လသားအရွယ်ကလေး ရုတ်တရက် သေဆုံးခြင်းလက္ခဏာစု (SIDS) ဆိုသည်မှာ လသားအရွယ်မှ အသက် (၁) နှစ်အတွင်းရှိ ကလေးငယ်တစ်ဦး အကြောင်းရင်းမရှိ၊ ဖြေရှင်း၍မရဘဲ ရုတ်တရက် သေဆုံးသွားသော အခြေအနေမျိုးကို ခေါ်သည်။ ကလေးအိပ်ရာ၊ ခုတင်၊ ပုခက် စသည့်နေရာများတွင် အိပ်နေချိန်၌ ရုတ်တရက်သေဆုံးခြင်းကို အတွေ့ရများသောကြောင့် အိပ်ရာတွင် ရုတ်တရက်သေဆုံးခြင်း (Cot death or Crib death) ဟုလည်း ခေါ်ကြသည်။ သေဆုံးရသည့် အကြောင်းရင်းကို ရှာဖွေရန် ကလေး၏ ရောဂါရာဇဝင်များကို ပြန်လည်သုံးသပ်ခြင်း၊ ကလေးသေဆုံးသည့်နေရာကို စစ်ဆေးခြင်း၊ ကလေးအား ရင်ခွဲစစ်ဆေးခြင်းစသည်တို့ ပြုလုပ်ပြီးသည့်တိုင်အောင် အကြောင်းရင်းရှာမတွေ့သော ဖြစ်စဥ်ကို SIDS ဟု သတ်မှတ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
SIDS သည် အသက် (၁)လ မှ (၁) နှစ်အတွင်းရှိ ကလေးများတွင် အဖြစ်များသည်။ အသက် (၂)လ မှ (၄)လအတွင်း ဖြစ်လေ့ရှိပြီး၊ (၉၀) ရာခိုင်နှုန်းသည် အသက် (၆) လအောက်တွင် ဖြစ်တတ်သည်။ နေ့ ည မရွေး ဖြစ်နိုင်သော်လည်း ကလေးများ ညအိပ်ချိန် ညသန်းခေါင်အချိန်မှ မနက် (၆) နာရီအတွင်း ပို၍ ဖြစ်နိုင်ခြေများသည်။
SIDS ဖြစ်စေသည့်အကြောင်းရင်းကို အတိအကျ မသိရသော်လည်း ကလေး၏ ဦးနှောက်ဖွံ့ဖြိုးမှုနှင့် သက်ဆိုင်သည်ဟု ယူဆကြပြီး ဦးနှောက်မှ ထိန်းချုပ်သော အသက်ရှူလုပ်ငန်းဆိုင်ရာနှင့် အိပ်စက်ခြင်း၊ နိုးထခြင်းဆိုင်ရာ လုပ်ငန်းအချက်များ စုပေါင်း၍ဖြစ်လာသည်ဟု ခန့်မှန်းကြသည်။ SIDS သည် ကူးစက်ရောဂါ မဟုတ်သည့်အပြင် ကာကွယ်ဆေးများကြောင့်လည်း မဖြစ်စေနိုင်ပါ။ လေ့လာချက်များအရ ကာကွယ်ဆေးများသည် SIDS ဖြစ်နိုင်ခြေကို (၅၀%) အထိ လျှော့ချပေးနိုင်သည်ဟု ဆိုကြသည်။
SIDS ဖြစ်နိုင်ခြေမြင့်မားစေသော အချက်များ
SIDS ဖြစ်စေနိုင်သည့် အကြောင်းရင်းများတွင် အောက်ပါအချက်များစွာပါဝင်ပြီး ကလေးတစ်ဦးချင်းစီအလိုက် ကွဲပြားနိုင်သည်။
- ကလေးနှင့် ဆိုင်သောအချက်များ
- အသက်အရွယ် – အသက် (၂) လ မှ (၄) လအတွင်းရှိ ကလေးများ
- လိင်အမျိုးအစား – ယောက်ျားလေးများတွင် မိန်းကလေးများထက် SIDS ဖြစ်နိုင်ခြေ အနည်းငယ်ပိုများသည်
- လူမျိုး – အမေရိက၊ အာဖရိကနှင့် အလက်စကာဒေသရှိ ကလေးများတွင် ပိုဖြစ်လေ့ရှိသည် (သို့သော် အကြောင်းရင်းကို ရှာမတွေ့သေးပါ)
- ပေါင်မပြည့်၊ လမစေ့ဘဲမွေးခြင်း၊ ကိုယ်အလေးချိန်နည်းခြင်း – ကိုယ်ဝန်ပတ် ၃၇ မပြည့်မီ မွေးဖွားလာသော ကလေးများနှင့် မွေးစကိုယ်အလေးချိန် ၂.၅ ကီလိုဂရမ်အောက် နည်းသော ကလေးများတွင် ဖြစ်နိုင်ခြေ ပိုများသည်
- အမြွှာမွေးခြင်း – နှစ်မြွှာပူး သို့မဟုတ် သုံးမြွှာပူးစသည့် အမြွှာမွေးကလေးများတွင်လည်း SIDS ဖြစ်နိုင်ခြေ ပိုများသည်
- မွေးရာပါ ဦးနှောက်ဖွံ့ဖြိုးမှု ချို့ယွင်းခြင်း – အချို့ကလေးများတွင် အသက်ရှူခြင်းနှင့် အိပ်ရာမှ နိုးထခြင်းကို ထိန်းချုပ်သည့် ဦးနှောက်အစိတ်အပိုင်းများ ကောင်းစွာမဖွံ့ဖြိုးသေးသောကြောင့် SIDS ဖြစ်နိုင်ခြေ မြင့်မားသည်
- ဦးနှောက်လုပ်ဆောင်ချက်များ မဖွံ့ဖြိုးခြင်း – ပေါင်မပြည့် လမစေ့မွေးခြင်းကြောင့် ဦးနှောက်လုပ်ငန်းများ ကောင်းစွာမဖွံ့ဖြိုးလျှင် အသက်ရှူခြင်းနှင့် နှလုံးခုန်ခြင်း စသည်တို့ကို ထိန်းချုပ်သည့် အလိုအလျောက် အာရုံကြောစနစ်ကို ထိခိုက်နိုင်သည်
- အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးဝင်ခြင်း – SIDS ဖြင့် သေဆုံးသောကလေးများတွင် ရှေ့ရက်အနည်းငယ်အတွင်း အအေးမိခြင်းလက္ခဏာများ ရှိခဲ့ကြောင်းတွေ့ရှိရသည်၊ အအေးမိခြင်း၊ အဆုတ်ရောင်ခြင်းတို့သည် အသက်ရှူခြင်းဆိုင်ရာလုပ်ငန်းများကို ခက်ခဲစေနိုင်သည်
- အိပ်စက်ခြင်းဆိုင်ရာအချက်များ
- ကလေးသည် မှောက်လျက် သို့မဟုတ် ဘေးတစောင်း အိပ်ခြင်း – ထိုသို့အိပ်ခြင်းသည် ပက်လက်အနေအထားထက် အသက်ရှူရ ပိုမိုခက်ခဲစေနိုင်သည်
- ပျော့ပြောင်းအိစက်သော မျက်နှာပြင်ရှိသည့် အိပ်ရာနှင့် အိပ်ခြင်း – ပွယောင်းသော စောင်များ၊ ပျော့အိသော ရေမြှုပ်မွေ့ရာများပေါ်တွင် အိပ်ပါက မျက်နှာအောက်စိုက်၍ မှောက်အိပ်သွားချိန်တွင် အသက်ရှူလမ်းကြောင်း ပိတ်ဆို့နိုင်သည်
- မိဘနှင့်အတူ အိပ်ရာတစ်ခုတည်းအိပ်ခြင်း – မိဘ၊ အခြားမွေးချင်းများနှင့် တစ်အိပ်ရာတည်း အတူအိပ်ပါက SIDS ဖြစ်နိုင်ခြေမြင့်သော်လည်း တစ်ခန်းတည်း မိဘအိပ်ရာနံဘေးတွင် သီးသန့်အိပ်ရာဖြင့် တွဲ၍အိပ်ပါက SIDS အန္တရာယ်ကို လျော့နည်းစေနိုင်သည်
- အပူချိန်လွန်ကဲခြင်း – ကလေးအိပ်နေစဉ် ပတ်ဝန်းကျင်သည် အလွန်အမင်းပူနွေးနေပါက SIDS ဖြစ်နိုင်ခြေ မြင့်တက်စေသည်
- မိခင်၊ မိသားစုနှင့် ဆိုင်သောအချက်များ
- ကိုယ်ဝန်ဆောင်စဉ်တွင် မိခင်များအနေဖြင့် အောက်ပါအချက်များရှိပါက ကလေးတွင် SIDS ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်သည်
- မိခင်သည် အသက် (၂၀) အောက် ငယ်ခြင်း
- မိခင် ဆေးလိပ်သောက်ခြင်း
- မူးယစ်ဆေးသုံးစွဲခြင်း သို့မဟုတ် အရက်သောက်ခြင်း
- ကိုယ်ဝန်ကာလတစ်လျှောက် ကိုယ်ဝန်ဆောင်ကျန်းမာရေးစောင့်ရှောက်မှု ကောင်းစွာမခံယူထားခြင်း၊ ကိုယ်ဝန်လရင့်ချိန်မှ နောက်ကျအပ်ခြင်း
- မိသားစုရာဇဝင် – SIDS ဖြင့် သေဆုံးဖူးသော မောင်နှမမွေးချင်းရှိပါက ကလေးတွင် ဖြစ်နိုင်ခြေ ပိုများသည်
- ဆေးလိပ်ငွေ့များနှင့် ထိတွေ့မှုရှိခြင်း – ဆေးလိပ်သောက်သော မိသားစုဝင် တစ်အိမ်တည်းတွင် ရှိပါက ကလေးများတွင် SIDS အန္တရာယ်မြင့်မားသည်
- ကိုယ်ဝန်ဆောင်စဉ်တွင် မိခင်များအနေဖြင့် အောက်ပါအချက်များရှိပါက ကလေးတွင် SIDS ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်သည်
SIDS နှင့်ပတ်သက်သော အယူအဆအမှားများ
SIDS ဖြစ်စေသည်ဟု မှားယွင်းယူဆကြသည့် အခြေအနေအချို့လည်းရှိသည်။ ဥပမာအားဖြင့်
- ကာကွယ်ဆေးများထိုးနှံခြင်း
- လေးဖက်လေးတန်ကာရံထားသော ကလေးအိပ်ရာ (Crib) ထဲတွင် ကလေးကို အိပ်စေခြင်း
- အန်ခြင်း၊ အစာစားချိန် သို့မဟုတ် နို့စို့ချိန်၌ သီးခြင်း
- ဖျားနာခြင်းနှင့် ရောဂါများကူးစက်ခံရခြင်း
- အိမ်တွင်း နှိပ်စက်ညှင်းပန်းမှုများ ခံရခြင်း စသည့်အခြေအနေများသည် SIDS ကို ဖြစ်စေနိုင်သည်ဟု ယူဆကြသော်လည်း သိပ္ပံနည်းကျ တိကျသော အထောက်အထားများ မတွေ့ရပါ။
အထူးသဖြင့် ကာကွယ်ဆေးများသည် အသက် (၆) လအောက်တွင် အများဆုံး ထိုးရခြင်း၊ SIDS သည်လည်း အသက် (၆) လအောက် ကလေးများတွင် အများဆုံး ဖြစ်ခြင်းတို့ကြောင့် ထိုအချက်နှစ်ခုကြား ဆက်စပ်ခြင်းရှိနိုင်သည်ဟု ယူဆကြခြင်းဖြစ်သည်။ သိပ္ပံနည်းကျ လေ့လာချက်များအရ ကာကွယ်ဆေးများသည် SIDS ကို ဖြစ်စေကြောင်း လုံးဝမတွေ့ရှိရသည့်အပြင် SIDS ကိုပင် အတန်အသင့် ကာကွယ်ပေးနိုင်ကြောင်း လတ်တလော တွေ့ရှိချက်များအရ သိရှိရသည်။
ရောဂါလက္ခဏာများ
SIDS ကြောင့် သေဆုံးသောကလေးများတွင် မည်သည့်လက္ခဏာမှ ကြိုတင်သတိပေးပြသခြင်းမရှိပါ။ ကလေးကို အိပ်ပျော်နေရာမှ ရုတ်တရက်သေဆုံးနေသည့် အနေအထားဖြင့်သာ အတွေ့ရများသောကြောင့် မိဘများအနေဖြင့် အကြီးအကျယ် ထိတ်လန့်ခြင်း၊ မယုံကြည်နိုင်ခြင်း၊ လက်မခံနိုင်ခြင်း၊ အလွန်ဝမ်းနည်းခြင်း၊ နောင်တရခြင်းစသည့် ပြင်းထန်သော စိတ်ခံစားချက်များစွာ ခံစားရနိုင်သည်။ ထို့ကြောင့် ကြိုတင်ကာကွယ်ခြင်းနှင့် ကလေးအားစောင့်ကြည့်ခြင်းသည်သာ SIDS အတွက် အသင့်လျော်ဆုံးဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
SIDS ကို ရာနှုန်းပြည့် မကာကွယ်နိုင်သော်လည်း အထက်ဖော်ပြပါ ဖြစ်နိုင်ခြေများသည့် ကလေးငယ်များကို မိသားစုဆရာဝန်၊ ကလေးအထူးကုဆရာဝန်များနှင့် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများ ပုံမှန်ပြုလုပ်ရန်လိုသည်။ ဆရာဝန်မှ ကလေး၏ကျန်းမာရေးအခြေအနေနှင့် ဖွံ့ဖြိုးမှုတို့ကို စစ်ဆေးပြီး လိုအပ်သည့် ကာကွယ်ဆေးများ ထိုးပေးမည်။ ထို့နောက် SIDS နှင့်ပတ်သက်သော ကျန်းမာရေးအသိပညာပေးခြင်း၊ ဆောင်ရန် ရှောင်ရန်များ သင်ကြားပေးခြင်းတို့ကို ပြုလုပ်ပေးမည်ဖြစ်သည်။
ကာကွယ်ခြင်း
SIDS ကို ကုသရန် နည်းလမ်းမရှိပါ။ ဖြစ်နိုင်ခြေများသည့် အန္တရာယ်အချက်များကိုသာ ကြိုးစားကာကွယ်ရမည်ဖြစ်သည်။ ထို့ကြောင့် မိဘများအနေဖြင့် အောက်ပါကာကွယ်ရေးနည်းလမ်းများကို ဂရုတစိုက် လိုက်နာသင့်သည်။
- ကလေးကို အိပ်ချိန်တွင် အမြဲပက်လက်ထား၍သိပ်ပါ (Back to sleep)
- မွေးကင်းစအရွယ်မှစ၍ နေ့ညမရွေး ကလေးအား အမြဲပက်လက်အနေအထားဖြင့်သာ သိပ်ရန် အလွန်အရေးကြီးသည်
- ဘေးတစောင်း သို့မဟုတ် ဝမ်းလျားမှောက် အိပ်စေခြင်းကို ရှောင်ကြဥ်ပါ
- ကလေးကိုယ်တိုင် ဘယ်ညာလှိမ့်နိုင်သော အရွယ်ဖြစ်ပါက စိုးရိမ်ရန်မလိုပါ
- ကလေး၏ အိပ်ရာခင်းကို တင်းရင်းစွာ၊ ညီညာပြန့်ပြူးစွာခင်းထားပါ၊ ပျော့ပြောင်းအိကျနေသော မွေ့ရာများတွင် ကလေးကိုမသိပ်သင့်ပါ
- မိဘနှင့် အိပ်ခန်းတစ်ခန်းတည်းတွင် ထားသိပ်ပါ
- ကလေးအသက် (၆) လအထိ နေ့ရောညပါ မိဘများနှင့် တစ်ခန်းတည်းတွင် သီးသန့်ခုတင် သို့မဟုတ် သီးသန့်အိပ်ရာဖြင့် သိပ်ခြင်းသည် အကောင်းဆုံးဖြစ်သည်
- ဆိုဖာ၊ ကုလားထိုင်များပေါ်တွင်ထိုင်၍ ကလေးကို လက်ပေါ်တင်၍ သိပ်ခြင်းကို ရှောင်ကြဥ်ပါ
- ကလေးကို မိဘနှင့် တစ်ခုတင်တည်းထား၍သိပ်ခြင်း၊ အခြားမွေးချင်းမောင်နှမများနှင့် အတူအိပ်စေခြင်း၊ အိမ်မွေးတိရစ္ဆာန်လေးများနှင့် အတူအိပ်စေခြင်းကို ဖြစ်နိုင်လျှင်ရှောင်ကြဥ်ပါ
- ကလေး၏ ဦးခေါင်းနှင့် မျက်နှာကို တစ်ခုခုဖြင့် မဖုံးအုပ်မိစေရန် ဂရုစိုက်ပါ
- ကလေးအိပ်ရာတွင် စောင်အထူများ၊ သိုးမွေးခင်းများ၊ အိပ်ရာဘေးကာများ၊ ခေါင်းအုံးများနှင့် မွေးပွအရုပ်များဖြင့် ပြည့်သိပ်နေအောင် မထားရ၊ ထိုပစ္စည်းများသည် ကလေးငယ်အိပ်နေစဥ် အသက်ရှူလမ်းကြောင်း ပိတ်စေနိုင်သည်
- ကလေးအား စောင်ခြုံပေးလိုပါက စောင်ကို ကလေး၏ချိုင်းအောက်တွင် သေချာညှပ်၍ ခြုံပေးပါ
- ကလေးခြေထောက်နှင့် ခုတင်ခြေရင်းချင်းထိနေသော အနေအထား (Feet to foot position) ဖြင့် သိပ်ပါ
- အခန်းတွင်းအပူချိန်ကို ထိန်းညှိပါ
- အခန်းတွင်းအပူချိန်ကို ဖြစ်နိုင်လျှင် ၁၆ – ၂၀°C အတွင်း၌ ထားပါ
- ကလေးကို ပေါ့ပါးသော စောင်မျိုးကိုသာ ခြုံပေးပါ
- ကလေး ချွေးထွက်နေပါက သို့မဟုတ် ကိုယ်ပူနေပါက အဝတ်အစားနှင့် စောင်များကို အနည်းငယ် ဖြေလျှော့ပေးပါ
- ထူထဲသော ဂွမ်းစောင်များခြုံပေးခြင်း၊ ဦးထုပ်နှင့် ခြေအိတ်လက်အိတ်များ ဝတ်ပေးခြင်း၊ အနွေးဓာတ်ထုတ်ပေးသော လျှပ်စစ်စောင်များ ခင်းပေးခြင်းများ ရှောင်ပါ
- မိဘများအနေဖြင့် ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါး သုံးခြင်းကို ရှောင်ပါ
- ဆေးလိပ်ငွေ့နှင့် ကလေးအား ထိတွေ့မှုမရှိစေရန် ရှောင်ကြဉ်ပါ၊ ဆေးလိပ်ငွေ့ကို တစ်ဆင့်ခံရှူရှိုက်ရသော ကလေးများတွင် SIDS ဖြစ်နိုင်ခြေပိုများသည်
- တစ်အိမ်တည်းနေသူမိသားစုများကိုလည်း ဆေးလိပ်မသောက်ရန်တားမြစ်ပါ၊ သောက်လိုလျှင် အိမ်အပြင်ထွက်သောက်ရန် အကြံပေးပါ
- ကလေးအား မီးခိုးငွေ့များသော နေရာများသို့ ခေါ်ဆောင်ခြင်းမပြုရ
- မိဘများအနေဖြင့် အရက်သောက်ထားခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲထားခြင်း၊ အိပ်ဆေးသောက်ထားခြင်းများရှိပါက ကလေးနှင့် တစ်ခုတင်တည်းတွင် အတူမအိပ်ပါနှင့်
- မိခင်နို့တိုက်ပါ
- မိခင်နို့တိုက်ခြင်းသည် ကလေးများ၏ SIDS အန္တရာယ်ကို သိသာစွာလျှော့ချပေးသည်ဟု ဆိုကြသည်
- နို့မစို့သည့်အချိန်များတွင် ချိုလိမ်များကို ခေတ္တအသုံးပြုနိုင်သော်လည်း ချိုလိမ်သုံးခြင်းသည် SIDS ကိုမကာကွယ်နိုင်ပါ
- ကလေးအသက် (၆) လခန့်မှစ၍ ချိုလိမ်သုံးစွဲခြင်းကို ရပ်ပါ
- အခြားသတိပြုရမည့်အချက်များ
- ကာကွယ်ဆေးများ ပုံမှန်ထိုးပါ
- ကလေးတွင် အသက်ရှူမြန်ခြင်း၊ ပြာခြင်း၊ မှိန်းခြင်း၊ တုံ့ပြန်မှုနည်းခြင်း စသည့်လက္ခဏာများရှိပါက အရေးပေါ်ဌာနသို့ ချက်ချင်းသွားရောက်ပြသပါ
- ကလေးနေမကောင်းဖြစ်သည်ဟုယူဆပါက သက်ဆိုင်ရာဆရာဝန်နှင့် အမြန်ပြပါ
- ခရီးထွက်ရပါက ကလေးကို ကားထိုင်ခုံတွင် ကြာရှည်စွာ မထားပါနှင့်
မိဘများအနေဖြင့် အထက်ပါအချက်များကို လိုက်နာခြင်းဖြင့် SIDS ဖြစ်နိုင်ခြေကို အနည်းဆုံးအထိ လျှော့ချနိုင်သည်။ ထို့ပြင် မိမိကလေးအတွက် ပြည့်စုံသော သက်သေခံကာကွယ်မှုဖြစ်စေသည်။
အချုပ်အားဖြင့် SIDS သည် ကုသနည်းမရှိသကဲ့သို့ ရောဂါကြိုတင် ရှာဖွေစစ်ဆေးခြင်းများလည်း မပြုလုပ်နိုင်ပါ။ မဖြစ်စေရန် ကာကွယ်နည်းများဖြင့်သာ ကာကွယ်နိုင်သည်။ SIDS ကြောင့် မိမိတို့၏ ကလေးဆုံးရှုံးရခြင်းသည် မိသားစုအတွက် အလွန်ပြင်းထန်သော စိတ်ထိခိုက်ဝမ်းနည်းဖွယ် အခြေအနေဖြစ်သည်။ ထိုသို့ အခြေအနေမျိုးကြုံတွေ့ခဲ့ပြီး မိဘများ၏ စိတ်ထိခိုက်မှု၊ ဝမ်းနည်းမှုများအလွန် ပြင်းထန်လာပါက သက်ဆိုင်ရာဆေးပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးနိုင်သည်။ စိတ်ကျန်းမာရေး အထူးကုဆရာဝန်များမှ ဆွေးနွေးနှစ်သိမ့်ပေးနိုင်သည့်အပြင် SIDS အတွေ့အကြုံရှိခဲ့ဖူးသော အခြားမိဘများနှင့် တွေ့ဆုံစကားပြောဆိုပြီး စိတ်သက်သာရာ ရရှိစေရန် လုပ်ဆောင်သင့်သည်။
References:
- Cleveland Clinic. (n.d.). Sudden infant death syndrome (SIDS). Retrieved May 2, 2026, from https://my.clevelandclinic.org/health/diseases/13646-sudden-infant-death-syndrome-sids
- Mayo Clinic. (n.d.). Sudden infant death syndrome (SIDS): Symptoms and causes. Retrieved May 2, 2026, from https://www.mayoclinic.org/diseases-conditions/sudden-infant-death-syndrome/symptoms-causes/syc-20352800
- National Health Service (NHS). (n.d.). Reduce the risk of sudden infant death syndrome (SIDS). Retrieved May 2, 2026, from https://www.nhs.uk/conditions/baby/caring-for-a-newborn/reduce-the-risk-of-sudden-infant-death-syndrome/
- Moon, R. Y. (2018). Sudden infant death syndrome. In StatPearls. StatPearls Publishing. Retrieved May 2, 2026, from https://www.ncbi.nlm.nih.gov/books/NBK513399/
- UNICEF. (n.d.). What is SIDS? Retrieved May 2, 2026, from https://www.unicef.org/parenting/health/what-is-sids
- Healthdirect Australia. (n.d.). Sudden infant death syndrome (SIDS). Retrieved May 2, 2026, from https://www.healthdirect.gov.au/sudden-infant-death-syndrome-sids
- Centers for Disease Control and Prevention (CDC). (n.d.). Sudden infant death syndrome (SIDS) and vaccines. Retrieved May 2, 2026, from https://www.cdc.gov/vaccine-safety/about/sids.html
- Kinney, H. C., & Thach, B. T. (2009). The sudden infant death syndrome. New England Journal of Medicine, 361(8), 795–805. https://doi.org/10.1056/NEJMra0803836
Published: 5 June 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.