Addison’s disease (အက်ဒီဆင်ရောဂါ)

Addison’s disease (အက်ဒီဆင်ရောဂါ)

အက်ဒီဆင်ရောဂါ (Addison’s disease) သည် ကျောက်ကပ်အပေါ်ပိုင်းရှိ သေးငယ်သည့် အက်ဒရီနယ် ဂလင်း (Adrenal glands) ထိခိုက်ပြီး ထိုဂလင်းမှထုတ်လုပ်သော စတီးရွိုက်ဟော်မုန်းများ [ကော်တီစော (Cortisol) နှင့် အယ်လ်ဒိုစတီရုန်း (Aldosterone)] တို့ကို လုံလောက်အောင် မထုတ်လုပ်နိုင်သော ရှားပါးသည့်ရောဂါဖြစ်သည်။ မည်သည့် အသက်အရွယ်တွင်မဆို ဖြစ်ပေါ်နိုင်သော်လည်း အသက် (၃၀) နှင့် (၅၀) ကြား အမျိုးသမီးများတွင် အဖြစ်များသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အက်ဒီဆင်ရောဂါကို အဓိကဖြစ်ပေါ်စေသော အကြောင်းရင်းမှာ ကိုယ်ခံအားစနစ် မူမမှန်တုံ့ပြန်သောကြောင့် ဖြစ်ပွါးသည်။ ခုခံအားစနစ်သည် ကျောက်ကပ်အပေါ်ပိုင်းတွင်ရှိသော ဂလင်း၏ အပြင်ပိုင်း (Adrenal cortex) ကို မှားယွင်းစွာ တိုက်ခိုက်မိသဖြင့် ထိုဂလင်းမှ ထုတ်လုပ်သော စတီးရွိုက်‌ဟော်မုန်းများဖြစ်သည့် ကော်တီစောနှင့် အယ်လ်ဒိုစတီရုန်းဟော်မုန်းများ လုံလောက်အောင် မထုတ်လုပ်နိုင်ခြင်းကြောင့် ဖြစ်ပေါ်လာသည်။

ကော်တီစောဟော်မုန်းဆိုသည်မှာ ခန္ဓာကိုယ်တွင် စိတ်ဖိစီးမှုများသောအချိန် (ဥပမာ _ နေမကောင်းဖြစ်ချိန်၊ ထိခိုက်ဒဏ်ရာရချိန် သို့မဟုတ် ခွဲစိတ်မှုတစ်ခုခု ပြုလုပ်သည့်အချိန်) တို့တွင် ကူညီတုံ့ပြန်ပေးသော ဟော်မုန်းဖြစ်သည်။ ကော်တီစောဟော်မုန်းသည် သွေးပေါင်ချိန် ထိန်းသိမ်းခြင်း၊ နှလုံးလုပ်ငန်းများ၊ ခုခံအားစနစ်၊ သွေးတွင်းသကြားဓာတ်တို့ကို ထိန်းသိမ်းရာတွင် ကူညီပေးသည့် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သည်။ အယ်လ်ဒိုစတီရုန်း ဟော်မုန်းသည် သွေးထဲရှိ ဆိုဒီယမ်ဓာတ်နှင့် ပိုတက်ဆီယမ်ဓာတ်ကို ထိန်းညှိပေးပြီး သွေးပေါင်ချိန်နှင့် သွေးပမာဏကို ပုံမှန်ဖြစ်စေသည့် ဟော်မုန်းတစ်မျိုးဖြစ်သည်။

အောက်ဖော်ပြပါ ခုခံအားဆိုင်ရာ ရောဂါရှိသူများတွင် အက်ဒီဆင်ရောဂါ ဖြစ်နိုင်ခြေမြင့်မားသည်။

  • အမျိုးအစာ (၁) ဆီးချိုရောဂါ (Type 1 diabetes mellitus)
  • ခုခံအားစနစ် ပုံမမှန်သောကြောင့် ဗီတာမင် B12 မစုပ်ယူနိုင်သောကြောင့် သွေးအားနည်းခြင်း (Pernicious anemia)
  • ကိုယ်ခံအားစနစ်မှ သိုင်းရွိုက်ဂလင်းကို မှားယွင်းစွာ တိုက်ခိုက်သောကြောင့် သိုင်းရွိုက်ဟော်မုန်းလွန်ကဲခြင်း (Grave’s disease)
  • အရေပြား ယားယံရောင်ရမ်းသော ရောဂါတစ်မျိုး (Dermatitis herpetiformis)
  • ခရုသင်း‌ရောဂါ (Vitiligo)
  • မျက်ခွံတွဲကျ ကြွက်သားအားနည်းရောဂါ (Myasthenia Gravis) စသည့်အခြေအနေများတွင် ဖြစ်နိုင်ခြေမြင့်မားသည်။

အက်ဒီဆင်ရောဂါသည် ကိုယ်ခံအားစနစ် မူမမှန်တုံ့ပြန်မှုကြောင့် အဓိကဖြစ်ပွါးသော်လည်း ဂလင်းကို ထိခိုက်စေနိုင်သည့် အောက်ဖော်ပြပါ အခြားအကြောင်းရင်းများကြောင့်လည်း ဖြစ်ပေါ်နိုင်သည်။

  • ရောဂါပိုးဝင်ခြင်း (တီဘီရောဂါအိတ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါ၊ မှိုပိုးကြောင့်သွေးဆိပ်တက်ခြင်း)
  • မြွေပွေးကိုက်ခံရပြီးနောက် မြွေဆိပ်ကြောင့် Adrenal ဂလင်းပျက်စီးခြင်း
  • ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများမှ ကင်ဆာဆဲလ်များ Adrenal ဂလင်းသို့ ပျံ့နှံ့လာခြင်း
  • Adrenal ဂလင်းတွင် သွေးထွက်ခြင်း
  • Adrenal ဂလင်းကို ခွဲစိတ်ဖယ်ရှားခြင်း
  • အချို့သော ဆေးများ (ဥပမာ – Ketoconazole, Etomidate, Mifepristone)

အောက်ပါအချက်များသည် ပီတျူတရီဂလင်းမှ ဟော်မုန်း ACTH ကို အထွက်နည်းစေသောကြောင့် အက်ဒရီနယ်ဂလင်းကို လှုံ့ဆော်မှုနည်းစေပြီး စတီးရွိုက်‌ဟော်မုန်းများကို အထွက်နည်းစေသည်။

  • စတီးရွိုက်ဆေးများကို အချိန်ကာလကြာမြင့်စွာ အသုံးပြုပြီးနောက် ရုတ်တရက်ရပ်လိုက်ခြင်း
  • ပီကျူတရီ (Pituitary) ဂလင်း အကျိတ်များ
  • ပီကျူတရီ ဂလင်းကို ခွဲစိတ်ခြင်း သို့မဟုတ် ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းတို့ ဖြစ်ကြသည်။
ရောဂါလက္ခဏာများ

အက်ဒီဆင်ရောဂါတွင် ဂလင်းထိခိုက်မှုသည် အချိန်ကာလကြာမြင့်စွာ တဖြည်းဖြည်းချင်း ဖြစ်ပေါ်နေပြီး ဂလင်း၏ (၉၀) ရာခိုင်နှုန်းခန့် ထိခိုက်ပျက်စီးသောအချိန်မှသာ ‌ရောဂါလက္ခဏာ ဖြစ်ပေါ်လေ့ရှိသည်။ ထို့ကြောင့် ရောဂါလက္ခဏာများသည် တဖြည်းဖြည်းချင်းသာ ပေါ်လာနိုင်ပြီး လူတစ်ယောက်နှင့်တစ်ယောက် ကွဲပြားနိုင်သည်။ အဖြစ်အများဆုံး ရောဂါလက္ခဏာမှာ နုံးနယ်ခြင်းဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်းနှင့် ပိုမိုဆိုးရွားလာသည်။ နုံးနယ်ခြင်းနှင့်အတူ အောက်ဖော်ပြပါ ရောဂါလက္ခဏာများကိုလည်း တွေ့ရနိုင်သည်။

  • အရေပြား အရောင်ရင့်လာခြင်း (အထူးသဖြင့် အမာရွတ်နေရာများနှင့် အရေပြား အရေးအကြောင်းများ အကြားနှင့် သွားဖုံးများတွင် ဖြစ်သည်)
  • ဗိုက်နာခြင်း
  • ပျို့အန်ခြင်း
  • ဝမ်းလျှောခြင်း
  • အစားအသောက်ပျက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း
  • ကြွက်သားများနာကျင်ခြင်း၊ တောင့်တင်းခြင်း၊ အဆစ်နာကျင်ခြင်း
  • ရေဓာတ်ခမ်းခြောက်ခြင်း
  • သွေးပေါင်ချိန်ကျပြီး ခေါင်းမူးခြင်း
  • ဂနာမငြိမ်ဖြစ်ခြင်း
  • သကြားဓာတ်ကျခြင်းတို့ ဖြစ်ပေါ်နိုင်သည်။

အမျိုးသမီးများတွင် ရာသီစက်ဝန်း ပုံမှန် မဟုတ်ခြင်း၊ ခန္ဓာကိုယ်တွင် အမွေးအမှင်များ မထွက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ တက်ကြွမှုမရှိခြင်းတို့ ဖြစ်ပေါ်နိုင်သည်။

Addison's disease image 1
နောက်ဆက်တွဲပြဿနာများ

အက်ဒီဆင်ရောဂါရှိသူအချို့တွင် ထိခိုက်ဒဏ်ရာရခြင်း၊ ပြင်းထန်သော နေမကောင်းဖြစ်ခြင်း သို့မဟုတ် ပြင်းထန်သော စိတ်ဖိစီးမှုတို့ ကြုံတွေ့ရပါက ရောဂါလက္ခဏာများ လျင်မြန်စွာ ပိုမိုဆိုးရွားလာနိုင်ပြီး အသက်အန္တရာယ်ရှိသော အခြေအနေ (Addisonian crisis or acute adrenal failure) ဖြစ်ပေါ်လာနိုင်သည်။ ထိုအခြေအနေသည် အ‌ရေးပေါ်အခြေအနေဖြစ်ပြီး ချက်ချင်းကုသမှု မခံယူလျှင် သွေးလန့်ပြီး ရှော့ခ်ရကာ အသက်သေဆုံးနိုင်သည်။ ထိုအရေးပေါ်အခြေအနေတွင် ဖြစ်ပေါ်နိုင်သော ရောဂါလက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • ပြင်းထန်စွာ အားနည်းခြင်း
  • ရုတ်တရက် ခါးအောက်ပိုင်း၊ ဝမ်းဗိုက်နှင့် ခြေထောက်များတွင် ပြင်းထန်စွာ နာကျင်ခြင်း
  • ဂနာမငြိမ်ဖြစ်ပြီး ကြောက်လန့်ခြင်း
  • အလွန်အမင်း ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်းတို့ကြောင့် ရေဓာတ်ခန်းခြောက်ခြင်း
  • သွေးပေါင်ချိန်ကျခြင်း
  • သတိလစ်ခြင်းတို့ဖြစ်သည်။ ထိုအချိန်တွင် ဆေးရုံအရေးပေါ်ဆေးကုဌာနသို့ အမြန်ဆုံးသွားရောက် ကုသမှုခံယူရန် လိုအပ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်တွင် ဖော်ပြထားသော ရောဂါလက္ခဏာများဖြစ်ပေါ် ခဲ့လျှင် မိသားစုဆရာဝန်၊ ဟော်မုန်းရောဂါ အထူးကုဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေး၍ စမ်းသပ်စစ်‌ဆေးမှုများပြုလုပ်ပြီး လိုအပ်သောဟော်မုန်းကို ပြန်ဖြည့်ပေးခြင်းဖြင့် ကုသနိုင်သည်။ ထို့အပြင် အ‌ရေးပေါ် အခြေအနေဖြစ်ပေါ်စေနိုင်သည့် အထက်ပါ နောက်ဆက်တွဲရောဂါလက္ခဏာများ တွေ့ရှိလျှင် အသက်အန္တရာယ်ထိခိုက်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဆေးကုဌာနတွင် အမြန်ဆုံးကုသမှု ခံယူရန်လိုအပ်သည်။

ရောဂါရှာဖွေခြင်း

အက်ဒီဆင်ရောဂါ (Addison’s disease) ကို ရောဂါရှာဖွေရန် အောက်ပါစစ်ဆေးမှုများကို ပြုလုပ်နိုင်သည်။

  1. ရောဂါရာဇဝင်မေးမြန်းခြင်းနှင့် ခန္ဓာကိုယ်စမ်းသပ်စစ်ဆေးခြင်း
    • လူနာ၏ ရောဂါလက္ခဏာများ၊ ကျန်းမာရေးရာဇဝင်နှင့် မိသားစုရာဇဝင်ကို သေချာစွာမေးမြန်းခြင်း
    • ခန္ဓာကိုယ်ကို သေချာစွာစမ်းသပ်ခြင်း (ဥပမာ _ အရေပြားအရောင်ပြောင်းခြင်း၊ သွေးပေါင်ချိန်ကျခြင်း စသည်တို့ကို စစ်ဆေးခြင်း)
  2. သွေးစစ်ဆေးမှုများ
    • သွေးတွင်းဟော်မုန်းဓာတ်များ
    • Cortisol ပမာဏကို စစ်ဆေးခြင်း (Cortisol ပမာဏ နည်းနေတတ်သည်)
    • ACTH (Adrenocorticotropic hormone) ပမာဏကို စစ်ဆေးခြင်း (ACTH ပမာဏ မြင့်နေတတ်သည်)
    • သွေးတွင်းသတ္တုဓာတ်များ _ ဆိုဒီယမ်နည်းပြီး ပိုတက်ဆီယမ် များနေတတ်သည်
    • သွေးတွင်းသကြားဓာတ် _ သွေးတွင်းသကြားဓာတ်နည်းခြင်း (Hypoglycemia)
  3. ACTH stimulation test
    • ဤစစ်ဆေးမှုတွင် ACTH ဟော်မုန်းကို ထိုးသွင်းပြီး Cortisol ပမာဏကို တိုင်းတာခြင်းဖြစ်သည်
    • အက်ဒီဆင်ရောဂါရှိပါက Cortisol ပမာဏ မြင့်တက်မလာပါ
  4. ပုံရိပ်ဖော်စစ်ဆေးမှုများ
    • ကွန်ပျူတာဓာတ်မှန် (CT scan) – Adrenal glands များ၏ ပုံရိပ်ကို ရိုက်ကူးခြင်းဖြင့် ဂလင်းများတွင် ပျက်စီးမှု၊ ကြီးထွားမှု သို့မဟုတ် အကျိတ်ရှိမရှိ စစ်ဆေးခြင်း
    • သံလိုက်ဓာတ်မှန် (MRI) – Adrenal glands နှင့် ဦးနှောက်ရှိ pituitary gland ကို ပိုမိုတိကျစွာ စစ်ဆေးရန် အသုံးပြုနိုင်သည်။
ကုသခြင်း

အက်ဒီဆင်ရောဂါကို ကုသရာတွင် ခန္ဓာကိုယ်မှ လုံလောက်စွာ မထုတ်လုပ်နိုင်သော ဟော်မုန်းများကို ဖြည့်ဆည်းပေးရန် လိုအပ်သည်။ ကုသမှုတွင် အောက်ပါဆေးများကို အသုံးပြုသည်။

  1. ကော်တီစောဟော်မုန်း (Cortisol) ဖြည့်ဆည်းခြင်း
    • Hydrocortisone ဆေးကို အဓိကအသုံးပြုသည်
    • ဤဆေးသည် ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်များကို ထိန်းညှိပေးပြီး စိတ်ဖိစီးမှုကို ကာကွယ်ပေးသည်
  2. အယ်လ်ဒိုစတီရုန်းဟော်မုန်း (Aldosterone) ဖြည့်ဆည်းခြင်း
    • Fludrocortisone ဆေးကို အသုံးပြုသည်
    • ဤဆေးသည် ခန္ဓာကိုယ်အတွင်း ဆားနှင့်ရေဓာတ်မျှတမှုကို ထိန်းသိမ်းပေးသည်

ဆေးပမာဏနှင့် သတိပြုရမည့်အချက်များ
ဆေးပမာဏသည် လူနာတစ်ဦးနှင့်တစ်ဦး ကွဲပြားနိုင်သည်။ ရောဂါပိုးဝင်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ ခွဲစိတ်ကုသမှုခံယူခြင်း သို့မဟုတ် စိတ်ဖိစီးမှုများသော အခြေအနေများတွင် ဆေးပမာဏကို တိုးမြှင့်ရန် လိုအပ်သည်။ ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း အတိအကျလိုက်နာရန် အရေးကြီးသည်။

အရေးပေါ်အခြေအနေ (Addisonian Crisis)

အက်ဒီဆင်ရောဂါရှိသူများတွင် အသက်အန္တရာယ်ရှိသော အရေးပေါ်အခြေအနေ (Addisonian crisis) ဖြစ်ပေါ်နိုင်သည်။ ဤအခြေအနေတွင် အောက်ပါကုသမှုများ ချက်ချင်းခံယူရန် လိုအပ်သည်။

  • စတီးရွိုက်ထိုးဆေး (Steroid Injection) – Hydrocortisone ကဲ့သို့သော စတီးရွိုက်ဆေးများကို အရေးပေါ်ထိုးသွင်းရန် လိုအပ်သည်
  • သွေးကြောထဲသို့ အရည်ဓာတ်ဖြည့်ခြင်း (Intravenous Fluids) – ခန္ဓာကိုယ်အတွင်း ရေဓာတ်နှင့် ဆားဓာတ်မျှတမှုကို ပြန်လည်ထိန်းသိမ်းရန် သွေးကြောထဲသို့ အရည်ဓာတ်ဖြည့်ပေးရသည်
  • သကြားဓာတ်ဖြည့်ခြင်း (Glucose Administration) – သွေးတွင်းသကြားဓာတ်နည်းပါးခြင်းကို ကာကွယ်ရန် သကြားဓာတ်ကို သွေးကြောထဲသို့ ဖြည့်ပေးရသည်။
ကာကွယ်ခြင်း

အက်ဒီဆင်ရောဂါကို တိကျစွာ ကာကွယ်၍ရနိုင်သော နည်းလမ်းများ ယနေ့ထိမရှိသေးပါ။ သို့သော် အောက်ပါအချက်များကို အကြံပြုလိုသည်။

  • ကူးစက်ရောဂါများ (ဥပမာ – တီဘီ၊ HIV) ကို ကာကွယ်ပါ၊ စောစီးစွာကုသပါ
  • စတီးရွိုက်ဆေးများကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်ပါ၊ ရုတ်တရက် မရပ်ပါနှင့်
  • အက်ဒီဆင်ရောဂါလက္ခဏာများကို သတိထားပါ၊ ဥပမာ _ မောပန်းလွယ်ခြင်း၊ အသားအရောင်မည်းလာခြင်း
  • ပုံမှန်ကျန်းမာရေးစစ်ဆေးမှုခံယူပါ (အထူးသဖြင့် မိသားစုရာဇဝင်ရှိပါက)
  • အက်ဒီဆင်ရောဂါရှိသူများသည် အရေးပေါ်အခြေအနေအတွက် အသင့်ပြင်ထားပါ (ဥပမာ _ စတီးရွိုက်ထိုးဆေးဆောင်ထားပါ၊ မိမိတွင်ရောဂါရှိကြောင်း ဆေးစာကို အမြဲမိမိနှင့်အတူတွဲထားပါ)

References:

  1. Mayo Clinic. (2024). Addison’s disease: Symptoms and causes. Retrieved March 4, 2026, from https://www.mayoclinic.org/diseases-conditions/addisons-disease/symptoms-causes/syc-20350293
  2. Mayo Clinic. (2024). Addison’s disease: Diagnosis and treatment. Retrieved March 4, 2026, from https://www.mayoclinic.org/diseases-conditions/addisons-disease/diagnosis-treatment/drc-20350296
  3. National Health Service. (2025). Addison’s disease. Retrieved March 4, 2026, from https://www.nhs.uk/conditions/addisons-disease/
  4. Cleveland Clinic. (2025). Addison’s disease. Retrieved March 4, 2026, from https://my.clevelandclinic.org/health/diseases/15095-addisons-disease

Published: 28 March 2025

Last updated: 18 April 2026

Share

26 March 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.