Nerve Conduction Studies (NCS) (အာရုံကြော လျှပ်စီးကူးမှု စစ်ဆေးခြင်း)

Nerve Conduction Studies (NCS) (အာရုံကြော လျှပ်စီးကူးမှု စစ်ဆေးခြင်း)

အာရုံကြော လျှပ်စီးကူးမှု စစ်ဆေးခြင်း (Nerve Conduction Study – NCS) ဆိုသည်မှာ အာရုံကြောမကြီးမှ ထွက်လာသောအာရုံကြောငယ်များ (Peripheral Nerves) ၏ လုပ်ဆောင်မှုကို အကဲဖြတ်ရန် ပြုလုပ်သော ရောဂါရှာဖွေရေး စမ်းသပ်မှုတစ်မျိုးဖြစ်သည်။ ထိုအာရုံကြောများသည် ဦးနှောက်နှင့် ကျောရိုးမကြီး (Central Nervous System) ၏ အပြင်ဘက်တွင်ရှိပြီး ဦးနှောက်၊ ကျောရိုးမကြီးနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများအကြား အာရုံကြောအချက်ပြမှုများကို ပို့ဆောင်ပေးသည့် အာရုံကြောများဖြစ်သည်။

NCS စစ်ဆေးမှုတွင် အရေပြားပေါ်၌ လျှပ်ကူးပစ္စည်းပြားငယ်များ (Electrodes) ကပ်ထားပြီး၊ စစ်ဆေးလိုသော အာရုံကြောကို အန္တရာယ်မရှိသည့် လျှပ်စစ်လှုံ့ဆော်မှု အနည်းငယ်ပေးသည်။ ထို့နောက် အာရုံကြောမှ ဖြစ်ပေါ်လာသော လျှပ်စစ်တုံ့ပြန်မှုကို မှတ်တမ်းတင်၍ အာရုံကြောအတွင်း လျှပ်စစ်အချက်ပြမှု ဖြတ်သန်းသည့် အမြန်နှုန်း (Conduction Velocity)၊ တုံ့ပြန်မှုရောက်ရှိရန် ကြာချိန် (Latency) နှင့် တုံ့ပြန်မှုအားပမာဏ (Amplitude) တို့ကို တိုင်းတာသည်။ ယင်းအချက်အလက်များမှ အာရုံကြောထိခိုက်မှု ရှိမရှိ၊ မည်သည့်နေရာတွင် ထိခိုက်နေသည်နှင့် ထိခိုက်မှုပုံစံ၊ ပြင်းထန်မှုတို့ကို အကဲဖြတ်နိုင်သည်။

အာရုံကြော လျှပ်စီးကူးမှု စစ်ဆေးခြင်းဖြင့် အဓိကအားဖြင့် အောက်ပါ အာရုံကြောများ၏ လုပ်ဆောင်မှုကို စစ်ဆေးနိုင်သည်။

  • ကြွက်သားလှုပ်ရှားမှု ထိန်းချုပ်သော အာရုံကြောများ (Motor Nerves) – ဦးနှောက်နှင့် ကျောရိုးမကြီးမှ အချက်ပြမှုများကို ကြွက်သားများဆီသို့ ပို့ဆောင်ပေးပြီး ကြွက်သားလှုပ်ရှားမှုကို ထိန်းချုပ်ပေးသည်
  • အာရုံခံအာရုံကြောများ (Sensory Nerves) – အရေပြားနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများမှ ထိတွေ့မှု၊ နာကျင်မှု၊ အပူအအေးနှင့် တုန်ခါမှုကဲ့သို့သော အာရုံခံသတင်းအချက်အလက်များကို ဦးနှောက်နှင့် ကျောရိုးမကြီးဆီသို့ ပို့ဆောင်ပေးသည်

လူတစ်ဦးတွင် အောက်ပါလက္ခဏာများရှိပါက သက်ဆိုင်ရာဆရာဝန်မှ အာရုံကြော လျှပ်စီးကူးမှု စစ်ဆေးခြင်း ပြုလုပ်ရန် အကြံပြုနိုင်သည်။

  • လက်၊ ခြေ၊ လက်ချောင်း သို့မဟုတ် ခြေချောင်းများတွင် ထုံကျဉ်ခြင်း (Numbness)
  • တရွရွ၊ စူးစူးရှရှ ခံစားရခြင်း (Tingling/Pins and Needles)
  • အာရုံခံစားမှု လျော့နည်းခြင်း သို့မဟုတ် ပုံမှန်မဟုတ်ခြင်း
  • အာရုံကြောတစ်လျှောက် နာကျင်ခြင်း
  • ကြွက်သားအားနည်းခြင်း (Muscle Weakness)
  • ကြွက်သားများ ပိန်သေးလာခြင်း သို့မဟုတ် လှုပ်ရှားနိုင်စွမ်း လျော့နည်းလာခြင်း

NCS သည် လက်ကောက်ဝတ်ရှိ အာရုံကြောဖိမိခြင်း (Carpal Tunnel Syndrome)၊ အာရုံကြောများ ထိခိုက်ပျက်စီးခြင်း (Peripheral Neuropathy)၊ အာရုံကြောထိခိုက်ဒဏ်ရာရခြင်းနှင့် အချို့သော အာရုံကြောနှင့် ကြွက်သားဆိုင်ရာ ရောဂါများကို ရှာဖွေရာတွင် အသုံးဝင်သည်။

ဤစစ်ဆေးမှုကို ပြင်ပလူနာဌာနတွင်ဖြစ်စေ၊ ဆေးရုံတက်နေစဉ်အတွင်းဖြစ်စေ ပြုလုပ်နိုင်သည်။ ပုံမှန်အားဖြင့် ကြွက်သားလျှပ်စစ်လှုပ်ရှားမှု စစ်ဆေးခြင်း (Electromyography – EMG) နှင့် တွဲဖက်ပြုလုပ်လေ့ရှိပြီး NCS နှင့် EMG စစ်ဆေးမှုများကို ပေါင်းစပ်ခြင်းဖြင့် လူနာ၏လက္ခဏာများသည် အာရုံကြောထိခိုက်မှုကြောင့် ဖြစ်ခြင်း သို့မဟုတ် ကြွက်သားကိုယ်တိုင်၏ ပြဿနာကြောင့် ဖြစ်ခြင်း အကြောင်းရင်းကို ခွဲခြမ်းစိတ်ဖြာရာတွင် အထောက်အကူပြုသည်။

အာရုံကြော လျှပ်စီးကူးမှုစစ်ဆေးခြင်း (Nerve Conduction Study) အလုပ်လုပ်ပုံ

အာရုံကြောများ (Nerves) သည် ဦးနှောက်၊ ကျောရိုးမကြီးနှင့် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများအကြား လျှပ်စစ်အချက်ပြမှုများ (Electrical Signals) ကို သယ်ဆောင်ပေးသည့် လမ်းကြောင်းများသဖွယ် လုပ်ဆောင်သည်။ ယင်းအချက်ပြမှုများကြောင့် ထိတွေ့မှု၊ နာကျင်မှုနှင့် အပူအအေးကဲ့သို့သော အာရုံခံစားမှုများကို သိရှိနိုင်သကဲ့သို့ ကြွက်သားများကိုလည်း လှုပ်ရှားနိုင်သည်။

အာရုံကြော လျှပ်စီးကူးမှုစစ်ဆေးခြင်း (Nerve Conduction Study – NCS) သည် အာရုံကြောတစ်လျှောက် လျှပ်စစ်အချက်ပြမှုများ မည်သို့ကူးစက်သွားသည်ကို စစ်ဆေးခြင်းဖြစ်သည်။

စမ်းသပ်စစ်ဆေးရာတွင် စစ်ဆေးလိုသော အာရုံကြောလမ်းကြောင်းတစ်လျှောက်ရှိ သတ်မှတ်ထားသောနေရာများ၌ လျှပ်ကူးပစ္စည်းပြားငယ်များ (Electrodes) ကို အရေပြားပေါ်တွင် ကပ်ထားသည်။ ထို့နောက် အာရုံကြောကို အချိန်တိုအတွင်း အားပျော့သော လျှပ်စစ်လှုံ့ဆော်မှု (Mild Electrical Stimulus) ပေးပြီး ဖြစ်ပေါ်လာသော လျှပ်စစ်တုံ့ပြန်မှုကို အခြား Electrode များဖြင့် မှတ်တမ်းတင်သည်။

  • လှုပ်ရှားမှုအာရုံကြော (Motor Nerve) ကို စစ်ဆေးရာတွင် အာရုံကြောကို လှုံ့ဆော်ပြီး ယင်းအာရုံကြောမှ ထိန်းချုပ်ထားသော ကြွက်သားတွင် ဖြစ်ပေါ်လာသည့် လျှပ်စစ်တုံ့ပြန်မှုကို တိုင်းတာသည်
  • အာရုံခံအာရုံကြော (Sensory Nerve) ကို စစ်ဆေးရာတွင် အာရုံကြောတစ်နေရာကို လှုံ့ဆော်ပြီး အာရုံကြော၏ အခြားနေရာတစ်ခုသို့ ရောက်ရှိလာသော လျှပ်စစ်တုံ့ပြန်မှုကို မှတ်တမ်းတင်သည်

ကျန်းမာသော အာရုံကြောများတွင် လျှပ်စစ်အချက်ပြမှုများသည် အာရုံကြောအမျိုးအစား၊ အသက်အရွယ်၊ ခန္ဓာကိုယ်အပူချိန်နှင့် စစ်ဆေးသည့်နေရာပေါ်မူတည်၍ တစ်စက္ကန့်လျှင် မီတာ ၅၀ မှ ၆၀ ဝန်းကျင် သို့မဟုတ် ထို့ထက်ပိုသောနှုန်း ဖြင့် ရွေ့လျားသွားနိုင်သည်။ အာရုံကြောကို ဖုံးအုပ်ထားသောအကာ (Myelin sheath) ကို ထိခိုက်ပါက အချက်ပြမှုကူးစက်နှုန်း သိသိသာသာ နှေးကွေးနိုင်ပြီး အာရုံကြောအမျှင် (Axon) များ ထိခိုက်ပါက တုံ့ပြန်မှုအားပမာဏ လျော့နည်းနိုင်သည်။

ထို့ကြောင့် အာရုံကြော၏ နေရာအမျိုးမျိုးကို လှုံ့ဆော်၍ ရရှိလာသော တုံ့ပြန်မှုများကို နှိုင်းယှဉ်စစ်ဆေးခြင်းဖြင့် အာရုံကြောထိခိုက်မှု ရှိမရှိ၊ ထိခိုက်နေသောနေရာ၊ ထိခိုက်မှုပုံစံနှင့် ပြင်းထန်မှုတို့ကို အကဲဖြတ်နိုင်သည်။

ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ

အာရုံကြော လျှပ်စီးကူးမှုစစ်ဆေးခြင်းသည် ဦးနှောက်နှင့် ကျောရိုးမကြီး၏ အပြင်ဘက်ရှိ အာရုံကြော (Peripheral nerves) ပြဿနာများကို ရှာဖွေရာတွင် အထောက်အကူပြုသည်။ အထူးသဖြင့်_

  1. အာရုံကြောငယ်များဆိုင်ရာ ရောဂါအခြေအနေများ (Peripheral neuropathy) နှင့်
  2. အာရုံကြောဖိမိသည့်ရောဂါစုများ (Nerve compression syndromes) ရှာဖွေဖော်ထုတ်ရာတွင် အသုံးဝင်သည်။

အာရုံကြောငယ်များဆိုင်ရာ ရောဂါအခြေအနေများ (Peripheral neuropathy)
အာရုံကြောငယ်များ (Peripheral nerves) ထိခိုက်ပျက်စီးခြင်းကြောင့် ဖြစ်ပေါ်သော အခြေအနေများဖြစ်သည်။ Peripheral neuropathy ဖြစ်စေနိုင်သော အကြောင်းရင်းများစွာရှိပြီး ထိခိုက်သည့်နေရာနှင့် အကြောင်းရင်းပေါ်မူတည်၍ ခန္ဓာကိုယ်၏ မတူညီသော အစိတ်အပိုင်းများတွင် လက္ခဏာများ ဖြစ်ပေါ်နိုင်သည်။

အဖြစ်များသော အကြောင်းရင်းများမှာ_

  • ဆီးချိုရောဂါ (Diabetes)
  • ဗီတာမင် ချို့တဲ့သည့် အခြေအနေများ
  • သိုင်းရွိုက်ဂလင်းဆိုင်ရာ ပြဿနာများ
  • အရက်အလွန်အကျွံသောက်သုံးမှုကြောင့် ဖြစ်သော ရောဂါအခြေအနေ (Alcohol use disorder)
  • ကိုယ်ခံအားစနစ် မူမမှန် တုံ့ပြန်သော ရောဂါများ (Autoimmune diseases)
    ဥပမာ –
    • အရေပြားလေးဖက်နာရောဂါ (Systemic lupus erythematosus – SLE)
    • ရူမတွိုက် အဆစ်ရောင်ရောဂါ (Rheumatoid arthritis)
    • ရှိုးဂရန်း ရောဂါစု (Sjögren syndrome)
    • ကိုယ်ခံအားစနစ်မူမမှန်တုံ့ပြန်မှုကြောင့် ရုတ်တရက်လမ်းမလျှောက်နိုင်ခြင်း (Guillain-Barré syndrome)
    • Vasculitis
  • ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ကြောင့် ဖြစ်သော ကူးစက်ရောဂါများ – ဥပမာ – HIV, Lyme disease
  • ကင်ဆာဆေးဝါးများ (Chemotherapy) ကြောင့် ဖြစ်သော ဘေးထွက်ဆိုးကျိုးများ
  • ထိခိုက်ဒဏ်ရာ သို့မဟုတ် ခွဲစိတ်ကုသမှုကြောင့် အာရုံကြော ထိခိုက်ဒဏ်ရာရခြင်း စသည်တို့ ဖြစ်နိုင်သည်။

အာရုံကြောဖိမိသည့်ရောဂါစုများ (Nerve compression syndromes)
အာရုံကြောပေါ်သို့ ပြင်ပမှ ဖိအားသက်ရောက်ခြင်းကြောင့် ဖြစ်ပေါ်သော အခြေအနေများဖြစ်သည်။
ဥပမာ_

  • လက်ကောက်ဝတ်နှင့် လက်ဖျံတွင် အာရုံကြောဖိမိသည့် အခြေအနေများ (Carpal tunnel syndrome, Radial tunnel syndrome)
  • ခါးကြောညှပ် ခြေထောက်ထုံကျဉ်နာကျင်ခြင်း (Sciatica)
  • လည်ပင်းနှင့် ရင်ညွန့်အပေါ်ပိုင်းရှိ အာရုံကြောများနှင့် သွေးကြောများ ဖိမိသည့် အခြေအနေ (Thoracic outlet syndrome)
  • ပေါင်နှင့် ခြေထောက်ရှိ အာရုံကြောဖိမိသည့် အခြေအနေ (Meralgia paresthetica) စသည်တို့ဖြစ်သည်။
NCS မပြုလုပ်သင့်သည့် အခြေအနေများ

လေ့လာတွေ့ရှိချက်များအရ နှလုံးအတွင်းပိုင်းသို့ ပြွန်ပိုက်များ (Intracardiac catheters) နှင့် ခန္ဓာကိုယ်ပြင်ပရှိ နှလုံးခုန်နှုန်းထိန်းသည့် ဝါယာကြိုးများ (External pacing wires) တပ်ဆင်ထားသူ လူနာများတွင်မူ NCS စစ်ဆေးမှု ပြုလုပ်ခြင်းကို ရှောင်ကြဉ်ရန် အကြံပြုထားသည်။

နှလုံးခုန်နှုန်းထိန်းစက် (Pacemaker) များနှင့် နှလုံးနှိုးဆွစက် (Cardiac Defibrillator) များ တပ်ဆင်ထားသော လူနာများတွင်မူ NCS စစ်ဆေးမှု ပြုလုပ်ပါက စက်မှ ပေးသော လျှပ်စစ်လှုံ့ဆော်မှုကို မူမမှန်သည့် နှလုံးခုန်နှုန်းအဖြစ် နှလုံးစက်များမှ အဓိပ္ပာယ်လွဲမှားယူကာ တုံ့ပြန်လျှပ်စစ်ရိုက်ခတ်မှု (countershock) ကို စတင်စေနိုင်သည့် အန္တရာယ် ရှိနိုင်သည်ဟု ဆိုကြသော်လည်း အသေးစိတ် လေ့လာဆန်းစစ်မှုများအရ သိသာထင်ရှားသော ထိခိုက်မှုမရှိကြောင်း တွေ့ရှိရသည်။

ကြိုတင်သိရှိထားရမည့်အချက်များ

အာရုံကြော လျှပ်စီးကူးမှုစစ်ဆေးခြင်း (Nerve Conduction Study – NCS) မပြုလုပ်မီ ဆရာဝန်မှ လူနာ၏ ရောဂါလက္ခဏာများ၊ ယခင်ကျန်းမာရေးမှတ်တမ်းနှင့် လက်ရှိကျန်းမာရေးအခြေအနေတို့ကို ဆန်းစစ်ပြီး NCS စစ်ဆေးရန် လိုအပ်မှုနှင့် သင့်တော်မှု ရှိမရှိကို အကဲဖြတ်မည်ဖြစ်သည်။ ရောဂါလက္ခဏာနှင့် သံသယရှိသည့် အကြောင်းရင်းပေါ်မူတည်၍ NCS အပြင် အောက်ပါစစ်ဆေးမှုများကိုလည်း လိုအပ်သလို ပြုလုပ်နိုင်သည်။

  • သွေး သို့မဟုတ် ဆီးစစ်ဆေးခြင်း – ဆီးချိုရောဂါ၊ ဗီတာမင်ချို့တဲ့ခြင်း၊ သိုင်းရွိုက်ဂလင်းဆိုင်ရာ ပြဿနာများ၊ ကူးစက်ရောဂါများနှင့် အာရုံကြောထိခိုက်မှု ဖြစ်စေနိုင်သည့် အခြားအကြောင်းရင်းများကို ရှာဖွေရန် ပြုလုပ်နိုင်သည်
  • ကွန်ပျူတာဓာတ်မှန် (CT Scan) နှင့် သံလိုက်ဓာတ်မှန် (MRI) – အရိုး၊ အရွတ်၊ ကျောရိုး၊ အာရုံကြောနှင့် အခြားတစ်ရှူးများ၏ ပုံရိပ်များကို ကြည့်ရှု၍ အာရုံကြောဖိမိခြင်း သို့မဟုတ် အခြားဖွဲ့စည်းပုံဆိုင်ရာ ပြဿနာများ ရှိမရှိ စစ်ဆေးနိုင်သည်
  • X-ray – အရိုးနှင့် အဆစ်ဆိုင်ရာ ပြဿနာများကို လိုအပ်သလို စစ်ဆေးရန် အသုံးပြုနိုင်သည်။

စစ်ဆေးမှုမပြုလုပ်မီ ဆရာဝန် သို့မဟုတ် စစ်ဆေးပေးမည့် ကျန်းမာရေးဝန်ထမ်းမှ NCS ပြုလုပ်ရသည့်အကြောင်းရင်း၊ စစ်ဆေးပုံနှင့် ဖြစ်ပေါ်နိုင်သော မသက်မသာခံစားမှုများကို ရှင်းပြပေးမည်ဖြစ်သည်။ မရှင်းလင်းသည့်အချက်များကို ကြိုတင်မေးမြန်းနိုင်သည်။

စစ်ဆေးမှုမပြုလုပ်မီ ဆရာဝန်အား အောက်ပါအချက်များကို ကြိုတင်အသိပေးထားသင့်သည်။

  • လက်ရှိသောက်သုံးနေသော ဆေးဝါးများ၊ ဆရာဝန်ညွှန်ကြားထားသောဆေးများ၊ ဆေးဆိုင်မှ ဝယ်ယူသောက်သုံးသော ဆေးဝါးများ (OTC medications)၊ တိုင်းရင်းဆေးနှင့် ဖြည့်စွက်စာများ (Herbal supplements) အပါအဝင် ဆေးဝါးအားလုံး
  • နှလုံးခုန်နှုန်းထိန်းစက် (Pacemaker) သို့မဟုတ် အခြားသော ရောဂါတစ်ခုခုကြောင့် ခန္ဓာကိုယ်တွင် လျှပ်စစ်နှင့်ဆိုင်သော ကိရိယာ တပ်ဆင်ထားခြင်း ရှိမရှိ
  • NCS နှင့်အတူ EMG စစ်ဆေးမှုပါ ပြုလုပ်မည်ဆိုပါက သွေးထွက်လွယ်သော ရောဂါရှိခြင်း သို့မဟုတ် သွေးကျဲဆေးများ၊ Aspirin နှင့် သွေးခဲခြင်းကို ထိခိုက်စေနိုင်သော ဆေးဝါးများ သောက်သုံးနေခြင်း ရှိမရှိ

NCS တစ်မျိုးတည်းတွင် အရေပြားပေါ်၌ လျှပ်ကူးပစ္စည်းများ ကပ်၍ စစ်ဆေးခြင်းဖြစ်သောကြောင့် သွေးထွက်နိုင်ခြေ အလွန်နည်းပါးသည်။ သွေးကျဲဆေးသောက်နေခြင်း သို့မဟုတ် သွေးထွက်လွယ်ခြင်းဆိုင်ရာ အချက်အလက်များသည် အပ် (needle) အသုံးပြုစစ်ဆေးရသော EMG ကို တွဲဖက်ပြုလုပ်မည့်အခါ ပိုမိုအရေးကြီးသည်။

NCS သည် ပုံမှန်အားဖြင့် ပြင်ပလူနာအဖြစ် (Outpatient) ပြုလုပ်နိုင်သော စစ်ဆေးမှုဖြစ်ပြီး စစ်ဆေးပြီးသည့်နေ့တွင်ပင် အိမ်ပြန်နိုင်သည်။ စစ်ဆေးရမည့် အာရုံကြောအရေအတွက်နှင့် NCS အပြင် EMG ပါ တွဲဖက်ပြုလုပ်ခြင်း ရှိမရှိပေါ်မူတည်၍ စစ်ဆေးချိန်သည် ၁၅ မိနစ်မှ ၁ နာရီ ခန့် သို့မဟုတ် ထို့ထက်ပို၍ ကြာနိုင်သည်။

စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်

အာရုံကြော လျှပ်စီးကူးမှုစစ်ဆေးခြင်း (Nerve Conduction Study – NCS) ပြုလုပ်မည့်နေ့တွင် အောက်ပါအချက်များကို လိုက်နာသင့်သည်။

  • ရေချိုးသန့်စင်ထားပြီး သက်သောင့်သက်သာရှိကာ ဝတ်ရချွတ်ရလွယ်ကူသော ပွယောင်းသည့် အဝတ်အစားများကို ဝတ်ဆင်ပါ
  • စစ်ဆေးမည့်နေရာတွင် လက်ဝတ်ရတနာ သို့မဟုတ် စစ်ဆေးမှုကို အနှောင့်အယှက်ဖြစ်စေနိုင်သော ပစ္စည်းများရှိပါက ချွတ်ထားရန် လိုအပ်နိုင်သည်
  • စစ်ဆေးမည့်နေ့တွင် အရေပြားပေါ်၌ ခရင်မ် (Cream)၊ လိုးရှင်း (Lotion) သို့မဟုတ် အဆီပါသော အလှကုန်ပစ္စည်းများ မလိမ်းသင့်ပါ၊ ယင်းပစ္စည်းများကြောင့် လျှပ်ကူးပစ္စည်းများ အရေပြားနှင့် ကောင်းစွာမထိတွေ့နိုင်ဘဲ စစ်ဆေးမှုကို အနှောင့်အယှက်ဖြစ်စေနိုင်သည်
  • ယေဘုယျအားဖြင့် NCS စစ်ဆေးမှုအတွက် အစာဖြတ်ရန် မလိုအပ်ပါ၊ သို့သော် NCS နှင့်အတူ EMG ပြုလုပ်မည်ဆိုပါက စစ်ဆေးပေးမည့်ဌာန၏ ညွှန်ကြားချက်အရ စစ်ဆေးမှုမပြုလုပ်မီ နာရီအနည်းငယ်အတွင်း ဆေးလိပ်နှင့် ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာကဲ့သို့သော ကဖိန်းဓာတ်ပါသည့် အဖျော်ယမကာများကို ရှောင်ကြဉ်ရန် အကြံပြုနိုင်သည်
  • နှလုံးခုန်နှုန်းထိန်းစက် (Pacemaker) သို့မဟုတ် ခန္ဓာကိုယ်အတွင်း လျှပ်စစ်နှင့်ဆိုင်သော ကိရိယာတစ်ခုခု တပ်ဆင်ထားပါက စစ်ဆေးမှုမပြုလုပ်မီ ဆရာဝန်အား အသိပေးပါ
  • စစ်ဆေးပေးမည့် အထူးကုဆရာဝန် သို့မဟုတ် ကျန်းမာရေးဝန်ထမ်းမှ စစ်ဆေးပုံအဆင့်ဆင့်ကို ရှင်းပြပေးမည်ဖြစ်ပြီး စစ်ဆေးမှုနှင့်ပတ်သက်၍ သိလိုသည့်အချက်များကို မေးမြန်းနိုင်သည်။

စစ်ဆေးမည့် အာရုံကြောနှင့် စစ်ဆေးရသည့်အကြောင်းရင်းပေါ်မူတည်၍ လုပ်ငန်းစဉ်အနည်းငယ် ကွာခြားနိုင်သော်လည်း ယေဘုယျအားဖြင့် အောက်ပါအတိုင်း ပြုလုပ်သည်။

  • စစ်ဆေးနေစဉ် လူနာသည် နိုးနေမည်ဖြစ်ပြီး စစ်ဆေးမည့် ခန္ဓာကိုယ်အစိတ်အပိုင်းပေါ်မူတည်၍ ထိုင်နေခြင်း သို့မဟုတ် လဲလျောင်းနေခြင်း ပြုလုပ်ရမည်
  • ဆရာဝန်မှ စစ်ဆေးလိုသည့် အာရုံကြော၏ သတ်မှတ်ထားသောနေရာရှိ အရေပြားပေါ်တွင် လျှပ်စစ်လှုံ့ဆော်မှု ပေးမည့် လျှပ်ကူးပစ္စည်း (Stimulating electrodes) များ တပ်ဆင်မည်
  • ထိုအာရုံကြောမှ ဖြစ်ပေါ်လာသော တုံ့ပြန်မှုကို ဖမ်းယူရန် သက်ဆိုင်ရာ ကြွက်သား သို့မဟုတ် အာရုံကြောလမ်းကြောင်းရှိ အရေပြားပေါ်တွင် လျှပ်ကူးပစ္စည်း (Recording electrodes) များ တပ်ဆင်မည်
  • ထို့နောက် Stimulating electrodes မှတစ်ဆင့် အာရုံကြောကို အချိန်တိုအတွင်း အားပျော့သော လျှပ်စစ်လှုံ့ဆော်မှု (Mild electrical stimulus) ပေးမည်
  • ထိုလှုံ့ဆော်မှုကြောင့် အနည်းငယ် ဓာတ်လိုက်သကဲ့သို့၊ စူးစူးရှရှ သို့မဟုတ် တဆတ်ဆတ်ဖြစ်သကဲ့သို့ ခဏတာ ခံစားရနိုင်သည်၊ Motor nerve ကို စစ်ဆေးရာတွင် သက်ဆိုင်ရာကြွက်သား ခဏတာ လှုပ်ရှားသွားနိုင်သည်
  • Recording electrodes များမှ အာရုံကြောတုံ့ပြန်မှု၏ ရောက်ရှိရန်ကြာချိန် (Latency)၊ ကူးစက်သွားသည့်အမြန်နှုန်း (Conduction Velocity) နှင့် တုံ့ပြန်မှုအားပမာဏ (Amplitude) တို့ကို တိုင်းတာမှတ်တမ်းတင်မည်
  • လိုအပ်သော အချက်အလက်များ ရရှိသည်အထိ အာရုံကြော၏ နေရာအမျိုးမျိုးနှင့် အခြားစစ်ဆေးရန်လိုသော အာရုံကြောများကိုလည်း အလားတူနည်းဖြင့် ထပ်မံစစ်ဆေးနိုင်သည်။

ပုံမှန်အားဖြင့် NCS ကို ကြွက်သား လျှပ်စီးလှုပ်ရှားမှုများ စစ်ဆေးခြင်း (Electromyography – EMG) နှင့် တွဲဖက်ပြုလုပ်လေ့ရှိသည်။ NCS တွင် အရေပြားကို အပ်ဖြင့်ထိုးဖောက်ရန် မလိုအပ်ဘဲ လျှပ်စစ်လှုံ့ဆော်မှုကြောင့် ခဏတာ မသက်မသာဖြစ်နိုင်သော်လည်း လူအများစုသည် စစ်ဆေးမှုကို ကောင်းစွာ ခံယူနိုင်ကြသည်။

လိုက်နာရန်အချက်များ

စစ်ဆေးမှုပြီးပါက မိနစ်အနည်းငယ်ခန့် စောင့်ကြည့်ရန်လိုသည်။ ဆရာဝန်မှ အဆင်ပြေဘေးကင်းပြီဟု သတ်မှတ်ပါက အိမ်ပြန်နိုင်သည်။ အိမ်ပြန်ရောက်လျှင်

  • ပုံမှန်နေ့စဉ်လုပ်ငန်းများကို ပြန်လည်လုပ်ဆောင်နိုင်သည်
  • ပုံမှန်အတိုင်း အစားအစာများ စားသောက်နိုင်သည်
  • ပုံမှန်သောက်နေသော ဆေးများကို ဆက်လက်သောက်နိုင်သည်

သို့သော် ဆရာဝန်မှ အခြားညွှန်ကြားချက်ပေးထားပါက ထိုညွှန်ကြားချက်ကို လိုက်နာရမည်ဖြစ်သည်။ ဆရာဝန်မှ

  • နောက်ဆက်တွဲပြဿနာများကို မည်သို့စောင့်ကြည့်ရမည်
  • မည်သည့်ဆေးများ သောက်ရန်လိုအပ်သည်
  • မည်သည့်လက္ခဏာများ ဖြစ်လာပါက ဆရာဝန်ထံ ချက်ချင်းဆက်သွယ်ရမည်တို့ကို တပါတည်းရှင်းပြပေးမည်ဖြစ်သည်။
သိရှိနိုင်သောအဖြေများ

ယေဘုယျအားဖြင့် စစ်ဆေးပြီးနောက် ၂၄ နာရီ မှ ၄၈ နာရီအတွင်း ရလဒ်ကို ရရှိနိုင်သည်။ အာရုံကြောတစ်လျှောက် လျှပ်စစ်အချက်ပြမှုများ၏ သွားလာသည့်အချိန် သို့မဟုတ် အမြန်နှုန်း (speed) နှင့် တုံ့ပြန်မှုအင်အား (strength or amplitude) တို့ကို တိုင်းတာပေးသည်။

အာရုံကြော လျှပ်စီးကူးမှုစစ်ဆေးခြင်း (Nerve Conduction Study or NCS) သည် အလွန်အသုံးဝင်သော စမ်းသပ်မှုဖြစ်သော်လည်း ဤစစ်ဆေးမှုတစ်ခုတည်းဖြင့် ရောဂါအမည်ကို အတည်ပြုနိုင်ခြင်း မရှိပါ။ ထို့ကြောင့် NCS ရလဒ်များကို-

  • လူနာ၏ ရောဂါရာဇဝင် (Medical history)
  • လက်ရှိလက္ခဏာများ (Current signs and symptoms)
  • အခြား သွေးဓာတ်ခွဲစစ်ဆေးမှုများ (Laboratory tests)
  • ကြွက်သား လျှပ်စီးလှုပ်ရှားမှုများ စစ်ဆေးခြင်း (Electromyography – EMG) ရလဒ်များ
  • လိုအပ်ပါက အခြားစစ်ဆေးမှုများနှင့် ပေါင်းစပ်သုံးသပ်ပြီး ရောဂါရှာဖွေသတ်မှတ်သည်။

တိုင်းတာချက်များမှ သိရှိနိုင်သော အချက်များ

  1. ကြန့်ကြာချိန် သို့မဟုတ် ကြာမြင့်ချိန် (Latency)
    လျှပ်စစ်လှိုင်း လှုံ့ဆော်သည့်နေရာမှ မှတ်တမ်းတင်သည့်နေရာသို့ ရောက်ရှိရန် ကြာမြင့်ချိန် ဖြစ်သည်။ ကြန့်ကြာချိန် ပိုရှည်နေပါက လျှပ်စစ်လှိုင်းသွားလာမှု နှောင့်နှေးကြန့်ကြာနေခြင်းကို ပြသပြီး၊ အာရုံကြော၏ အပြင်ဘက်ကာကွယ်လွှာ (Myelin sheath) ထိခိုက်ခြင်း (Demyelination) သို့မဟုတ် သီးခြားနေရာတစ်ခုခုတွင် အာရုံကြောညှပ်ခြင်း (ဥပမာ – Carpal tunnel syndrome) စသည်တို့ကြောင့် အဖြစ်များသည်။
  2. လှိုင်းအမြင့် သို့မဟုတ် လှိုင်းပမာဏ (Amplitude)
    လျှပ်စစ်လှိုင်း၏ အမြင့် သို့မဟုတ် အရွယ်အစားကို တိုင်းတာခြင်းဖြစ်ပြီး၊ ပုံမှန်အလုပ်လုပ်နေသော အာရုံကြောမျှင် (Axons) အရေအတွက်နှင့် ၎င်းတို့၏ အခြေအနေကို ဖော်ပြသည်။ လှိုင်းအမြင့် နည်းနေပါက အာရုံကြောမျှင်များ ထိခိုက်ပျက်စီးခြင်း သို့မဟုတ် ဆုံးရှုံးသွားခြင်း (Axonal loss) ကို ညွှန်ပြနိုင်သည်။
  3. လျှပ်စီးကူးမှုအရှိန် သို့မဟုတ် လျှပ်စစ်လှိုင်း၏ အမြန်နှုန်း (Conduction Velocity)
    အာရုံကြောတစ်လျှောက် လျှပ်စစ်လှိုင်း စီးဆင်းသည့် အမြန်နှုန်း ဖြစ်သည်။ အမြန်နှုန်း နှေးကွေးနေပါက အာရုံကြောအပြင်ဘက်ကာကွယ်လွှာ ထိခိုက်ပျက်စီးခြင်း (Demyelination) ကို ညွှန်ပြနိုင်သည်။
နောက်ဆက်တွဲပြဿနာများ

Nerve Conduction Study သည် ယေဘုယျအားဖြင့် ဘေးအန္တရာယ်မရှိသလောက် နည်းပါးသော စမ်းသပ်မှု (safe procedure) ဖြစ်သည်။ လျှပ်စစ်လှုံ့ဆော်မှုကြောင့် စစ်ဆေးထားသောနေရာတွင်_

  • အနည်းငယ် နာကျင်ခြင်း သို့မဟုတ် ထုံကျဥ်ခြင်း
  • စူးစူးရှရှခံစားရခြင်း သို့မဟုတ် မသက်မသာဖြစ်ခြင်း
  • အနည်းငယ် အညိုအမဲစွဲခြင်း စသည်တို့ ခံစားရနိုင်သော်လည်း ခေတ္တခဏတာသာ ဖြစ်ပြီး အန္တရာယ် နည်းပါးသည်။

ဆရာဝန်နှင့် ပြန်လည်ပြသသင့်သော အခြေအနေများ

  • ကိုယ်အပူချိန် 100°F (37.8°C) ကျော်ခြင်း
  • စစ်ဆေးထားသောနေရာတွင် နာကျင်ခြင်း၊ နီရဲခြင်း သို့မဟုတ် ရောင်ရမ်းမှု ပိုမိုများပြားလာခြင်း
  • ဆေးသောက်ပြီးသော်လည်း မသက်သာသော ပြင်းထန်သည့် နာကျင်မှုရှိခြင်း စသည့် အခြေအနေများတွင် ဆရာဝန်နှင့် ပြန်လည်တိုင်ပင်ပြသသင့်သည်။

References:

  1. Cleveland Clinic. (n.d.). Nerve conduction study. Retrieved August 18, 2026, from https://my.clevelandclinic.org/health/treatments/24821-nerve-conduction-study
  2. Johns Hopkins Medicine. (n.d.). Nerve conduction studies. Retrieved August 18, 2026, from https://www.hopkinsmedicine.org/health/treatment-tests-and-therapies/nerve-conduction-studies
  3. MedlinePlus. (n.d.). Electromyography (EMG) and nerve conduction studies. Retrieved August 18, 2026, from https://medlineplus.gov/lab-tests/electromyography-emg-and-nerve-conduction-studies/
  4. Precision Health. (n.d.). Nerve conduction studies. Retrieved August 18, 2026, from https://www.precisionhealth.com.au/nerve-conduction-studies/
  5. Royal Australian College of General Practitioners. (n.d.). Nerve conduction studies. Retrieved August 18, 2026, from https://www.racgp.org.au/getattachment/629d74e6-4c1f-4690-b368-d1b8606ffc8f/Nerve-conduction-studies.aspx
  6. StatPearls Publishing. (2025). Electrodiagnostic evaluation (electromyography and nerve conduction studies). In StatPearls. Retrieved August 18, 2026, from https://www.ncbi.nlm.nih.gov/books/NBK611987/
  7. UPMC. (n.d.). Nerve conduction study. Retrieved August 18, 2026, from https://www.upmc.com/services/spine/services/tests/nerve-conduction-study

Published: 6 October 2026

Share

18 August 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.