Coeliac disease (Gluten ပရိုတင်းနှင့် ဓာတ်မတည့်သောရောဂါ)

Coeliac disease (Gluten ပရိုတင်းနှင့် ဓာတ်မတည့်သောရောဂါ)

ဆီလီယက်ရောဂါ (Coeliac disease) ဆိုသည်မှာ ကိုယ်ခံအားစနစ် မူမမှန်တုံ့ပြန်သည့် ရောဂါတစ်မျိုး (Autoimmune disease) ဖြစ်ပြီး၊ ဂျုံ (Wheat)၊ မုယောစပါး (Barley) သို့မဟုတ် ရိုင်းစပါး (Rye) တို့တွင် ပါဝင်သော ဂလူတန် (Gluten) ပရိုတင်းကို ကိုယ်ခံအားစနစ်က တုံ့ပြန်ရာမှတစ်ဆင့် အူသိမ်ကို ပျက်စီးစေသည့်ရောဂါဖြစ်သည်။ အချိန်ကြာလာပါက အူသိမ်နံရံများ ပျက်စီးလာပြီး အာဟာရဓာတ်များ စုပ်ယူမှုကို ပျက်စီးစေခြင်း (Malabsorption) ကို ဖြစ်စေသည်။ အူလမ်းကြောင်းပျက်စီးမှုကြောင့် ဝမ်းလျှောခြင်း၊ ဗိုက်ပွဗိုက်ကယ်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း သို့မဟုတ် သွေးအားနည်းခြင်းတို့ကို ခံစားရနိုင်သလို စနစ်တကျ မကုသပါက ပြင်းထန်သော နောက်ဆက်တွဲ ပြဿနာများကိုလည်း ဖြစ်ပွားစေနိုင်သည်။ ကလေးငယ်များတွင် အာဟာရဓာတ်စုပ်ယူမှု ချို့ယွင်းခြင်းကြောင့် ကြီးထွားဖွံ့ဖြိုးမှုကိုပါ ထိခိုက်စေနိုင်သည်။ Coeliac ရောဂါကို အမြစ်ပြတ်ပျောက်ကင်းအောင် ကုသနိုင်မည့် နည်းလမ်းမရှိသေးပါ။ သို့သော်လည်း လူအများစုအတွက် အစားအစာများတွင် ဂလူတန်ပရိုတင်း မပါအောင် (Gluten-free diet) တင်းကြပ်စွာ လိုက်နာစားသုံးခြင်းဖြင့် အူသိမ်နံရံများ ပြန်လည် ကောင်းမွန်လာစေရန် ကူညီပေးနိုင်ပြီး ရောဂါလက္ခဏာများကို သက်သာစေနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

Coeliac ရောဂါရှိသူများတွင် ဂျုံဖြင့်ပြုလုပ်ထားသော ပေါင်မုန့်၊ ဂျုံခေါက်ဆွဲ၊ Cereals သို့မဟုတ် ဘီယာစသည့် အစားအစာများကို စားသုံးမိသည့်အခါ အူသိမ်အတွင်းရှိ ကိုယ်ခံအားစနစ်သည် အူသိမ်နံရံရှိ ဗီလိုင်း (Villi) ခေါ် ဆံခြည်မျှင်အရွယ် အဖုငယ်များကို ရောင်ရမ်းပျက်စီးစေသည်။ ထိုဗီလိုင်းများသည် အစားအစာများမှ ဗီတာမင်၊ သတ္တုဓာတ်နှင့် အခြားအာဟာရဓာတ်များကို သွေးထဲသို့ စုပ်ယူပေးသော အရေးကြီးသည့်နေရာများဖြစ်သည်။ ဗီလိုင်းများ ပျက်စီးသဖြင့် အာဟာရဓာတ်စုပ်ယူမှု လျော့နည်းသွားပြီး စားသုံးသောအစားအစာများမှ ခန္ဓာကိုယ်အတွက် လိုအပ်သည့် အာဟာရဓာတ်များကို လုံလောက်စွာ မရရှိနိုင်တော့ပေ။

Coeliac ရောဂါကို စတင်ဖြစ်ပွားစေသည့် အကြောင်းရင်းအတိအကျကို မသိရသေးပါ။ မျိုးဗီဇဆိုင်ရာ ပြောင်းလဲမှုရှိသူများတွင် ဂလူတန်စားသုံးခြင်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အခြားအချက်များ ပေါင်းစပ်ပြီး ဖြစ်ပွားခြင်းဖြစ်နိုင်သည်ဟု ယူဆထားသည်။ အချို့လူနာများတွင် အစာအိမ်နှင့် အူလမ်းကြောင်းပိုးဝင်ခြင်း၊ ဗိုင်းရပ်စ်ပိုးဝင်ခြင်း၊ ခွဲစိတ်ကုသမှုခံယူခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ ကလေးမီးဖွားခြင်း သို့မဟုတ် ပြင်းထန်သော စိတ်ဖိစီးမှုများပြီးနောက် Coeliac ရောဂါလက္ခဏာများ စတင်ပေါ်လာနိုင်သည်။ မွေးကင်းစကလေးငယ်များကို အစာကျွေးမွေးပုံ၊ အူအတွင်းရှိ ဘက်တီးရီးယားများနှင့် ဆက်စပ်ပုံစသည်တို့ကို လေ့လာနေဆဲဖြစ်သော်လည်း ထိုအချက်များသည် ရောဂါဖြစ်စေသည့် တိကျသော အကြောင်းရင်းများဖြစ်ကြောင်း အပြည့်အဝ သက်သေပြထားခြင်း မရှိသေးပါ။

ရောဂါဖြစ်နိုင်ခြေများစေသော အချက်များ

အောက်ပါအချက်များအနက် တစ်ခုခုရှိသူများသည် သာမန်ထက်ပို၍ Coeliac ရောဂါ ဖြစ်နိုင်သည်။

  • အမျိုးသမီးဖြစ်ခြင်း
  • မိဘ၊ မွေးချင်း သို့မဟုတ် သားသမီးစသည့် မိသားစုဝင်တစ်ဦးဦးတွင် Coeliac ရောဂါ သို့မဟုတ် အရေပြားရောင်ရမ်း အဖုအပိမ့်ထွက်သော Dermatitis herpetiformis ရောဂါရှိခြင်း
  • အမျိုးအစား (၁) ဆီးချိုရောဂါ (Type 1 diabetes) ရှိခြင်း
  • ဒေါင်းဆင်ဒရုန်း (Down syndrome)၊ ဝီလျံဆင်ဒရုန်း (Williams syndrome) သို့မဟုတ် တာနာဆင်ဒရုန်း (Turner syndrome) စသည့် ခရိုမိုဆုန်းရောဂါများ ပါရှိခြင်း
  • ကိုယ်ခံအားစနစ်ကြောင့် ဖြစ်ပွားသော သိုင်းရွိုက်ရောဂါ (Autoimmune thyroid disease) ရှိခြင်း
  • မှန်ပြောင်းဖြင့်စစ်ဆေးပါက ပုံမှန်မြင်ရသော်လည်း အသားစကို အဏုကြည့်မှန်ပြောင်းဖြင့် စစ်ဆေးမှသာ တွေ့နိုင်သော အူမကြီးရောင်ရမ်းခြင်းရောဂါ (Microscopic colitis) ရှိခြင်း
  • အက်ဒရီနယ်ဂလင်း ချို့ယွင်းသည့် အက်ဒီဆင်ရောဂါ (Addison’s disease) ရှိခြင်း
ရောဂါလက္ခဏာများ

Coeliac ရောဂါ၏ လက္ခဏာများသည် တစ်ဦးနှင့်တစ်ဦး အလွန်ကွာခြားနိုင်သည်။ ထို့အပြင် ကလေးငယ်များနှင့် လူကြီးများတွင် ခံစားရသည့် လက္ခဏာများလည်း မတူညီနိုင်ပါ။

လူကြီးများတွင် ဖြစ်ပွားလေ့ရှိသော အစာခြေစနစ်ဆိုင်ရာ လက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • ဝမ်းလျှောခြင်း
  • ပျို့အန်ခြင်း
  • ဝမ်းချုပ်ခြင်း
  • ဗိုက်အောင့်၊ ဗိုက်နာခြင်း
  • ဗိုက်ပွခြင်း၊ လေပွခြင်း
  • မောပန်းနွမ်းနယ်ခြင်း
  • ကိုယ်အလေးချိန်ကျခြင်း

အထက်ပါ လက္ခဏာများအပြင် ရောဂါရှိသူ လူကြီးများ၏ ထက်ဝက်ကျော်တွင် အစာခြေစနစ်နှင့် မဆိုင်သော အောက်ပါလက္ခဏာများကို ခံစားရတတ်သည်။

  • သွေးအားနည်းခြင်း – အများအားဖြင့် အူလမ်းကြောင်းမှ သံဓာတ်စုပ်ယူမှု လျော့နည်းသွားခြင်းကြောင့် ဖြစ်ရသည့် သံဓာတ်ချို့တဲ့ခြင်း သွေးအားနည်းရောဂါ (ဖြူဖျော့ခြင်း၊ အလွန်နုံးချည့်ခြင်း၊ ခြေလက်များ အေးခြင်း၊ လက်သည်းများ ချိုင့်ခွက်ဝင်ခြင်း လက္ခဏာများကို တွေ့ရသည်)
  • အရိုးသိပ်သည်းဆ လျော့နည်းခြင်းကြောင့် ဖြစ်ပွားသော အရိုးပွရောဂါ (Osteoporosis) သို့မဟုတ် အရိုးပျော့ခြင်း (Osteomalacia)
  • ယားယံပြီး အရည်ကြည်ဖုထွက်သော အရေပြားအဖုအပိမ့်များ ဖြစ်ခြင်း (Dermatitis herpetiformis)
  • ခံတွင်းအနာများဖြစ်ခြင်း၊ သွားကြွေလွှာ ပျက်စီးခြင်း
  • ခေါင်းကိုက်ခြင်းနှင့် မောပန်းနွမ်းနယ်ခြင်း
  • အာရုံကြောစနစ် ထိခိုက်ပျက်စီးခြင်း – ခြေလက်များ ထုံကျင်ခြင်းနှင့် စူး၍ ကိုက်ခြင်း၊ ဟန်ချက်ထိန်းရန် ခက်ခဲခြင်းနှင့် သိမှုစွမ်းရည် ချို့ယွင်းလာခြင်း
  • အဆစ်အမြစ် ကိုက်ခဲခြင်း
  • ဘေလုံး၏ လုပ်ဆောင်ချက် လျော့နည်းသွားခြင်း (Hyposplenism)
  • အသည်းအင်ဇိုင်းများ မြင့်တက်လာခြင်း

Coeliac ရောဂါဖြစ်ပွားသော ကလေးငယ်များသည် လူကြီးများနှင့်နှိုင်းယှဉ်လျှင် အောက်ပါ အစာခြေစနစ်ဆိုင်ရာ ပြဿနာများကို ပိုမိုခံစားရလေ့ရှိသည်။

  • ပျို့အန်ခြင်း
  • နာတာရှည် ဝမ်းလျှောခြင်း
  • ဗိုက်ပူ၊ ဗိုက်ဖောင်းလာခြင်း
  • ဝမ်းချုပ်ခြင်း
  • လေပွခြင်း
  • ဝါဖျော့ဖျော့နှင့် အနံ့ဆိုးသောဝမ်းသွားခြင်း

ထိုမျှသာမက အာဟာရဓာတ်များကို ကောင်းစွာ မစုပ်ယူနိုင်ခြင်းကြောင့် အောက်ပါလက္ခဏာများလည်း ဖြစ်ပေါ်လာနိုင်သည်။

  • မွေးကင်းစနှင့် ကလေးငယ်များတွင် ထွားကြိုင်းမှု နှေးကွေးခြင်း (Failure to thrive)
  • သွားကြွေလွှာ (Tooth enamel) ပျက်စီးခြင်း
  • ကိုယ်အလေးချိန်ကျခြင်း
  • သွေးအားနည်းခြင်း
  • စိတ်တိုလွယ်ခြင်း၊ ဂျီကျခြင်း
  • အရပ်ပုခြင်း
  • လူပျိုဖော်၊ အပျိုဖော်ဝင်ချိန် နောက်ကျခြင်း
  • အာရုံကြောဆိုင်ရာ လက္ခဏာများ – အာရုံစူးစိုက်မှုနည်း၍ တက်ကြွမှုလွန်ကဲသောရောဂါ (ADHD)၊ သင်ယူမှုဆိုင်ရာ ချို့ယွင်းချက်များ၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားလှုပ်ရှားမှုများကို ချောမွေ့စွာ မလုပ်နိုင်ခြင်းနှင့် အတက်ရောဂါဖြစ်ခြင်း
Dermatitis herpetiformis (အရေပြားရောင်ရမ်း အဖုအပိမ့်ထွက်ခြင်း)

Coeliac ရောဂါ၏ အရေပြားဆိုင်ရာ လက္ခဏာတစ်ခုဖြစ်ပြီး အရေပြားရောင်ရမ်းကာ အရည်ကြည်ဖုထွက်သော ရောဂါတစ်ခုဖြစ်ပြီး အရည်ကြည်ဖုများသည် အများအားဖြင့် တံတောင်ဆစ်၊ ဒူး၊ ခန္ဓာကိုယ်အလယ်ပိုင်း (ရင်ဘတ်နှင့်ဗိုက်)၊ ဦးရေပြား သို့မဟုတ် တင်ပါးတို့တွင် ဖြစ်ပေါ်လေ့ရှိသည်။ Dermatitis herpetiformis ရှိသူများတွင် အူလမ်းကြောင်းလက္ခဏာများ ပြနိုင်သလို လက္ခဏာမပြဘဲလည်း ရှိနိုင်သည်။ အရေပြား အရည်ကြည်ဖုများကို ထိန်းချုပ်ကုသရန်အတွက် ဂလူတန်မပါဝင်သော အစားအစာများကို စားသုံးစေခြင်း (Gluten-free diet) သို့မဟုတ် ဆေးဝါးများဖြင့် ကုသခြင်းတို့အပြင်၊ လိုအပ်ပါက နည်းလမ်း (၂)မျိုးလုံး ပေါင်းစပ်ကုသခြင်းတို့ကို ပြုလုပ်သည်။

နောက်ဆက်တွဲပြဿနာများ

Coeliac ရောဂါကို စနစ်တကျကုသမှု မခံယူပါက အောက်ပါပြဿနာများ ဖြစ်ပွားစေနိုင်သည်။

  • အာဟာရချို့တဲ့ခြင်း (Malnutrition)
  • အရိုးအားနည်းလာခြင်း – အရိုးပါးရောဂါ (Osteopenia) သို့မဟုတ် အရိုးပွရောဂါ (Osteoporosis)
  • ကလေးမရနိုင်ခြင်းနှင့် ကိုယ်ဝန်ပျက်ကျခြင်းစသည့် မျိုးပွားမှုဆိုင်ရာ ပြဿနာများ
  • နို့နှင့် နို့ထွက်ပစ္စည်းများတွင်ပါသော သကြားကို မချေဖျက်နိုင်ခြင်း (Lactose intolerance)
  • နှလုံးသွေးကြောကျဥ်းရောဂါ ဖြစ်နိုင်ခြေကို (၂) ဆ မြင့်တက်စေခြင်း
  • ကင်ဆာရောဂါ ဖြစ်နိုင်ခြေများခြင်း – အူလမ်းကြောင်း ပြန်ရည်ကျိတ်ကင်ဆာ (Intestinal lymphoma) နှင့် အူသိမ်ကင်ဆာ (Small bowel cancer) ကင်ဆာရောဂါများ
  • ကိုယ်ခံအား မူမမှန်တုံ့ပြန်မှုကြောင့် ဖြစ်သော အခြားရောဂါများကို ဖြစ်စေနိုင်ခြင်း (ဥပမာ_အမျိုးအစား (၁) ဆီးချိုရောဂါ၊ Multiple sclerosis ရောဂါ)
  • အာရုံကြောစနစ်ဆိုင်ရာ ရောဂါများ – အတက်ရောဂါ၊ ခေါင်းတစ်ခြမ်းကိုက်ခြင်းနှင့် ခြေလက်များရှိ အာရုံကြောများ ပျက်စီးခြင်း
ဆေးကုသမှုကို တုံ့ပြန်မှုမရှိခြင်း (Non-responsive coeliac disease)

ဆေးကုသမှုကို တုံ့ပြန်မှုမရှိသော အကြောင်းရင်းများကို တွက်ဆရာ၌ အောက်ပါအခြေအနေများကို ထည့်သွင်းစဥ်းစားရန် လိုအပ်သည်။

  • အစားအစာများတွင် ဂလူတန်ပရိုတင်း မသိမသာ ပါဝင်နေခြင်း
  • အူသိမ်အတွင်း ဘက်တီးရီးယားများ အလွန်အကျွံ ပေါက်ဖွားနေခြင်း
  • မှန်ပြောင်းဖြင့်စစ်ဆေးပါက ပုံမှန်မြင်ရသော်လည်း အသားစကို အဏုကြည့်မှန်ပြောင်းဖြင့် စစ်ဆေးမှသာ တွေ့နိုင်သော အူမကြီးရောင်ရမ်းခြင်းရောဂါ (Microscopic colitis) ရှိနေခြင်း
  • မုန့်ချိုအိတ်၏ လုပ်ဆောင်ချက် အားနည်းခြင်း (Pancreatic insufficiency)
  • စိတ်ဖိစီးမှုကြောင့်ဖြစ်သော အူလမ်းကြောင်း လှုပ်ရှားမှု မမှန်သောရောဂါ (Irritable bowel syndrome) ရှိခြင်း
  • နို့ထွက်ပစ္စည်းများတွင်ပါသော သကြားဓာတ်ကို ချေဖျက်ရန် ခက်ခဲခြင်း
  • ဂလူတန်မပါသော အစားအစာများကို မည်သို့ပင်စားစေကာမူ အမှန်တကယ် ကုသရခက်ခဲသော ရောဂါအခြေအနေ (Truly refractory celiac disease) ဖြစ်နေခြင်း
ကုသရခက်ခဲသော အခြေအနေ (Refractory coeliac disease)

ရောဂါလက္ခဏာများသည် (၆) လ မှ (၁) နှစ်အထိ ကုသမှု စနစ်တကျ ခံယူနေသော်လည်း လုံးဝပြန်လည်ကောင်းမွန်လာခြင်းမရှိသည့် ကုသရခက်ခဲသောအဆင့်ကိုခေါ်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အကယ်၍ ဝမ်းလျှောခြင်း သို့မဟုတ် ဗိုက်အောင့်ခြင်း၊ လေပွခြင်း၊ မအီမသာဖြစ်ခြင်းစသည့် လက္ခဏာများကို နှစ်ပတ်ထက်ကျော်လွန်၍ ခံစားနေရပါက မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ ကလေးငယ်များတွင်လည်း အောက်ပါလက္ခဏာများ ရှိနေပါက ကလေးအထူးကုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။

  • သွေးအားနည်းကာ ဖြူဖျော့နေခြင်း
  • စိတ်တိုလွယ်ခြင်း/ဂျီကျခြင်း
  • ကြီးထွားမှု နှေးကွေးခြင်း/မထွားကြိုင်းခြင်း
  • ဗိုက်ပူ/ဗိုက်ဖောင်းနေခြင်း
  • အနံ့ဆိုးဆိုး ဝမ်းများ မကြာခဏသွားခြင်း

သတိထားရမည့်အချက်မှာ ရောဂါအတည်ပြု စစ်ဆေးမှုများ မပြုလုပ်ခင် ဂလူတန်စားသုံးမှုကို ရပ်တန့်လိုက်ခြင်း သို့မဟုတ် လျှော့ချလိုက်ခြင်းတို့ ပြုလုပ်ပါက စစ်ဆေးမှုရလဒ်များကို ပြောင်းလဲသွားစေနိုင်သည်။ မိသားစုဝင် တစ်ဦးဦးတွင် ရောဂါရှိနေပါက မိမိတွင် ရောဂါရှာဖွေစစ်ဆေးရန် လိုမလို ဆရာဝန်နှင့် တိုင်ပင်သင့်သည်။

ရောဂါရှာဖွေခြင်း

Coeliac ရောဂါကို သံသယရှိပါက အောက်ပါ သွေးစစ်ဆေးမှုများ ပြုလုပ်ခြင်းဖြင့် ရောဂါအတည်ပြုရာတွင် ကူညီပေးနိုင်သည်။

  • သွေးရည်ကြည် စစ်ဆေးခြင်း (Serology testing) – ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်မှ ဂလူတန်ပရိုတင်းအား တုံ့ပြန်တိုက်ခိုက်သည့် ပဋိပစ္စည်း (Antibodies) ပမာဏ တိုင်းတာခြင်း
  • မျိုးဗီဇ စစ်ဆေးခြင်း (Genetic testing) – HLA-DQ2 နှင့် HLA-DQ8 များကို စစ်ဆေးခြင်း

အကယ်၍ သွေးစစ်ဆေးမှုရလဒ်များသည် ရောဂါရှိနိုင်ကြောင်း ပြသနေပါက အောက်ပါစစ်ဆေးမှုများမှ တစ်ခုခုကို ထပ်မံပြုလုပ်ရန် ညွှန်ကြားနိုင်သည်။

  • အစာအိမ်နှင့် အူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်းနှင့် အသားစယူခြင်း (Endoscopy and biopsy)
  • ဆေးတောင့်ကင်မရာဖြင့် စစ်ဆေးခြင်း (Capsule endoscopy)
  • Dermatitis herpetiformis ရှိပါက အရေပြားအသားစ စစ်ဆေးခြင်း
  • ဗီတာမင် A, B 12, D နှင့် E ပမာဏများအပြင်၊ သတ္တုဓာတ်ပမာဏများ၊ ဟီမိုဂလိုဘင်သွေးအား၊ သံဓာတ်၊ အသည်းအင်ဇိုင်းများ၊ အရိုးသိပ်သည်းဆများကို တိုင်းတာခြင်း
ကုသခြင်း
အစားအစာ ထိန်းချုပ်ခြင်းနှင့် ဆေးဝါးများဖြင့် ကုသခြင်း
  1. Gluten ပါဝင်သော အစားအစာများကို ရာသက်ပန် ရှောင်ကြဥ်ခြင်း
    Coeliac ရောဂါကို ထိန်းချုပ်ကုသရာတွင် အရေးအကြီးဆုံး တစ်ခုတည်းသောအချက်မှာ gluten ပရိုတင်း လုံးဝမပါသော စားသောက်မှုပုံစံကို ရာသက်ပန် လိုက်နာစားသောက်ရန်သာဖြစ်သည်။ အာဟာရပညာရှင်များသည် Gluten မပါသည့် ကျန်းမာသော စားသောက်မှုပုံစံကို လမ်းညွှန်ပေးနိုင်သည်။ Gluten ကို လုံးဝဖယ်ရှားလိုက်ခြင်းဖြင့် ရောဂါလက္ခဏာများ သက်သာကာ သာမန်လူများအတိုင်း နေထိုင်လာနိုင်မည်ဖြစ်သည်။ ကလေးများသည် လူကြီးများထက် ပိုမိုမြန်ဆန်စွာ ပြန်လည်ကောင်းမွန်လာတတ်သည်။
    • ရှောင်ကြဥ်စားသောက်ရမည့် အစားအစာနှင့် ထုတ်ကုန်များ
      ဂျုံအပြင် gluten ပါဝင်သော အခြားအစားအစာများမှာ_ မုယောစပါး (Barley)၊ မုယောပင်ပေါက် (Malt)၊ Bulgur, Durum, Farina, ရိုင်းစပါး (Rye)၊ Semolina ဂျုံ၊ ဂျုံနှင့် ရိုင်းစပါး ပေါင်းစပ်ထားသော စပါးမျိုး (Triticale) စသည်တို့ဖြစ်သည်။ ထို့ပြင် Gluten ကို အောက်ပါအစားအစာများ၊ ဆေးဝါးများနှင့် အစားအစာမဟုတ်သော ထုတ်ကုန်များတွင် ပါဝင်နေတတ်သည်ကို တွေ့ရသည်။
      • ပြုပြင်ထားသော ကစီဓာတ်များသော အစားအစာ (Modified food starch)၊ တာရှည်ခံဆေးများ (Food stabilizers)
      • ဆရာဝန်ညွှန်ကြားချက်ပါသော ဆေးများနှင့် ဆရာဝန်ညွှန်ကြားချက်မလိုဘဲ ဝယ်ယူနိုင်သော ဆေးဝါးများ
      • ဗီတာမင်နှင့် သတ္တုဓာတ် ဖြည့်စွက်စာများ
      • တိုင်းရင်းဆေး သို့မဟုတ် သဘာဝဆေးဖက်ဝင် အာဟာရဖြည့်စွက်စာများ
      • နှုတ်ခမ်းနီ ထုတ်ကုန်များ
      • သွားတိုက်ဆေးနှင့် ပလုတ်ကျင်းရည်
      • ပွဲတော်သုံး ဂျုံမုန့်ပြား (Communion wafers)
      • စာအိတ်နှင့် တံဆိပ်ခေါင်း ကော်စေး
      • ကလေးကစားသည့် ရွှံ့စေးများ (Play dough)
      • အချို့သော မိတ်ကပ်ထုတ်ကုန်များ
  2. ဗီတာမင်နှင့် သတ္တုဓာတ်များကို ဖြည့်စွက်ပေးခြင်း
    • သွေးအားနည်းရောဂါ သို့မဟုတ် အာဟာရချို့တဲ့မှု ပြင်းထန်ပါက အောက်ပါဖြည့်စွက်စာများကို သောက်သုံးရန် လိုအပ်နိုင်သည်
      • ကြေးနီဓာတ် (Copper)
      • ဖောလစ်အက်ဆစ် (Folic acid)
      • သံဓာတ် (Iron)
      • ဗီတာမင် B-12
      • ဗီတာမင် D
      • ဗီတာမင် K
      • ဇင့်ဓာတ် (Zinc)
    • ဗီတာမင်နှင့် အာဟာရဖြည့်စွက်စာများကို ပုံမှန်အားဖြင့် အားဆေးပြား သို့မဟုတ် အားဆေးတောင့် ပုံစံဖြင့် သောက်သုံးနိုင်သည်၊ အကယ်၍ အစာခြေလမ်းကြောင်းရောင်ရမ်းမှုကြောင့် ဗီတာမင်ဓာတ်များကို စုပ်ယူရန် ခက်ခဲပါက ထိုးဆေးထိုးနိုင်သည်
  3. ပုံမှန်စစ်ဆေးစောင့်ရှောက်မှု ခံယူခြင်း
    • ရောဂါလက္ခဏာများသည် Gluten မပါဝင်သော စားသောက်ပုံပေါ် တုံ့ပြန်မှု ရှိမရှိကို သတ်မှတ်ထားသော ပုံမှန်အချိန်ကာလအလိုက် သက်ဆိုင်ရာဆရာဝန်နှင့် စစ်ဆေးစောင့်ရှောက်မှု ခံယူသင့်သည်
    • ဆရာဝန်များသည် သွေးစစ်ဆေးခြင်းဖြင့် ခန္ဓာကိုယ်၏ တုံ့ပြန်မှုကို စောင့်ကြည့်စစ်ဆေးနိုင်ပြီး၊ အာဟာရဓာတ် ပမာဏများကိုလည်း ပုံမှန်စစ်ဆေးသွားမည်ဖြစ်သည်
    • လူနာအများစုတွင် Gluten ကို ရှောင်ကြဥ်စားသုံးခြင်းဖြင့် အူသိမ်ကို ပြန်လည်ကောင်းမွန်လာစေသည်
    • ကလေးများအတွက် ပြန်လည်ကောင်းမွန်ရန် ပုံမှန်အားဖြင့် ၃လ မှ ၆လအထိ ကြာမြင့်တတ်ပြီး၊ လူကြီးများအတွက်မူ နှစ်ပေါင်းများစွာ ကြာမြင့်နိုင်သည်
    • ပုံမှန်စစ်ဆေးနေချိန်တွင် ရောဂါလက္ခဏာများ တိုးတက်သက်သာလာခြင်းမရှိပါက သို့မဟုတ် လက္ခဏာများ ပြန်လည်ပေါ်ပေါက်လာပါက အူလမ်းကြောင်း အခြေအနေကို သိရှိနိုင်ရန် မှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်း (Endoscopy) နှင့်အတူ အသားစယူခြင်း (Biopsy) ပြန်လည်ပြုလုပ်ရန် လိုအပ်နိုင်သည်
  4. အူလမ်းကြောင်းရောင်ရမ်းမှုကို ထိန်းချုပ်သည့် ဆေးဝါးများဖြင့် ကုသခြင်း
    အကယ်၍ အူသိမ်သည် ပြင်းထန်စွာ ရောင်ရမ်းပျက်စီးနေပါက သို့မဟုတ် ကုသရခက်ခဲသော အခြေအနေ (Refractory coeliac disease) ရှိနေပါက ရောင်ရမ်းမှုကို ထိန်းချုပ်ရန် စတီးရွိုက် (Steroid) ဆေးဝါးများကို အသုံးပြု၍ ကုသနိုင်သည်။ စတီးရွိုက်ဆေးဝါးများသည် ပြင်းထန်လက္ခဏာများကို သက်သာစေပြီး အူလမ်းကြောင်း ပြန်လည်သက်သာလာခြင်းကို အထောက်အကူဖြစ်စေသည်။ Budesonide ကဲ့သို့သော စတီးရွိုက်ဆေးများအပြင် ရောင်ရမ်းမှု သက်သာစေသော Azathioprine ကဲ့သို့ အခြားဆေးဝါးများကိုလည်း အသုံးပြုနိုင်သည်။
  5. အရေပြားရောင်ရမ်း အဖုအပိန့် ဖြစ်ပွားခြင်း (Dermatitis Herpetiformis) ကို ကုသခြင်း
    ထိုလူနာများတွင် Gluten ရှောင်ကြဥ်ခြင်းအပြင် Dapsone ဟုခေါ်သော ဆေးဝါးကို သောက်သုံးနိုင်သည်။ Dapsone ကို သောက်သုံးနေပါက ဘေးထွက်ဆိုးကျိုးများ ရှိ၊ မရှိ စစ်ဆေးရန် ပုံမှန်သွေးစစ်ဆေးမှု ပြုလုပ်ရန် လိုအပ်မည်ဖြစ်သည်။
  6. ကုသရခက်ခဲသော အခြေအနေ (Refractory coeliac disease)
    ကုသရခက်ခဲသော Coeliac ရောဂါတွင် ရောဂါအခြေအနေမှာ အလွန်ပြင်းထန်နိုင်ပြီး အူသိမ်သည် ပြန်လည်ကောင်းမွန်လာခြင်း မရှိပါ။ လက်ရှိတွင်လည်း တိကျသေချာစွာ သက်သေပြထားသော ကုသမှုများ မရှိသေးပါ။ အကယ်၍ ကုသရခက်ခဲသော အခြေအနေ ရှိနေပါက အထူးကုစင်တာတစ်ခုတွင် ဆေးဝါးကုသမှု ခံယူရန် လိုအပ်နိုင်သည်။
နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ
  1. အစားအစာများ၏ ပါဝင်ပစ္စည်းနှင့် အညွှန်းများကို သေချာဖတ်ခြင်း
    • အောက်ပါအစားအစာများသည် ယေဘုယျအားဖြင့် Gluten ပါဝင်မှုမရှိဟု သတ်မှတ်ထားသဖြင့် ရောဂါရှိသူများသည် ပုံမှန်နေ့စဥ် စားသုံးနိုင်သည်
      • ကြက်ဥ၊ ဘဲဥစသော ဥအမျိုးမျိုး
      • လတ်ဆတ်သော အသားနှင့် ငါးအမျိုးမျိုး
      • အသီးအနှံများ
      • ပဲအမျိုးမျိုး
      • နို့နှင့် နို့ထွက်ပစ္စည်းများ
      • အစေ့အဆန်များ
      • အာလူး
      • အသီးအရွက်များ
      • ဝိုင်နှင့် ဆိုဒါပါဝင်သော အချိုရည်များ
    • ထို့အပြင် စားသုံးနိုင်သော ကစီဓာတ်များမှာ_
      • ဟင်းနုနွယ်
      • ပန်းဂျုံ (Buckwheat)
      • ပြောင်းဖူး (Corn)
      • ပြောင်းဆန်
      • ဆန်၊ ပဲပိစပ်၊ ပြောင်းဖူး၊ အာလူး၊ ပဲ
      • ပြောင်းဖူးဖြင့် ပြုလုပ်သော ချာပါတီဂျုံများ
      • ခင်းဟွာ ဆန်ကွဲတစ်မျိုး (Quinoa)
      • စပါး
      • ပီလောပီနံ
      • ဒေါင်းစပါး (Wild rice) စသည်တို့ဖြစ်သည်။
  2. မိသားစု၊ မိတ်ဆွေများ၊ မိသားစုဆရာဝန်နှင့် ရောဂါရှိသူအချင်းချင်းတို့အား ဆက်သွယ်ပြောဆိုခြင်း
    • ရောဂါအခြေအနေကို သေချာနားလည်ထားပြီး မိသားစုများ၊ မိတ်ဆွေများကို ရှင်းလင်းစွာ အသိပေးထားခြင်းဖြင့် ထိုသူတို့သည် မိမိတို့၏ ရောဂါထိန်းချုပ်ရာတွင် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကူညီပေးနိုင်သည်
    • မိသားစုဆရာဝန်၏ လမ်းညွှန်ချက်များကို လိုက်နာပါ၊ Gluten ပါဝင်သော အစားအစာများကို လုံးဝ ရှောင်ကြဥ်ပါ
    • ရောဂါတူသူ အဖွဲ့များနှင့် ချိတ်ဆက်၍ မိမိ၏ အခက်အခဲများ၊ ကြိုးပမ်းမှုများကို နားလည်နိုင်သူများ အချင်းချင်းကြား မျှဝေပါ၊ Coeliac ရောဂါဖောင်ဒေးရှင်း (Coeliac Disease Foundation)၊ Gluten မတည့်သူများ အဖွဲ့၊ နိုင်ငံတကာ Coeliac အဖွဲ့အစည်း (National Coeliac Association – NCA)၊ Beyond Coeliac စသော အဖွဲ့အစည်းများမှ တစ်ဆင့် ရောဂါဆိုင်ရာ အချက်အလက်များကို လေ့လာနိုင်သည်

References:

  1. Mayo Clinic. (n.d.). Celiac disease: Symptoms and causes. Retrieved June 10, 2026, from https://www.mayoclinic.org/diseases-conditions/celiac-disease/symptoms-causes/syc-20352220
  2. Cleveland Clinic. (n.d.). Celiac disease. Retrieved June 10, 2026, from https://my.clevelandclinic.org/health/diseases/14240-celiac-disease
  3. Celiac Disease Foundation. (n.d.). What is celiac disease? Retrieved June 10, 2026, from https://celiac.org/about-celiac-disease/what-is-celiac-disease/
  4. Celiac Disease Foundation. (n.d.). Gluten-free foods. Retrieved June 10, 2026, from https://celiac.org/gluten-free-living/gluten-free-foods/
  5. NHS. (n.d.). Coeliac disease. Retrieved June 10, 2026, from https://www.nhs.uk/conditions/coeliac-disease/

Published: 24 June 2026

Share

24 June 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.