Capsule Endoscopy (ဆေးတောင့်ကင်မရာဖြင့် အစာအိမ်နှင့် အူလမ်းကြောင်းတစ်လျှောက် ကြည့်ရှုစစ်ဆေးခြင်း)

Capsule Endoscopy (ဆေးတောင့်ကင်မရာဖြင့် အစာအိမ်နှင့် အူလမ်းကြောင်းတစ်လျှောက် ကြည့်ရှုစစ်ဆေးခြင်း)

Capsule Endoscopy ဆိုသည်မှာ အလွန်သေးငယ်သော ဗီဒီယိုကင်မရာ တပ်ဆင်ထားသည့် ဆေးတောင့် (Capsule) လေးကို မျိုချပြီး အစာအိမ်နှင့် အူလမ်းကြောင်းအတွင်းပိုင်း ရောဂါအခြေအနေများကို စစ်ဆေးနိုင်သော ခေတ်မီနည်းပညာတစ်ခုဖြစ်သည်။

ဤနည်းပညာသည် သမားရိုးကျ မှန်ပြောင်းကြည့်ရှုခြင်း (Endoscopy) များဖြင့် ရောက်ရှိရန် သို့မဟုတ် တွေ့ရှိရန် ခက်ခဲသော အူသိမ်ပိုင်း (Small Intestine) ကို စစ်ဆေးရာတွင် အထူးထိရောက်သည်။ ၎င်းကို (၁၉၉၉) ခုနှစ်တွင် အမေရိကန်၌ စတင်ခဲ့ပြီး (၂၀၀၁) ခုနှစ်တွင် အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (U.S. Food and Drug Administration – FDA) ၏ ခွင့်ပြုချက် ရရှိခဲ့သည်။ ယခုအခါ ကမ္ဘာတစ်ဝန်းတွင် PillCam SB (short bowel) ကဲ့သို့သော နာမည်ဖြင့် ကျယ်ပြန့်စွာ အသုံးပြုနေပြီဖြစ်သည်။

ဆေးတောင့်ကင်မရာ အလုပ်လုပ်ပုံ
  • အရွယ်အစား – ဗီတာမင်အားဆေးတောင့် အရွယ်ခန့်သာရှိသည်
  • ပါဝင်သည့်စနစ် – ဆေးတောင့်အတွင်း၌ အလင်းရောင်ထုတ်ပေးသည့် မီးလုံးငယ်၊ ကင်မရာ (တစ်လုံး သို့မဟုတ် တစ်လုံးထက်ပို၍) နှင့် ပုံရိပ်ဖမ်းစက် (Transmitter) တို့ ပါဝင်သည်
  • ဓာတ်ပုံရိုက်ကူးခြင်း – ဆေးတောင့်သည် အစာအိမ်နှင့် အူလမ်းကြောင်းတစ်လျှောက် ဖြတ်သန်းသွားစဉ် ပုံပေါင်း ၁၀,၀၀၀ (တစ်သောင်း) ခန့်ကို အနီးကပ် ရိုက်ကူးပေးသည်
  • စွန့်ထုတ်ခြင်း – ဤဖြစ်စဉ်သည် နာကျင်မှု လုံးဝမရှိဘဲ ဆေးတောင့်သည် ပုံမှန်အားဖြင့် (၂၄)နာရီ မှ (၄၈)နာရီအတွင်း ဝမ်းနှင့်အတူ ပြန်လည် ထွက်သွားမည်ဖြစ်သည်
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ

အောက်ပါအခြေအနေများတွင် ဆေးတောင့်ကင်မရာဖြင့် စစ်ဆေးရန် ဆရာဝန်မှ ညွှန်ကြားနိုင်သည်။

  • အကြောင်းရင်း ရှာမရသော သွေးယိုစိမ့်ခြင်း – အစာအိမ်နှင့် အူမကြီးမှန်ပြောင်းကြည့်သော်လည်း သွေးထွက်သည့်နေရာကို ရှာမတွေ့သည့်အခါ အူသိမ်အတွင်းပိုင်းကို စစ်ဆေးရန်
  • အူလမ်းကြောင်းဆိုင်ရာ အနာနှင့်အကျိတ်များ – အူသိမ်အတွင်းရှိ အနာများ၊ သာမန်အကျိတ်၊ အသားပို သို့မဟုတ် ကင်ဆာအကျိတ်များကို ရှာဖွေရန်
  • နာတာရှည် အူရောင်ရမ်းနာရောဂါများ – Crohn’s disease နှင့် Ulcerative colitis ကဲ့သို့သော ရောဂါများကို အနီးကပ်စောင့်ကြည့်စစ်ဆေးရန်
  • ဓာတ်မတည့်သည့်ရောဂါများ – Gluten ပရိုတင်းနှင့် ဓာတ်မတည့်သော ရောဂါ (Celiac Disease)
  • နာတာရှည် ခံစားနေရသော လက္ခဏာများ
    • အကြောင်းရင်းမရှိဘဲ ဗိုက်အောင့်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်း
    • ဝမ်းထဲတွင် သွေးပါခြင်း
    • အမြဲတမ်း လေပွခြင်းနှင့် နုံးချည့်နေခြင်း
    • အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းသွားခြင်း
သမားရိုးကျမှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်းနှင့်မတူဘဲ ရရှိနိုင်သော အကျိုးကျေးဇူးများ
  • နာကျင်မှုမရှိခြင်း – ခွဲစိတ်ရန် သို့မဟုတ် အရေပြားကို ထိုးဖောက်စစ်ဆေးရန် မလိုဘဲ ဆေးတောင့်လေးကို ရေဖြင့်မျိုချရုံသာ ဖြစ်သောကြောင့် လွယ်ကူအဆင်ပြေသည်
  • ထုံဆေး သို့မဟုတ် မေ့ဆေး မလိုခြင်း – သမားရိုးကျ မှန်ပြောင်းစစ်ဆေးခြင်းများကဲ့သို့ မေ့ဆေးပေးရန် မလိုသည့်အတွက် မေ့ဆေး၊ ထုံဆေးနှင့် ဓာတ်မတည့်သူများအတွက် သင့်လျော်သည်
  • ရောဂါရှာဖွေစစ်ဆေးရာတွင် တိကျမှုမြင့်မားခြင်း – အူသိမ်အတွင်းရှိ သေးငယ်သော အနာများ၊ သွေးယိုစိမ့်မှုများနှင့် အကျိတ်များကို အနီးကပ် ဓာတ်ပုံရိုက်ယူနိုင်သည်
  • နေ့စဉ်လုပ်ငန်းဆောင်တာကို မထိခိုက်ခြင်း – ဆေးတောင့်ဖြင့် စစ်ဆေးနေစဉ်အတွင်း ပုံမှန်အတိုင်း လှုပ်ရှားသွားလာနိုင်သည်
  • ကလေးလူကြီး အသက်အရွယ်မရွေး၌ လုပ်ဆောင်နိုင်ခြင်း – ဆေးတောင့်မမျိုနိုင်သော ကလေးငယ်များအတွက် မှန်ပြောင်းသုံး၍ ဆေးတောင့်ကို ထည့်ပေးနိုင်သည်
ဆေးတောင့်ကင်မရာဖြင့် စစ်ဆေးခြင်း မပြုလုပ်သင့်သူများ
  • ကိုယ်ဝန်ဆောင်အမျိုးသမီးများ
  • အူလမ်းကြောင်းပိတ်နေသည့် လက္ခဏာရှိသူများနှင့်
  • နှလုံးအတွင်း စက်ပစ္စည်း (Pacemaker or Defibrillator) တပ်ဆင်ထားသူများတွင် မပြုလုပ်သင့်ပါ၊ မဖြစ်မနေ ပြုလုပ်ရန် လိုအပ်ပါက မိမိ၏ဆရာဝန်နှင့် သေချာစွာ တိုင်ပင်ဆွေးနွေးရမည်
ကြိုတင်သိရှိထားရမည့်အချက်များ

ဆေးတောင့်ကင်မရာဖြင့် စစ်ဆေးခြင်းတွင် သမားရိုးကျ မှန်ပြောင်းဖြင့် စစ်ဆေးခြင်းကဲ့သို့ပင် ကြိုတင်ပြင်ဆင်ရန် အချက်များစွာ လိုအပ်သည်။

  • အူလမ်းကြောင်းတစ်လျှောက်သန့်စင်ထားခြင်း
    • ပုံရိပ်များ ကြည်လင်ပြတ်သားစွာ ရိုက်ကူးနိုင်ရန် ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဝမ်းနှုတ်ဆေးများ ကြိုတင်သောက်ထားရန် လိုအပ်နိုင်သည်
  • ဆေးဝါးများ
    • သောက်လက်စ ဆေးဝါးများတွင် သံဓာတ်အားဆေးများနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါအတွက် သောက်သုံးနေသောဆေးများကို စစ်ဆေးမှု မပြုလုပ်မီ တစ်ပတ်ခန့်အလိုတွင် ကြိုတင်ရပ်ထားရမည်ဖြစ်သည်
    • Aspirin ကဲ့သို့ သွေးကျဲဆေးနှင့် Warfarin ကဲ့သို့ သွေးမခဲဆေးများကိုမူ ရပ်ရန်မလိုပါ
  • အစားအသောက်ရှောင်ရန်
    • စစ်ဆေးမှုမပြုလုပ်မီ (၃) ရက်ခန့်အလိုတွင် အမျှင်ဓာတ် (fiber) များသော အစားအသောက်များကို လျှော့စားသင့်သည်
    • ထို့အပြင် စစ်ဆေးမည့်နေ့တွင် အနည်းဆုံး (၁၂) နာရီခန့် ကြိုတင်၍ အစာနှင့်ရေကို ဖြတ်တောက်ထားရမည်ဖြစ်သည်
စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်
  • ဆေးတောင့်ကို မျိုချခြင်း
    • ကင်မရာတပ်ဆင်ထားသော ဆေးတောင့်ကို ပုံမှန်ဆေးသောက်သကဲ့သို့ ရေနှင့်အတူ မျိုချရမည်
  • ပုံရိပ်လက်ခံပေးမည့်စက်ကိရိယာ (Recording device) ကို တပ်ဆင်ခြင်း
    • လူနာ၏ ခါး သို့မဟုတ် ဝမ်းဗိုက်တွင် ပုံရိပ်များကို ဖမ်းယူမည့် အာရုံခံကိရိယာ (Sensor) ပါဝင်သော သေးငယ်သည့် စက် (Recording Device) တစ်ခုကို ဆရာဝန်မှ ချိတ်ဆက်ပေးမည်ဖြစ်သည်
    • အချို့စက်များသည် ကြိုးများ (Wires) ပါဝင်ပြီး ထိုကြိုးများကို ဝမ်းဗိုက်တစ်ဝိုက်တွင် ကပ်၍ တပ်ထားမည်ဖြစ်သည်
    • အချို့နောက်ဆုံး‌ပေါ်စက်များတွင်မူ ကြိုးမဲ့စနစ် (Wireless system) ဖြင့် ထုတ်လုပ်ထားသဖြင့် အသုံးပြုရာတွင် ပိုမိုလွယ်ကူအဆင်ပြေသည်
  • ပုံရိပ်များဖမ်းယူခြင်း
    • ဆေးတောင့်သည် အစာအိမ်နှင့် အူလမ်းကြောင်းတစ်လျှောက် သဘာဝအတိုင်း ရွေ့လျားသွားလျက်နှင့် တစ်စက္ကန့်လျှင် ဓာတ်ပုံ (၂)ပုံ မှ (၆)ပုံနှုန်းဖြင့် ကြည်လင်ပြတ်သားသော ဓာတ်ပုံများကို ရိုက်ကူးသွားမည်ဖြစ်သည်
    • စုစုပေါင်း ရိုက်ကူးရန်ကြာချိန်မှာ (၈ – ၁၂) နာရီခန့် ဖြစ်သည်
    • ထို့နောက် ပုံရိပ်များကို ခါးတွင်ချိတ်ထားသော စက်ထဲသို့ ပေးပို့စုဆောင်းမည်ဖြစ်သည်
  • အာရုံခံစက်ကို ပြန်လည်ဖြုတ်သိမ်းအပ်နှံခြင်း
    • ဆေးတောင့်သောက်ပြီး (၁၂) နာရီခန့်အကြာတွင် ခါး၌ တပ်ဆင်ထားသော စက်ကို ပြန်လည်ဖြုတ်သိမ်း၍ ဆရာဝန်ထံ အပ်နှံရမည်
  • ဆေးတောင့်အား ပြန်လည်စွန့်ထုတ်ခြင်း
    • ကင်မရာပါ ဆေးတောင့်သည် အများအားဖြင့် နောက် (၂၄) နာရီမှ (၄၈) နာရီအတွင်း ဝမ်းနှင့်အတူ သဘာဝအတိုင်း ပြန်လည်ထွက်ရှိသွားမည်ဖြစ်ပြီး တစ်ခါတစ်ရံ ရက်အနည်းငယ်ခန့် ကြာနိုင်သည်
နောက်ဆက်တွဲဆိုးကျိုးများ

ဘေးထွက်ဆိုးကျိုး အလွန်နည်းပါးသော်လည်း ဖြစ်တောင့်ဖြစ်ခဲ အခြေအနေအချို့ရှိနိုင်သည်။

  • ဆေးတောင့်ညပ်၍ ကျန်နေခြင်း (Capsule Retention)
    • အူသိမ်လမ်းကြောင်းအတွင်း အလွန်ကျဉ်းနေသော နေရာ သို့မဟုတ် အကျိတ်ရှိနေသော နေရာများတွင် ဆေးတောင့် ညပ်နေတတ်ခြင်းကြောင့် စအိုမှ ပြန်လည်ထွက်လာသည့်အချိန် နောက်ကျနေတတ်သည်
    • နှစ်ပတ်အတွင်း ဆေးတောင့် ပြန်ထွက်လာသည်ကို မတွေ့ရှိရပါက ဆေးတောင့်၏ တည်နေရာကို သိရှိရန် ရိုးရိုး ဝမ်းဗိုက်ဓာတ်မှန် သို့မဟုတ် ကွန်ပျူတာဓာတ်မှန် ရိုက်ရန်လိုသည်
    • ဆေးတောင့် ကျန်ရှိနေပါက ခွဲစိတ်၍ဖြစ်စေ၊ မှန်ပြောင်းဖြင့်ဖြစ်စေ ပြန်ထုတ်ရန် လိုအပ်နိုင်သည်
  • ပုံရိပ်များ ကြည်လင်ပြတ်သားမှုမရှိခြင်း
    • အူလမ်းကြောင်းအတွင်း အစာဟောင်းများ ကျန်နေပါက ရလဒ်တိကျမှု လျော့နည်းနိုင်သည်
လိုက်နာဆောင်ရွက်ရမည့်အချက်များ
  • ဆေးတောင့်မျိုချပြီးနောက် ပထမ (၂) နာရီအတွင်း မည်သည့်အရာကိုမှ စားသောက်ခြင်း မပြုလုပ်ရပါ
  • (၂) နာရီအကြာတွင် ရေနှင့် အရည်ကြည် အနည်းငယ်ကို စတင်သောက်သုံးနိုင်သည်
  • (၄) နာရီအကြာတွင် အစာပျော့ပျော့နှင့် ပမာဏ အနည်းငယ်သော အစားအသောက် (light food) များကို စတင်စားသုံးနိုင်သည်၊ ထို့နောက်တွင်မူ ပုံမှန်စားသုံးနေကျ အစားအစာများကို စားနိုင်သည်
  • ဆေးတောင့် ပြန်ထွက်ခြင်း ရှိမရှိကို အိမ်သာသွားချိန်တွင် ဂရုပြုစောင့်ကြည့်ရမည်၊ သို့သော် ဆေးတောင့်ကို ပြန်သိမ်းဆည်းထားရန် မလိုပါ
  • ဆေးတောင့်ဖြင့် စစ်ဆေးမှုပြုလုပ်နေစဉ်အတွင်း ဆေးတောင့် ပြန်မထွက်မချင်း သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်း သို့မဟုတ် သံလိုက်စက်ကွင်း ပြင်းထန်သော နေရာများသို့ သွားလာခြင်းကို လုံးဝရှောင်ကြဉ်ရမည်
  • ဆေးတောင့် စစ်ဆေးခြင်း မပြီးဆုံးခင်အချိန်အတွင်း အလွန်အကျွံ အားကစားလုပ်ခြင်း၊ ပြေးခြင်း၊ ခုန်ခြင်းများနှင့် ပြင်းထန်သော လှုပ်ရှားမှုများ ရှောင်ကြဉ်ပါ။
သိရှိနိုင်‌သောအဖြေများ

ပုံမှန်အားဖြင့် စစ်ဆေးမှုရလဒ်ကို တစ်ပတ်ခန့်အတွင်း သိရှိနိုင်သည်။ ပုံရိပ်ဖမ်းစက် (transmitter or recorder) မှ စုဆောင်းထားသော ဓာတ်ပုံများကို ဆရာဝန်မှ ပြန်လည်စစ်ဆေးကြည့်ရှု၍ အဖြေရလဒ်များကို ရှင်းလင်းပြောကြားမည်ဖြစ်သည်။ ထို့နောက် အဖြေရလဒ်များပေါ်မူတည်၍ ဆက်လက်ပြုလုပ်ရန် လိုအပ်သော စစ်ဆေးမှုများနှင့် သက်ဆိုင်သော ဆေးဝါးကုသမှုများကို ဆက်လက်စီစဥ်အကြံ‌ပေးမည်ဖြစ်သည်။

ဆရာဝန်ထံ ချက်ချင်းဆက်သွယ်သင့်သော လက္ခဏာများ

စစ်ဆေးမှုအပြီးတွင်

  • ဗိုက်အလွန်အမင်းအောင့်ခြင်း
  • ရင်ဘတ်အောင့်ခြင်း သို့မဟုတ် အစာမျိုရခက်ခြင်း
  • ဖျားခြင်း၊ အန်ခြင်း သို့မဟုတ် ဝမ်းချုပ်ခြင်း စသည့်လက္ခဏာများ ရှိပါက သက်ဆိုင်ရာဆရာဝန်နှင့် ချက်ချင်းပြန်လည်ပြသသင့်သည်။

References:

  1. Mayo Clinic. (n.d.). Capsule endoscopy: About the procedure. Retrieved February 5, 2026, from https://www.mayoclinic.org/tests-procedures/capsule-endoscopy/about/pac-20393366
  2. Cleveland Clinic. (n.d.). Capsule endoscopy. Retrieved February 5, 2026, from https://my.clevelandclinic.org/health/diagnostics/16829-capsule-endoscopy
  3. Endoscopy NZ. (n.d.). Capsule endoscopy. Retrieved February 5, 2026, from https://endoscopynz.co.nz/capsule-endoscopy/
  4. National Center for Biotechnology Information. (n.d.). Capsule endoscopy. In StatPearls. Retrieved February 5, 2026, from https://www.ncbi.nlm.nih.gov/books/NBK482306/
  5. Royal Devon & Exeter NHS Foundation Trust. (2024). Capsule endoscopy: A guide to the procedure (RDE-24-049-001). Retrieved February 5, 2026, from https://www.royaldevon.nhs.uk/media/tzbdu205/capsule_endoscopy-a_guide_to_the_procedure-rde-24-049-001.pdf

Published: 24 February 2026

Share

24 February 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
Stem Cell Transplant (ပင်မဆဲလ်အစားထိုးခြင်း)
Jun 29, 2026
Tests and Procedures

Stem Cell Transplant (ပင်မဆဲလ်အစားထိုးခြင်း)

ပင်မဆဲလ် အစားထိုးကုသခြင်းဆိုသည်မှာ ခန္ဓာကိုယ်မှ လိုအပ်သော သွေးဆဲလ်များကို...

Proximal Femoral Nail Antirotation (PFNA) Surgery (ပေါင်ထိပ်ရိုးကျိုးခြင်းကို သတ္တုချောင်းထည့် ခွဲစိတ်ကုသခြင်း)
Jun 29, 2026
Tests and Procedures

Proximal Femoral Nail Antirotation (PFNA) Surgery (ပေါင်ထိပ်ရိုးကျိုးခြင်းကို သတ္တုချောင်းထည့် ခွဲစိတ်ကုသခြင်း)

ပေါင်ထိပ်ရိုးကျိုးခြင်းကို သတ္တုချောင်းထည့် ခွဲစိတ်ကုသခြင်းသည်...

Electrophysiological study (EPS) (နှလုံးလျှပ်စီးလမ်းကြောင်းများ စမ်းသပ်စစ်ဆေးခြင်း)
Jun 27, 2026
Tests and Procedures

Electrophysiological study (EPS) (နှလုံးလျှပ်စီးလမ်းကြောင်းများ စမ်းသပ်စစ်ဆေးခြင်း)

နှလုံးလျှပ်စီးလမ်းကြောင်းများ အသေးစိတ်စစ်ဆေးခြင်းသည်...