သန္ဓေသား၏ နှလုံးခုန်နှုန်းနှင့် မိခင်၏ သားအိမ်ညှစ်အားကို တိုင်းတာခြင်း (စီတီဂျီ – CTG) ဆိုသည်မှာ ကိုယ်ဝန်ဆောင်စဉ်နှင့် ကလေးမွေးဖွားစဉ်အတွင်း သန္ဓေသား၏ နှလုံးခုန်နှုန်းအခြေအနေနှင့် မိခင်၏ သားအိမ်ညှစ်အား (Uterine contractions) တို့ကို စက်ဖြင့် စောင့်ကြည့်တိုင်းတာစစ်ဆေးခြင်းဖြစ်သည်။ ဤစစ်ဆေးမှုကို သန္ဓေသားတွင် အောက်ဆီဂျင် ပြတ်လပ်ခြင်း လက္ခဏာများ ရှိမရှိနှင့် ကလေးမွေးဖွားချိန် သားအိမ်ညှစ်သည့်အခါ သန္ဓေသား၏ နှလုံးခုန်နှုန်း မည်သို့ပြောင်းလဲသွားသည်ကို စောင့်ကြည့်စစ်ဆေးရန် အဓိကအသုံးပြုသည်။ ခန္ဓာကိုယ်အတွင်းသို့ ဖောက်ထွင်းဝင်ရောက်စရာမလိုဘဲ မိခင်၏ဝမ်းဗိုက် အရေပြားပေါ်တွင် အာရုံခံကိရိယာများ (sensors) ကို တပ်ဆင်အသုံးပြုကာ အီလက်ထရောနစ်စနစ်ဖြင့် စစ်ဆေးသည့် စစ်ဆေးမှုဖြစ်သောကြောင့် မိခင်နှင့် သန္ဓေသားအတွက် ဘေးကင်းလုံခြုံသည့် အခြေခံစစ်ဆေးမှုတစ်ခုဖြစ်သည်။
စစ်ဆေးရန်လိုအပ်သည့် အခြေအနေများ
ယေဘုယျအားဖြင့် သန္ဓေသား၏ ကျန်းမာရေးအခြေအနေကို စောင့်ကြည့်အကဲဖြတ်ရန် စီတီဂျီကို ကိုယ်ဝန်သက် ၂၉ပတ် မှ ၄၀ပတ်အတွင်း အသုံးပြုလေ့ရှိသည်။ ပုံမှန် ကျန်းမာရေးကောင်းမွန်ပြီး အန္တရာယ်ကင်းသော ကိုယ်ဝန်ဆောင်မိခင်များတွင် အချိန်ပြည့် စောင့်ကြည့်စစ်ဆေးရန် မလိုအပ်သော်လည်း အောက်ပါအခြေအနေများတွင်မူ မဖြစ်မနေ စစ်ဆေးရန် လိုအပ်သည်။
- ကိုယ်ဝန်ဆောင်စဉ် အခြေအနေများ
- သန္ဓေသား လှုပ်ရှားမှု နည်းသွားခြင်း သို့မဟုတ် သန္ဓေသားညှက်ခြင်း (IUGR)
- ရေမြွာရည် များလွန်းခြင်း သို့မဟုတ် နည်းလွန်းခြင်း
- အချင်းမှတစ်ဆင့် သန္ဓေသားထံသို့ သွေးစီးဆင်းမှု လျော့နည်းနေသည်ဟု သံသယရှိခြင်း
- အမြွှာကိုယ်ဝန်ဆောင်ထားခြင်း
- မွေးဖွားရန် ရက်ကျော်လွန်နေခြင်း
- မိခင်တွင် ကိုယ်ဝန်ဆောင် သွေးတိုးရောဂါ (Pre-eclampsia)၊ ဆီးချိုရောဂါ (Gestational Diabetes) သို့မဟုတ် ကိုယ်ခံအား မူမမှန်သည့်ရောဂါများ ရှိခြင်း
- ကလေးမွေးဖွားစဉ် အခြေအနေများ
- သားအိမ်ပွင့်အောင် လှုံဆော်ခြင်း သို့မဟုတ် ဆေးသွင်း၍ မွေးဖွားခြင်း (Induced Labor)
- ရေမြွာရည်ထဲတွင် သန္ဓေသား၏ ငယ်ချေး (Meconium) ပါနေခြင်း သို့မဟုတ် မွေးဖွားချိန် ပုံမှန်ထက်ကြာနေခြင်း
စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်
- ကြိုတင်ပြင်ဆင်ခြင်း – ရှေးဦးစွာ ကိုယ်ဝန်ဆောင်မိခင်ကို ကုတင်ပေါ်တွင် ဘေးစောင်းအနေအထားဖြင့် သက်တောင့်သက်သာ လဲလျောင်းစေပြီး၊ အသံလှိုင်းများ ပိုမိုရှင်းလင်းစွာ ဖမ်းယူနိုင်ရန် ဝမ်းဗိုက်ပေါ်တွင် အာရုံခံကိရိယာတင်မည့်နေရာများအား ဂျယ်လ်အနည်းငယ် သုတ်လိမ်းပေးမည်
- စစ်ဆေးကိရိယာတပ်ဆင်ခြင်း – ကိုယ်ဝန်ဆောင်မိခင်၏ ဝမ်းဗိုက်ပေါ်တွင် အာရုံခံကိရိယာနှစ်ခုကိုတင်၍ ဆွဲဆန့်နိုင်သော ခါးပတ်ကြိုးပြားများဖြင့် နေရာမရွေ့စေရန် ပတ်ထားပေးမည်၊ ကိရိယာတစ်ခုသည် သန္ဓေသား၏ နှလုံးခုန်နှုန်းကို တိုင်းတာပြီး၊ ကျန်ကိရိယာတစ်ခုသည် မိခင်၏ သားအိမ်ညှစ်အားကို တိုင်းတာပေးမည်ဖြစ်သည်
- ရလဒ်များကို စောင့်ကြည့်ခြင်း – စက်ကိုဖွင့်လိုက်သည်နှင့် သန္ဓေသား၏ နှလုံးခုန်သံကို စည်းချက်ကျကျ ကြားနိုင်မည်ဖြစ်ပြီး၊ စစ်ဆေးမှုရလဒ်များကို စက်ဖန်သားပြင်ပေါ်တွင်ဖြစ်စေ၊ စက္ကူပေါ်တွင် မျဉ်းကြောင်း (Graph) များအဖြစ်ဖြစ်စေ အချိန်နှင့်တစ်ပြေးညီ ပြသပေးမည်ဖြစ်သည်
- ကြာမြင့်ချိန် – ပုံမှန်အားဖြင့် မိနစ် ၂၀ မှ ၃၀ ခန့် ကြာမြင့်တတ်သည်၊ မွေးဖွားစဉ် (in labour) ကာလတွင်ဖြစ်ပါက လိုအပ်သလို အဆက်မပြတ် တပ်ဆင်ထားရနိုင်သည်
သိရှိနိုင်သောအဖြေများ
သန္ဓေသား၏နှလုံးခုန်နှုန်းနှင့် မိခင်၏သားအိမ်ညှစ်အားကို တိုင်းတာစစ်ဆေးခြင်းမှ ထွက်ပေါ် လာသော အဖြေများကို အောက်ပါအဓိကအချက် ၃ ချက်အပေါ် အခြေခံ၍ အကဲဖြတ်သည်။
- သန္ဓေသား၏ အခြေခံနှလုံးခုန်နှုန်း (Baseline Heart Rate)
- ကျန်းမာသော သန္ဓေသားတစ်ဦး၏ နှလုံးခုန်နှုန်းသည် တစ်မိနစ်လျှင် ၁၁၀ မှ ၁၆၀ ကြိမ်အတွင်း ရှိရမည်
- အကယ်၍ နှလုံးခုန်နှုန်းသည် အချိန်ကြာမြင့်စွာ ဆက်တိုက် နှေးလွန်းနေလျှင် (၁၁၀ အောက်) သို့မဟုတ် မြန်လွန်းနေလျှင် (၁၆၀ အထက်) သန္ဓေသားတွင် ကျန်းမာရေးပြဿနာ တစ်စုံတစ်ရာ ရှိနေနိုင်သည်
- နှလုံးခုန်နှုန်း ပြောင်းလဲနိုင်စွမ်း (Variability)
- သန္ဓေသား၏ နှလုံးခုန်နှုန်းသည် အတက်အကျ ပြောင်းလဲမှုများ (fluctuations) အနည်းငယ်စီရှိသည်၊ များသောအားဖြင့် တစ်မိနစ်လျှင် ၃ကြိမ် မှ ၅ကြိမ်ခန့် အတက်အကျ ဖြစ်ပေါ်သည်၊ ထိုသို့ဖြစ်ပေါ်ခြင်းသည် သန္ဓေသား၏ ဦးနှောက်နှင့် အာရုံကြောစနစ် ကောင်းစွာအလုပ်လုပ်နေကြောင်း ပြသသည့် ကောင်းမွန်သော လက္ခဏာတစ်ခုဖြစ်သည်
- နှလုံးခုန်နှုန်းသည် ပြောင်းလဲမှုမရှိဘဲ မျဉ်းဖြောင့်နီးပါး တစ်ပြေးညီတည်း ဖြစ်နေပါက သန္ဓေသား အောက်ဆီဂျင် လုံလောက်စွာမရရှိခြင်း သို့မဟုတ် အခြားကျန်းမာရေး ပြဿနာများ ရှိနေခြင်းကို ညွှန်ပြနိုင်သည် (မှတ်ချက် – သန္ဓေသား အိပ်ပျော်နေချိန်တွင်လည်း နှလုံးခုန်နှုန်း ပြောင်းလဲနိုင်စွမ်း ခေတ္တလျော့ကျတတ်သည်)
- သားအိမ်ညှစ်အားကို တုံ့ပြန်မှုပုံစံများ (Changes in response to contractions)
- နှလုံးခုန်နှုန်း ခေတ္တမြန်လာခြင်း (Accelerations)
- သားအိမ်ညှစ်ချိန် သို့မဟုတ် သန္ဓေသား လှုပ်ချိန်တွင် နှလုံးခုန်နှုန်း ခေတ္တမြန်လာပြီးနောက် ပုံမှန်အခြေခံနှလုံးခုန်နှုန်း (baseline) သို့ ပြန်လည်ရောက်ရှိသွားခြင်းဖြစ်သည်၊ ၎င်းသည် သန္ဓေသား ကျန်းမာရေးကောင်းမွန်ပြီး အောက်ဆီဂျင်ကောင်းစွာရရှိနေကြောင်း (Reassuring sign) ပြသသည်
- နှလုံးခုန်နှုန်း ခေတ္တကျဆင်းခြင်း (Decelerations)
ကလေးမွေးဖွားစဉ်အတွင်း ကျန်းမာရေးစောင့်ရှောက်သူများသည် နှလုံးခုန်နှုန်း ခေတ္တကျဆင်းခြင်း (Decelerations) ကို အထူးဂရုပြု စောင့်ကြည့်ကြသည်။ အဓိကအားဖြင့် နှလုံးခုန်နှုန်း ခေတ္တကျဆင်းခြင်း အမျိုးအစား (၃) မျိုးရှိသည်။ - စောစီးစွာ ကျဆင်းခြင်း (Early decelerations)
- သားအိမ်ညှစ်နေစဉ်အတွင်း သန္ဓေသား၏နှလုံးခုန်နှုန်း ကျဆင်းသွားပြီးနောက် ပုံမှန်အခြေခံနှလုံးခုန်နှုန်းသို့ ပြန်လည်ရောက်ရှိသွားခြင်းဖြစ်သည်
- သားအိမ်ညှစ်ချိန်တွင် သန္ဓေသား၏ ဦးခေါင်း ဖိမိခြင်းကြောင့် နှလုံးခုန်နှုန်း ကျဆင်းရခြင်းဖြစ်သည်
- စောစီးစွာ ကျဆင်းခြင်းများသည် အဖြစ်များပြီး ပုံမှန်ဖြစ်ရိုးဖြစ်စဉ်၊ စိုးရိမ်စရာမလိုသော အခြေအနေဖြစ်သည်
- နောက်ပိုင်း ကျဆင်းခြင်း (Late decelerations)
- သားအိမ်ညှစ်ပြီးနောက်ပိုင်းမှ သန္ဓေသား၏ နှလုံးခုန်နှုန်း ကျဆင်းသွားခြင်းဖြစ်သည်
- အချင်းအတွင်း သွေးလှည့်ပတ်စီးဆင်းမှု လျော့ကျ သွားခြင်းကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်သည်
- သားအိမ်ညှစ်ပြီးနောက် အချိန်အတော်ကြာသည်အထိ ပုံမှန်အခြေခံနှလုံးခုန်နှုန်း ပြန်မဖြစ်ဘဲ ဆက်လက်ကျဆင်းနေပါက သန္ဓေသား အောက်ဆီဂျင်ပြတ်လပ်မှု ကြုံတွေ့နေရကြောင်း၊ အန္တရာယ်ရှိကြောင်းပြသသည့် လက္ခဏာဖြစ်သည်
- အချိန်နှင့်ပုံစံ မတည်ငြိမ်သော နှလုံးခုန်နှုန်းကျဆင်းခြင်း (Variable decelerations)
- သန္ဓေသား၏ နှလုံးခုန်နှုန်းသည် ရုတ်တရက် ကျဆင်းပြီး ကျဆင်းသည့်အချိန်၊ ကြာချိန်နှင့် ပုံသဏ္ဌာန်တို့သည် သားအိမ်ညှစ်မှုတစ်ကြိမ်နှင့်တစ်ကြိမ် မတူညီနိုင်ခြင်းဖြစ်သည
- အများအားဖြင့် ချက်ကြိုးပိခြင်း (Umbilical cord compression) ကြောင့် ဖြစ်ပေါ်တတ်သည်
- နှလုံးခုန်နှုန်း ခေတ္တမြန်လာခြင်း (Accelerations)
အထက်ပါအချက်များကို ပေါင်းစပ်၍ စီတီဂျီအဖြေကို အမျိုးအစား (၃) မျိုး ခွဲခြားနိုင်သည်။
| ရလဒ်အမျိုးအစားများ | သန္ဓေသား၏ အခြေခံနှလုံးခုန်နှုန်း | နှလုံးခုန်နှုန်း ပြောင်းလဲနိုင်စွမ်း | နှလုံးခုန်နှုန်း ကျဆင်းခြင်း |
|---|---|---|---|
| ပုံမှန်အခြေအနေ (Normal) | ၁၁၀ – ၁၆၀ ကြိမ်/ မိနစ် | ၅ – ၂၅ ကြိမ်/ မိနစ် | မရှိခြင်း သို့မဟုတ် စောစီးစွာ ကျဆင်းခြင်း |
| သံသယရှိသော အခြေအနေ (Suspicious) | ၁၀၀-၁၀၉ သို့မဟုတ် ၁၆၁-၁၈၀ ကြိမ်/ မိနစ် | < ၅ ကြိမ်/ မိနစ် (၄၀-၉၀ မိနစ် ကြာခြင်း) | အချိန်နှင့်ပုံစံ မတည်ငြိမ်သော သို့မဟုတ် နောက်ပိုင်းကျဆင်းခြင်း |
| ပုံမှန်မဟုတ်သော အခြေအနေ (Pathological) | တစ်မိနစ်လျှင် ၁၀၀ ကြိမ်အောက် နည်းခြင်း သို့မဟုတ် ၁၈၀ ကြိမ်ထက်များခြင်း | < ၅ ကြိမ်/ မိနစ် (> ၉၀ မိနစ် ကြာခြင်း) | ကြာရှည်သော နှလုံးခုန်နှုန်း ကျဆင်းခြင်း (> ၃ မိနစ်) |
- သံသယရှိသော အခြေအနေများတွင် နောက်ထပ် မိနစ် ၃၀ ခန့် ဆက်လက်စောင့်ကြည့်ခြင်း၊ မိခင်၏ ကိုယ်နေဟန်အနေအထားကို ပြောင်းလဲပေးခြင်း၊ လိုအပ်ပါက သွေးကြောအတွင်းသို့ ဆေးရည်ဖြည့်ပေးခြင်း (IV fluids therapy) သို့မဟုတ် သားအိမ်တွင်း အရည်ဖြည့်ခြင်းများ ပြုလုပ်ရမည်၊ ထို့အပြင် သားအိမ်ညှစ်အားကောင်းစေသည့် ဆေးဝါး အောက်စီတိုဇင်ဆေးရည် သွင်းထားပါက လျှော့ချခြင်း သို့မဟုတ် ရပ်ဆိုင်းခြင်းတို့ ပြုလုပ်ရမည်
- ပုံမှန်မဟုတ်သော အခြေအနေများသည် အရေးပေါ်အခြေအနေ ဖြစ်သဖြင့် ချက်ချင်းကုသမှုခံယူရန် လိုအပ်သည်၊ သားအိမ်ခေါင်းပွင့်သည့် အနေအထားပေါ် မူတည်ပြီး အရေးပေါ် ခွဲစိတ်မွေးဖွားခြင်း (Caesarean section) သို့မဟုတ် ကိရိယာအကူအညီဖြင့် မွေးလမ်းကြောင်းမှ မွေးဖွားခြင်း (Assisted vaginal delivery) တို့ကို အမြန်ဆုံး ဆောင်ရွက်ရမည်ဖြစ်သည်
စီတီဂျီ၏ နောက်ဆက်တွဲပြဿနာများ
သန္ဓေသား၏နှလုံးခုန်နှုန်းနှင့် မိခင်၏သားအိမ်ညှစ်အားကို တိုင်းတာစစ်ဆေးခြင်း (စီတီဂျီ) သည် ပြင်ပမှ အာရုံခံကိရိယာများဖြင့်သာ တိုင်းတာခြင်းဖြစ်၍ မိခင်နှင့် သန္ဓေသားအတွက် ထိခိုက်မှုမရှိသလောက် ဘေးကင်းသည်။ သို့သော် ဝမ်းဗိုက်တွင် ကြိုးပြားများ ပတ်ထားရသဖြင့် လှုပ်ရှားရခက်ခဲကာ သက်သောင့်သက်သာ မရှိခြင်း၊ အသုံးပြုသော ဂျယ်လ်ကြောင့် အရေပြား ယားယံခြင်းစသည်တို့ အနည်းငယ်ရှိနိုင်သည်။ အလွန်ရှားပါးသော အခြေအနေများတွင် စက်၏အဖြေ မှားယွင်းခြင်း (False Positive) ကြောင့် သန္ဓေသားအခြေအနေ ကောင်းမွန်နေသော်လည်း မလိုအပ်ဘဲ စိုးရိမ်ပူပန်ရခြင်း သို့မဟုတ် မလိုအပ်ဘဲ အရေးပေါ်ခွဲစိတ်မွေးဖွားရခြင်းများ ကြုံတွေ့ရသည့်အခြေအနေများလည်း ရှိနိုင်သည်။
အချုပ်အားဖြင့် သန္ဓေသား၏နှလုံးခုန်နှုန်းနှင့် မိခင်၏သားအိမ်ညှစ်အားကို တိုင်းတာစစ်ဆေးခြင်း (စီတီဂျီ) သည် ကိုယ်ဝန်ဆောင်မိခင်နှင့် သန္ဓေသား၏ ကျန်းမာရေးကို စောင့်ကြည့် အကဲဖြတ်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။ ထိုသို့စစ်ဆေးခြင်းဖြင့် သန္ဓေသား၏ နှလုံးခုန်နှုန်းနှင့် မိခင်၏သားအိမ်ညှစ်အားကို အချိန်နှင့်တစ်ပြေးညီ တိကျစွာ သိရှိနိုင်သည့်အပြင် မူမမှန်သော လက္ခဏာရပ်များကို စောစီးစွာ ရှာဖွေဖော်ထုတ်နိုင်ပြီး လိုအပ်သည့် ကုသမှုများကို အချိန်မီ ဆောင်ရွက်နိုင်သည်။ ထို့ကြောင့် စီတီဂျီသည် မိခင်နှင့် သန္ဓေသားအတွက် ကျန်းမာပြီး အန္တရာယ်ကင်းသော မွေးဖွားမှုရရှိစေရန် အထောက်အကူပြုသည့် မရှိမဖြစ်လိုအပ်သော တိုင်းတာမှုဖြစ်သည်။
References:
- Cleveland Clinic. (n.d.). Fetal heart rate monitoring. Retrieved September 3, 2026, from https://my.clevelandclinic.org/health/diagnostics/23464-fetal-heart-rate-monitoring
- National Institute for Health and Care Excellence. (2022). Fetal monitoring in labour (NICE Guideline NG229). https://www.nice.org.uk/guidance/ng229/resources/fetal-monitoring-in-labour-pdf-66143844065221
- Patient. (n.d.). Cardiotocography (CTG). Retrieved September 3, 2026, from https://patient.info/pregnancy/cardiotocography
- Thomson Medical. (n.d.). CTG scan: What is cardiotocography and why is it done during pregnancy? Retrieved September 3, 2026, from https://www.thomsonmedical.com/blog/ctg-scan-singapore
Published: 23 October 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.