံး အချက်ပိုခုန်ခြင်း (Premature heartbeats) – နှလုံးသည် ပုံမှန်စည်းချက်ဖြင့် ခုန်နေချိန်တွင် ရံဖန်ရံခါ နှလုံးခုန်ချက်အပိုများ ဖြစ်ပေါ်ခြင်းဖြစ်သည်၊ သွေးဝင်ခန်းမှဖြစ်သော PACs များနှင့် သွေးညှစ်ခန်းမှ ဖြစ်သော PVCs ဟူ၍ ခွဲခြားနိုင်သည်၊ များသောအားဖြင့် ထိုအချက်ပိုများသည် စိုးရိမ်စရာပြဿနာ မဟုတ်ပါ
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

နှလုံးခုန်နှုန်းမမှန်ခြင်း ဖြစ်ပေါ်ရခြင်းသည် များသောအားဖြင့် နှလုံး၏သွေးလွှတ်ကြောများ၊ အဆို့ရှင်များ သို့မဟုတ် ကြွက်သားများဆိုင်ရာ ရောဂါများကြောင့် ဖြစ်ပွားတတ်သည်။ လူကြီးများနှင့် ကလေးငယ်များတွင် နှလုံးခုန်နှုန်းမမှန်ခြင်းကို ဖြစ်စေသော အကြောင်းရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • နှလုံးသွေးကြောကျဉ်းရောဂါ (Coronary artery disease)
  • နှလုံးသွေးကြောပိတ်ခြင်း (Heart attack)
  • နှလုံးကြွက်သား အားနည်းခြင်း (Cardiomyopathy)
  • နှလုံးအဆို့ရှင်ဆိုင်ရာ ရောဂါများ (Valve disorders)
  • ဆီးချိုရောဂါ
  • သွေးတိုးရောဂါ
  • သိုင်းရွိုက်ဟော်မုန်း လွန်ကဲခြင်း သို့မဟုတ် နည်းပါးခြင်း
  • သွေးထဲရှိ သတ္တုဓာတ်များ (Electrolyte) မမျှတခြင်း
  • အိပ်ပျော်စဥ် အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်း (Obstructive Sleep Apnea)
  • နှလုံးခွဲစိတ်မှုများ ခံယူထားခြင်း
  • မျိုးရိုးလိုက်သော နှလုံးစည်းချက်ဆိုင်ရာ ရောဂါအခြေအနေများ (ဥပမာ – Long QT syndrome)
  • အချို့သော ဆေးဝါးများ (ဓာတ်မတည့်ခြင်း သက်သာဆေးများ၊ အအေးမိပျောက်ဆေးအချို့)
  • ဖျားခြင်း၊ ပိုးဝင်ခြင်း (ဥပမာ _ ကိုဗစ် ၁၉)
  • ရေဓာတ်ခမ်းခြောက်ခြင်း
  • စိတ်ဖိစီးမှုများခြင်း၊ အိပ်ရေးပျက်လွန်းခြင်း
  • ကိုယ်တွင်းအင်္ဂါများ ရောင်ရမ်းခြင်း
ရောဂါဖြစ်နိုင်ခြေများစေသော အချက်များ

အသက်အရွယ်မရွေး နှလုံးခုန်နှုန်းမမှန်ခြင်းကို ခံစားရနိုင်သည်။ ဖြစ်နိုင်ခြေ ပိုများစေသော အချက်များတွင် အောက်ပါတို့ ပါဝင်သည်။

  • နှလုံးသွေးကြောဆိုင်ရာရောဂါများ ရှိခြင်း၊ နှလုံးခွဲစိတ်မှု ခံယူဖူးခြင်း
  • ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် ဆေးရွက်ကြီး ထုတ်ကုန်များ သုံးစွဲခြင်း
  • အရက်၊ ဘီယာ အလွန်အကျွံ သောက်သုံးခြင်း
  • ကဖိန်း (Caffeine) ပါဝင်သော အစားအစာနှင့် အဖျော်ယမကာများ စားသုံးခြင်း
  • နှာစေးချောင်းဆိုးပျောက်ဆေးများ သို့မဟုတ် တိုင်းရင်းဆေး/အားဆေးများကဲ့သို့သော နှလုံးခုန်မြန်စေသော ဆေးဝါးများ (Stimulants) သုံးစွဲခြင်း
  • သိုင်းရွိုက်ဟော်မုန်းဆိုင်ရာ ပြဿနာများ ရှိခြင်း
  • ကိုယ်အလေးချိန် လွန်ကဲခြင်း (အဝလွန်ခြင်း)
  • သွေးတိုးခြင်း၊ သွေးတွင်းသကြားဓာတ် မြင့်မားခြင်း
  • အိပ်နေစဉ် အသက်ရှူလမ်းကြောင်း ပိတ်ဆို့၍ အသက်ရှူရပ်ခြင်း (Sleep apnea)
ရောဂါလက္ခဏာများ

နှလုံးခုန်နှုန်းမမှန်ခြင်းသည် မည်သည့်လက္ခဏာမှ မပြဘဲ ရှိနေနိုင်သကဲ့သို့ ရှားရှားပါးပါးအခြေအနေများတွင် ပထမဆုံးပြသသော လက္ခဏာများမှာ ဦးနှောက်တွင်း သွေးစီးဆင်းမှု ကျဆင်းသွားသဖြင့် အတက်လက္ခဏာ သို့မဟုတ် အသက်အန္တရာယ်ရှိသော နှလုံးခုန်မြန်ခြင်းတို့ကြောင့် နှလုံးရပ်၍ သေဆုံးခြင်းစသည်တို့ ဖြစ်နိုင်သည်။

နှလုံးခုန်နှုန်းမမှန်ခြင်း၏ တွေ့ရများသော ရောဂါလက္ခဏာများတွင် အောက်ပါတို့ ပါဝင်သည်။

  • ရင်တလှပ်လှပ်တုန်ခြင်း (Palpitations)
  • နှလုံးခုန်နှုန်း မမှန်ချိန်တွင် ရင်ထဲတွင် ဟာခနဲခံစားရခြင်း၊ လှပ်ခနဲခံစားရခြင်း (Missed beat)
  • မူးဝေခြင်း သို့မဟုတ် ခေါင်းထဲမိုက်ခနဲဖြစ်ခြင်း (Dizziness/lightheadedness)
  • မေ့လဲခြင်း/ သတိလစ်ခြင်း (Fainting episodes)
  • ကလေးငယ်များတွင် ပုံမှန်ထက်ပို၍ ဂျီကျငိုယိုခြင်း
  • မွေးကင်းစကလေးငယ်များတွင် နို့ သို့မဟုတ် အစားကျွေးရန် ခက်ခဲခြင်း (တွေ့ရတတ်သည့် တစ်ခုတည်းသော လက္ခဏာ ဖြစ်နိုင်သည်)
  • အသက်ရှူမဝခြင်း
  • ရင်ဘတ်ထဲတွင် မသက်မသာခံစားရခြင်း
  • နုံးခွေခြင်း သို့မဟုတ် မောပန်းနွမ်းနယ်ခြင်း
  • ချွေးအလွန်အကျွံထွက်ခြင်း
နောက်ဆက်တွဲပြဿနာများ

ကုသမှု မခံယူပါက နှလုံးခုန်နှုန်းမမှန်ခြင်းသည် အောက်ပါ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်စေနိုင်သည်။

  • နှလုံးကြွက်သားများ အားနည်းလာခြင်း (Cardiomyopathy)
  • နှလုံးညှစ်အား ကျဆင်းခြင်း
  • ရုတ်တရက် နှလုံးရပ်ခြင်း (Cardiac arrest)
  • နှလုံးတွင်း၌ သွေးခဲများ ဖြစ်ပေါ်ခြင်း (Blood clots)နှင့် နောက်ဆက်တွဲ လေဖြတ်ခြင်း (Stroke)
  • မွေးကင်းစကလေးငယ်များ ရုတ်တရက် သေဆုံးခြင်း ရောဂါလက္ခဏာစု (Sudden infant death syndrome)
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါလက္ခဏာများကို ခံစားရပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ လိုအပ်ပါက နှလုံးအထူးကုဆရာဝန်များထံသို့ လွှဲပြောင်းကုသပေးမည်ဖြစ်သည်။ ရောဂါရှိသူများနှင့် ကုသမှု ခံယူထားသူများသည်လည်း ဆရာဝန်ချိန်းဆိုသည့် ရက်ချိန်းအတိုင်း သို့မဟုတ် တစ်ခါတစ်ရံ လက္ခဏာများ ပိုစိပ်လာခြင်း သို့မဟုတ် ပိုမိုပြင်းထန်လာခြင်းတို့ရှိပါက အောက်ပါအချက်များကို စစ်ဆေးရန်အတွက် ဆရာဝန်နှင့် ပြန်လည်ပြသရန် လိုအပ်သည်။

  • နှလုံးခုန်နှုန်းမမှန်ခြင်း ကုသမှုများ၏ အကျိုးသက်‌ရောက်မှု ရှိမရှိ ဆန်းစစ်ရန်
  • သောက်သုံးနေရသော ဆေးဝါးများကို လိုအပ်သလို ညှိနှိုင်းရန်
  • ခန္ဓာကိုယ်ထဲတွင် ထည့်သွင်းထားသော နှလုံးဆိုင်ရာစက်ပစ္စည်းများ ကောင်းမွန်စွာ လည်ပတ်နေခြင်းရှိမရှိ စစ်ဆေးရန်
  • ကျန်းမာရေး အခြေအနေ ကောင်းမွန်နေစေရန်နှင့် အခြားဆေးဘက်ဆိုင်ရာ ပြဿနာများကို ကြိုတင်သိရှိနိုင်ရန်
အရေးပေါ်ပြသရန်

အောက်ပါလက္ခဏာများရှိလျှင် အသက်အန္တရာယ် ဖြစ်ပေါ်စေနိုင်သည့် အခြေအနေများ ဖြစ်နိုင်သောကြောင့် နီးစပ်ရာဆေးရုံဆေးခန်းများသို့ အရေးပေါ်ပြသရန် လိုအပ်သည်။

  • အသက်ရှူရ ခက်ခဲခြင်း
  • ရင်ဘတ်အောင့်ခြင်း
  • မူးဝေခြင်း
  • မေ့လဲခြင်း/သတိလစ်ခြင်း
ရောဂါရှာဖွေခြင်း

ရောဂါရှာဖွေရန်အတွက် ဆရာဝန်သည် ရောဂါရာဇဝင် မေးမြန်းခြင်း၊ နှလုံးရောဂါအခံများ ရှိမရှိ၊ ဖြစ်နိုင်ခြေများစေသောအချက်များ ရှိမရှိကို စစ်ဆေးခြင်း၊ ခန္ဓာကိုယ် စမ်းသပ်စစ်ဆေးခြင်း၊ သွေးခုန်နှုန်း တိုင်းတာခြင်း၊ ပုံမှန်မဟုတ်သော နှလုံးခုန်သံများကို သိရှိရန် နှလုံးခုန်သံကို နားထောင်ခြင်း စသည်တို့ကို ပြုလုပ်ပေးမည်ဖြစ်သည်။ ထို့နောက် နှလုံးခုန်နှုန်းမမှန်ခြင်းရောဂါကို အတည်ပြုစစ်ဆေးရန်နှင့် ဖြစ်ပွားရသည့်အကြောင်းရင်းကို ရှာဖွေရန်အတွက် လိုအပ်သော စစ်ဆေးမှုများကို ဆက်လက်ပြုလုပ်မည်ဖြစ်သည်။ အချို့အခြေအနေများအတွက် လိုအပ်ပါက နှလုံးလျှပ်စီးကြောင်းဆိုင်ရာ စစ်ဆေးမှုအထူးပြု နှလုံးဆရာဝန်များ (Electrophysiologist) ထံတွင် စစ်ဆေးမှုခံယူရမည်။ နှလုံးစစ်ဆေးရန်အတွက် အောက်ပါစစ်ဆေးမှုများကို ပြုလုပ်လေ့ရှိသည်။

  • အီးစီဂျီဆွဲခြင်း (ECG)
  • သွေးစစ်ခြင်း – သွေးတွင်းသကြားဓာတ်၊ သတ္တုဓာတ်များနှင့် သိုင်းရွိုက်ဟော်မုန်းပမာဏ စစ်‌ဆေးခြင်း
  • ဟိုလ်တာစက်တပ်၍ နှလုံးခုန်နှုန်းကို စောင့်ကြည့်စစ်ဆေးခြင်း (Holter monitors)
  • လိုအပ်ပါက နှလုံးခုန်နှုန်းကို ရက်ရှည်စောင့်ကြည့်ခြင်း (Event recorder or Implantable loop recorder)
  • ကာယလေ့ကျင့်ခန်းပြုလုပ်စဥ် နှလုံးစွမ်းရည်စစ်ဆေးခြင်း (Exercise stress test)
  • အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက်ဖြင့် စစ်ဆေးခြင်း (Echocardiogram)
  • နှလုံးတွင်းသို့ ပိုက်ထည့်၍ စစ်ဆေးခြင်း (Cardiac catheterization)
  • နှလုံးလျှပ်စီးလမ်းကြောင်းများကို စမ်းသပ်စစ်ဆေးခြင်း (Electrophysiology study – EPS)
  • လှဲအိပ်နေရာမှ မတ်တတ်ရပ်သည့် အနေအထားသို့ ပြောင်းသည့်အချိန်တွင် ဖြစ်ပေါ်လာသော နှလုံးခုန်နှုန်းစည်းချက်ကို မှတ်ယူစစ်ဆေးခြင်း (Tilt table test)
  • ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (CT scan)
  • နှလုံးသံလိုက်ဓာတ်မှန်ရိုက်ခြင်း (Cardiac MRI)
ကုသခြင်း
အရေးပေါ်ကုသခြင်း

နှလုံးခုန်နှုန်းမမှန်ခြင်းကို ကုသရာတွင် တစ်ခါတစ်ရံ အရေးပေါ်ကုသရန် လိုအပ်နိုင်သည်။ နှလုံးခုန် ရုတ်တရက် မြန်လွန်းခြင်း၊ ‌နှေးလွန်းခြင်းတို့ကြောင့် သွေးခုန်နှုန်း စမ်းမရခြင်း၊ သွေးပေါင်ချိန်ကျဆင်းခြင်း၊ နှလုံး အမောဖောက်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ သတိလစ်မေ့လဲခြင်းစသည့် အသက်အန္တရာယ် ထိခိုက်နိုင်သည့် လက္ခဏာများ ဖြစ်ပေါ်ပါက ထိုအချိန်တွင် နှလုံးခုန်နှုန်းနှင့် စည်းချက်ကို တတ်နိုင်သမျှ ပြန်မှန်အောင် ပြုလုပ်ခြင်းသည် အလွန်အရေးကြီးသည်။ ထိုသို့နှလုံးခုန်နှုန်းနှင့် စည်းချက်ကို ပြန်လည်မှန်ကန်အောင် ပြုလုပ်နိုင်သော အရေးပေါ်ကုသနည်းလမ်းများတွင် အောက်ပါတို့ပါဝင်သည်။

  • နှလုံးစည်းချက်ထိန်းညှိဆေးများ ပေးခြင်း (Antiarrhythmic drugs) – အာနိသင်မြန်မြန် ရရှိစေရန် အကြောဆေးသွင်းပိုက်များမှ ဆေးများကို သွင်း၍ ကုသနိုင်သည်
  • နှလုံးခုန်နှုန်းကိုထိန်းချုပ်ရာတွင် ကူညီပေးသည့်အာရုံကြော (Vagus nerve) ကိုလှုံ့ ဆော်ခြင်း – အသက်ကို ညှစ်ရှူထုတ်ခြင်း (Valsalva Maneuver) သို့မဟုတ် မျက်နှာပေါ်တွင် ရေခဲထုပ်တင်ခြင်း (Ice pack to the Face) နည်းလမ်းများဖြင့် ပြုလုပ်နိုင်သည်
  • နှလုံးစည်းချက် ပြန်လည်မှန်ကန်စေခြင်း (Cardioversion) – နှလုံးခုန်နှုန်း မြန်လွန်းခြင်းနှင့် နှလုံးခုန်စည်းချက် မမှန်ခြင်းတို့အတွက် နှလုံးနှိုးဆွစက် (Defibrillator) ကို အသုံးပြု၍ လျှပ်စီးကြောင်းငယ်များဖြင့် နှလုံးရှော့ခ်ရိုက်၍ ပုံမှန်ပြန်ခုန်ရန် ထိန်းချုပ်ကုသနိုင်သည်
  • နှလုံးခုန်နှုန်းထိန်းစက်တပ်ခြင်း (Pacemaker) – နှလုံးခုန်အလွန်နှေးပြီး ထိရောက်သော သွေးညှစ်ထုတ်မှုနှင့် သွေးလှည့်ပတ်မှု မရရှိသော အခြေအနေများတွင် နှလုံးခုန်နှုန်းကို ပြန်လည်ထိန်းမတ်ရန် နှလုံးခုန်နှုန်းထိန်းစက်များ ထည့်သွင်းနိုင်သည်၊ ယာယီအနေဖြင့် တပ်ဆင်ခြင်း (Temporary) သို့မဟုတ် ရာသက်ပန် တပ်ဆင်ခြင်း (Permanent) ပြုလုပ်နိုင်သည်

အရေးပေါ်လက္ခဏာ မရှိသူများတွင်မူ နှလုံးခုန်နှုန်းမမှန်ခြင်းကို ကုသရာတွင် ဖြစ်ပွားသော ရောဂါအမျိုးအစားနှင့် ပြင်းထန်မှုအပေါ် မူတည်သည်။ အချို့သူများတွင် နှလုံးခုန်နှုန်း မမှန်ခြင်းရှိသော်လည်း မပြင်းထန်သဖြင့် မည်သည့်ကုသမှုမှ ခံယူရန်မလိုအပ်ပါ။ ရောဂါကုသမှုတွင် အောက်ပါနည်းလမ်းများ ပါဝင်သည်။

  • ဆေးဝါးများပေးခြင်း
  • နေ့စဉ် လူနေမှုဘဝ နေထိုင်မှုပုံစံ ပြောင်းလဲခြင်း
  • ကုသမှု လုပ်ထုံးလုပ်နည်းများ ခံယူခြင်း (Procedures)
  • စက်ပစ္စည်းကိရိယာများ ထည့်သွင်းကုသခြင်း
  • ခွဲစိတ်ကုသခြင်း
  1. ဆေးဝါးများဖြင့် ကုသခြင်း
    နှလုံးခုန်နှုန်းမမှန်ခြင်းကို ကုသရာတွင် အသုံးပြုနိုင်သော ဆေးဝါးများစွာ ရှိသည်။ လူနာတစ်ဦးစီအတွက် ဆေးဝါးများ၏ အာနိသင် မတူညီကြသဖြင့် အသင့်တော်ဆုံးဆေးဝါး အမျိုးအစားနှင့် ပမာဏကို ဆရာဝန်များက ဆုံးဖြတ်ပေးမည်ဖြစ်သည်။ ဆေးဝါးများတွင် အောက်ပါတို့ပါဝင်သည်။
    • နှလုံးခုန်နှုန်းစည်းချက် ထိန်းညှိဆေးများ (Antiarrhythmic drugs) – နှလုံးခုန်နှုန်းကို ပုံမှန်စည်းချက်ဖြစ်အောင် ပြန်လည်ပြောင်းပေးရန်နှင့် နှလုံးခုန်နှုန်းမမှန်ခြင်း ထပ်မဖြစ်အောင် ကာကွယ်ပေးရန် သောက်ရသောဆေးများ
    • နှလုံးခုန်နှုန်း ထိန်းချုပ်ပေးသောဆေးများ (Rate-limiting drugs) – ဥပမာ_ Beta-blockers (Atenolol, Metoprolol), Calcium channel blockers (Verapamil, Diltiazem)
    • သွေးခဲခြင်းမဖြစ်အောင် ကာကွယ်ပေးသည့်ဆေးများ – သွေးမခဲဆေးများ (Anticoagulants – Warfarin, Enoxaparin) သို့မဟုတ် သွေးကျဲဆေးများ (Antiplatelets- Aspirin, Clopidogrel)
    • ဖြစ်စေသော အကြောင်းရင်းကို ကုသသောဆေးများ – ပုံမှန်မဟုတ်သော နှလုံးစည်းချက်ကို ဖြစ်စေနိုင်သည့် ဆက်စပ်ရောဂါများ (ဥပမာ – ပိုးဝင်ခြင်း) အတွက် ပဋိဇီဝပိုးသတ်ဆေးများ
  2. နေ့စဉ် လူနေမှုဘဝ နေထိုင်မှုပုံစံ ပြောင်းလဲခြင်း
    နေ့စဥ်နေထိုင်စားသောက်ပုံကို ရိုးရှင်းစွာ ‌ပြောင်းလဲခြင်းဖြင့် နှလုံးခုန်မမှန်ခြင်းကို အတိုင်းအတာတစ်ခုအထိ သက်သာစေနိုင်သည်။ အောက်ပါအချက်များ ပါဝင်သည်။
    • သွေးတိုးရောဂါအတွက် အငန်နှင့် ဆားပမာဏကို တတ်နိုင်သမျှ လျှော့ချစားသုံးခြင်း
    • ဆီးချိုရောဂါအတွက် သွေးတွင်းသကြားဓာတ်ကို တတ်နိုင်သမျှ ထိန်းချုပ်ခြင်း
    • ဆေးလိပ်နှင့် ဆေးရွက်ကြီးထုတ်ကုန်များ သုံးစွဲခြင်းမှ ရှောင်ကြဥ်ခြင်း
    • အရက်သောက်ခြင်းကို လျှော့ချခြင်း
    • ကဖိန်းအပါအဝင် စိတ်ကြွဆေးများ သုံးစွဲခြင်းကို ရှောင်ကြဥ်ခြင်း
    • ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း
    • ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း၊ အဝမလွန်အောင် ထိန်းခြင်း
  3. ကုသမှု လုပ်ထုံးလုပ်နည်းများ (Procedures)
    အချို့သူများတွင် ဆေးဝါးများနှင့် နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲခြင်းတို့ဖြင့် ကုသသော်လည်း လက္ခဏာများ မသက်သာပါက နှလုံးစည်းချက်မမှန်ခြင်းကို ကုသရန်အတွက် အထူးကုသမှု လုပ်ထုံးလုပ်နည်းများ ခံယူရန် လိုအပ်သည်။ ဆရာဝန်များက အသင့်တော်ဆုံးကုသမှုနှင့် ၎င်းတို့၏ ကောင်းကျိုး၊ ဆိုးကျိုးများကို ဆွေးနွေးပေးမည်ဖြစ်သည်။}
    နှလုံးစည်းချက်မမှန်ခြင်းအတွက် ပြုလုပ်နိုင်သော ကုသမှု လုပ်ထုံးလုပ်နည်းများတွင် အောက်ပါတို့ ပါဝင်သည်။
    • နှလုံးစည်းချက်မှန်အောင် ပြန်လည်ပြောင်းလဲခြင်း (Cardioversion) – နှလုံးနှိုးဆွစက် (Defibrillator) ကို အသုံးပြု၍ သတ်မှတ်ထားသော လျှပ်စစ်ရှော့ခ်ပမာဏ (Electric shock) အား နှလုံးသို့ပေး၍ ရှော့ခ်ရိုက်ခြင်းဖြင့် နှလုံးကို ပုံမှန်စည်းချက်အတိုင်း ပြန်ဖြစ်သွားအောင် လုပ်ဆောင်ခြင်း
    • လျှပ်စီးလှိုင်းဖြင့် နှလုံးကြွက်သားကို ဖျက်ဆီးခြင်း (Cardiac ablation) – ပိုက်ပျော့ (Catheter) တစ်ခုမှတစ်ဆင့် နှလုံးအတွင်းရှိ တစ်ရှူးဧရိယာတစ်ခုဆီသို့ အပူစွမ်းအင် သို့မဟုတ် အအေးလှိုင်းများ ပေးပို့ကာ ပုံမှန်မဟုတ်သော နှလုံးစည်းချက်လမ်းကြောင်းကို ဖြတ်တောက်လိုက်ခြင်း
    • အဆုတ်သွေးပြန်ကြောကို သီးခြားဖယ်ထုတ်ခြင်း (Pulmonary vein isolation) – နှလုံးသွေးဝင်ခန်း စည်းချက်မမှန်ခြင်း (Atrial fibrillation) ကိုဖြစ်စေနိုင်သော အဆုတ်သွေးပြန်ကြောနေရာရှိ တစ်ရှူးများကို အပူစွမ်းအင် သို့မဟုတ် အအေးလှိုင်းဖြင့် အမာရွတ်များဖြစ်အောင် ဖန်တီးပေးခြင်းဖြင့် အဆုတ်သွေးပြန်ကြောမှ ပုံမှန်မဟုတ်သော လျှပ်စီးအချက်ပြမှုများ နှလုံးကြွက်သားများထံသို့ မရောက်ရှိအောင် ဖြတ်တောက်ပေးခြင်း
  4. စက်ပစ္စည်းကိရိယာများ ထည့်သွင်းခြင်း (Device therapy)
    နှလုံးခုန်မမှန်ခြင်းကို ကုသရာ၌ အချို့လူနာများတွင် စက်ပစ္စည်းများ ကိုယ်ခန္ဓာတွင်း၌ ထည့်သွင်း၍ နှလုံးခုန်နှုန်းနှင့် စည်းချက်ကို ပြန်လည်ထိန်းချုပ်ရန် လိုအပ်သည်။ တစ်ခါတစ်ရံ ကုသမှုလုပ်ထုံးလုပ်နည်းများ ပြုလုပ်နေစဉ်အတွင်း စက်ပစ္စည်းများကို တစ်ပြိုင်နက် ထည့်သွင်းပေးနိုင်သည်။ နှလုံးခုန်နှုန်းမမှန်ခြင်းကို ကုသရန် စက်ပစ္စည်းများတွင် အောက်ပါတို့ ပါဝင်သည်။
    • ရာသက်ပန် နှလုံးခုန်နှုန်းထိန်းစက် (Permanent pacemaker) – နှလုံးခုန်နှုန်းထိန်းစက်သည် ပုံမှန်နှလုံးခုန်နှုန်းကို ထိန်းသိမ်းပေးရန်နှင့် နှလုံးခုန်နှုန်း အလွန်အမင်း နှေးကွေးသွားချိန်တွင် ပုံမှန်နှုန်းဖြင့် ပြန်ခုန်စေရန် နှလုံးကြွက်သားသို့ လျှပ်စီးကြောင်းငယ်များ ပေးပို့ပေးသည်။
    • ကိုယ်တွင်းထည့်နိုင်သော နှလုံးခုန်နှုန်းထိန်းညှိနှိုးဆွစက် (Implantable cardioverter defibrillator – ICD) – ထိုစက်သည် နှလုံးခုန်စည်းချက်ကို အမြဲစောင့်ကြည့်ပေးနေပြီး အလွန်မြန်ပြီး ပုံမှန်မဟုတ်သော နှလုံးစည်းချက်များ ဖြစ်‌ပေါ်ပါက နှလုံးကြွက်သားကို ပုံမှန်စည်းချက်အတိုင်း ပြန်ခုန်စေရန် လျှပ်စီးကြောင်းငယ်များ ပေးပို့ပေးသည်။
    • နှလုံးခုန်ချက် ညှိနှိုင်းပေးသောကုသမှု (Cardiac resynchronization therapy – CRT) – နှလုံး၏ ဘယ်ညာ သွေးညှစ်ခန်းများ (Ventricles) များကို တစ်ပြိုင်နက် စည်းချက်ညီခုန်စေပြီး ထိရောက်သော သွေးညှစ်ထုတ်မှုနှင့် သွေးလှည့်ပတ်မှုများ ရရှိစေရန် နှလုံးသွေးညှစ်ခန်း (၂) ခုလုံးကို နှိုးဆွပေးသော နှလုံးခုန်နှုန်းထိန်းစက်များ (Biventricular pacemakers) သို့မဟုတ် နှလုံးနှိုးဆွစက်များ (defibrillators) ကို ထည့်သွင်းတပ်ဆင်ပေး၍ ကုသပေးခြင်းဖြစ်သည်။
  5. ခွဲစိတ်ကုသခြင်း (Surgical procedures)
    အောက်ပါအချက်များ ရှိပါက နှလုံးခုန်နှုန်းမမှန်သော လူနာများတွင် နှလုံးခွဲစိတ်မှု ခံယူရန် လိုအပ်နိုင်သည်။
    • နှလုံးခုန်နှုန်းမမှန်ခြင်းကို ဖြစ်စေသော နှလုံးရောဂါကို ကုသရန်အတွက် နှလုံးအဆို့ရှင် ခွဲစိတ်မှု (Valve surgery) သို့မဟုတ် နှလုံးသွေးကြော လမ်းကြောင်းလွှဲ ခွဲစိတ်ကုသမှု (Coronary artery bypass surgery) ပြုလုပ်ရန် လိုအပ်ခြင်း
    • ဆေးဝါးများ သို့မဟုတ် ကုသမှုလုပ်ထုံးများကို တုံ့ပြန်မှုမရှိသည့် နှလုံးသွေးဝင်ခန်း စည်းချက်မမှန်ခြင်း (Atrial fibrillation) ကို ကုသရန် Maze procedure ခွဲစိတ်မှု ပြုလုပ်ရန် လိုအပ်ခြင်း
    • တစ်ရှူးများထိခိုက်ဒဏ်ရာရမှု အနည်းဆုံး ဖြစ်စေသည့် မှန်ပြောင်းသုံးခွဲစိတ်ခြင်း သို့မဟုတ် အသေးစား ခွဲစိတ်ရာဖြင့် ခွဲစိတ်ခြင်းစသည့် နည်းပညာများကို အသုံးပြု၍ နှလုံးသွေးညှစ်ခန်းများတွင် နှလုံးခုန်နှုန်းထိန်းစက်မှ ဝါယာကြိုးငယ်များ တပ်ဆင်ရန် လိုအပ်ခြင်း
ရောဂါရလဒ်ခန့်မှန်းချက်

နှလုံးခုန်နှုန်းမမှန်ခြင်းသည် ဖြစ်စေသော အကြောင်းရင်းများစွာ ရှိသည့်အလျောက် ပြန်လည်သက်သာ ကောင်းမွန်လာမှုသည်လည်း လူတစ်ဦးနှင့်တစ်ဦးတွင် ကွာခြားနိုင်သည်။ အချို့လူနာများတွင် ဆေးဝါးများဖြင့် လက္ခဏာများ သက်သာနိုင်သကဲ့သို့ အချို့တွင် ကုသမှုလုပ်ထုံးများ၊ စက်များ တပ်ဆင်ခြင်းနှင့် ခွဲစိတ်မှုများ လိုအပ်သည်အထိ ဖြစ်နိုင်သည်။ ခံယူထားသော ကုသမှု သို့မဟုတ် ခွဲစိတ်မှုအပေါ် မူတည်၍ နောက်ပိုင်း ပြန်လည်သက်သာလာရန် ရက်သတ္တပတ်များစွာ သို့မဟုတ် လပေါင်းများစွာလည်း ကြာနိုင်သည်။ အကယ်၍ Catheter ablation သို့မဟုတ် Pulmonary vein isolation ကဲ့သို့ ကုသမှုများ ခံယူထားပါက ဒဏ်ရာကျက်ပြီး ပျောက်ကင်းနေစဉ် ရက်သတ္တပတ် အနည်းငယ်အတွင်း နှလုံးခုန်နှုန်းမမှန်ခြင်းများ ဆက်လက် ရှိနေနိုင်သည်။ တစ်ခါတစ်ရံ ခွဲစိတ်မှုပြီးနောက် နှလုံးဆိုင်ရာဆေးဝါးများ ရာသက်ပန် သောက်သုံးရန်လည်း လိုအပ်နိုင်သည်။

ကာကွယ်ခြင်း

နှလုံးခုန်နှုန်းမမှန်ခြင်း ဖြစ်နိုင်ခြေကို လျှော့ချနိုင်မည့် နည်းလမ်းအချို့မှာ အောက်ပါအတိုင်းဖြစ်သည်။

  • ဆေးရွက်ကြီးနှင့် ဆေးလိပ်သုံးစွဲမှုကို ဖြတ်ပါ
  • အရက်သောက်သုံးမှုကို ကန့်သတ်ပါ
  • ကဖိန်းဓာတ် သုံးစွဲမှုကို ကန့်သတ်ပါ သို့မဟုတ် ရပ်တန့်ပါ
  • နှလုံးကျန်းမာရေးအတွက် ပြည့်ဝဆီများ စားသုံးခြင်းကို လျှော့၍ အသီးအရွက်၊ အသီးအနှံများ၊ အဆီနည်းသော အသားများနှင့် နို့၊ နို့ထွက်ပစ္စည်းများကို ရွေးချယ်စားသောက်ပါ
  • သွေးတိုးရောဂါကို ထိန်းချုပ်ပါ
  • ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ
  • ကျန်းမာသော ကိုယ်အလေးချိန် ရရှိအောင် ကြိုးပမ်းပါ
  • သွေးတွင်းသကြားဓာတ် ပမာဏကို ထိန်းချုပ်ပါ
  • အိပ်နေစဉ် အသက်ရှူလမ်းကြောင်း ပိတ်ဆို့၍ အသက်ရှူရပ်ခြင်း (Sleep apnea) ကို ကုသပါ
  • နှလုံးခုန်နှုန်းမမှန်ခြင်းကို လှုံ့ဆော်ပေးမည့် လုပ်ဆောင်ချက်များကို ရှောင်ကြဉ်ပါ (ဥပမာ_ လေ့ကျင့်ခန်း အပြင်းအထန်လုပ်ခြင်း၊ ဆီးဝမ်းသွားချိန်တွင် အလွန်အမင်းညှစ်ခြင်း)
  • စိတ်ဖိစီးမှုကို ထိန်းချုပ်ပါ
  • နေ့စဥ် အိပ်ချိန် (၇)နာရီ မှ (၉)နာရီခန့် ကောင်းစွာ အိပ်စက်ပါ

References:

  1. British Heart Foundation. (n.d.). Arrhythmias. Retrieved June 27, 2026, from https://www.bhf.org.uk/informationsupport/conditions/arrhythmias
  2. Cleveland Clinic. (n.d.). Arrhythmia. Retrieved June 27, 2026, from https://my.clevelandclinic.org/health/diseases/16749-arrhythmia
  3. Mayo Clinic. (n.d.). Heart arrhythmia: Symptoms and causes. Retrieved June 27, 2026, from https://www.mayoclinic.org/diseases-conditions/heart-arrhythmia/symptoms-causes/syc-20350668
  4. MedlinePlus. (n.d.). Arrhythmia. Retrieved June 27, 2026, from https://medlineplus.gov/arrhythmia.html

Published: 22 July 2026

Share

22 July 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.