နှလုံးသွေးကြောကျဥ်းရောဂါ (Coronary artery disease)

နှလုံးသွေးကြောကျဥ်းရောဂါ (Coronary artery disease)

နှလုံးသွေးကြောကျဉ်းရောဂါ (CAD) သည် ကမ္ဘာတစ်ဝန်းတွင် အဖြစ်အများဆုံး နှလုံးရောဂါအမျိုးအစားတစ်ခုဖြစ်သည်။ ၎င်းသည် နှလုံးကြွက်သားများထံ သွေးထောက်ပံ့ပေးသည့် အဓိကသွေးကြောများ (Coronary Arteries) ကျဉ်းလာပြီး နှလုံးသို့သွေးစီးဆင်းမှု လျော့နည်းသွားသောရောဂါဖြစ်သည်။ ယေဘုယျအားဖြင့် သွေးလွှတ်ကြောနံရံများအတွင်း အဆီနှင့် ကိုလက်စထရောများ စုပုံလာခြင်းကြောင့် နှလုံးသွေးကြောများ၏ အတွင်းလမ်းကြောင်း ကျဉ်းမြောင်းသွားခြင်းဖြစ်သည်။ ဤရောဂါကို သွေးကြောဆိုင်ရာ နှလုံးရောဂါ (Coronary heart disease) သို့မဟုတ် သွေးကြောကျဉ်းခြင်းကြောင့်ဖြစ်သော နှလုံးရောဂါ (Ischemic heart disease) ဟုလည်း ခေါ်ဆိုသည်။

နှလုံးကြွက်သားများထံ သွေးစီးဆင်းမှု မလုံလောက်သည့်အခါ ရင်ဘတ်အောင့်ခြင်း၊ မောပန်းခြင်းနှင့် အသက်ရှူမဝခြင်း စသည့်လက္ခဏာများ ခံစားရတတ်သည်။ အကယ်၍ သွေးကြောလုံးဝ ပိတ်ဆို့သွားပါက ရုတ်တရက် နှလုံးအမောဖောက်ခြင်း (Heart attack) အထိ ဖြစ်စေနိုင်သည်။ အဆိုပါရောဂါသည် မည်သည့်လက္ခဏာမျှ မပြဘဲ နှစ်ပေါင်းများစွာ တဖြည်းဖြည်း ဖြစ်ပွါးနေနိုင်ပြီး သွေးကြောသိသိသာသာ ပိတ်ဆို့သွားမှသာ ရောဂါလက္ခဏာများ ပေါ်ထွက်လာတတ်သည်။

လက်ရှိစာရင်းဇယားများအရ နှလုံးသွေးကြောကျဉ်းရောဂါသည် ကမ္ဘာတစ်ဝန်းတွင် သေဆုံးမှုအများဆုံး ဖြစ်စေသော ရောဂါတစ်ခုဖြစ်သည်။ ၂၀၂၁ ခုနှစ် အချက်အလက်များအရ အမေရိကန်နိုင်ငံတွင် လူပေါင်း (၃၇၀,၀၀၀) ခန့်သည် ဤရောဂါကြောင့် သေဆုံးခဲ့ရပြီး ရောဂါခံစားနေရသူ (၁၈) သန်းကျော်အထိရှိသည်ဟု သိရသည်။

အမျိုးအစားများ

အဓိကအားဖြင့် (၂) မျိုးရှိသည်။

  1. နာတာရှည် နှလုံးသွေးကြောကျဉ်းရောဂါ (Stable Ischemic Heart Disease)
    နာတာရှည်ရောဂါပုံစံ ဖြစ်ပွါးခြင်းဖြစ်ပြီး နှလုံးသွေးလွှတ်ကြောများသည် နှစ်ပေါင်းများစွာကြာသည်အထိ တဖြည်းဖြည်းချင်း ကျဉ်းမြောင်းလာတတ်သည်။ အချိန်ကြာလာသည်နှင့်အမျှ နှလုံးသည် အောက်ဆီဂျင်ရရှိမှု လျော့နည်းလာသည်။ အချို့ရောဂါလက္ခဏာများကို ခံစားရနိုင်သော်လည်း နေ့စဉ်ဘဝတွင် ပုံမှန်အတိုင်း သွားလာလှုပ်ရှားနိုင်သည့် အခြေအနေဖြစ်သည်။ ကုသမှုမခံယူပါက သွေးကြောပို၍ ကျဥ်းလာနိုင်ပြီး ရောဂါအခြေအနေ ပိုဆိုးလာနိုင်သည်။
  2. ရုတ်တရက် နှလုံးသွေးကြောပိတ်ခြင်း (Acute Coronary Syndrome)
    ရုတ်တရက်ဖြစ်ပေါ်သော ပုံစံဖြစ်ပြီး အရေးပေါ် ဆေးကုသမှုခံယူရန် လိုအပ်သည့် အခြေအနေဖြစ်သည်။ နှလုံးသွေးလွှတ်ကြောအတွင်းရှိ အဆီခဲအစုအဝေး (Plaque) များ ရုတ်တရက် ပေါက်ထွက်သွားပြီး သွေးခဲများ ဖြစ်ပေါ်စေကာ နှလုံးသို့ သွေးစီးဆင်းမှုကို ပိတ်ဆို့လိုက်ခြင်းကြောင့်ဖြစ်သည်။ ထိုကဲ့သို့ သွေးကြောများ ရုတ်တရက်ပိတ်ဆို့ပြီး သွေးစီးဆင်းမှု ရုတ်ချည်းပြတ်တောက်သွားသောအခါ နှလုံးအမောဖောက်ခြင်း (Heart Attack) ကို ဖြစ်စေသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

နှလုံးသွေးကြောကျဉ်းရောဂါသည် အဓိကအားဖြင့် နှလုံးသွေးလွှတ်ကြောများ၏ အတွင်းနံရံများတွင် ကိုလက်စထရော၊ အခြားအဆီများနှင့် အချို့ဓာတ်ပစ္စည်းများ (ဥပမာ_ သွေးဆဲလ်များ၊ အမျှင်တစ်ရှူးများ၊ ကယ်လ်စီယမ်ဓာတ်) စုပုံလာခြင်းကြောင့် ဖြစ်ပွါးသည်။ ထိုသို့စုပုံလာသော အဆီအစုအဝေးကို Plaque ဟုခေါ်ဆိုပြီး၊ ရလဒ်အနေဖြင့် သွေးကြောအတွင်းနံရံကျဥ်းလာခြင်းကို Atherosclerosis ဟုခေါ်သည်။ သွေးကြောကျဥ်းလာ၍ သွေးစီးဆင်းမှုကို တဖြည်းဖြည်းကျဆင်းစေနိုင်သကဲ့သို့ သွေးကြောနံရံရှိ Plaque များ ပေါက်ထွက်သွားပါက ထိုအဆီစုပေါ်တွင် သွေးခဲခြင်းကို ဖြစ်ပေါ်စေနိုင်သည်။

သွေးကြောကျဥ်းခြင်းကို ဖြစ်စေနိုင်သည့် အကြောင်းရင်းအချို့မှာ_

  • ဆီးချိုရောဂါ သို့မဟုတ် အင်ဆူလင်ကို တုံ့ပြန်မှု မူမမှန်ခြင်း (Insulin resistance)
  • သွေးတိုးရောဂါ
  • ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း
  • ဆေးလိပ်သောက်ခြင်း သို့မဟုတ် ဆေးရွက်ကြီးအသုံးပြုခြင်း စသည်တို့ဖြစ်သည်။
ရောဂါဖြစ်နိုင်ခြေများစေသော အချက်များ

နှလုံးသွေးကြောကျဉ်းရောဂါသည် အလွန်အဖြစ်များသော ရောဂါတစ်ခုဖြစ်ပြီး ရောဂါဖြစ်နိုင်ခြေများစေသော အချက်များစွာနှင့်လည်း ဆက်စပ်မှုရှိသည်။

  1. မပြုပြင်၊ မပြောင်းလဲနိုင်သော အချက်များ
    • အသက်အရွယ်
      • အသက်ကြီးလာသည်နှင့်အမျှ သွေးလွှတ်ကြောများ ပျက်စီးခြင်းနှင့် ကျဉ်းမြောင်းခြင်း ဖြစ်နိုင်ခြေ ပိုများလေဖြစ်သည်
    • မွေးရာပါ လိင်အမျိုးအစား
      • ယေဘုယျအားဖြင့် အမျိုးသားများသည် ရောဂါဖြစ်နိုင်ခြေ ပိုများသည်
      • သို့သော် အမျိုးသမီးများတွင် သွေးဆုံးပြီးနောက်ပိုင်း ဖြစ်နိုင်ခြေ ပို၍တိုးလာတတ်သည်
    • မျိုးဗီဇ
      • မိသားစုဝင်ထဲတွင် နှလုံးရောဂါဖြစ်ပွါးပါက ရောဂါဖြစ်နိုင်ခြေ ပိုမြင့်စေသည်
      • အထူးသဖြင့် မိဘ သို့မဟုတ် မောင်နှမများတွင် ငယ်ရွယ်စဉ်ကတည်းက နှလုံးရောဂါဖြစ်ခဲ့လျှင် (ဥပမာ – ဖခင် သို့မဟုတ် ညီအစ်ကိုတွင် အသက် ၅၅ နှစ်မတိုင်မီ၊ မိခင် သို့မဟုတ် ညီအစ်မတွင် အသက် ၆၅ နှစ်မတိုင်မီ ဖြစ်ပွါးခဲ့ခြင်း) ရောဂါဖြစ်နိုင်ခြေ ပို၍များစေသည်
  2. ကုသထိန်းချုပ်နိုင်သည့် အချက်များ
    • ဆေးလိပ်သောက်ခြင်း
      • ဆေးလိပ်သောက်ခြင်းသည် နှလုံးကျန်းမာရေးကို အလွန်ဆိုးရွားစွာ ထိခိုက်စေနိုင်ပြီး ဆေးလိပ်ငွေ့တစ်ဆင့်ခံ ရှူရှိုက်မိခြင်းကလည်း အန္တရာယ်ရှိသည်
    • သွေးတိုးရောဂါ
      • သွေးတိုးရောဂါကို ကောင်းစွာမထိန်းချုပ်ပါက သွေးကြောများကို မာကျောစေပြီး သွေးကြောကျဉ်းခြင်းကို ဖြစ်စေသည်
    • ကိုလက်စထရော
      • သွေးထဲတွင် ကိုယ်ခန္ဓာအတွက် မကောင်းသော ကိုလက်စထရော (LDL) များလွန်းခြင်း သို့မဟုတ် ကိုယ်ခန္ဓာအတွက် ကောင်းသော ကိုလက်စထရော (HDL) နည်းလွန်းခြင်းသည် သွေးကြောများတွင် အဆီစုစေသည်
    • ဆီးချိုရောဂါ
      • ဆီးချိုရောဂါသည် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေသည်
    • အဝလွန်ခြင်း
      • ခန္ဓာကိုယ်တွင် အဆီပိုများလွန်းခြင်းသည် ဆီးချိုနှင့် သွေးတိုးရောဂါကို ဖြစ်စေနိုင်သည်
    • နာတာရှည် ကျောက်ကပ်ရောဂါ
      • နာတာရှည် ကျောက်ကပ်ရောဂါရှိသူများသည် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေ ပိုများသည်
    • ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း
      • ကိုယ်လက်လှုပ်ရှားမှု မရှိခြင်းသည် နှလုံးရောဂါနှင့် တိုက်ရိုက် ဆက်စပ်မှုရှိသည်
    • စိတ်ဖိစီးမှု
      • ပြင်းထန်သော စိတ်ဖိစီးမှုသည် သွေးကြောများကို ပျက်စီးစေနိုင်သည်
    • ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာ
      • အဆီများသော အစားအစာ၊ ဆားနှင့် သကြား အလွန်အကျွံစားသုံးခြင်းသည် နှလုံးသွေးကြောအဆီစုခြင်းကို အားပေးသည်
    • အရက်အလွန်အကျွံသောက်ခြင်း
      • နှလုံးကြွက်သားကို ပျက်စီးစေနိုင်သည်
    • အိပ်စက်ခြင်း
      • အိပ်ချိန်နည်းလွန်းခြင်း သို့မဟုတ် များလွန်းခြင်း နှစ်မျိုးလုံးသည် နှလုံးရောဂါနှင့် ဆက်စပ်မှုရှိသည်
    • အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း (Sleep Apnea)
      • အိပ်နေစဉ် အောက်ဆီဂျင် ရုတ်တရက် ကျဆင်းသွားတတ်သောကြောင့် နှလုံးသည် ပိုမိုအလုပ်လုပ်ရကာ သွေးတိုးစေသည်
    • ကိုယ်ခန္ဓာရောင်ရမ်းဓာတ် (hs-CRP) မြင့်မားခြင်း
      • ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုရှိပါက အဆိုပါ hs-CRP ပရိုတင်းပမာဏ မြင့်တက်လာတတ်ပြီး နှလုံးရောဂါနှင့် ဆက်စပ်နေလေ့ရှိသည်
    • ထရိုင်ဂလစ်စရိုက် (Triglycerides) မြင့်မားခြင်း
      • သွေးထဲရှိ အဆီတစ်မျိုးဖြစ်ပြီး ပုံမှန်ထက် များနေပါက သွေးကြောတွင် အဆီစုစေသည်
    • ကိုယ်ဝန်ဆောင်စဉ် နောက်ဆက်တွဲပြဿနာများ
      • ကိုယ်ဝန်ဆိပ်တက်ခြင်း (Preeclampsia)၊ ကိုယ်ဝန်ဆောင်ဆီးချို သို့မဟုတ် သွေးတိုးခြင်းတို့သည် နောက်ပိုင်းတွင် နှလုံးရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေသည်
    • ကိုယ်ခံအားစနစ်တုံ့ပြန်မှုဆိုင်ရာ ရောဂါများ
      • ရူမတွိုက်အဆစ်ရောင်ရောဂါ (Rheumatoid arthritis) နှင့် အက်စ်အယ်လ်အီး (SLE) ရောဂါရှိသူများသည် သွေးကြောကျဉ်းနိုင်ခြေ ပိုများသည်
ရောဂါလက္ခဏာများ

နှလုံးသွေးကြောကျဉ်းရောဂါ၏ လက္ခဏာများသည် နှလုံးကြွက်သားများဆီသို့ အောက်ဆီဂျင်ပြည့်ဝသည့် သွေးများ လုံလောက်စွာ မရောက်ရှိသည့်အချိန်တွင် ဖြစ်ပေါ်သည်။ ၎င်းတို့မှာ_

  • ရင်ဘတ်အောင့်ခြင်း (Angina)
    • ရင်ဘတ်ထဲတွင် တစ်ခုခုနှင့် အညှစ်ခံထားရသလိုဖြစ်ခြင်း၊ တစ်ခုခုဖြင့် ဖိထားသလိုဖြစ်ခြင်း၊ လေးလံခြင်း သို့မဟုတ် တင်းကျပ်ခြင်းတို့ကို ခံစားရနိုင်သည်
    • များသောအားဖြင့် ရင်ဘတ်အလယ် သို့မဟုတ် ဘယ်ဘက်ခြမ်းတွင် ဖြစ်လေ့ရှိသည်
    • ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း သို့မဟုတ် စိတ်လှုပ်ရှားမှု ပြင်းထန်ခြင်းတို့ရှိပါက လက္ခဏာများကို ပို၍ဆိုးစေနိုင်သည်
    • အနားယူလိုက်လျှင် ပြန်လည်သက်သာသွားလေ့ရှိသည်
    • အချို့သူများ (အထူးသဖြင့် အမျိုးသမီးများ) တွင် လည်ပင်း၊ လက်မောင်း သို့မဟုတ် ကျောဘက်တို့၌ ခဏတာစူးရှသော နာကျင်မှုကို ခံစားရတတ်သည်
  • အသက်ရှူမဝခြင်း
    • အသက်ကို ဝဝရှူ၍မရဘဲ မောဟိုက်နေသကဲ့သို့ ခံစားရနိုင်သည်
    • လှုပ်ရှားမှု ပြုလုပ်ပြီးလျှင် အသက်ရှူမဝသကဲ့သို့ ခံစားရသည်
    • တစ်ခါတစ်ရံ ရင်တုန်ခြင်းနှင့် တွဲ၍ ဖြစ်တတ်သည်
  • နုံးချည့်ခြင်း (Fatigue)
    • နှလုံးသည် ခန္ဓာကိုယ်အတွက် လိုအပ်သော သွေးပမာဏကို လုံလောက်အောင် မညှစ်ထုတ်နိုင်ပါက သာမန်ထက်ပို၍ ပင်ပန်းနွမ်းနယ်နေတတ်သည်

အချို့သူများတွင် ရောဂါလက္ခဏာအားလုံးကို တွေ့နိုင်သော်လည်း အချို့တွင်မူ အသက်ရှူမဝခြင်း လက္ခဏာ တစ်မျိုးတည်းလည်း ဖြစ်ပေါ်နိုင်သည်။ ရောဂါလက္ခဏာများကို အစပိုင်းတွင် သတိမထားမိနိုင်ပါ။ တစ်ခါတစ်ရံ လှုပ်ရှားမှုများ၍ မောပန်းခြင်း၊ နှလုံးခုန်မြန်ခြင်းဟုသာ ထင်မိကြသည်။ သွေးကြောများ ပိုကျဥ်းလာသည်နှင့်အမျှ လက္ခဏာများ ပိုမိုပြင်းထန်လာခြင်း သို့မဟုတ် မကြာခဏ ခံစားရခြင်းတို့ ရှိနိုင်သည်။ အချို့လူနာများတွင် နှလုံးသွေးကြောကျဥ်း လက္ခဏာများကို သတိမမူမိဘဲ သွေးကြောလုံးဝပိတ်ချိန်မှ ရုတ်တရက် နှလုံးအမောဖောက်ခြင်း (Heart attack) ဖြင့် ပထမဆုံး လက္ခဏာပြခြင်းကိုလည်း တွေ့နိုင်သည်။

ရုတ်တရက်နှလုံးအမောဖောက်ခြင်း (Heart Attack)

နှလုံးသွေးလွှတ်ကြောကျဥ်းနေရာမှ ရုတ်တရက်အလွန်ကျဥ်းသွားခြင်း သို့မဟုတ် လုံးဝပိတ်ဆို့ခြင်းတို့ ဖြစ်ပါက နှလုံးကြွက်သားများ ပျက်စီး၍ ရုတ်တရက် နှလုံးအမောဖောက်ခြင်း (Heart Attack) ကိုဖြစ်စေသည်။ တွေ့ရများသော လက္ခဏာများမှာ_

  • ရုတ်တရက် ရင်ဘတ်အတွင်း တင်းကျပ်ခြင်း၊ အညှစ်ခံရသကဲ့သို့ ခံစားရခြင်း သို့မဟုတ် ကိုက်ခဲခြင်း
  • နာကျင်မှု သို့မဟုတ် မသက်မသာဖြစ်မှုသည် ပခုံး၊ လက်မောင်း၊ ကျော၊ လည်ပင်း၊ မေးရိုး၊ သွားများ သို့မဟုတ် တစ်ခါတစ်ရံ ဗိုက်အပေါ်ပိုင်းအထိ ပျံ့နှံ့သွားခြင်း
  • ယခင်ဖြစ်ပေါ်နေကျ လက္ခဏာများသည် ပိုမိုပြင်းထန်လာခြင်း၊ ပြန်မသက်သာဘဲ ဆက်တိုက်ဖြစ်ပေါ်နေခြင်း၊ အနားယူလိုက်လျှင်လည်း ပြန်မသက်သာခြင်း
  • ချွေးစေးများထွက်ခြင်း
  • နုံးချည့်ပင်ပန်းခြင်း
  • ရင်ပူခြင်း
  • ပျို့အန်ချင်ခြင်း
  • အသက်ရှူမဝခြင်း
  • ခေါင်းထဲတွင် ပေါ့ပါးသွားခြင်း သို့မဟုတ် ရုတ်တရက် မူးဝေခြင်း စသည်တို့ဖြစ်သည်။

ရင်ဘတ်အောင့်ခြင်းသည် နှလုံးအောင့်ခြင်း၏ အဖြစ်အများဆုံးလက္ခဏာ ဖြစ်သော်လည်း အချို့သူများ (အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချိုရောဂါရှိသူများ) တွင် နှလုံးရောဂါနှင့် ဆက်စပ်မှုမရှိသော လက္ခဏာများ ပြတတ်သည်။ ဥပမာ _ ပျို့အန်ခြင်း သို့မဟုတ် လည်ပင်းနှင့် ကျောဘက်တွင် ခဏတာ နာကျင်ခြင်းစသည့် လက္ခဏာများ ပြနိုင်သည်။ အချို့တွင်မူ နှလုံးသွေးကြော လုံးဝပိတ်နေသည့်တိုင် မည်သည့်လက္ခဏာကိုမျှ မပြဘဲ ရှိနေတတ်ကြသည်။

နောက်ဆက်တွဲပြဿနာများ

နှလုံးသွေးကြောကျဉ်းရောဂါကြောင့် အောက်ပါနောက်ဆက်တွဲပြဿနာများ ဖြစ်ပွါးနိုင်သည်။

  • ရင်ဘတ်အောင့်ခြင်း (Angina) – နှလုံးသွေးကြောကျဉ်းရောဂါ၏ ရောဂါလက္ခဏာတစ်ခု ဖြစ်သကဲ့သို့ နောက်ဆက်တွဲဆိုးကျိုးလည်းဖြစ်သည်
  • နှလုံးအမောဖောက်ခြင်း (Heart Attack) – နှလုံးသွေးကြောကျဥ်းချိန်တွင် သေချာမကုသပါက ပြင်းထန်သော နောက်ဆက်တွဲပြဿနာအနေဖြင့် ဖြစ်ပေါ်နိုင်သည်
  • နှလုံးလုပ်ငန်း ပျက်စီးခြင်း (Heart Failure) – နှလုံးသွေးလွှတ်ကြောများ ကျဉ်းမြောင်းလာခြင်း သို့မဟုတ် သွေးတိုးရောဂါရှိခြင်းတို့သည် နှလုံး၏ လုပ်ဆောင်ချက်များကို တဖြည်းဖြည်း အားနည်းလာစေခြင်း သို့မဟုတ် နှလုံးကြွက်သားများ တောင့်တင်းလာစေခြင်းတို့ကို ဖြစ်စေသည်၊ ထိုသို့ဖြစ်ခြင်းကြောင့် နှလုံး၏ ပုံမှန်လုပ်ငန်းဖြစ်သော သွေးညှစ်ထုတ်ခြင်းကို ထိခိုက်စေသည်
  • နှလုံးညှစ်အားကျခြင်းကြောင့် သွေးပေါင်ကျခြင်း (Cardiogenic shock)
  • ရုတ်တရက်နှလုံးရပ်ခြင်း (Cardiac arrest)
  • နှလုံးခုန်စည်းချက် မမှန်ခြင်း (Arrhythmias) – နှလုံးသို့ သွေးလုံလောက်စွာ မရရှိပါက နှလုံး၏ လျှပ်စစ်စီးဆင်းမှုစနစ်ကို ထိခိုက်စေနိုင်ပြီး နှလုံးခုန်နှုန်း ပုံမှန်မဟုတ်ဘဲ မြန်လွန်းခြင်း၊ နှေးလွန်းခြင်း သို့မဟုတ် စည်းချက်မမှန်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်

ရောဂါဖြစ်နိုင်ခြေများသော ဆေးလိပ်သောက်ခြင်း၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါများရှိခြင်း၊ ကိုလက်စထရောများခြင်း၊ အဝလွန်ခြင်း သို့မဟုတ် မိသားစုထဲတွင် နှလုံးရောဂါမျိုးရိုးရှိခြင်း (ဥပမာ_ နှလုံးသွေးကြောပိတ်ခြင်း၊ နှလုံးကြောင့် ရုတ်တရက်သေဆုံးခြင်း) စသည့်အချက်များရှိပါက နှလုံးစစ်ဆေးမှု ပြုလုပ်ရန် မိသားစုဆရာဝန်နှင့် တိုင်ပင်သင့်သည်။ နှလုံးသွေးကြောကျဉ်းခြင်း ရှိမရှိ စစ်ဆေးရန် စမ်းသပ်စစ်ဆေးမှုများ လိုအပ်နိုင်သည်။ လိုအပ်ပါက နှလုံးအထူးကုဆရာဝန်များထံ လွှဲပြောင်းကုသပေးမည်ဖြစ်သည်။

အရေးပေါ်ပြသရန်

အကယ်၍ နှလုံးအမောဖောက်ခြင်း (Heart Attack) ဖြစ်နေသည်ဟု ယူဆပါက အရေးပေါ်ဖုန်းနံပါတ် သို့မဟုတ် လူနာတင်ယာဉ်ကို ခေါ်ဆိုပါ သို့မဟုတ် အနီးဆုံး ဆေးရုံအရေးပေါ်ဌာနများသို့ အမြန်ဆုံးသွားရောက်ပါ။ သွားရောက်ရာတွင်လည်း ကိုယ်တိုင်ကားမောင်းခြင်း လုံးဝမပြုလုပ်ဘဲ တစ်ဦးဦးအား အမြန်ဆုံး ပို့ဆောင်ခိုင်းပါ။

ရောဂါရှာဖွေခြင်း

နှလုံးသွေးကြောကျဉ်းရောဂါကို ရှာဖွေဖော်ထုတ်ရန် ဆရာဝန်မှ ရောဂါရာဇဝင်နှင့် ခံစားနေရသော လက္ခဏာများ (အဓိကအားဖြင့် ရင်ဘတ်အောင့်ခြင်း သို့မဟုတ် အသက်ရှူမဝခြင်း) ကို မေးမြန်းမည်ဖြစ်သည်။ သွေးတိုးရောဂါ၊ ဆီးချိုရောဂါများ ရှိမရှိကိုလည်း စစ်ဆေးမည်ဖြစ်သည်။ ထို့နောက် လိုအပ်သည့် ခန္ဓာကိုယ်စမ်းသပ်ခြင်း၊ နှလုံးဆိုင်ရာ သွေးခုန်နှုန်း၊ သွေးပေါင်ချိန်၊ နှလုံးစည်းချက် မှန်မမှန်၊ နှလုံးကြီးနေခြင်းစသည်တို့အတွက် စမ်းသပ်စစ်ဆေးမည်ဖြစ်သည်။ စစ်ဆေးပြီးနောက် နှလုံးသွေးကြောကျဥ်းရောဂါကို သံသယရှိပါက လိုအပ်သော နောက်ထပ်စမ်းသပ်မှုများ ဆက်လက်ပြုလုပ်ရန် ညွှန်ကြားမည်ဖြစ်သည်။

စမ်းသပ်စစ်ဆေးမှုများ

နှလုံးသွေးကြောကျဥ်းရောဂါကို ရှာဖွေရန် သို့မဟုတ် ရောဂါအခြေအနေကို စောင့်ကြည့်ရန် ပြုလုပ်နိုင်သော စစ်ဆေးမှုများမှာ_

  • သွေးစစ်ခြင်း (Blood tests)
    သွေးထဲရှိ သကြားဓာတ်နှင့် ကိုလက်စထရော ပမာဏကို စစ်ဆေးနိုင်သည်။ ထို့ပြင် ကိုယ်ခန္ဓာရောင်ရမ်းဓာတ် (hs-CRP) စစ်ဆေးခြင်းဖြင့် ဆက်စပ်မှုရှိသော သွေးလွှတ်ကြောများ ရောင်ရမ်းမှုကို သိနိုင်သည်။ သွေးစစ်ခြင်းသည် နှလုံးရောဂါကို အတိအကျ ရှာဖွေပေးနိုင်ခြင်း မရှိသော်လည်း ဖြစ်နိုင်ခြေများစေသော အချက်များနှင့် အခြေခံကျန်းမာရေး အခြေအနေကို ဖော်ပြနိုင်သည်။ သို့ရာတွင် နှလုံးသွေးကြောလုံးဝပိတ်သည့် အခြေအနေကို သံသယ ရှိပါက Troponin အင်ဇိုင်းကို စစ်ဆေးခြင်းဖြင့် နှလုံးကြွက်သား ထိခိုက်မှုကို သိနိုင်သည်။
  • နှလုံးအီးစီဂျီဆွဲခြင်း (ECG)
    အရေးကြီးသော အခြေခံစစ်ဆေးမှုဖြစ်ပြီး နှလုံး၏ လျှပ်စီးကြောင်းဆိုင်ရာ လှုပ်ရှားမှုများကို လွယ်ကူလျင်မြန်စွာ ဖော်ပြပေးနိုင်သော စစ်ဆေးမှုဖြစ်သည်။ နှလုံးခုန်နှုန်း၊ နှလုံးခုန်စည်းချက်၊ နှလုံးကြီးနေခြင်း၊ သွေးကြောလုံးဝပိတ်ခြင်း၊ သွေးကြောကျဥ်းနိုင်ခြေရှိခြင်း စသည့်အချက်အလက်များစွာကို ဖော်ပြပေးနိုင်ပြီး လူနာ၏ နှလုံးအောင့်ဖူးခြင်း၊ လက်ရှိအောင့်နေခြင်း စသည့်လက္ခဏာများနှင့် ချိတ်ဆက်စဥ်းစားရန် လိုအပ်သည်။
  • အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက်ဖြင့် စစ်ဆေးခြင်း (Echocardiogram)
    အသံလှိုင်းများကို အသုံးပြု၍ နှလုံးအတွင်း သွေးစီးဆင်းမှု၊ နှလုံးအခန်းများနှင့် အဆို့ရှင်များ၊ နှလုံးညှစ်အားတို့ကို ကြည့်ရှုစစ်ဆေးခြင်းဖြစ်သည်။ နာတာရှည်နှလုံးသွေးကြောကျဥ်းရောဂါကြောင့် နှလုံးညှစ်အား ကျဆင်းခြင်း၊ နှလုံးသွေးကြောပိတ်ခြင်းကြောင့် နှလုံး၏ အချို့အပိုင်းများတွင် အောက်ဆီဂျင် ပြတ်တောက်သွားပြီး လှုပ်ရှားမှုအားနည်းခြင်း စသည်တို့ကို စစ်ဆေးနိုင်သည်။
  • လေ့ကျင့်ခန်းလုပ်စဥ် စစ်ဆေးခြင်း (Exercise stress test)
    နှလုံးသွေးကြောကျဥ်း လက္ခဏာများသည် တစ်ခါတစ်ရံ လှုပ်ရှားမှုပြုလုပ်စဥ် သို့မဟုတ် လေ့ကျင့်ခန်းလုပ်စဥ်တွင် ဖြစ်ပေါ်လေ့ရှိသောကြောင့် ဤနည်းလမ်းဖြင့် စစ်ဆေးနိုင်သည်။ လူနာကို လမ်းလျှောက်စက်ပေါ်တွင် လမ်းလျှောက်နေစဥ် သို့မဟုတ် စက်ဘီးနင်းနေစဥ် အီးစီဂျီတပ်ထားပြီး စစ်ဆေးခြင်းဖြစ်သည်။ နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်နှင့် အီးစီဂျီတွင် နှလုံးသွေးကြောကျဥ်း လက္ခဏာများ ပေါ်လာခြင်း စသည်တို့ကို စစ်ဆေးနိုင်ပြီး တစ်ပြိုင်နက်တည်း ရောဂါလက္ခဏာများ (ရင်ဘတ်အောင့်ခြင်း၊ မောလာခြင်း) ကိုလည်း စောင့်ကြည့်နိုင်သည်။ လေ့ကျင့်ခန်းလုပ်၍ စမ်းသပ်ရန် မဖြစ်နိုင်သူများ (လမ်းမလျှောက်နိုင်သူ၊ မပြေးနိုင်သူ၊ ဒူးခေါင်းထိခိုက်ဒဏ်ရာရသူ၊ အသက်အရွယ်ကြီးသူများ) အတွက်မူ ဆေးဝါးများ အသုံးပြု၍ စစ်ဆေးနိုင်သည်။
  • အနုမြူရောင်ခြည်သုံး စစ်ဆေးမှု (Nuclear stress test)
    ရေဒီယိုသတ္တိကြွ ပစ္စည်းအနည်းငယ်ကို အသုံးပြု၍ နှလုံးညှစ်ချိန်နှင့် နားချိန်တို့တွင် နှလုံးသို့ သွေးမည်သို့စီးဆင်းသည်ကို ပုံဖော်ကြည့်ရှုခြင်းဖြစ်သည်။ သွေးစီးဆင်းမှု အားနည်းသော နေရာများကို ရှာဖွေပေးသည်။
  • နှလုံး ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (Heart CT scan)
    သွေးလွှတ်ကြောများအတွင်း ကယ်လ်စီယမ်ဓာတ် စုပုံနေခြင်းနှင့် ပိတ်ဆို့နေခြင်းတို့ကို ကြည့်ရှုနိုင်သည်။ တစ်ခါတစ်ရံ ပိုမိုအသေးစိတ်ကျသော ပုံရိပ်များရရှိရန် ဆေးထိုး၍ စစ်ဆေးနိုင်ပြီး ၎င်းကို CT coronary angiogram ဟု ခေါ်သည်။
  • နှလုံးသွေးကြောအတွင်း ပိုက်ထည့်စစ်ဆေးခြင်း (Cardiac catheterization and angiogram)
    သေးငယ်သော ပိုက်ပျော့လေးကို ပေါင်ခြံ သို့မဟုတ် လက်ကောက်ဝတ်ရှိ သွေးကြောမှတစ်ဆင့် နှလုံးအထိ ထည့်သွင်းစစ်ဆေးခြင်းဖြစ်သည်။ Contrast ဆေးရည်ဖြင့် ပုံရိပ်ဖော်စစ်ဆေးပါက သွေးကြောပိတ်ဆို့နေမှုကို ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။ ထိုသို့ စစ်ဆေးမှုလုပ်နေစဉ်အတွင်းမှာပင် ကုသမှုများကို တစ်ပြိုင်နက် ပြုလုပ်နိုင်သည်။
ကုသခြင်း

နှလုံးသွေးကြောကျဉ်းရောဂါအတွက် ကုသမှုများတွင် အောက်ပါတို့ ပါဝင်သည်။

  • နေထိုင်မှုပုံစံ ပြောင်းလဲခြင်း – ဆေးလိပ်ဖြတ်ခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်စွာ စားသုံးခြင်းနှင့် လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း
  • ဆေးဝါးများဖြင့် ကုသခြင်း
  • နှလုံးခွဲစိတ်မှု သို့မဟုတ် အခြားဆေးဘက်ဆိုင်ရာ လုပ်ဆောင်ချက်များ
  1. နေထိုင်မှုပုံစံ ပြောင်းလဲခြင်း
    • ဆေးလိပ်ဖြတ်ပါ
      • နှလုံးသွေးကြောများကို ထိခိုက်စေသော ဆေးလိပ်ကို လုံးဝဖြတ်ပါ
    • နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုသော အစားအစာများ စားသုံးပါ
      • သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် အစေ့အဆန်များ များများစားပါ၊ သကြား၊ ဆားနှင့် အဆီများကို လျှော့စားပါ
    • ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ
      • တစ်ပတ်လျှင် အနည်းဆုံး (၅) ရက်ခန့်တွင် မိနစ် ၃၀ မှ ၆၀ ကြာ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ
    • ကိုယ်အလေးချိန် ထိန်းပါ
      • အဝလွန်ခြင်းသည် နှလုံးအတွက် အန္တရာယ်ရှိသောကြောင့် ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ
    • ရောဂါများကို ထိန်းချုပ်ပါ
      • သွေးတိုး၊ သွေးအဆီများခြင်းနှင့် ဆီးချိုရောဂါများကို ပုံမှန်စစ်ဆေးပြီး စနစ်တကျ ထိန်းသိမ်းပါ
    • အိပ်ရေးဝဝအိပ်ပါ
      • တစ်နေ့လျှင် ၇နာရီ မှ ၉နာရီအထိ အိပ်စက်ပါ
    • စိတ်ဖိစီးမှုကို လျှော့ချပါ
      • တရားမှတ်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းတို့ဖြင့် စိတ်ဖိစီးမှု လျှော့ချပါ
  2. ဆေးဝါးများဖြင့် ကုသခြင်း (Medications)
    • သွေးကျဲဆေးများ (Antiplatelets)
      • သွေးကျဲစေခြင်းဖြင့် သွေးခဲများမဖြစ်စေရန် ကာကွယ်ပေးနိုင်သည်
      • သွေးကျဲဆေးများကို သွေးကြောပိတ်လူနာများတွင်လည်း Stent ထည့်ပြီးနောက် သွေးခဲများ ထပ်မံမပိတ်အောင် အသုံးပြုနိုင်သည်
      • သွေးကျဲဆေးများတွင် Aspirin, Clopidogrel, Prasugrel, Dipyridamole, Ticagrelor ဆေးများပါဝင်သည်၊ လူနာ၏ ရောဂါအခြေအနေပေါ် မူတည်၍ ဆရာဝန်မှ မည်သည့်ဆေးဖြင့် သင့်တော်သည်ကို ညွှန်ပေးမည်ဖြစ်သည်
      • သွေးကျဲဆေးများ၏ ဘေးထွက်ဆိုးကျိုးများမှာ အစာအိမ်နှင့် အူလမ်းကြောင်း သွေးထွက်ခြင်းဖြစ်နိုင်သောကြောင့် အစာအိမ်ဆေးများနှင့် တွဲသောက်ရန် လိုအပ်နိုင်သည်။
    • စတက်တင်ဆေးများ
      • မကောင်းသော LDL ကိုလက်စထရောကို လျှော့ချရန်နှင့် သွေးကြောအတွင်း အဆီစုခြင်းကို သက်သာစေရန်အတွက် သောက်သုံးရန် လိုအပ်သည်
      • အသုံးများသော စတက်တင်ဆေးများမှာ Atorvastatin, Rosuvastatin တို့ဖြစ်သည်
    • Beta blockers
      • နှလုံးခုန်နှုန်းကို နှေးစေပြီး သွေးဖိအားကို ချပေးသည်
      • ရင်ဘတ်အောင့်သူများတွင် ရောဂါလက္ခဏာများကို သက်သာစေရန် အသုံးပြုသည်
    • Calcium channel blockers
      • သွေးပေါင်ချိန်ထိန်းပေးခြင်း၊ နှလုံးခုန်နှုန်း နှေးစေခြင်းဖြင့် ရင်ဘတ်အောင့်သူများတွင် လက္ခဏာသက်သာစေရန် အသုံးပြုသည်
    • ACE inhibitors နှင့် Angiotensin 2 receptor blockers
      • သွေးပေါင်ချိန်ကျစေပြီး နှလုံးကြွက်သားထိခိုက်မှုကို သက်သာစေသည်
      • နှလုံးသွေးကြောပိတ်ဖူးသူ လူနာများတွင် နှလုံးထိခိုက်မှု သက်သာစေရန် ရေရှည်သောက်သုံးရန် လိုအပ်သည်
    • Nitroglycerin
      • နှလုံးသွေးကြောများကို ကျယ်စေပြီး ရင်ဘတ်အောင့်ခြင်းကို သက်သာစေသည် (ဆေးပြား၊ ဖြန်းဆေး သို့မဟုတ် ကပ်ခွာပုံစံဖြင့် လာသည်)
    • Ranolazine
      • သွေးကြောကျဥ်း၍ ရင်ဘတ်အောင့်ခြင်းကို အထက်ပါဆေးများဖြင့် မသက်သာပါက ထပ်ပေါင်းဆေးအနေဖြင့် ပေးနိုင်သည်
  3. ခွဲစိတ်မှုနှင့် အခြားလုပ်ဆောင်ချက်များ (Surgeries or Procedures)
    • သွေးကြောချဲ့ခြင်းနှင့် စတန့် (Stent) ထည့်ခြင်း
      • ပိတ်နေသော သွေးကြောထဲသို့ ပိုက်ပျော့ဖြင့် ပူဖောင်းထည့်၍ ချဲ့ခြင်းနှင့် သွေးကြောပြန်မကျဉ်းစေရန် (Stent) ထည့်ခြင်းဖြစ်သည်
      • လူနာတစ်ဦးချင်းစီအတွက် သွေးကြော stent ထည့်ရန် လိုမလို ဆရာဝန်မှ ဆုံးဖြတ်ပေးမည်ဖြစ်သည်
    • နှလုံးသွေးကြောအစားထိုးခြင်း (CABG)
      • ခန္ဓာကိုယ်၏ အခြားနေရာမှ သွေးကြောကိုယူ၍ ပိတ်နေသော သွေးကြောနေရာကို ကျော်ပြီး လမ်းကြောင်းသစ်ဖောက်ပေးသည့် ခွဲစိတ်မှုဖြစ်သည်
  4. ဖြည့်စွက်စာနှင့် အခြားကုထုံးများ (Alternative Medicine)
    • အိုမီဂါ-၃ (Omega-3 fatty acids) – ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုများကို လျှော့ချပေးနိုင်သည်
      • အိုမီဂါ-၃ ကြွယ်ဝသော အစားအစာများ – ဆယ်လ်မွန်၊ ငါးသေတ္တာကဲ့သို့သော ဆီကြွယ်ဝသည့် ငါးများ၊ ငါးကြီးဆီ၊ နှမ်းကြတ်ဆီ (Flaxseed oil) နှင့် ပဲပုပ်ဆီ
    • အခြားဖြည့်စွက်စာများ
      • မုယောစပါး (Barley)၊ အုတ်ဂျုံ (Oats)၊ ကြက်သွန်ဖြူနှင့် အပင်မှရသော စတီးရော (Plant sterols) များသည် သွေးတိုးနှင့် ကိုလက်စထရောကို ကျစေနိုင်သည်
    • အရေးကြီးသော အချက်မှာ မည်သည့်ဆေးမြီးတို သို့မဟုတ် ဖြည့်စွက်စာကိုမဆို မသောက်သုံးမီ ဆရာဝန်နှင့် အမြဲတိုင်ပင်ရန် လိုအပ်သည်
ကာကွယ်ခြင်း

နှလုံးသွေးကြောကျဉ်းရောဂါ မဖြစ်အောင် ကာကွယ်ရန်မှာ အထက်ပါ ကျန်းမာသော နေထိုင်မှုပုံစံများကို အလေ့အကျင့် ပြုလုပ်ကျင့်သုံးရန်ပင်ဖြစ်သည်။ နှလုံးသွေးကြောကျဥ်းရောဂါ မဖြစ်ပွါးအောင် ကာကွယ်ရန်အတွက်_

  • အာဟာရပြည့်ဝသော အစားအစာများကို စားသုံးခြင်း
  • အချိုနှင့် အငန်များသော အစားအစာများကို ရှောင်ကြဉ်ခြင်း
  • ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းနှင့် သွက်လက်သော နေထိုင်မှုပုံစံ နေထိုင်ခြင်း
  • ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ခြင်း
  • အရက်သောက်ခြင်းကို ထိန်းချုပ်ခြင်း
  • ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း
  • ရောဂါအခံများကို ထိရောက်စွာ ကုသခြင်း (သွေးတိုး၊ ဆီးချို၊ သွေးအဆီများခြင်း)
  • နှစ်စဥ် ပုံမှန်ကျန်းမာရေး အခြေအနေစစ်ဆေးခြင်း (Checkup)
  • ညွှန်ကြားထားသော ဆေးဝါးများကို မှန်မှန်သောက်သုံးခြင်း စသည်တို့ကို လိုက်နာဆောင်ရွက်ရမည်

References:

  1. Centers for Disease Control and Prevention. (n.d.). Coronary artery disease. Retrieved March 31, 2026, from https://www.cdc.gov/heart-disease/about/coronary-artery-disease.html
  2. Cleveland Clinic. (n.d.). Coronary artery disease. Retrieved March 31, 2026, from https://my.clevelandclinic.org/health/diseases/16898-coronary-artery-disease
  3. Mayo Clinic. (2024). Coronary artery disease: Diagnosis and treatment. Retrieved March 31, 2026, from https://www.mayoclinic.org/diseases-conditions/coronary-artery-disease/diagnosis-treatment/drc-20350619
  4. Mayo Clinic. (2024). Coronary artery disease: Symptoms and causes. Retrieved March 31, 2026, from https://www.mayoclinic.org/diseases-conditions/coronary-artery-disease/symptoms-causes/syc-20350613
  5. National Center for Biotechnology Information. (2023). Coronary artery disease. In StatPearls. Retrieved March 31, 2026, from https://www.ncbi.nlm.nih.gov/books/NBK564304/

Published: 27 April 2026

Share

27 April 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.